Wednesday, May 21, 2014

လောက်

လောက်
ကိုမွှေး

လောက်ဟာ
အနာဝမှာ ပြူကနဲ တစ်ကနဲ ... ဖွေးကနဲ ထွေးကနဲ ...
ဘေးက ဘ၀တူလောက်တွေကို ခပ်တင်းတင်းကြည့်တယ်
"တောက် ... အသားထဲက လောက်ထွက် သိပ်ရှက်ဖိုကောင်းတယ်"
သူက အဲသလို ဒေါသတွေ တခြောင်းခြောင်း ထွက်ပြ ...
ဇာတ်သမား ကျနေတာပဲ
ဟိတ်တွေ ဟန်တွေ ... မာန်တွေ ... ဌာန်တွေက ...
ပြီးတော့ ... အနာဝကို ပြန်ဆွတယ် ...။

လောက်က
နှယ်နှယ်ရရကောင် ဟုတ်ဘူးရယ်
သူ့အဘိဓမ္မာနဲ့သူနေတဲ့ လောက် ...
သူ့ကိုယ်သူလည်း သူ့မသိစိတ်ကျဉ်းမြောင်းမြောင်းလေးထဲမှာ
သူဟာ လောက်တကောင်အဖြစ် လောက်ထိုးနေတာတော့ လက်ခံထားသူ
သူ့ ကိုယ်သူရိုးသားကြောင်း သူကိုယ်တိုင်ယုံအောင်
ဝါယမအစုံ ၊ ပကာသနတစ်ပုံနဲ့ စေ့ဆော်လိမ်ညာ ...။

"ဟေ့ ... ရှင်းပါတယ် လောက်တက်တာ ... လောက်ထိုးတာ ...
လောက်ဆွတာ .. လောက်မွှေတာ ... လောက်ကလိတာ ...
လောက်စားတာ မခံချင်ရင် အနာမဖြစ်ကြနဲ့ကွ နော်.."
အဲသလို သူ့ရပ်တည်မှုကို ခိုင်ခိုင်မာမာ အလံထူ ...။

"အနာဖြစ်ရင်လည်း ယင် ၀င်ဥ တာ မခံကြနဲ့ကွ ...
အနာတခု ယင်ဥပြီဆိုရင် လောက်မြင်မှ ရင်ထုမနာ မဖြစ်ကြနဲ့လို့ …"
သူက "နယ်လှည့်ပါးရိုက်လာတာကွ" လို့ ကျိန်းတဲ့ ၀န်ကြီးလေသံနဲ့ ဟိန်းဟောက်သေး ...။

လောက်မှာ
ဟိန်းရဟောက်ရ ခြိမ်းရခြောက်ရနဲ့ နည်းနည်းမောသွားသလို ...
ပြည် ပိုတည်တဲ့ဘက်ကို သူက အနာပေါ်မှာ တရွေ့ရွေ့ ရွှေ့သွားတယ်
သူ့အတွက်ကတော့ ဒီအနာကြီးဟာ မိမွေဘမွေပေါ့ ...။

လောက်က
ကြောက်တဲ့ကောင်တော့မဟုတ်ဘူးနော် ...
သူပြောတာပဲ သူအမြဲပြောနေကျပဲ ပြောသေး ...
လာမစနဲ့ ပြာကျသွားမယ် ...။

အဲဒီလို ...
လောက်ဟာ လောက်တွေကြားထဲမှာ လောက်ပါးတွေဝ
လောက်လည်တွေဖြစ် လောက်ဝပ်ရှော့ခ်တွေလုပ်၊ လောက်ဧည့်ခံပွဲတွေတက် လောက်ပိစင်တာတွေ ထောင် လောက်ပြုံးတွေပြုံး
လောက်ကလေးတွေကို ကြောက်သွေးပါရင် ဖောက်ထုတ်လိုက်စမ်းလို့ သြ၀ါဒတွေပေး ...။

ဒါ ... လောက်ရဲ့ဖြစ်စဉ်ပါ ...။

ခုတော့ လောက်ဟာ ...
အိုလည်းအို ... အသွင်တွေလည်းပြောင်း ...
တောင်ပံတွေ ညောင်းလောက်အောင်ပျံတဲ့ ယင်တကောင်အဖြစ်နဲ့
ခုတော့ ခွေးချေးပုံထဲ ခေါင်းနှစ်နေရဲ့ ...။

တခါတခါလည်း
ဂျီနီယာလောက်တွေကို ၀ဲရင်းပျံရင်းကြည့်
သူ့မှာ ပီတိအပြည့် ...။

ဒဏ်ရာဗရပွနဲ့ အမိမြေကြီးပေါ်မှာ
လောက်တွေ ဖွေးဖွေးလှုပ် ... စည်ကား ...
အနောက်မျှော်လောက် အရှေ့မျှော်လောက်
ပွင့်လင်းတယ်ဆိုတဲ့လောက်
သတိဆွဲပြီး ပါးရိုက်ပစ်မယ်ဆိုတဲ့လောက်
ပြည်သူတွေ ကိုယ့်ဟာကိုယ်လုပ်မှရမယ်ပြောခဲ့ပြီး
ပြည်သူတွေကို ထပ်ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့လောက်
ခွပ်ဒေါင်းအလံကြီးကိုမှ စွဲစွဲမြဲမြဲ တက်ထိုးတဲ့လောက်
အဲသည် ... လောက်ရောင်စုံတွေကို
တပေါင်းပွဲတော်အလား မြင်ရမယ် ဆရာကီးရေ ...။

လောက်တက်ချင်းမှ ကင်းပါစေ ...။

ကိုမွှေး

No comments: