Wednesday, May 21, 2014

အညှာကိုင်နိုင်ဖို့ဆိုလျှင် ထိရောက်သည့် အင်အားသုံးရလိမ့်မည်

တူမောင်ညို
မိုးမခ(၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်)

“ဗိုလ်စိန်မှန် နဲ့ အောင်ပင်လယ်”မှ ဟောပြောသည့် အသံများသည် ပီလည်းပီ၏၊ မြည်လည်းမြည်၏ ဟုပြောရပါမည်။ ယခုလို အခါတွင် ဆရာ ဦးဝင်းတင်ကို သာ၍ သတိရမိပါသည်။ ဆရာအသက်ထင်ရှားရှိနေဦးမည်ဆိုလျှင် မည်သို့စောကြောလေမလဲဟုလည်း အတွေးပွားမိပါသည်။ ဆရာကား မရှိတော့ပြီ။ ဆရာမရှိပေမယ့် ဆရာ၏ ဘာမထီသော အရေးတော်ပုံစိတ်ဓါတ်၊ ကမ္ဘာမကြေသည့် သတ္တိ တို့သည်ကား ပြည်သူ့အကျိုးကို မျက်နှာမူသော လှုပ်ရှားမှုမှန်သမျှ၏ တပ်ဦးတွင် တလူလူလွှင့်ပျံနေပေလိမ့်မည်။

ဆရာဦးဝင်းတင်ကမူ စစ်အာဏာရှင်စနစ်အား အင်းလျားကန်ထဲလောက်သာ ပစ်ချချင်သူမဟုတ်၊ ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချလိုသူဖြစ်ပါသည်။

ဆရာမသေခင်က ပြောသွားခဲ့ဖူးသော မှတ်သားနာယူဖွယ်၊ ကျင့်ကြံလုပ်ဆောင်ဖွယ်၊ လမ်းညွန်စကားများစွာအနက်“ကျယ်ကျယ် လောင်လောင်တောင်းဆို၊ မေးခွန်းများများထုတ်”ဆိုသည့် စကားကို ယနေ့အချိန်တွင် ပို၍သတိတရရှိမိပါသည်။ ယခုရေးသားချက်သည် ယင်းသို့ ဆရာမှာကြားထားချက်နှင့်အညီ မေးခွန်းများများထုတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆစေလိုပါသည်။

“ဗိုလ်စိန်မှန် နဲ့ အောင်ပင်လယ်” တွင်ပြောကြားခဲ့သည်များမှာ အဓိကအားဖြင့် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလုပ်ငန်းစဉ်” တွင် ကာချုပ်နှင့်စစ်တပ်ပါဝင်လာရေးကို အဓိကဦးတည်ချက်ထားပြောခဲ့သည်ဟု ဆိုလျှင် ရမည်ထင်ပါသည်။ ဆရာဦးဝင်းတင်ကွယ်လွန်ခြင်း ကို မှတ်တိုင်တစ်ခုအဖြစ်ထားပြီးပြောရလျှင် ဒီချုပ်ဥက္ကဋ္ဌ၏ အသံသည် ဆရာမကွယ်လွန်မီအချိန်က ပြောခဲ့သည့် စကားသံများထက် ဆရာကွယ်လွန်ပြီးနောက်ပြောသည့် အသံက ပို၍မာမာကြောကြော ရှိလာပါသည်။ ထင်ရှားသည့် ဥပမာတစ်ခုပြပါမည်။

“နိုင်ငံရေးလုပ်ချင် တပ်ကထွက်”။

ဤအချက်သည် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဟူသည့် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၆ (စ) နှင့် ပုဒ်မ ၁၀၉ (ခ) နှင့် ပုဒ်မ ၁၄၁ (ခ) တို့တွင်ပြဋ္ဌာန်းထားသည့် “စစ်သားအမတ် (၁၁၀+၅၆=၁၆၆) ဦး” ကို ရည်ရွယ်ခြင်းဖြစ်ပါသည်။

၂၀၀၈ အခြေခံဥပဒေထဲမှ ဖော်ပြပါအချက်များကဲ့သို့ ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသော အချက်များကို မည်သို့ဖယ်ရှား မည်နည်း။ မည်သည့်နည်းလမ်းဖြင့်ဖယ်ရှားမည်နည်း။ ဒီချုပ်ဥက္ကဋ္ဌက “ပုဒ်မ ၄၃၆ သည် အညှာ”ဟု ပြောကြားခဲ့ပြီး၊ “အေးချမ်းတဲ့နည်းနဲ့ လွှတ်တော်တွင်းက ပြင်သွားမယ်”ဟု ဆိုခဲ့သဖြင့် မည်သို့/မည်သည့်နည်းလမ်းဖြင့် ဆိုသည့်ပုစ္ဆာအတွက် ဖြေရှင်းလိုက်သည့်သဘောဖြစ် ပါသည်။

“ပုဒ်မ ၄၃၆ သည် အညှာဖြစ်သည်” ဟု မည်သို့ပင်ဆိုစေကာမူ။ ထိုအညှာသည် ဒီချုပ်ပါတီက လက်ထဲက “အညှာ” မဟုတ်။ ထို “အညှာ”သည် ကြံ့ဖွံ့ပါတီနှင့်ကာချုပ်တို့ ချုပ်ကိုင်ထားသည့် “အညှာ”ဖြစ်သည်ဟူသော အချက်ကိုမူ သတိပြုကြရပေလိမ့်မည်။ သူတို့ (ကြံ့ဖွံ့ပါတီနှင့်ကာချုပ်) ပြင်ဆင်မပေးသမျှ ထိုအညှာသည် ကြွေကျလိမ့်မည်မဟုတ်။ တုတ်တုတ်မျှပင် လှုပ်လာလိမ့်မည်မဟုတ်ပါ။ သူတို့ အညှာခိုင်မာကြောင်း အညှာပိုင်/အညှာကိုင်များဖြစ်ကြသည့်သမ္မတ(ဗိုလ်)ဦးသိန်းစိန်၊အမတ်ချုပ်(ဗိုလ်)ဦးရွှေမန်း၊ကာချုပ်ဗိုလ်မင်းအောင် လှိုင်၊ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ(ဗိုလ်)ဦးတင်အေးတို့က သူ့နည်းသူ့ဟန်ဖြင့် သူတို့သဘောထားကို ထုတ်ဖော်ပြောထားပြီး ဖြစ်သည် မဟုတ်ပါလား။

“အေးချမ်းတဲ့ လွှတ်တော်တွင်းနည်းလမ်း” ဟု ဆိုထားသဖြင့် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည်” ကြံ့ဖွံ့ပါတီအမတ်များနှင့် ကာချုပ် ၏ စစ်သားအမတ်များ ပြင်ပေးမှ သို့တည်းမဟုတ် ပြင်ဆင်ပေးသလောက်သာ ရမည်ဖြစ်သည်။ သမ္မတ(ဗိုလ်)ဦးသိန်းစိန်၊ အမတ်ချုပ် (ဗိုလ်)ဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့ကမူ “ဥပဒေနဲ့အညီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီ၊ အခန်း ၁၂ ၊ပုဒ်မ ၄၃၆ ပြဋ္ဌန်းချက်နှင့်အညီ ပြင်ဆင်ရမည်” ဆိုသည့်အချက်ကို စကားလုံးကုလားဖန်ထိုးလျက် ပြောနေကြသည်မဟုတ်ပါလား။

ဒီချုပ်ဥက္ကဋ္ဌက “အားကိုးစရာ ပိုက်ဆံလည်းမရှိဘူး၊ အားကိုးစရာလက်နက်လည်းမရှိဘူး။ အားကိုးစရာမှန်ကန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်းမရှိဘူး။ ပြည်သူကိုပဲအားကိုးရမှာပဲ” ဟုပြောပါသည်။

“အားကိုးစရာမှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိဘူး” ဟု ပြောဆိုနေပြီး အဘယ့်ကြောင့် ၂၀၀၈ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ထဲကပြင်ဆင်ရေးနည်းလမ်းဖြင့် ပြင်ဆင်ရန် ကြိုးပမ်းနေပါသနည်း။ လက်တွေ့တွင် လွှတ်တော်တွင်း နည်း လမ်းဆိုသည်မှာ ကြံ့ဖွံ့ပါတီနှင့်စစ်တပ်ထဲလက်ခုပ်ထဲက ရေသာဖြစ်သည်။ သွန်လိုသွန်၊ မှောက်လိုမှောက်နိုင်သည်။

“၄၃၆ ပြင်ဆင်ရေး” လက်မှတ်ထိုး ဆန္ဒပြုသည့် ပြည်သူများ၏ဆန္ဒကို ကြံ့ဖွံ့ပါတီနှင့်စစ်တပ်လွှမ်းမိုးထားသည့် လွှတ်တော်က ဘယ်အတိုင်းအတာအထိ အသိအမှတ်ပြုပါမည်နည်း။

၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု/ဖျက်သိမ်းပစ်ခဲ့သော၊ နာဂစ်လေမုန်တိုင်းဒဏ်ခံနေရသောပြည်သူများ အပေါ်စာနာမှုကင်းမဲ့စွာဖြင့် ၂၀၀၈ အခြေခံဥပဒေ ကို အတင်းအဓမ္မအတည်ပြုခဲ့သော (နဝတ-နအဖ) စစ်အစိုးရ၏ အမွေစားအမွေခံ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်သည် ပြည်သူများ၏ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုမှု”ကို လေးစားပါမည်လော။

ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်တို့ကလည်း ဒီချုပ်ဥက္ကဋ္ဌ၏ အညှာနှင့်အထာကို ကောင်းစွာသိပုံပေါ်ပါသည်။

ဥပဒေကို လေးစားလိုက်နာတတ်သော၊ ကတိသစ္စာတည်ကြည်စွဲမြဲသော၊ စည်းကမ်းရိုသေတတ်သော၊ ရလဒ်ထက် နည်းလမ်း ကပို၍အရေးကြီးသည်ဆိုသော၊“ရွှေမူဝါဒ”ကိုကိုင်စွဲသော၊ “ဖေဖေ့တပ်မတော်”အပေါ်သံယောဇဉ်ကြီးရှာလွန်းသော၊ အတိတ်ကို အတိတ် မှာထားလိုသော၊ တာဝန်ခံစိတ်၊တာဝန်ယူစိတ်ပြင်းပြထက်သန်သော ဒေါ်အောင်ဆန်းစုကြည်၏အညှာနှင့်အထာကို သိရှိထားပြီး၊ ပိုင်နိုင် စွာ ကိုင်တွယ်ထားပုံပေါ်ပါသည်။

ဒါကြောင့်ဖြစ်မည်လားဟူ၍ မပြောတတ်။ “ဗိုလ်စိန်မှန်”ရော “အောင်ပင်လယ်”မှာပါ အနှောင့်အယှက်တစ်စုံတစ်ရာမျှ မကြား ရ။ ယခင်ကဆိုလျှင် ကြံ့ဖွံ့အစိုးရက တမင်ဖန်တီးသည့် “တည်းခိုးစရာနေရာကိစ္စ၊ ခွင့်ပြုမိန့်ကိစ္စ၊ ဟောပြောမည့် နေရာကိစ္စများ” နှင့်ပတ် သက်၍ဟန့်တားမှုများ၊ထစ်ငေါ့ထားမှုများတစ်ခုမဟုတ်တစ်ခုရှိနေတတ်သည်။(နောက်ပိုင်းဟောပြောပွဲများ၌မည်သို့ရှိလာမည်ကိုမူ မပြော တတ်ပါ)။ (မဘသ)များနှင့် ဝံသာနုပါတီဆိုသည်များကတော့ ဂျိုသွေးနေကြပါသည်။

ရန်ကုန်နှင့်မန္တလေးအစဉ်အလာမြို့ကြီး ၂ မြို့မှာပဲကျင်းပပြီး၊ မြို့တော်သစ်နေပြည်တော်မှာဘာကြောင့် မကျင်းပသလဲ။ ဒီချုပ် ပါတီ၏ဘက်မှ “ပြန်လည်သင့်မြတ်ရေး” သဘောထားဖြင့် နေပြည်တော်ကိုအားနာ၍ မကျင်းပခြင်းလား။ သို့တည်းမဟုတ် ကြိုတင်ညှိနှိုင်း သဘောတူညီမှုကြောင့်လား။ သို့တည်းမဟုတ် နေပြည်တော်၌ ဟောပြောခွင့်မရခြင်းကြောင့်လား၊ ဟောပြောခွင့်မပြုခြင်းကြောင့်လား။

ထူးသည်ဟုပဲလွယ်လွယ်ဆိုကြပါစို့၊“ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့်လူထုဟောပြောပွဲကျင်းပ” ဟူသောခေါင်းစဉ်ဖြင့် အစိုးရပိုင်သတင်းစာများတွင်သတင်းအင်တာဗျူးနှင့်သတင်းဓါတ်ပုံကိုဖော်ပြထားသေးသည်။

ဤသည်တို့မှာ ကြံ့ဖွံ့အစိုးရ၏ ဘုရားစူး “သဘောထားကြီးမှု” ပေလော။

ယင်းသတင်းအင်တာဗျူးတွင် ဦးသိန်းညွန့်၊ ဦးကြီးမြင့်၊ ဦးမြအေးတို့ကို ဗျူးထားသည်။ အဓိကပေးချင်သည့်သဘောထားမှာ ဦးသိန်းညွန့်ပြောကြားချက်သာဖြစ်သည်။ ကျန် ၂ ဦး ( ဦးကြီးမြင့်နှင့် ဦးမြအေး) ကိုထည့်သွင်းရသည် မှာ သိပ်ပြီးဗြောင်ကျလွန်းနေမည် စိုးသဖြင့်လည်းကောင်း၊ မီဒီယာပရိယာယ်အရ မျှတမှုကိုဟန်ဆောင်ပန်ဆောင်ဖော်ပြခြင်းသာဖြစ်သည်။

ဦးသိန်းညွန့်ပါးစပ်မှ တဆင့်ကြံ့ဖွံ့အစိုးရက ပေးချင်သည့်သဘောထားမှာ လွှတ်တော်ပြင်ပမှာ ဘာတွေပဲလုပ်နေနေ၊ အချိန်တန် လျှင် “၁၀၉ ဦး ကော်မတီ”၊“၃၁ဦးကော်မတီ”တို့မှ အဆင့်ဆင့်တင်ပြလာသည်များကို“ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌန်းချက်၊ အခန်း ၁၂ အရ” ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်သည့်အတိုင်း (အများဆန္ဒအရ ဆုံးဖြတ်တာကို အနည်းစုက လက်ခံရမယ်) လက်ခံရမည်ဟု ပြောလိုရင်းဖြစ်ဟန်တူပါသည်။

နိဂုံးချုပ်၍ ပြောရလျှင် “ပုဒ်မ ၄၃၆” သည် ဒီချုပ်ဥက္ကဋ္ဌပြောနေသလို အညှာမဟုတ်သေး။

တကယ့်အညှာနှင့် အညှာကိုင်ထားသူများမှာ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံပါတီနှင့် စစ်တပ်ပင်ဖြစ်သည်။ အညှာကိုင်ထားသူများကို ကိုင် လှုပ်နိုင်ဖို့လိုသည်။ ထိုအညှာကိုင်ထားသူများ လှုပ်ရှားလာအောင် လူထုအင်အားဖြင့် ထိထိရောက်ရောက် ဖိအားပေးရပေလိမ့်မည်။ အင် အားသုံးရေးနှင့် ပတ်သက်လာလျှင် ဒီချုပ်ဥက္ကဋ္ဌအနေဖြင့် သရိုးသရီဖြစ်နေပုံပေါ်သည်။ အရာကိစ္စများသည်အဆုံး၌ အင်အားက သာ အဆုံး အဖြတ်ပေးတာဖြစ်သည်။ လွှတ်တော်ထဲတွင် အမတ်အင်အားသာလွန်သည့်ပါတီကသာ အနိုင်ရစမြဲမဟုတ်ပါလား။

ဒီမိုကရေစီ၏ မူက လည်းအများစု၏ အဆုံးအဖြတ်ကို အနည်းစုက လက်ခံကြရသည်မဟုတ်ပါလား။ ရာစုနှစ်ဝက်ကျော်ကြာ ဗိုလ်ကျရမ်း ကားနေသော စစ်အုပ်စုကို ရင်ဆိုင်ရာတွင် အင်အားကို ထိရောက်စွာအသုံးပြုရပေလိမ့်မည်။ အင်အားမသုံးလိုလျှင် အညှာ ကိုင်နိုင်မည်မဟုတ်။ စကားကုန်ကုန်ပြောရလျှင် တစ်ဦးချင်း သူခိုး၊ ဓါးမြ၊ လူရမ်းကား၊ အကြမ်းဖက်သမားကို ရင်ဆိုင်ဖမ်းဆီးရာတွင်ပင် ဒူးကို ပစ်ပြီးဖမ်းရမလား ၊ ခေါင်းကိုပစ်ပြီးဖမ်းရမလား ဆိုသည်မှာ အခြေအနေအပေါ် ကြည့်ပြီး အင်အားကို သုံးစွဲရပါသည်။

ယနေ့ ၂၀၀၈ အခြေခံဥပဒေဝတ်ရုံ ခြုံထားသည့် စစ်အုပ်စုသစ်ကိုရင်ဆိုင်ရာတွင် လူထုအင်အားကို ထိထိရောက်ရောက်သုံး စွဲ ဖို့လိုပါသည်။ ကိုယ်က အင်အားသုံးဖို့ ပျက်ကွက်လျှင် သူကအင်အားသုံးစွဲပြီးအနိုင်ယူသွားတာကို ခံရမည်သာဖြစ်ပါသည်။

ညွန်း

- ၁၇-၅-၂၀၁၄၊ ဒီချုပ်ဥက္ကဋ္ဌ၏ ဗိုလ်စိန်မှန်ကွင်း၊ ရန်ကုန်မြို့တွင်ပြောကြားချက်
- ၁၈-၅-၂၀၁၄၊ ဒီချုပ်ဥက္ကဋ္ဌ၏ အောင်ပင်လယ်ကွင်း၊ မန္တလေးမြို့ တွင်ပြောကြားချက်
- ၁၈-၅-၂၀၁၄၊ မြန်မာ့အလင်းသတင်းစာ

1 comment:

karkar kyarkyi said...

စောက်ရူးတွေကျန်တဲ့သူကိုမင်းတို့လောက်နားမလည်ဘူးအ အတွေထင်နေသလားမသိဘူး