Monday, May 12, 2014

ဆယ်လဗျစ်တီများ

ဆယ်လဗျစ်တီများ
ကိုမွှေး

သတင်းတွေ ဖတ်ရင်
ရင်နင့်ဒဏ်မခံနိုင်လို့
အသံတိတ်နဲ့ ပြန်အိပ်ဖြစ်ခဲ့တာ
သိပ်ကြာ ...
ဝမ်းသာစရာကြားနိုး
မြင်နိုး
မျှော်လင့်မှုခပ်ညှိုးညှိုးနဲ့ ငေးလိုက်ပြန်တော့
တိုင်းပြည်တ၀ှမ်းက
အိုးမဲ့ အိမ်မဲ့ လယ်မဲ့ ယာမဲ့
အခြေမဲ့ အနေမဲ့တွေ
ကရင်ပြည်ဘက် အပြီးထွက်ခွာ
ကယ်ပါ ကူပါဆိုပါလား ...။

အခြားသတင်းများမှာက
တောင်ယာမီးရှို့ပြီးစ
မိုးကလေးတပြိုက်နှစ်ပြိုက်ကျပြီးမှ
ပဒတ်စာတွေ မာလာဖူးတွေ အကြိတ်အနယ် တိုးထွက်သလို
ဆယ်လဗျစ်တီတွေ ဆယ်လဗျစ်တီတွေ ...။
ရောင်းအားကောင်းတဲ့ အရေပြားတင်းတင်းလေးတွေ
မျက်လုံးဝင်းဝင်းလေးတွေရဲ့
ဟောဒီ ဒါလင်ကြီး နှလုံးသားကို
ပင်လယ်ကူးသင်္ဘောတစ်စင်းရဲ့ အလံတစ်လက်လို
မနားတမ်း ဖျတ်ဖျတ်ခါ ဆတ်စလူးတွေ ထစေသူလေးတွေငဲ့ ...။

သင်္ကြန်ကျတယ်
စင်ပေါ်က ရင်ကော့လို့
ရှမ်းမလေးတစ်ယောက်ကိုမှ သည်းကြီးမည်းကြီး ခေါ်နေသလားမသိ
"ခမ်းမွန် ...
ခမ်းမွန် ... ခမ်းမွန် ... ပိတ်သတ်ကြီးများ လိုက်ဆိုပါ ...
အိုးရဲ ..."
ဟင်ကနဲ ... ဟာကနဲ ...
ရင်ထဲမယ် ဘယ့်နှာဖြစ်တယ်မသိလိုက်အောင် ...
အဲသလို ဆယ်လဗျစ်တီတွေလည်းရှိ ...။

ကဗျာရွတ်မယ် ...
အဝေးကြီးကို ဂွေးသီးရှာသလို မော့ကြည့်မယ်
တစ်ပိုဒ်နဲ့ တစ်ပိုဒ်ကြား
မင်းသားကြီးဝင်းဦး
ခင်သန်းနုကို ဖက်ပွတ် ဆုပ်နယ် ကြာပစ်ပြီး ...
မောင်တို့ချယ်ရီမြေ ဟဲနေသလို
ရီဝေေ၀မျက်လုံးတွေနဲ့ အိုင်တင်ပေးမယ်
လက်မောင်းတန်းမယ်
လက်သီးဆုပ်မယ် ...
လက်မောင်းပြန်ချမယ် ...
လက်သီးပြန်ဖြေမယ် ...
ရွှေပွဲလာပရိသတ်က လက်ခုပ်တီးခဲ့ပါတယ်
မောင်မင်းကြီးသားများကိုလည်း အားကိုးခဲ့ပါတယ်
ခုလို ခါးကျိုး အိမ်ဆုံး လမ်းပေါ်လုံးလုံးရောက်နေလည်း
ပရိသတ်ကြီးက ယုံကြည်ဆဲပါ ...
အဲလို နောက်ဆုံးပေါ် ဆယ်လဗျစ်တီတွေလည်းရှိ ...။

ငြိမ်းချမ်းရေးဆယ်လဗျစ်တီ
နိုင်ငံရေးဆယ်လဗျစ်တီ
ချစ်သူကို စွန့်ပစ်၊ မုန်းသူကို မျက်နှာချိုသွေး
ရန်သူ့ပေါင်ပေါ် ပြေးထိုင်တဲ့ ဆယ်လဗျစ်တီတွေ ...။

တစ်မြန်နေ့က စနစ်တကျ လုပ်ကြံခံလိုက်ရတဲ့ ထောင်ထွက်ကြီး
ဘ၀တပါး ညရထားမစီးဘဲ ထွက်ခွာသွားတယ် ...
သူ့ခမျာကြီး တိုင်းပြည်ကို ချစ်ရှာလွန်းလို့
ဘ၀တစ်ဝက် ထောင်ဖက်ပြီး အသက်ပြင်းခဲ့ရှာတယ် ...
ထုံးစံအတိုင်း ဆယ်လဗျစ်တီတွေ လာတယ်
တချို့က သင်္ကြန်မှာ ဒီအဘိုးကြီး ရေမလောင်းလိုက်ရ
ခုတော့ ဘာရမလဲ ဆိုသလို ...၊
တချို့က မျက်ရည်တွေကျ
နှပ်တွေ ညှစ် .. ဗျစ် ..
ဘေးကလူ ပုဆိုးဖမ်းသုတ်
အဲဒါတော့ ဟုတ်ချင်မှဟုတ်မပေါ့ဗျာ ...၊
အဲဒီမှာလည်း ဆယ်လဗျစ်တီတွေ ဆယ်လဗျစ်တီတွေ
ရေဝေးကို အရှင်လတ်လတ်ကြီးမလာသင့်သူတွေ ...
အဲသလို ဆယ်လဗျစ်တီတွေလည်းရှိ ...
ကောင်းကြပေ၏။

ကိုမွှေး

2 comments:

Unknown said...

ဒေါက်တာလွဏ်းဆွေက၊ ဘာကြောင့်၊ပြည်တွင်းနိုင်ငံရေး၊တိုင်းရင်းသားအရေး၊နိုင်ငံရေး၊
ဆောင်းပါးတွေမရေးတော့တာလည်း ကြောက်လို့လား ၊,?

ဒေါက်တာလွဏ်းဆွေ said...

ခုတလော မရေးဖြစ်ဘူး၊ ပြောပဲပြောဖြစ်တယ်။ ဂျာနယ်လေးတွေ စုံအောင်ဝယ်ဖတ်ပါ ကိုသန်းရွှေ :)