Monday, June 2, 2014

စစ်ကျွန် နစ်သထက် နစ်ဦးမည်

ငြိမ်းချမ်းအေး

အခု အွန်လိုင်းမှာ စစ်လော်ဘီများ ဖြန့်နေကြတဲ့ ဘင်္ဂါလီစစ်သား အလောင်းပုံ ဆိုတာ မနှစ်က ကိုမီလာမှာ သေတဲ့ စစ်သားပုံ၊ ဗမာပြည်နဲ့ မပတ်သက်၊ အခုကိစ္စနဲ့ ဘာမှမဆိုင်။ (Google Image Search မှာ ဓာတ်ပုံကို ထည့်ရှာကြည့်ပါ၊ အလွယ်ကလေးပါ။)

လိမ်ဆင်တွေနဲ့ သွေးထိုးချင်ရင်လည်း ကြည့်လုပ်ကြပါ။ အဲ့ဒီ စစ်သား လက်မောင်းမှာ BGB နယ်ခြားတပ် တံဆိပ်ကြီး က ထင်းလို့၊ ခင်ဗျား တို့ အဘ အစိုးရ တင်ထားတဲ့ လမ်းကြောင်း ဘင်္ဂလား နယ်ခြားစောင့်တပ် ယူနီဖောင်း မဟုတ်လို့ ဘယ်ကမှန်း မသိလို့ ပစ်တာပါ နဲ့ အခုဖြန့်တဲ့ ပုံ ကွဲနေရင် အထောင်းခံထိနေပါဦးမယ်။ စစ်အုပ်စု နောက်မြီးဆွဲ စစ်သွေးကြွများ အွန်လိုင်းမှာ ဇွတ်တရွက် သာ အမုန်းပွား လေသေနတ်ပစ်နေကြတာ အမှန်တော့ သူတို့ကိုယ်တိုင် အမောင် တောင်မှန်း မြောက်မှန်း မသိဘူး၊ ဖွချင်တာပဲ သိတယ်။

တကယ်တော့ တံဆိပ် ပါ/မပါ၊ BGB ယူနီဖောင်း ဟုတ်/မဟုတ် ငြင်းစရာ အကြောင်း မရှိ၊ အကြောင်း ပြ ချက်လည်း ပေးစရာ မလိုဘူး။ တကယ် ကိုယ့် နယ်နိမိတ်စည်းကို လက်နက်ကိုင်အဖွဲ့ ဝင်လာတယ် ဆိုရင်ဘယ်သူ ဘယ်ဝါဖြစ်ဖြစ် ပစ် ရမှာပဲ၊ အနည်းဆုံး သတိပေး ကျည်ပစ် လှန့်ရမှာပဲ၊ ပစ်ပြီ ဆိုကတည်းက တကယ်ထိ ပြီး သေရင်လည်း သေနိုင်တာပဲ။ ဒီ့ အတွက် ကိုယ့် ဘက် က အမှန် ဆိုရင် ဘာမှ ဒီလို မှားပစ်မိတဲ့ သဘော ဆိုစရာ မလိုဘူး။

ကလိမ်စေ့ ငြမ်းဆင် ငြိမ်းပိ လမ်းစဉ် ယုတ္တိမတန်တာတွေ လှည့်ပတ် အမြဲ ဆိုနေကျဆိုတော့ အလိမ်၊ အညာတွေဟာ ဗမာ့ စစ်အုပ်စု ရဲ့ ဓလေ့ ဖြစ်နေပြီ။

''ဗမာပြည်က စစ်ဗိုလ်ကြီးများကတော့ တခုခုဖြစ်ရင် အမြဲ နောက်က မြက်စား လိုက်တယ်၊ အမြဲတမ်း ရေငုံနှုတ်ပိတ် အ ‘အ’ ကြီးတွေလို နေချင်တဲ့ အကျင့်က မပျောက်ဘူး။ ပြောရင်လည်း သူများ ရေးပေးတာ၊ အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်းကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ်ပြတာထက် မပိုဘူး။ ဒါ့အပြင် ဘာလုပ်တတ်သလဲဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင်တိုက်မယ်။ ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။''

မြို့လယ်ကောင်မှာ ဘုန်းကြီး ပစ်တာ ဂျပန်သတင်းထောက် ချော် ထိသွားပါတယ် လုပ်သလို “မှားပစ်ပါတယ်၊ မသိလို့ပါ၊ ကျနော်တို့က ရန်မများချင်လို့ သူတို့ BGB လို့ ဆိုတဲ့ အတိုင်း လက်ခံပြီး ပြန်ပေးလိုက်တာပါ၊ တကယ်တော့ BGB ယူနီဖောင်း မဟုတ်ပါဘူး” လုပ်ချင်လို့ မရဘူး။ ဘယ် တပ်သား ဖြစ်ဖြစ် ကိုယ့် နယ် ကျူးဝင်လာလို့ ပစ်တယ် ဒီလိုပဲ ခပ်မာမာ တုံ့ပြန်နိုင်ရမှာပေါ့။

အခုတော့ ဖြစ်စဉ် အပြီး (၃) ရက်အကြာမှ၊ အွန်လိုင်းမှာ လံကြုတ် ချဲ့ကား သတင်းတွေ ဗရပွ ထ နေတော့ မှ၊ လူ သာမန် အများလည်း တခြား အာရုံကျမှုတွေ ပျောက် ဒီ စစ်ကိစ္စပဲ စိတ်ဝင်စားမှု ရှိလာတော့မှ၊ ပြည်တွင်း နိုင်ငံရေး ရေချိန် သတင်းလည်း အထိုက်အလျောက် ဟန့်သွားတော့မှ စစ်တပိုင်းအစိုးရက သတင်းထုတ်ပြန်ချက် ဆိုပြီး မပြည့်မစုံ၊ ဝေတေဝါးတာ ထုတ်တယ်။

ဒီအချိန်မှာ တဖက် နိုင်ငံ က လုပ်သင့်တဲ့ မီဒီယာ နဲ့ သံတမန် အလုပ်တွေ အကုန် လုပ်ပြီး တရားဝင် သတင်းတွေ ထုတ်၊ စာတွေ ပို့ပြီးနေပြီ။

“အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင် မှုကို ထိပါးရင် လုံးဝလက်ခံမည်မဟုတ်” ဆိုရင် စ ဖြစ်ကတည်းက ပိုင်ပိုင်နိုင်နိုင် လက်ဦးမှု ယူ သတင်း မီဒီယာ မှာ ဖွင့်ချ၊ အချိန်နဲ့ တပြေးညီ အထောက် အထား ပြည့်ပြည့်စုံစုံ နဲ့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်၊ နိုင်ငံတကာ သတင်းထောက်တွေ ခေါ်ပြပါတော့လား။ “ဟေ့ ဒီမှာ ဘင်္ဂလာဒေ့ရှ် နယ်စပ် ကနေ လက်နက်ကိုင် စစ်သား ဗမာ နယ်ဘက်ကို ဝင်လာလို့ ကျူပ်တို့ ပစ်သတ်လိုက်တယ်” ဆိုရဲ ရမှာပေါ့၊ ဆိုနိုင်ရမှာပေါ့။

ဟို အရင် ရေပိုင်နက် ပြဿနာ မှာ တုန်းကလည်း ထောက်ပြခဲ့ဖူးတယ်။ နိုင်ငံတကာ သတင်းတွေမှာ “ဘင်္ဂလားဒေ့ရှ် နိုင်” ဆိုတဲ့ သတင်း ဘာကြောင့် ဖြစ်သလဲ ဆို သူတို့ အစိုးရ တာဝန် ရှိသူများ၊ ဝန်ကြီးချုပ် အဆင့်၊ ဝန်ကြီး အဆင့် ကိုယ်တိုင် မီဒီယာ တွေနဲ့ ချက်ချင်း တွေ့ဆုံ တိုက်ရိုက် Live အမေး၊ အဖြေ တွေ လုပ်နိုင်စွမ်းတယ်၊ ဖြေနိုင်စွမ်းတယ်၊ ဖြေရဲတဲ့ သတ္တိ ရှိတယ်၊ ဖြေနိုင်စွမ်းတဲ့ အရည်အချင်းရှိတယ်။ ဒီတော့ ဟုတ်သည် ရှိ၊ မဟုတ်သည် ရှိ၊ ဒါတွေဟာ တရားဝင် ထုတ်ပြန်ချက် ဖြစ်၊ နိုင်ငံတကာမှာ သတင်း ဖြစ်တယ်။

ဗမာ ပြည်က စစ်ဗိုလ်ကြီးများကတော့ တခုခု ဖြစ်ရင် အမြဲ နောက်က မြက်စား လိုက်တယ်၊ အမြဲတမ်း ရေငုံ နှုတ်ပိတ် အ ‘အ’ ကြီးတွေလို နေချင်တဲ့ အကျင့် က မပျောက်ဘူး။ ပြောရင်လည်း သူများ ရေးပေးတာ၊ အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်း ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ် ပြတာထက် မပိုဘူး။ ဒါ့အပြင် ဘာ လုပ်တတ်သလဲ ဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင် တိုက်မယ်။ ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။

ဒီတခါ တေမိ လုပ်ရခြင်း ကလည်း တကယ်တော့ သုံးနေကျ နိုင်ငံရေး အောက်လမ်းနည်း ခါးအောက်ပိုင်း ဖြတ်ထိုးမှု တခုပါပဲ။ ပြည်တွင်းမှာ ကောလာဟလတွေ ပျံ့၊ လူအများ ယုံထင်ကြောင်ထင် ဖြစ်အောင်၊ အမုန်းပွားအောင် ရည်ရွယ်ချက် ရှိရှိ ပါးစပ် မဟခြင်းပါ။

လွန်ခဲ့တဲ့ (၂) နှစ် “အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ” ဆောင်းပါး မှာ ရေးခဲ့ဖူးတယ်။ အာဏာရှင် နိုင်ငံတိုင်းမှာ “အမျိုးသား လုံခြုံရေး အခန်းကဏ္ဍ” ကို လိုအပ်တာထက်ပို အလွန်အကျွံ မြှင့်တင်ထားတတ်ကြတယ် ဆိုတဲ့ အကြောင်းကို အာဏာရှင် ရဲ့ စရိုက် လက္ခဏာ အဖြစ် ထည့် ဆိုခဲ့တယ်။

“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်” ဆောင်ပုဒ်ကို ခပ်ကြီးကြီး နေရာတကာ မှာ ချိတ်ပြီး တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ ကို ပြည်ပကနေ ခြိမ်းခြောက်နေပြီ၊ စစ်တပ်ကို ဗဟိုပြုတဲ့ အာဏာရှင်စနစ်ကသာ တိုင်းပြည်ရဲ့ ပြည်ပ ရန်တွေကို တွန်းလှန် ဖယ်ရှားနိုင်မှာ ဖြစ်တယ်ဆိုကာ လူထု ကို ဝါဒဖြန့် ယုံမှတ်မှားစေတယ်၊ ဒီလိုနဲ့ အာဏာသက်တမ်းကို ဆွဲဆန့်လေ့ရှိကြတယ်။

ပြည်တွင်းမှာ တိုင်းပြည့် ဘုံရန်သူ အဖျက်သမား အဖြစ် ပုံဖော်ထားတဲ့ နိုင်ငံရေး အတိုက်အခံ၊ လူနည်းစု လူမျိုးစု၊ ဘာသာဝင် အစရှိတဲ့ “အာဏာအသက်ဆက်ဆေး” ဆယ်လူကော့တက်စ် တွေနဲ့ ပြည်သူကို မှိုင်းတိုက်ရတာ မလုံလောက်တဲ့ အတွက် ပြည်ပ ရန်သူကိုလည်း ထပ်မံ မွေးမြူ ရတယ်။ (စကားချပ် - လူထု အာရုံလွှဲဖို့ လွယ်တဲ့ လွယ်ကူ အားနည်း ပစ်မှတ် ဗမာ-မွတ်ဆလင် ခေါင်းဆောင်များ လက်ရှိ အခြေအနေကို သတိကြီးစွာ ထားသင့်တယ်၊ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်။)

ဒီလိုနဲ့ အာဏာရှင် တိုင်းပြည်တွေမှာ နိုင်ငံခြားအမုန်းရောဂါ စွဲကပ်လာတယ်၊ ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်၊ တံခါးပိတ်ဝါဒကျင့်သုံးရင်း နိုင်ငံတကာမှာ ရင်ဘောင်တန်း လူဝင်ဆန့် နိုင်မှု နည်းပါးလာတယ်၊ အကျိုးဆက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ယုတ်လျော့ ကျန်းမာ၊ ပညာ၊ လူမှု၊ စီးပွား အလုံးစုံ ချွတ်ခြုံကျ ပျက်စီးရတယ်။

လွန်ခဲ့တဲ့ ဆယ်လေးငါးနှစ်လာက်ကလည်း ဒီလိုပဲ ထိုင်း နဲ့ နယ်စပ် ပြဿနာ တွေ ဖြစ်တာ စစ်ပဲ ဖြစ်တော့မလိုလို၊ ချင်းမိုင်၊ ဘန်ကောက် ပဲ နေ့ချင်း ညချင်း တက်သိမ်းမလိုလို တွေ ဗမာ စစ်ဗိုလ်ကြီးများ လေသံပစ်ဖူးခဲ့တယ်။ အဲ့တုန်းက ပညာတတ် စစ်ကျွန်ခံ စာရေးဆရာမကြီး တယောက်ကလည်း ထိုင်း မုန်းတီးရေး တွေ လှိမ့်ရေးတယ်။ ပြည်သူပြည်သား များကလည်း၊ အထူးသဖြင့် အကျိုးအကြောင်း စဉ်းစားနိုင်စွမ်းမရှိတဲ့ လူငယ်များကလည်း လိုက်ပြီး စစ်သွေးကြွ ထိုင်း မုန်းရောဂါ ထခဲ့ကြတာ ဒီကနေ့ အထိပဲ။

လက်တွေ့ ပကတိ မှာ တော့ ဘာဖြစ်နေသလဲ။ အထက်တန်း၊ အလယ်တန်း အလွှာ က ဗမာများ ဘန်ကောက် ကို ဆေးကု၊ ကျောင်းတက် သွားနေရဆဲ ပဲ (သူတို့ အလိုအရဆို ရန်သူ - ယောက်ဖ ကြက်ဥတိုက်ပေါ့)၊ အခြေခံလူတန်းစား ဗမာများမှလည်း ထိုင်း ထွက် ကျွန်ခံနေရမြဲပါပဲ။

အခုလည်း ဆိုပြန်ပါပြီ၊ “ကျူးကျော်လာသူ ရန်သူကို ပြန်လည် တုံ့ပြန်ရန် အင်အား အပြည့်အဝရှိ” ဆိုပဲ။

ဗမာပြည်မှာ စစ်အာဏာရှင် စနစ်ဆိုး ရဲ့ ရလဒ် မလုပ်၊ မရှုပ်၊ မပြုတ် ဓလေ့ ထွန်းကားရင်း အရာရာမှာ အကျင့်ပျက် ခြစား ချွတ်ခြုံကျလာခဲ့တာ နှစ်ငါးဆယ်ကျော်ခဲ့ပြီ၊ တပ်မတော် က ကော ဘာသားနဲ့ ထုတားတယ်မို့လို့လဲ။

တည်သမျှ လက်နက်စက်ရုံတွေ၊ ဝယ်သမျှ လက်နက်တွေ အားလုံး ဟာ အလွဲသုံးစားလုပ်မှု ဒဏ် ခံရင်း အရည်အချင်းပြည့်မီ တဲ့ အကောင်းက တဝက် အသားတင် မရှိပါဘူး။ ရှိတဲ့ တရုတ်လက်နက်၊ ရုရှား လက်နက် ဆိုတာ နွားမရွှံ့ပိတ်ရောင်းခံ ထိခဲ့တာက အများစုပါ။ လက်နက်ပွဲစား သူဌေးကြီးများ နဲ့ ဗိုလ်ချုပ်ကြီးများ အိတ်ကပ်ဖောင်းသွားတာက အဓိကပါ။ ရှိတဲ့ စစ်လေယာဉ်တွေဆိုတာ လေ့ကျင့်ရင်း ပျက်ကျနေတာ များပါတယ်။ ဗမာ့ လေသူရဲများ စစ်ပွဲ တိုက်ရင်း သေရတယ် ဆိုတာ မရှိသလောက်ပေမယ့် လေ့ကျင့်ရင်း ပျက်ကျ သေရတာကတော့ ခဏခဏ ပါပဲ။

ဗမာ့ တပ်မတော် မှာ အပျက်ဆုံး က စည်းကမ်းပါ၊ အကျဆုံး က စိတ်ဓာတ်ပါ။ ဗမာ စစ်တပ် ဟာ “ဗိုလ်တစ်ထောင်” တပ်ပါ။ “တပ်သား လေးဆယ်၊ ဗိုလ်ခြောက်ဆယ်၊ ကျန်တာ တပ်ရင်းမှူး” ဆိုတဲ့ ဖွဲ့စည်းပုံ နဲ့ တပ်မျိုးချည်းပါ။ စီးပွား၊ အာဏာ လုပ်ပိုင်ခွင့် အတွက် ဗိုလ်ဖြစ်ချင်သူ များလှပေမယ့် အောက်ခြေမှာ မနေချင်လို့ / မနေနိုင်လို့ ထွက်ပြေးနေတဲ့ စစ်သားငယ် တပ်ပြေးများ နေ့စဉ် အောတိုက်နေတာမျိုးပါ။ စစ်ဗိုလ် ရာထူးလို ဘာမက်လုံးမှ မရှိတော့ တပ်သားသစ်က စုစောင်းမရ၊ ဒါနဲ့ပဲ ခေတ်အဆက်ဆက် ကလေးစစ်သားချည်း လှိမ့်ဖမ်း၊ ပေါ်တာချည်း လှိမ့်ဆွဲနေရတာ ဟာ ဗမာ စစ်တပ် ရဲ့ ပကတိ အနေအထားပါ။ အခြေမခိုင်တော့ ယိုင်လဲရတာ၊ နုံခြာ မစည်ပင် ဖြစ်ရတာဟာ ဗမာပြည်မှာ ဘောလုံးအသင်းက အစ ဗမာ့တပ်မတော် အဆုံးပါ။

ဒီလို လူလိုလည်း မနေရ၊ လူစဉ်မီ စားနပ် ရိက္ခာ အထောက်အပံ့၊ လစာ ငွေကြေး လည်း မခံစားရ၊ တရားမျှတမှုလည်း မရှိ၊ ကြီးနိုင်ငယ်ညှဉ်း အထက်အောက် ဆက်ဆံမှု အပြည့်နဲ့ ဗမာ့တပ်မတော် က အခြေခံ အကြပ်၊ တပ်သားများရဲ့ ရင်နင့်ဖွယ် ဘဝ အခြေအနေ ဟာ တိုင်းတပါး နိုင်ငံတခုခု နဲ့ သူတင်၊ ကိုယ်တင် ယှဉ် တိုက်နိုင်စွမ်း ရှိဖို့ အင်မတန် ခဲယဉ်းလှတယ်။ အထက်အမိန့်ကြောက်လို့ မဖြစ်မနေ တိုက်နေရတဲ့ ပြည်တွင်းစစ်ပွဲတွေမှာတောင် အကျအဆုံးများလှတာ မျက်မြင်ပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူ့ပြဿာနဲ့ သူ ဗျာများနေတဲ့ တိုင်းပြည်မျိုး၊ ဒါပေမယ့် သူတို့မှာ ခိုင်မာတဲ့ တပ်မတော် တခု ရှိတယ်၊ ပါကစ္စတန် လို စစ်အင်အားကြီး နိုင်ငံမျိုးကို (အိန္ဒိယ က မြှောက်ပေး ကူညီခဲ့လို့ပဲ ဖြစ်ဖြစ်) တော်လှန် လွတ်လပ်ရေး ယူနိုင်ခဲ့တဲ့ အလှမ်းမဝေးတဲ့ သမိုင်း ရှိတယ်။ ဒါတွေ ထားလိုက်ပါဦး။ တကယ်တော့ တိုက်ရင် နိုင်/မနိုင် ဆိုတာ ထည့်ကို ပြောစရာ၊ စဉ်းစားစရာ မလိုပါ။ စစ်ဖြစ်စရာ ဘာအကြောင်း မှ ကို မရှိတာပါ။

ကျူးကျော်စစ်ကို ခုခံရမယ် ချည်းပဲ ဝါဒဖြန့်နေကြတာ တကယ်တမ်း ဒီခေတ်သစ် ကမ္ဘာ မှာ ဘာမှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ သူများ ကို ကျူးကျော် ရန်စတယ်ဆိုတာမျိုးက မလွယ်ပါ။ ဘယ်သူမှ အဖြစ်မခံပါ။

ဗမာ စစ်တပိုင်း အစိုးရ၊ စစ်အုပ်စုကသာ ပြည်တွင်း နိုင်ငံရေး အလှည့်အပြောင်း ဖြစ်အောင်၊ ဒီမိုကရေစီ အင်အားစု နဲ့ လူထု နိုင်ငံရေး ဒီရေလှိုင်းလုံး ကျအောင်၊ ၂၀၁၅ ရွေးကောက်ပွဲ မှာ မဲဆန္ဒရှင်တွေ ဝေဝါးအောင် ရည်ရွယ်ချက် ရှိရှိနဲ့ မကြီးတဲ့ နယ်စပ် ပြဿနာ ရန်မီး ကို မီးတောက် အောင် မလုပ်ရင် ဘာမှ အကျယ် အကျယ် ဖြစ်လာနိုင်မှာ မဟုတ်ပါ။

ဒိ အနေအထား မှာ ဝမ်းနည်းစရာ အကောင်းဆုံးက စစ်အုပ်စု ရဲ့ အမြဲတမ်း သုံးနေကျ ဝှက်ဖဲ ထုတ်သုံးတာ သိသာလှပေမယ့် ဘင်္ဂလား ဆိုတာရယ်ကြောင့်လည်း ပါတယ်၊ တသက်လုံး စစ်သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံထားရတာကြောင့်လည်း ပါတယ် အခု လူသာမန် အများစု စစ်သွေးတွေကြွနေကြတယ်။ စစ်အာဏာရှင် လက်ကိုင်တုတ်များ သွေးထိုးလှုံ့ဆော် မြှောင့်ပင့် တဲ့ အတိုင်း ရောယောင် လိုက်၊ အသံတူ ထွက်နေကြတာမှာ ဒီမိုကရေစီ အင်အားစု ဆိုတဲ့ “ထောင်ကျခံ နာမည်ကျော် နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ” တောင် ပါတယ်။ သူတို့ ကိုယ်တိုင် အခု “အောင် တပ်မတော်ကြီးလည်း ချီ လာပါပြီ” ဟစ်ကြွေးနေကြတယ်။ ဗမာ့ နိုင်ငံရေး နဲ့ အနာဂတ် ရင်လေးစရာပါပဲ။

ဟိုတလောက “အခြေခံ အတွေးအခေါ် ပြောင်းလဲမှု” ဆောင်းပါး မှာ “စစ်ဘုရင် သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံ ထိထားလို့ စစ်ဘင်ခရာ သံလေးကြား၊ စစ်ချီတေးလေးများ ဟစ်ရင် စစ်သွေးလေး ကြွချင်၊ အလံကလေး တလူလူ လွှင့်ရင် အမျိုးဂုဏ် ဇာတိ မာန် တွေ ထ ချင် တဲ့ မိမိ စိတ်ကို မိမိ အရင် ပြောင်းပါ” ရေးခဲ့တုန်းက လူတချို့ ဘဝင်မကျချင်ကြဘူး။

အခု မျက်မြင်ပဲ စစ်အုပ်စု မှိုင်းတိုက်တာ ဘယ်လောက် အောင်မြင်သလဲ ဆိုတာ။ အကွက် ဟောင်းကြီးပါ၊ ရိုးနေပါပြီ ဘယ်လောက်ပဲ အော်နေနေ လူအများ တကယ့် အတွင်း သဘောမှာတော့ ကုလားမုန်း စိတ်အခံလေးကလည်း ရှိ၊ “ကြီးမြတ်လေသော မဟာ မြန်မာ” စိတ် မပျောက်ဆိုတော့ စစ်လိုလားသံတွေ ဖိတ်လျှံနေတယ်။ ဒီလို ပုံမျိုး နဲ့ဆို ဗမာပြည်မှာ စစ်ဝါဒသာ ရေရှည် လွှမ်းမိုးနေနိုင်ဦးမှာပါ။

စဉ်းစားကြပါ။ တိုင်းပြည်ချစ်ကြောင်း ပြနိုင်ဖို့ ရာ စစ်ပွဲ ကို လက်ယပ်ခေါ် ကြိုဆိုပြစရာ အကြောင်းမရှိပါ၊ မျိုးချစ်စိတ် သက်သေတည်ဖို့ ရာ လူသတ်ချင်ကြောင်း အော်ပြစရာ မလိုပါ။ ဗမာပြည် မှာ ပြည်ပရန်တွေ ဝန်းရံနေတယ် ဆိုတာ စစ်အင်အား နဲ့ ရန်ပြု ကျူးကျော်ခံရမှုမျိုး၊ ခြိမ်းခြောက်ခံရတာမျိုး မဟုတ်ပါ။ တိုင်းပြည် မှာ ရာစုဝက် ကြီးစိုးနေတဲ့ စစ်ခေါင်းဆောင်ကြီးများ အုပ်ချုပ်မှု မကောင်း၊ အကျင့် သီလ မမှန်၊ အမြော်အမြင် မရှိတော့ နိုင်ငံ့စနစ် ပျက်ပြားပြီး နိုင်ငံခြား တိုင်းပြည် အဖြူ၊ အမည်း၊ အညို၊ အဝါ ပေါင်းစုံ ရဲ့ စီးပွား၊ ပညာ၊ ကျန်းမာ၊ လူမှု၊ အားကစား ကျူးကျော် အသာရမှု ခံနေရခြင်းပါ။

နိဂုံးချုပ်ရရင် ပြည်သူလူထု ရဲ့ ဘုံရန်သူ ဟာ ပြည်ပ မှာ မရှိ၊ အနောက်တံခါးမှာ မရှိ၊ အရှေ့အရပ်မှာလည်း မရှိ၊ ပြည်တွင်း တိုင်းပြည် အလယ်ကောင် ကြတ်ပြေး အရပ်မှာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေး ဖော်ဆောင်နေတဲ့ စစ်တပိုင်း အစိုးရ၊ စစ်လွှတ်တော် နဲ့ စစ်ဖွဲ့စည်းပုံ သာ ဖြစ်ပါတယ်။ ဒီ (၃) ချက်ကို ဗမာပြည်မှာ အလုံးစုံ ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် နိုင်အောင် တိုက်ဖျက်ခြင်းဟာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိကြောင်း အကောင်းဆုံး သက်သေပြမှုပါ။ ဒီ (၃) ချက်ကို ပြင်နိုင်ရင် ဗမာပြည် အပေါ် နိုင်ငံစုံ က အဖက်ဖက် အသာစီးရနေတာတွေလည်း လျော့သွား တိုင်းပြည် လည်း စစ်အင်အား အပါအဝင် ကဏ္ဍ စုံမှာ လူစဉ်မီ၊ အရည်အချင်းပြည့် လာမှာသာ ဖြစ်ပါတယ်။ ဒါကို မျက်ကွယ်ပြုပြီး စစ်အုပ်စု နှပ်ကြောင်း ပေးသလို ကြိုးဆွဲရာ လိုက်ကချင်နေကြရင် ဗမာပြည် ဟာ စစ်ကျွန် နစ်သထက် နစ်နေဦးမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
၀၂ ဇွန်၊ ၂၀၁၄

ဆက်စပ် ဆောင်းပါး ဟောင်းများ တဆက်တည်း ပြန်ဖတ်ရန်:

အခြေခံ အတွေးအခေါ် ပြောင်းလဲမှု
Read @ http://moemaka.com/archives/37707
http://moemaka.blogspot.com.au/2014/05/blog-post_4741.html

ပြောင်းလဲဖို့က အချိန်တောင် နှောင်းနေပါပြီ
http://moemaka.com/archives/37826
http://moemaka.blogspot.com.au/2014/05/blog-post_1362.html

အာဏာရှင်စနစ်ရဲ့ ဝိသေသ လက္ခဏာများ
http://blog.irrawaddy.org/2012/08/blog-post_5938.html

(မိုးမခ၀က်ဘ်ဆိုက်မှ ...)

No comments: