Thursday, May 15, 2014

‘အမှန်အတွက် အကြိမ်များစွာရှိသည် . . . သို့သော် အမှားအတွက် နောက်တစ်ကြိမ် မရှိသင့်တော့’

ဘစံကောက်
(Eleven Media Group မှ ကူးယူဖော်ပြပါသည်။)

တစ်နေ့က အားကစားသတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။

ထိုနေ့က စပိန်လာလီဂါ ချန်ပီယံဆုအတွက် ဘာစီလိုနာအသင်းနှင့် ဂီတာဖေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီဖြင့် သရေကျသွားခဲ့သောကြောင့် ဘာစီလိုနာအသင်းမှာ ချန်ပီယံအိပ်မက် ပျက်ပြယ်သွားခဲ့ရတော့သည်။ ထိုပွဲအပြီးတွင် နည်းပြမာတီနိုက သူတာဝန်ယူခဲ့ရသည့် ကာလအတွင်း မအောင်မမြင် ဖြစ်ခဲ့ရမှုအတွက် အောက်ပါအတိုင်း စကားဆိုခဲ့သည်။

“ကိုယ့်အလုပ်က လုံလောက်တဲ့ ပန်းတိုင်မျိုးကို မရောက်ခဲ့ဘူးဆိုရင် အခွင့်အရေး နောက်တစ်ကြိမ်ပေးဖို့ မတောင်းဆိုသင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မထိုက်တန်တော့လို့ပါ”

အင်မတန်မှ မှတ်သားလောက်သောစကား။ မိမိတာဝန်ယူရသည့် အလုပ်တစ်ခုနှင့် ပတ်သက်၍ အလုံးစုံ တာဝန်ယူရဲသော သူ၏စိတ်ဓာတ်၊ ထိုတာဝန်ယူမှု၏ နောက်ကွယ်မှာ ထားရှိရမည့် သူ၏ရပ်တည်ချက်တို့ကို ဒီစကားတစ်ခွန်းဖြင့်ပင် ပေါ်လွင်စေခဲ့ပါသည်။

ဘာပဲပြောပြော တန်ဖိုးရှိသောစကားကို ပြောသူသည် ပြောသူကို လည်းကောင်း၊ သူ၏ပတ်ဝန်းကျင်ကို လည်းကောင်း၊ တန်ဖိုးတစ်ခု တက်စေသကဲ့သို့ တန်ဖိုးမဲ့သောစကား ပြောသူလည်း ပြောသူကိုသော် လည်းကောင်း၊ ထိုသူနှင့် ဆက်နွှယ်ပတ်သက်ရာ ၀န်းကျင်ကိုသော် လည်းကောင်း၊ တန်ဖိုးမဲ့စေသည်ကား အမှန်ပင်။ ကျွန်တော် လေ့လာကြည့်မိသလောက် ထိုသူမျိုးတွေ ရပ်တည်ကျင်လည်ရာ ဥရောပနှင့် အရှေ့အာရှတစ်ခွင်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ တိုးတက်ဖြစ်ထွန်းလျက် ရှိနေသည်ကို သတိပြုမိ၏။

ဒါကလည်း လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းတည်ရှိနေခြင်း၏ အသီးအပွင့်ဟု ယူဆစရာရှိသည်။ လောက၌ မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမှာမဆို အသင်းအဖွဲ့၊ နိုင်ငံ၊ လူမျိုးတို့၏ ခေါင်းဆောင်လုပ်ကြသူများသည် ထိုအသင်းအဖွဲ့၊ ထိုနိုင်ငံ၊ ထိုလူမျိုးတို့၏ အလိုရှိရာ ပန်းတိုင်သို့ရောက်အောင် ခေါ်ဆောင်သွားနိုင်လောက်သည့် အရည်အချင်းနှင့် ပြည့်စုံကြရမည် ဖြစ်သလို၊ မအောင်မမြင် ဖြစ်ခဲ့လျှင်လည်း မိမိချို့ယွင်းချက်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်၍ “မာတီနို” ကဲ့သို့ပင် တာဝန်ယူနိုင်စွမ်းသော သတ္တိမျိုးရှိဖို့ လိုအပ်ပါသည်။

ဒီလိုမှ မဟုတ်လျှင်တော့ နောက်တစ်ကြိမ်၊ နောက်တစ်ခါနှင့် မဆုံးနိုင်သော အမှားပြင်ဆင်ချက်တွေကြောင့်၊ မအောင်မမြင်၊ ကျရှုံးမှုသံသရာမှ ရုန်းထွက်နိုင်ကြမည် မဟုတ်တော့။ ပြီးတော့ ဒီကနေ့ ကျွန်တော်တို့ လိုက်ပါစီးမျောနေကြသည့် တိုးတက်ဖြစ်ထွန်းမှုတွေက ရေသေမှာမဟုတ်။ အမြဲတမ်းစီးနေသည့် ရေအလျဉ်။ ဒီတော့ လှေတစ်စင်းလို လှော်ခတ်အားထုတ်မှုကို ရပ်လိုက်သည်နှင့် နေရာမှာတင် ရပ်နေမည်မဟုတ်။ ရေစီးအားကြောင့် နောက်ကိုပြန်ရောက်သွားနိုင်သည့် အခြေအနေ။ အားကုန်ကျုံး၍ လှော်ခတ်နေသော်မှ ရှေ့ကိုမရောက်နိုင်ခဲ့လျှင် ခေတ္တရပ်လိုက်သည်နှင့် မိမိကနောက်မှာ အများကြီးပြတ်ပြီး ကျန်ခဲ့နိုင်သည်ကို သတိမူကြစေချင်သည်။

ဆိုခဲ့သလို လွတ်လပ်ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ်တွင် တာဝန်သိမှုတွေဟာ အရမ်းအရေးပါသည်။ အထူးသဖြင့် ခေါင်းဆောင်ဆိုသူတွေက ခေါင်းမဆောင်နိုင်လျှင် မိမိထက် အရည်အချင်းရှိသူတွေ ခေါင်းဆောင်နိုင်အောင် ဖယ်ပေးဖို့ အသင့်ရှိနေတတ်ကြသည်။ သိပ်မကြာသေးခင်က တောင်ကိုရီးယား ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်မှုတွင် ကျောင်းသားအရွယ်လူငယ်တွေ အများအပြား အသက်ဆုံးရှုံးခဲ့ကြရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးချုပ်က ရာထူးမှ နုတ်ထွက်မည်ဟု ဆိုသည်။ ထိုကိစ္စအတွက် တစ်နေ့မှ သူကောင်းကောင်း အိပ်မပျော်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။

ကျွန်တော်တို့အနေနှင့်ဆိုရလျှင် ကူးတို့သင်္ဘောမှောက်၍ လူတွေသေရတာ ၀န်ကြီးချုပ်က အနေသာကြီး။ တကယ်လည်း နေကြမည်သာဖြစ်ရာ ဤစကားက အဆန်းလို ဖြစ်နေချေ၏။ သို့သော် တကယ်တွေးကြည့်လျှင် သူက ၀န်ကြီးချုပ် ပြည်သူတွေ အသက်အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရမည့်တာဝန်က သူ့တာဝန်။ ဒီတာဝန်ကို မကျေပွန်ဟုထင်လျှင် သူသာတာဝန်အရှိဆုံးလူ။ ဒီတော့ ဒီဖြစ်ရပ်တွင် သူသာတာဝန် ယူရပေလိမ့်မည်။ ကျွန်တော်သာ ကိုရီးယားလူမျိုး ဖြစ်ခဲ့လျှင် ငါတို့လူမျိုးတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို အစစအရာရာ တာဝန်ယူရန် ကာကွယ်စောင့်ရှောက်ပေးနေသည့် အစိုးရတစ်ရပ် ရှိနေခြင်းအတွက် အလွန်မှပင် ဂုဏ်ယူနေမိမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ယခုသော် ကျွန်တော်တို့နိုင်ငံမှာ ဤစိတ်ဓာတ်မျိုးရှိသော အဖွဲ့အစည်းခေါင်းဆောင်များ အလွန်မှ ရှားပါးလှသည်။ ထို့အတွက် နေရသည်လည်း မလုံခြုံသလိုလို၊ စားရသည်လည်း မျိုမကျချင်သလိုလို၊ သွားရသည်လည်း ခြေလှမ်းတွန့်ချင်သလိုလို ဖြစ်ရသည်။

ဒါကလည်း ဆယ်စုနှစ် ဘယ်နှခုရှိခဲ့သည်ဟု ပြောပြမတတ်အောင်ပင်။ ဘယ်သူတွေ၊ ဘာပြောပြော ဘာတွေပဲ မအောင်မြင်သည်ဖြစ်စေ၊ တာဝန်ယူမည့်သူမရှိ၊ ကြာတော့ အဖွဲ့အစည်းခေါင်းဆောင် ဆိုသူများသည် အာဏာရှင်ပုံစံ ပေါက်လာ၏။ မလှသောရုပ်နှင့် မင်းသားလုပ်လာကြရာ ကြည့်မကောင်းသည့် ဇာတ်တွေကိုသာ ခင်းနေလေတော့သဖြင့် ပွဲကြည့်ပရိသတ်က အော့နှလုံးနာလာကြ၏။ ဒါလည်း ဆက်ကနေတုန်း။

ကျွန်တော်တို့ ပြည်သူတွေက ဒီကနေသည့် ဇာတ်မျိုးကို မကြည့်လို၊ မမြင်လိုကြတော့။ ဒါကြောင့်လည်း ပြည်သူတွေရေး၍ ပြည်သူတို့ကိုယ်တိုင် ပါဝင်ကပြလို့ရသည့် ပြဇာတ်မျိုးကို တောင်းဆိုလာကြသည်မှာလည်း အထင်အရှား။ အထူးဖြင့် ခေတ်အခြေအနေနှင့် မကိုက်ညီတော့သော ခေါင်းဆောင်မျိုး၊ ပြည်သူတွေ လိုလားချက်ကို အောင်မြင်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းမျိုး မရှိသည့် ခေါင်းဆောင်တွေနေရာမှာ အစားထိုးခေါင်းဆောင်ကောင်းတွေ ရှာလာကြသည်။ သို့ဆိုလျှင် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် တာဝန်ယူ၊ တာဝန်သိသည့်လူမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ပေါ်ထွန်းလာဖို့ အမှန်ပင်လိုလာ ပြီဆိုသည်ကလည်း ပြောစရာမလိုတော့။ ကောင်းသောစကား၊ တန်ဖိုးရှိသောစကားမို့ ထပ်ပြီးပြောလိုပါသေးသည်။

“ကိုယ့်အလုပ်က လုံလောက်တဲ့ ပန်းတိုင်မျိုးကို မရောက်ခဲ့ဘူးဆိုရင် အခွင့်အရေး နောက်တစ်ကြိမ်ပေးဖို့ မတောင်းဆိုသင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မထိုက်တန်တော့လို့ပါ”

အမှားတွေအတွက် နောက်တစ်ကြိမ်ဆိုတာ မရှိတော့သည့် လူ့အဖွဲ့အစည်းမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ရှိနေသင့်ပါပြီ။

No comments: