Sunday, May 25, 2014

“နေချင်ပေမယ့်လည်း မနေနိုင်တော့ဘူး အချစ်ရယ်၊ စိုင်းပြန်ရဦးမယ်”

အောင်မျိုးထွန်း
(Aungmyo Tun's Facebook Status)

မိုးသီးဇွန်ကို မေလ ၂၅ ရက်၊ မိုးဟိန်းကို ဒီ့မတိုင်ခင် ၄ ရက်မှာ ဗမာပြည်ထဲကနေ တိုင်းပြည်ပြင်ပသို့  ပြန်ထွက်နေထိုင်ခိုင်းတဲ့ ရက်အပိုင်းအခြားများ နီးကပ်လွန်းတဲ့ ကိစ္စဟာ တမင် ချိန်ကိုက်ကြံစည်ထားတာပါ။ ဒီအမေရိကန်နိုင်ငံသားနှစ်ယောက် ဗမာပြည်ထဲ ၀င်ရောက်လာတဲ့နေ့ ရက်များကလည်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နဲ့  ၇ ရက်နေ့ ဖြစ်နေတာ တွေ့ ရပြီး တပတ်အတွင်း ရှေ့ ဆင့်နောက်ဆင့် ဆိုသလို တိုက်ဆိုင်နေတာကလည်း နောက်ထပ်ထူးခြားမှုတခုပါ။ ဗီဇာသက်တမ်း ကုန်ဆုံးလို့  ရက်လွန်နေထိုင်မှုအတွက် ဒဏ်ကြေး တရက် ၃ ဒေါ်လာပေးပြီး နေထိုင်လာခဲ့တဲ့ မိုးသီးဇွန်ရော ဗီဇာစေ့တဲ့ရက်မှာ ချက်ချင်းပြန်ခိုင်းတဲ့ မိုးဟိန်းပါ သမ္မတ ဗိုလ်သိန်းစိန်ရဲ့  ပြည်ပရောက်မြန်မာတွေ အမိရွှေပြည်ကြီးကို ပြန်လာပြီး စစ်အုပ်စုရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှာ တတပ်တအား ပါဝင်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ချက်ကို ယုံကြည်စွာလက်ခံလို့  ရွာပြန်ဝင်ခဲ့ကြသူများဖြစ်ပါတယ်။

ဗမာပြည်က လူမှုပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့  ပါတီနိုင်ငံရေးဝဲဂယက်ကြားက လှုပ်ရှားရုန်းကန်မှုများမှာ အမေရိကန်နိုင်ငံသား မိုဟိန်းကို မတွေ့ ရဘဲ သူရိယအလင်း (သူရိယနေ၀န်း)ဂျာနယ်ကို ကြီးမှူးလုပ်ဆောင်တဲ့ အလုပ်များမှာ စောက်ချလုပ်ကိုင်ပြီး နိုင်ငံရေးနေရာတခုကို အချိန်တိုအတွင်း ရရှိလာခဲ့သလို အောင်မြင်ကျော်ကြား လူသိများခဲ့ပါတယ်။ မိုးသီးဇွန်ကတော့ ရွာပြန်ရောက်တာနဲ့  ကားခေါင်မိုးပေါ် ချက်ချင်းခုန်တက်ပြီး လက်သီးလက်မောင်တန်း ဟောပြောမှုများနဲ့ အတူ လယ်သမား အလုပ်သမား ခေါင်းရွက်ဗျက်ထိုးဈေးသည်များကြားပါမကျန် လူစုစု စုစု ရှိတဲ့နေရာမှန်သမျှ ရောက်လာတတ်ကာ နောက်တနေ့  မီဒီယာမှာ “ပေါက်” အောင်ကို လုပ်တတ်တဲ့ လည်လည်ဝယ်ဝယ် တက်ကြွလှုပ်ရှားသူအဖြစ် အဆိုပါ အမေရိကန်နိုင်ငံသားဟာလည်း ထင်ရှားလှပါတယ်။ အမေရိကန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရှိထားသူဖြစ်လို့  ဆိုင်ရာနယ်ပယ်များမှာ ကျော်စောမှုရှိလာတာမျိုး မဟုတ်ဘဲ နဂိုအခံ အရည်အချင်းများကြောင့်သာ အခုလို အောင်မြင်ရတာဖြစ်ပါတယ်။

နှစ်ယောက်စလုံး ဗမာပြည်မှာ ဆက်လက်နေထိုင်ချင်ပြီး သူတို့ ရဲ့ လုပ်လက်စလုပ်ငန်းများကို အရှိန်အဟုန်ပြင်းပြင်းနဲ့  ရှေ့ ဆက် ဆောင်ရွက်လိုကြောင်းကို ဒီနေ့ ထုတ် (၂၄. ၅. ၂၀၁၄) အလဲဗင်းသတင်းစာနဲ့ သူရိယနေ၀န်းဂျာနယ်များမှာ ရင်ဖွင့်ထားတာ ဖတ်ရပါတယ်။ “နေချင်ပေမယ့်လည်း မနေနိုင်တော့ဘူးအချစ်ရယ်၊ စိုင်းပြန်ရဦးမယ်” သီချင်းတစကို ရင်နာနာနဲ့  ညည်းတွားပြီး ယာဉ်ပျံစီးရတော့မယ့် သူတို့ နှစ်ဦးရဲ့ ထွက်ခွာတော်မူဇာတ်ကို ပြည်သူလူထုသို့  ပွင့်လင်းစွာ ချပြခဲ့ပါတယ်။ စစ်အုပ်စုရဲ့  စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပန်းတိုင်ကို ချီတက်ကြရာမှာ သူတို့ နှစ်ယောက်ရဲ့  ခေတ်သစ်ကြေကွဲခန်းဟာ အခြားသော ဖိနှိပ်ခံပြည်သူများရဲ့ အလဲလဲအကွဲကွဲ အော်ဟစ်သံများနဲ့  နှိုင်းစာကြည့်ရင် အများကြီး သက်သာပါတယ်။ အချိန်တန် ဖုတ်ဖက်ခါ ထသွားပြီး ဇိမ်ကျကျနဲ့  နေထိုင်ရှင်သန်နိုင်ပါသေးတယ်။ သူတောင်းစား ခွက်ပျောက်တာ မဟုတ်ဘဲ သူဌေး ဂေါက်အိတ်ပျောက်တာမျိုးပါ။

သမ္မတ ဗိုလ်သိန်းစိန်အစိုးရတက်လာပြီးပြီးချင်း ပြည်တွင်းရော ပြည်ပမှာပါ “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” ထုတ်ပြန်ပေးပြီး ဗမာပြည်အနှံ့ အကျဉ်းထောင်များထဲက အတိုက်အခံ နိုင်ငံရေးသမားများနဲ့  ပြည်ပရောက် အတိုက်အခံများကို ဂုဏ်သိက္ခာရှိရှိ ပြည်လည်လွတ်မြောက်/၀င်ရောက်လာကြဖို့  တောင်းဆိုတိုက်ပွဲဝင် လှုပ်ရှားမှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အုပ်စုခေါင်းထဲမှာ မဆလ ဗိုလ်နေ၀င်းအစိုးရ လုပ်ခဲ့သလိုမျိုး လွတ်ငြိမ်းခွင့် ထုတ်ပြန်ဖို့ အာသီသ မရှိဘဲ အကျဉ်းကျ နိုင်ငံရေးသမားများကို နှောင်ကြိုးတန်းလန်းနဲ့  လွှတ်ပေးလိုက်သလို “ဖစ်ဂါ” ရှိတဲ့ ပြည်ပရောက် တက်ကြွသူများကိုလည်း စစ်အုပ်စု ချမှတ်ထားတဲ့ ပုံစံခွက်ထဲ ၀င်/မ၀င် လိုက်တိုင်းကြည့်ပြီး နီးစပ်ရာ စားတော်ခေါ်ကာ “သမ္မတကြီးကို ပြောပေးမယ်” စာချုပ်နဲ့  ပြည်တွင်းသို့  “အင်ပို့ ” လုပ်လာခဲ့ပါတယ်။ လမ်းပြမြေပုံ ၇ ချက်၊ ၂၀၀၈ ဖွဲ့ စည်းပုံ ကျောထောက်နောက်ခံနဲ့  ပေါ်ထွန်းလာတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမှာ အလိုက်သင့် လှိုင်းစီးလိုက်လိုတဲ့ ပြည်ပရောက်များကို အထူးအခွင့်အရေးပေး၊ လ၀က ဥပဒေများကို ရှုံ့ ချည်နှပ်ချည် လုပ်ကာ နယ်စပ်ဒေသများနဲ့  ပြည်တွင်းမှာ ကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်ထိုးကြပြီး ပြည်တွင်းကို လေယာဉ်စီး ပြန်လာခွင့်ပြုခဲ့ပါတယ်။ “အထွေထွေလွတ်ငြိမ်းခွင့်” သာ ဗမာပြည် ဒီမိုကရေစီရေးအတွက် ပြောင်းလဲမှုလမ်းစဉ်အမှန်လို့  ယူဆထားသူများက ဗိုလ်သိန်းစိန်တို့ ရဲ့  အောက်လမ်းနည်း ပြည်တော်ပြန်လမ်းစဉ်ကို လက်မခံခဲ့ပါဘူး။ စစ်အုပ်စု လက်ယပ်ခေါ်မှုကြောင့် “ဖစ်ဂါ” သိပ်မရှိတဲ့ ပြည်ပနိုင်ငံသား ခံယူထားသူအချို့ လည်း ကျွဲကူးရေပါနဲ့  ပြည်တွင်းသို့  ပြန်ဝင်လာကြတာ ရှိပါတယ်။ ဒါပေမယ့် စီးပွားရေး၊ လူမှုရေး၊ အလည်အပတ်သဘောနဲ့  နေထိုင်ကြပြီး နိုင်ငံရေးရှောင်ကာ အချိန်တန် ဗီဇာပြည့်တဲ့အခါ ဌာနေပြန်သွားကြပါတယ်။ သူတို့ ကိုတော့ သီးခြားစာရင်းထဲ သွင်းထားရပါမယ်။ မိုးသီးဇွန်၊ မိုးဟိန်းတို့ လို ပြည်ပနိုင်ငံသားခံယူထားတဲ့ နာမည်ပေါက် အတိုက်အခံ တက်ကြွသူတချို့ လည်း ပြည်တွင်းသို့  ၀င်စို့ ထွက်စို့ လုပ်နေကြပေမယ့် သူတို့ နှစ်ဦးလို လူသိထင်ရှား မီဒီယာပေါ်တက် ငိုချင်းချတာမျိုး မတွေ့ ဖူးတာ သတိပြုမိပါတယ်။ ဒါလည်း ထူးခြားမှုတခုဖြစ်ပါတယ်။

မိုးသီးဇွန်ဟာ နေပြည်တော် လွှတ်တော်နိုင်ငံရေးလမ်းစဉ်ကို လက်ခံသူဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လိုတယ် လို့  ကြေညာထားပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံသားအဖြစ်က စွန့် လွှတ်ပြီး မြန်မာနိုင်ငံသား ပြန်လည်ခံယူဖို့  လျှောက်ထားလက်စ တန်းလန်းဖြစ်ပါတယ်။ ဒီရည်မှန်းချက်ဟာ စစ်အုပ်စု ၀င်လာစေချင်တဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် In Line ဖြစ်ပါတယ်။ မိုးဟိန်းလည်း အလားတူပါဘဲ။ ရောင်းအားကောင်းလှတဲ့ သူ့ ရဲ့ ဂျာနယ်ကနေ လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်သိန်းစိန်၊ စစ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်တို့ ကို ချန်လှပ်ရှောင်ကွင်းပြီး အာဏာလက်လွှတ်ပြီးသူများ၊ အရပ်သား စစ်ခရိုနီများကိုသာ သဲသဲမဲမဲ ဝေဖန်တိုက်ခိုက်နေသူဖြစ်ပါတယ်။ စစ်အုပ်စု နိုင်ငံရေးလမ်းစဉ်ကို အယုံအကြည်ရှိသူဖြစ်ပြီး အဆိုးဆုံးက ရှေ့ ပိုင်းမှာ ဘာတွေ ဘယ်လို ပြင်းပြင်းထန်ထန်ပြောပြော “သမ္မတကြီးနဲ့ တပ်ချုပ်ကြီးရေ ကယ်ကြပါဦးဗျာ” နဲ့  နိဂုံးချုပ်သွားတတ်တာကြောင့် မိုးဟိန်းဂျာနယ်ဖတ်ပြီးတိုင်း “ဥက္ကဌကြီး ဦးနေ၀င်းခင်ဗျား” ဆိုတဲ့ အတိတ်က “ခွေးကတက်မှ အော်သံများ” ကို ပြန်ကြားယောင်မိပါတယ်။ “မိုးနှစ်မိုး” စလုံးဟာ In Line ဖြစ်ကြပါတယ်။

ဒီလို နိုင်ငံရေးအယူအဆရှိတဲ့ အမေရိကန်နိုင်ငံသားများကို ဗိုလ်သိန်းစိန်ရဲ့  အတိုက်အခံများဆိုင်ရာ နိုင်ငံရေးအကြံပေးများဖြစ်တဲ့ ဗိုလ်အောင်မင်း/စိုးသိန်းအုပ်စုက သဘောကျကြမှာ ဖြစ်ပါတယ်။ လ၀က စည်းမျဉ်းအတိုင်း တည်ဆဲဥပဒေများနဲ့ အညီ မိုးနှစ်မိုးကို ဗမာပြည်နယ်နိမိတ်ပြင်ပမှာ နေထိုင်ဖို့ ဆိုတဲ့ လက်သည်ဟာ ၄င်းအကြံပေးများဖြစ်ပါတယ်။ တချိန်လုံး ထိုအုပ်စုနဲ့ ပလူးပလဲ လုပ်လာခဲ့တာကြောင့် သူတို့ သဘော သူတို့ မနောကို ခပ်ညံ့ညံ့ မဟုတ်တဲ့ မိုးနှစ်မိုးလည်း နောကျေပြီးသားဖြစ်ပါလိမ့်မယ်။ အခြား ဗမာပြည်ဖွား အမေရိကန်နိုင်ငံသားတွေအတိုင်း တိတ်တိတ်ထွက် တိတ်တိတ်ပြန်ဝင် မလုပ်နိုင်ဘဲ ကြောင်အမြီးညှပ်သလို ထအော်ရတာဟာ ပြည်ဝင်ခွင့်ဗီဇာ ပြန်ထုတ်မပေးမှာ စိုးရိမ်လို့ ဆိုတဲ့ နိုင်ငံရေးလောကရဲ့  သုံးသပ်ချက်များ ထွက်လာပါတယ်။ ဒီအပေါ်ယံ သုံးသပ်ချက်ဟာ နောက်ကွယ်က ဖြစ်စဉ်အမှန်နဲ့  တထပ်တည်းကျနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါဘဲ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွတောင်းဆိုမှုကြီးနောက်ပိုင်းမှာ စစ်အစိုးရဆန့် ကျင်သူ အများအပြား အမေရိကန်၊ ကနေဒါ၊ နော်ဝေး၊ သြစတြေးလျ၊ အိန္ဒိယ အပါအ၀င် အနောက်အုပ်စုဝင်နိုင်ငံများသို့  ရောက်သွားကြပါတယ်။ အများစုက ဗမာပြည်နဲ့  ထိစပ်နေတဲ့ ထိုင်းနိုင်ငံမှတဆင့် ဒုက္ခသည်အဖြစ် ထွက်ခွာသွားကြတာပါ။ နိုင်ငံကြီးများကို ရောက်ရှိတဲ့အခါ ဒုက္ခသည်လက်မှတ်နဲ့ နေထိုင်ခွင့်ရကြပေမယ့် အခြေခံလူ့ အခွင့်အရေးအားလုံးနီးပါး ရခဲ့ကြပါတယ်။ စီးပွားရှာနိုင်သလို ပညာရေးဘက်လည်း ကူးပြောင်းနိုင်ပြီး နိုင်ငံရေးလုပ်ခွင့်လည်း အပြည့်အ၀ ရှိကြပါတယ်။ အမေရိကန်မှာ အနေကြာလာတဲ့အခါ ဒုက္ခသည်လက်မှတ်ကို ဆက်လက်ကိုင်ဆောင်ခွင့် မပေးတော့ဘဲ မိမိတို့ အခြေချရာ နိုင်ငံသားအဖြစ် ခံယူပြီး ထွက်ခွာလာရာ မိခင်နိုင်ငံသားအဖြစ်မှ စွန့် လွှတ်ဖို့ အတင်းအကျပ် ဖိအားပေး လုပ်ဆောင်ခိုင်းတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေမျိုး ထုတ်ပြန်ထားခြင်း မရှိပါ။ ကာယကံရှင် ဒုက္ခသည်ရဲ့ ဆန္ဒသဘောအတိုင်း ဖြစ်ပါတယ်။ တချို့ က မြန်မာနိုင်ငံသားအဖြစ်က စွန့် လွှတ်လိုက်ကြသလို တချို့ လည်း ဆယ်စုနှစ် နှစ်ခုစာလောက် နေထိုင်ခဲ့ပေမယ့် နိုင်ငံခြားသား ဘ၀အဖြစ် ခံယူဖို့  ငြင်းဆန်ပါတယ်။ ဒီအတွက် တန်ဖိုးရှိတဲ့ အချို့ အခွင့်အရေးများကို လက်လွှတ်ရပါတယ်။ ဒါပေမယ့် ဒုက္ခသည်လက်မှတ်နဲ့  ဂရင်းကတ်လေး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အမေရိကန်နိုင်ငံသားလုံးလုံး ဖြစ်သွားသူများကို ငေးကြည့်ရင်း တစိမ့်စိမ့် ကျေနပ်နေကြသူတွေလည်းရှိကြပါတယ်။ တကယ်တော့ ကိုယ့်ဒေါသနဲ့ ကိုယ် အမေရိကန်နိုင်ငံသားဖြစ်သွားကြတာပါ။ အခုလို နိုင်ငံရေးအခြေအနေမှာ ပြည်ပထွက် အမေရိကန်နိုင်ငံသား ခံယူကြမယ့် ကြံ့ဖွံ့ စစ်အစိုးရ ဆန့် ကျင်ရေးသမားများ မရှိကြတော့ပါ။

မိုးသီးဇွန်နဲ့ မိုးဟိန်းတို့ အမေရိကန်နိုင်ငံသားခံယူချိန်ဟာ စစ်တပ်က ဗမာပြည်ကို အုပ်ချုပ်နေတဲ့ကာလ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့  ဗမာပြည် စစ်အစိုးရ အပေါက်အလမ်း မတည့်ချိန်ဖြစ်ပါတယ်။ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များနဲ့ သူတို့ မိသားစုဝင်များကို အမေရိကန်မြေပေါ် ခြေချခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ဗမာနိုင်ငံသားအဖြစ် စွန့် လွှတ်ပြီး အမေရိကန်နိုင်ငံသား ခံယူသူတွေကို ဗိုလ်သန်းရွှေ စစ်အစိုးရက အထူး ငြိုငြင်ဒေါသထွက်ပါတယ်။ တေးထားပါတယ်။ “နောင်တနေ့  ဗမာပြည် ပြန်လာပြီး နိုင်ငံသားပြန်လျှောက်တဲ့ခါ ဒင်းတို့ ကို မှတ်သားလောက်အောင် ပညာပေးမယ်”လို့  အငြှိုးထား ကြိမ်းဝါးခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို အကြီးအကျယ် သစ္စာဖောက်သွားသူများလို့  အစွဲအလန်း ကြီးမားခဲ့ပါတယ်။ ဒါကြောင့်လည်း သမ္မတ ဗိုလ်သိန်းစိန်အစိုးရ အုပ်ချုပ်လာတဲ့ ၄ နှစ်သက်တမ်းအတွင်း ဗမာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံပေးလိုက်တဲ့ အမေရိကန်နိုင်ငံသား တဦးတလေမျှ ရှိတယ်လို့  တိတိကျကျ မကြားမိပါ။ ဒါဟာ စစ်အာဏာရှင်အစိုးရ ကိုင်စွဲထားခဲ့တဲ့ အိုင်ဒရော်လော်ဂျီကို လက်ဆုပ် မဖြည်နိုင်သေးတဲ့၊ ထင်ရှားတဲ့ သက်သေ သာဓကတခုဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း သဘောထားမသေးကြောင်း ပြည်တွင်းပြည်ပကို ပြဖို့ အတွက် (မိုးဟိန်းလုပ်သလို ဗီဇာပြန်ရဖို့  ဗုဒ္ဓဘုရားကို သစ္စာတိုင်တည်ပြီး ဆုတောင်းစရာ မလိုပါ) လ၀က နှင်ထုတ်ခံ “မိုးနှစ်မိုး” ကို မကြာမီကာလမှာ ပြည်တွင်းပြန်ဝင်ခွင့်ပြုလိမ့်မယ်လို့  မျှော်လင့်ပါတယ်။ “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” မထုတ်ပြန်နိုင်သေးသမျှ ရွှေပြည်ကြီးမှာ အလားတူ ပြဿနာတွေ တမျိုးမဟုတ်တမျိုး ပေါ်လာဦးမှာပါ။

အောင်မျိုးထွန်း

3 comments:

ah may suu chit thu said...

moe thee zon......

faster go back from myanmar. our people no need to u.for what u stay in myanmar ..no need no need....we dont want u.

Khin Pyone said...

ဘာမှရှည်ရှည်ဝေးဝေး ပြောမနေနဲ့ အမေရိကန်နိုင်ငံသား အဖြစ်ကနေ စွန့် လွှတ်ပြီး မြန်မာနိင်ငံသား ပြန်ခံလိုက်ရင်ပြီးပြီပေါ့
အမေရိကန်နိုင်ငံသား အဖြစ်ကိုလည်းလက်မလွှတ်နိုင် မြန်မာပြည်ထဲမှာလည်း လုပ်စားချင် ၊ အလကားလူတွေ နောက်ဆုံးတော့လည်းကိုယ်ကျိုးသမားချည်းပဲ။

Khin Pyone said...

မြန်မာနိုင်ငံမှာ တိုင်းပြည်ချစ်တဲ့သူ တစ်ယောက်မှမရှိ ဘူး
ပြည်သူတွေကိုချစ်လို့  တိုင်းပြည်ကိုချစ်လို့ ဆိုပြီးပြောနေတဲ့ သူတွေကအဆိုးဆုံးဘဲ မြန်မာ့နိုင်ငံရေးမှာ နေရာရချင်လို့  ပေါ်ပြူလာ ဖြစ်ချင်လို့  အချောင်သူဌေးဖြစ်ချင်လို့ ကုန်းအော်နေကြတာ။