Tuesday, February 18, 2014

နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဟောပြောခွင့်၊ ဘယ်လို ကာကွယ်ရမလဲ

စည်သူအောင်မြင့်
မြန်မာပို့စ်ဂျာနယ်၊ ၁၇-၂-၁၄ (မျက်နှာဖုံးဆောင်းပါး)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့က ရန်ကုန် မြောက်ဥက္ကလာပ မှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ လုပ်ဖို့ စီစဉ်ပါတယ်။ အဲဒီ ဟောပြောပွဲမှာ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး၊ စာရေးဆရာ သန်းစိုးနိုင်၊ ဆင်ဖြူကျွန်းအောင်သိန်းနဲ့ အန်အယ်လ်ဒီက တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (၄) ယောက် ဟောပြောဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ဟောပြောပွဲ မကျင်းပခင် မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ ဆိုတဲ့ အဖွဲ့က ဦးကိုနီနဲ့ ကိုမြအေးတို့နှစ်ယောက်ကို အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တာကြောင့် ဟောခွင့်မပြုနိုင်ဘူး ဆိုပြီး ကန့်ကွက်၊ ဟန့်တားခဲ့တာကြောင့် စာပေဟောပြောပွဲ ပျက်ခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း မန္တလေးမြို့ မျက်ပါးရပ်မှာ လုပ်တဲ့ စာပေဟောပြောပွဲမှာလည်း သံဃာတစ်ချို့ကနေ ဟောပြောသူတွေထဲက ကိုမြအေးကို ထုတ်ပယ်ပစ်ဖို့ အကြပ်ကိုင် တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် စာပေဟောပြောပွဲ မပျက်လိုတာကြောင့် ကိုမြအေး အဲဒီပွဲမှာ ဟောပြောခြင်း မပြုတော့ပါဘူး။ အလားတူ ပြီးခဲ့တဲ့လက ပေါင်းတည်မှာ လုပ်မယ့် စာပေဟောပြောအတွက် ဖိတ်ကြားခံရတဲ့ မသီတာ (စမ်းချောင်း) ကို မျိုးစောင့်ဥပဒေ မထောက်ခံတဲ့အတွက်၊ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံမှာ လုပ်အားပေးတဲ့အတွက် ဟောပြောခွင့်မပြုနိုင်ဘူးလို့ ဒေသခံ သံဃာတစ်ချို့က ကန့်ကွက် အကြပ်ကိုင်တာကြောင့် စီစဉ်သူတွေကနေ ဟောပြောပွဲ ဖျက်သိမ်းပေးလိုက်ရပါတယ်။ ခုတလော အဲလို အဖြစ်အပျက်မျိုးတွေ ခပ်စိတ်စိတ် ဖြစ်လာနေပါပြီ။ ဘယ်လို ဖြစ်တာပါလဲ၊ ဒါဟာ ဘာသဘော ဆောင်တာပါလဲ၊ ဘယ်လို ဖြေရှင်းကြရင် ကောင်းမလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ်တစ်ချို့

မြောက်ဥက္ကလာပ ဖြစ်စဉ်မှာ ပွဲစီစဉ်သူတွေဟာ သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ကို ခွင့်ပြုချက်တောင်းခံပြီးမှ ကျင်းပဖို့ စီစဉ်တာပါ။ ဒါပေမယ့် စာပေဟောပြောပွဲ မကျင်းပခင် မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂက လို့ဆိုတဲ့ သံဃာတစ်ပါးက ပွဲစီစဉ်သူတွေကို ဦးကိုနီနဲ့ ကိုမြအေးတို့ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို ဟောပြောခွင့်မပြုနိုင်ဘူး၊ ဖယ်ရှားပေးပါ ဆိုပြီး တယ်လီဖုန်းနဲ့ နှစ်ကြိမ်တိုင် အကြပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကိုလည်း “မဖြစ်သင့်တာ ဖြစ်သွားနိုင်လို့ တားဆီးပေးပါ” ဆိုပြီး စာပေးပို့အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ပွဲစီစဉ်သူတွေဘက်က ကောင်းကောင်းမွန်မွန် စီစဉ်ခဲ့ပြီဖြစ်လို့ ဖယ်ရှား အစားထိုးဖို့ မဖြစ်နိုင်ကြောင်း ပြန်လည် လျှောက်ထားခဲ့ကြပါတယ်။ တကယ် ပွဲစတဲ့ ညမှာတော့ သံဃာတစ်ချို့ လိုက်ထရပ်ကား (၄) စီးနဲ့ ရောက်လာပြီး တစ်ချို့သံဃာတွေကလည်း လမ်းလျောက် ကြွချီလာခဲ့ကြပါတယ်။ အဲဒီနောက် ပွဲစီစဉ်သူတွေကို ဟောပြောမယ့်သူ နှစ်ယောက်ကို ဖယ်ရှားပေးဖို့ ထပ်ဖိအားပေးခဲ့ပြန်ပါတယ်။ ဒီအခါ ဦးကိုနီနဲ့ ကိုမြအေးတို့က ပဋိပက္ခ တစ်စုံတစ်ရာ မဖြစ်ပွားရလေအောင် မဟောပြောတော့ဘဲ နောက်ဆုတ်ပေးလိုက်ပါတယ်။ ဒီအခါ ကျန် စာရေးဆရာနှစ်ယောက်ကလည်း ဒါဟာ လွတ်လပ်စွာ ဟောပြောခွင့်ကို ဥပဒေမဲ့ တားမြစ်တာမျိုးဖြစ်တဲ့အတွက် သူတို့လည်း မဟောနိုင်ဘူး ဆိုပြီး သပိတ်မှောက်ခဲ့ကြလို့ စာပေဟောပြောပွဲ ပျက်သွားခဲ့ပါတယ်။

မန္တလေး မျက်ပါးရပ်မှာလည်း အလားတူဖြစ်ရပ် ခပ်ဆန်ဆန်ပါပဲ။ အဲဒီ စာပေဟောပြောပွဲကို စာရေးဆရာတွေဖြစ်တဲ့ ဆရာညီမင်းညို၊ ဆရာမောင်သွေးသစ်၊ ဆရာဦးဘုန်း (ဓာတု)၊ ဆရာဇော်ခိုင်ဦး၊ ရုပ်ရှင်သရုပ်ဆောင် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူနဲ့ ကိုမြအေးတို့ ဟောပြောမယ့်အကြောင်း မူလက ကြေညာထားခဲ့ပါတယ်။ အဲဒီညမှာ သံဃာတစ်ချို့ ရောက်လာပြီး ကိုမြအေးကို အစ္စလာမ်ဘာသာဝင် ဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားပေးဖို့ အကြပ်ကိုင် တောင်းဆိုကြပါတယ်။ ဒီအခါ ကာယကံရှင် ကိုမြအေးက သူ့ကြောင့် ပွဲပျက်တာ မဖြစ်ရလေအောင် မဟောတော့ပါဘူးလို့ ဆိုပါတယ်။ ပွဲစီစဉ်သူတွေဘက်က ကိုမြအေး ကျန်းမာရေးကြောင့် မဟောနိုင်ဘူး၊ စာရေးဆရာ နေ၀င်းမြင့်ကို အစားထိုးဟောစေမယ်လို့ ကြေငြာမယ် ပြောတာကိုတောင် ကြွလာတဲ့ သံဃာတွေက လက်မခံကြပါဘူး။ "မြအေး အကြောင်းအမျိုးမျိုးကြောင့် မတက်နိုင်တော့ဘူး၊ အစားထိုးရမယ် စကားလုံး မသုံးနဲ့၊ ဘာမှမသုံးနဲ့"။ "အဲဒီအစားထိုးတယ် ဆိုတာတောင် လက်မခံချင်ဘူး၊ အဲဒီ အစားထိုးတယ်ဆိုတဲ့ စကားလုံး မသုံးနဲ့၊ မြအေးဆိုတဲ့လေသံကို မြန်မာလူမျိုးတွေကြားထဲ မရောက်ချင်ဘူး၊ ဟုတ်လား၊ ဘာအခုမှ သဘောပေါက်တယ် လာပြောနေတာလဲ၊ ရန်ကုန်မှာလည်းပဲ ပယ်ခဲ့ပြီးပြီ" ဆိုပြီးတောင် တုန့်ပြန်ပြောဆိုခဲ့ကြပါတယ်။ အလားတူ ပေါင်းတည်မြို့ ဟောပြောပွဲ ပျက်သွားတာလည်း ဒီပုံစံအတိုင်းပါပဲ။

စလာပြီ

ဖြစ်စဉ်အားလုံးကို ခြုံငုံကြည့်ရင် သံဃာတော် တစ်ချို့ဟာ စာပေဟောပြောမယ့် လူပုဂ္ဂိုလ်တစ်ချို့ကို အစ္စလာမ်ဘာသာဝင်ဖြစ်လို့၊ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံမှာ ဆေးကုပေးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဟောပြောခွင့် တားမြစ်ဟန့်တား လုပ်တာ အတူတူပါပဲ။ ပွဲရှိရာကို သံဃာအစုအဝေးနဲ့ အရောက်လာပြီး သူတို့ တောင်းဆိုသူကို ဖယ်ပေးရင် ဖယ်ပေး၊ ဖယ်မပေးရင် တစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက် အကြပ်ကိုင်ရာမှာလည်း တူညီကြပါတယ်။

ဒီ့မတိုင်ခင်တုန်းကတော့ သံဃာတစ်ချို့ဟာ တရားပွဲတွေမှာ ဘာသာခြားတွေကို အမုန်းပွားစေမယ့် အကြောင်းအရာတွေကို ဟောပြောတာ လုပ်ခဲ့ကြပါတယ်။ အဲလို ဟောပြောထားတဲ့ ဓာတ်ပြား၊ အသံဖိုင်တွေလည်း မြန်မာပြည်အနှံ့၊ နိုင်ငံတကာအနှံ့ ပျံ့နှံ့စေခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံရေး အကြောင်းအရာဖြစ်တဲ့ ပုဒ်မ ၅၉(စ) ဆက်ပြီး ထားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း ပြောင်ပြောင်တင်းတင်း ဟောပြောလာကြပါတယ်။ ရွေးကောက်ပွဲ ရောက်လာရင် ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့ တရားပွဲတွေမှာ ဟောပြောတာ လုပ်လာပါတယ်။ အဲဒီ ဓာတ်ပြား အသံဖိုင်တွေ ပြည်တွင်း ပြည်ပ ပျံ့နှံ့စေခဲ့ပါတယ်။ အခုတော့ သံဃာတစ်ချို့ လမ်းပေါ်ထွက်လာပြီး ဟောပြောပွဲ တက်မယ့် သူတွေကို အကြပ်ကိုင် ဟန့်တားတဲ့အဆင့် လုပ်လာပါပြီ။

ဘာအဓိပ္ပာယ်ဆောင်သလဲ

တကယ်တော့ ဒါဟာ စစ်အာဏာရှင်ခေတ် လွန်မြောက်စပြုလို့ ဒီမိုကရေစီနဲ့အတူ ရလာကာစ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဟောပြောပိုင်ခွင့်ကို တိုက်ရိုက် ခြိမ်းခြောက် ဟန့်တားတာ ဖြစ်ပါတယ်။ အရင်ကတော့ ဒီလုပ်ရပ်မျိုး စစ်အာဏာပိုင်တွေ လုပ်လေ့ရှိပြီး လက်ရှိအခြေအနေမှာ အာဏာပိုင်တစ်ချို့ လုပ်နေဆဲလည်း ဖြစ်ပါတယ်။ အခု သံဃာတစ်ချို့ရဲ့ လုပ်ရပ်ဟာ အရင်ခေတ် စစ်အာဏာရှင်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်ထက်တောင် ဆိုးပါသေးတယ်။ စာရေး ဖုန်းဆက် အကြောင်းကြား ဟန့်တားမယ်၊ မရရင် အင်အားပြ ခြိမ်းခြောက်၊ ပဋိပက္ခဖန်တီး အကြပ်ကိုင်မယ် ဆိုတဲ့ နည်းပါပဲ။ တကယ်တော့ ဒီလုပ်ရပ်ဟာ အစ္စလာမ်ဘာသာဝင်တွကို လုပ်တဲ့ လုပ်ရပ်လို့ ယူဆလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ဟောပြောပိုင်ခွင့်အပေါ် ကျူးလွန်တဲ့ လုပ်ရပ်မျိုးပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ပါ။ အခု မြောက်ဥက္ကလာနဲ့ မန္တလေး မျက်ပါးရပ်က သတင်းတွေ နိုင်ငံတကာအထိ ပျံ့နှံ့သွားပါပြီ။ ဗုဒ္ဓဘာသာ သံဃာတော်တစ်ချို့ဟာ ကိုယ့်နိုင်ငံသား အချင်းချင်းဖြစ်ပါလျက် အစ္စလာမ်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူပုဂ္ဂိုလ်တစ်ချို့ရဲ့ လွတ်လပ်စွာ ဟောပြောပိုင်ခွင့်ကို အင်အားပြ အကြပ်ကိုင် ခြိမ်းခြောက် ဟန့်တားခဲ့တယ် ဆိုတဲ့သတင်း ပျံ့နှံ့သွားခဲ့ပါပြီ။ အဲဒီ သတင်းကနေ နိုင်ငံတကာ မိသားစုဝင်တွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို၊ ဗုဒ္ဓဘာသာဝင် နိုင်ငံသားတွေကို ဘယ်လို သဘောထားမလဲ ဆိုတာ ပြောနေစရာတောင် မလိုတဲ့ ကိစ္စဖြစ်သွားပါပြီ။ ဗုဒ္ဓဘာသာရဲ့ အေးမြ ငြိမ်းချမ်းတဲ့ မေတ္တာထားတယ် ဆိုတဲ့ ပုံရိပ် ညှိုးနွမ်းခဲ့ရတဲ့ သတင်းပါ။

ဘာတွေ ဆက်ဖြစ်လာမလဲ

သံဃာတော်တစ်ချို့ရဲ့ ဒီလုပ်ရပ်တွေကို မတားဆီးနိုင်ဘူးဆိုရင် နောက်အဆင့်ဆင့် တက်ပြီး လွတ်လပ်စွာ ဟောပြောခွင့်ကို ပိတ်ပင်လာကြမှာဖြစ်ပါတယ်။ အခုတော့ အစ္စလာမ် ဘာသာဝင်ဖြစ်လို့ နောင်ဆိုရင် အစ္စလာမ်ဘာသာ ကောင်းကြောင်းပြောလို့၊ မျိုးစောင့်ဥပဒေကို မထောက်ခံလို့၊ ၅၉ (စ) ကို ဖျက်မယ်ပြောလို့၊ သံဃာတော်တွေရဲ့ လုပ်ရပ်ကို ဝေဖန်လို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလို့ စသဖြင့် ပိတ်ပင်တားမြစ်လာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဟောပြောပွဲ တစ်ခုခုလုပ်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်တင်မက သံဃာအုပ်စုတစ်ချို့ရဲ့ ခွင့်ပြုချက်ရမှ လုပ်နိုင်မယ် ဆိုတာမျိုး ဆိုရင် တွေးတောင် မတွေးရဲစရာပါပဲ။ ဒါမျိုး ဖြစ်လာနိုင်ပါတယ်။ အဲလို သံဃာတော်တွေ သတင်းစာတိုက်တွေ၊ ဂျာနယ်တိုက်တွေဘက် ခြေဦးမလှည့်ဘူးလို့လည်း မပြောနိုင်ပါဘူး။

ဘာလုပ်ကြမလဲ

ဒါဟာ သံဃာတော်တစ်ချို့ရဲ့ အစ္စလာမ်ဘာသာအပေါ် အမုန်းပွားရာကနေ ပေါ်လာတဲ့ ပြဿနာဆိုပြီး လွယ်လွယ် တွေးလို့ မရပါဘူး။ ဒီလုပ်ရပ်တွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဟောပြောခွင့်ကို ပိတ်ပင်တာမို့ နိုင်ငံသားတိုင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသား ဟောပြောခွင့်ကို ကာကွယ်လိုတဲ့ အဖွဲ့အစည်းတိုင်း တားမြစ်ဖို့ လိုပါတယ်။ ရဲရဲဝံ့ဝံ့ ကြေညာချက်တွေ ထုတ်ပြန်ဖို့ လိုပါတယ်။ ကာယကံရှင် စာရေးဆရာတွေကိုယ်တိုင်လည်း မြောက်ဥက္ကလာမှာ လုပ်ခဲ့သလို အခြားသူတွေကို ပိတ်ပင်ရင် ငါတို့လည်း မဟောဘူး၊ မပါဝင်ဘူး ဆိုတာမျိုး လုပ်ဖို့ လိုပါတယ်။ အဲဒီလူတွေကို ပိတ်ပင်တာပဲ၊ ငါတို့နဲ့ မဆိုင်ဘူး၊ အနေသာကြီး၊ ငါတို့ကတော့ ဆက်ဟောမယ်၊ ဆက်ပြောမယ် ဆိုတဲ့ သားစဉ်မြေးဆက် အရှက်ရစေမယ့် လုပ်ရပ်မျိုး မလုပ်မိကြဖို့ လိုပါတယ်။

ဗုဒ္ဓဘာသာ ပုံရိပ် ညှိုးနွမ်းစေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် သံဃာတော်ကြီးများက ဦးဆောင် အကာအကွယ်ပေးသင့်ပါတယ်။ ဆရာတော် သံဃာတော်ကြီးများရဲ့ ဗုဒ္ဓဘာသာ ပုံရိပ် မြှင့်တင်ရေး ဦးဆောင်လှုပ်ရှားမှုနောက်ကို ဗုဒ္ဓဘာသာဝင် ပြည်သူတွေကလည်း လိုက်ပါကြရမှာဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်တွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့် အားလုံးကို ပိတ်ပင် နင်းခြေခဲ့လို့ အရှက်ရစရာ သမိုင်း ဖြစ်စေခဲ့ပါပြီ။ အခု သမ္မတ ဦးသိန်းစိန် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုင်တွယ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန စဉ်းစားဖို့ လိုပါပြီ။ ပြည်သူတွေရဲ့ လွတ်လပ်စွာ ဟောပြောခွင့်ကို အကာအကွယ်ပေးမလား၊ အတိုက်အခံတွေကို ထိခိုက်တာပဲ ငါတို့ ထိခိုက်တာ မဟုတ်ဘူး ဆိုပြီး မသိကျိုးကျွံပြုမလား ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီ ရွေးချယ်မှုကနေ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ သမိုင်းကို အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

12 comments:

Unknown said...

ဗုဒ္ဓက သူနဲ့ ခေတ်ပြိုင် အယူဝါဒ မတူတဲ့၊ သူ့ကို တိုက်ခိုက်တဲ့ တိတ္ထိတွေကိုတောင် လာဘ်လာဘ အရာမှရော၊ ဟောပြောစည်းရုံးခွင့် အရာမှာပါ ပိတ်ပင်တားဆီးတာမျိုး လုံးဝ မရှိခဲ့ဘူး။
သဘာဝအရှိတရားကို အခြေခံပြီး အမှန်၊ အမှား ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ရဖို့ကိုပဲ မေတ္တာရှေ့ထား ဟောပြလမ်းညွှန်ခဲ့တယ်။
ငါသာလျှင်အမှန် ငါ့စကားပဲ နားထောင်ရမယ်။ သူများပြောဟောတာတွေ နားမထောင်ရဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဘုရားသားတော်စစ်စစ်တွေက ဘုရားရဲ့ နည်းဥပဒေသတွေကို အပြည့်အ၀ လိုက်နာကြပါတယ်။
ရဟန်းအတုအယောင်တွေကသာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပုံရိပ်ကို ညှိုးနွမ်းစေမှာပါ။
မေတ္တာတရားတွေ ခမ်းခြောက်တဲ့နေ့ဟာ ကမ္ဘာပျက်တဲ့နေ့ပါပဲ။
သမိုင်းမကောင်းရင် အနာဂါတ်လဲ မလှပ နိုင်ပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တာက ဒါမျိုး မဟုတ်ပါဘူး။
ထင်တိုင်းကြဲခွင့် ရနေကြသူတွေ အနေနဲ့ ဘာသာတရားကို လက်ကိုင်တုတ်လို သဘောထားပြီး အာဏာနိုင်ငံရေးကိုတော့ မတည်ဆောက်သင့်ဘူး။

ချိုဇင်သွယ် said...

စစ်တပ်ကကြိုးကိုင်ထားတဲ. ရုပ်သေးအစိုးရအဖွဲ.ကို
ဗုဒ္ဓနဲ.တော. မနှိုင်းယှဉ်သင်.ပေဘူး ။
သတင်းနဲ.စာနယ်ဇင်းတွေဟာ ရပြီးသား အခွင်.အရေး
တွေကို အသုံးချပြီး သတင်းတွေကို ထိထိမိမိ မှန်မှန်
ကန်ကန် ရေးသင်.တယ် ထင်တာဘဲ ။
unity ကိစ္စ ကိုကြည်.ရင် သတင်းတွေကို သတိနဲ. ရေးသားကြဖို.
အစိုးရကမီးနီပြလိုက်တယ် ထင်တယ် ။
လွတ်လပ်စွာရေးသားခွင်. ၊ ပြောဆိုခွင်. ၊ စီတန်းလှည်.လည် ဆန္ဒထုတ်ဖေါ်ခွင်.တွေ ကတော.
ဒီမိုကရေစီ စနစ်ဆီ သွားမယ်လို.အစိုးရက ဆုံးဖြတ်ထားရင် ဒါတွေခွင်.ပြုပေးဖို. နှောင်.နှေးမနေသင်.ဘူး ။

Unknown said...

ကလိန်ကကျစ် အစိုးရကို ဗုဒ္ဓနဲ့ မနှိုင်းပါဘူးဗျာ။ သတိလက်လွတ် ဖြစ်နေတဲ့ သံဃာတစ်ချို့ကို ရည်ရွယ်တာပါ။

Maung Maung Kyaw Win said...

I agree with you Sithu Aung Myint. I think those hooligans who tried to interrupt literary talks are not the real sanghas. They might be bogey sanghas, control by the military regime or Kyantphoot Party as they do not want to hand over power to the opposition party and its leader. Something must be done before the unwanted incidents take place in the very near future. I do not think political weather is good for the Burma's future.

ချိုဇင်သွယ် said...

sorry . Mr. Na Ba. really sorry.

genius said...

ဒီမိုကရေစီစနစ် မှာ ပြည်သူအများစုက တိုင်းပြည်ခေါင်းဆောင် ဖြစ်စေချင်တဲ.သူဟာ ခေါင်းဆောင် ဖြစ်ကိုဖြစ်ရပါမယ် ။ အဲလိုမှမဖြစ်ဘူးဆိုရင် ဒီမိုကရေစီစနစ် ကျင်.သုံးတာမဟုတ်တဲ. အပြင် ပြည်သူတွေရဲ. အင်အားထက် မတရား (လက်နက်အားကိုး)လွှမ်းမိုးထားတဲ. အင်အားစုက ကြီးထွားနေလို.ဘဲ ။
I t ' s r i g h t ?

sawsaw said...

နိုင်ငံသားလွတ်လပ်စွာ ဟောပြောခွင့် ဆိုတာ၊ ကိုမြအေးဆိုတာ မွတ်စလင်နော်၊ စာပေဟောပြောတယ်ဆိုတာ စာပေနဲ့ဆိုင်တာကိုဟောပြောတာကောင်းပါတယ်။ ဗမာဟာဗမာပဲ ။ ဗမာမွတ်စလင်မရှိပါဘူး၊ ကရင်ဟာကရင်ပဲ၊ ကရင်မွတ်စလင်မရှိပါဘူး၊ ရှမ်းဟာရှမ်းပဲ၊ ရှမ်းမွတ်စလင်မရှိပါဘူး။ စသည်ပေါ့၊ အခု ဗမာမွတ်စလင်သုံးနေခြင်းသည်။ မကောင်းအသုံးအနှူန်းပါ။
မြတ်အေးဟောပြောပွဲကို ပိတ်ပင်သောသံဃာတော်ကို မေတ္တာမရှိဘူးလို့ပြောတယ်၊
မြအေးကော မေတ္တာတရား ဘယ်လောက်ရှိနေလို့ မြအေးတရားဟောပြောလုပ်ရင် ဘာသာရေးအဓိကရုဏ်းကြီးကို ပြန်လည်တူးစွသလိုပါပဲ။
စိန်ခေါ်မှုတရပဲ။

Unknown said...

sawsaw ခင်ဗျား ....အမေရိကန် နိုင်ငံသားတယောက်က ဗုဒ္ဓ ဘာသာကို ကိုးကွယ်ရင်ရော ဘယ်လို များခေါ်ပါမလဲ ... လူမျိုး နဲ့ ကိုးကွယ် တဲ့ ဘာသာ ဆိုတာ ကို မကွဲပြား ဘူးဖြစ်နေကြတာ ဗုဒ္ဓ သာသနာကို ကိုးကွယ်နေကြတဲ့ လူတော်တော်များများ ဖြစ်နေကြပါတယ် ... ဗမာ လူမျိုး သိပ်ဖြစ်ချင်နေကြလို့ ဗမာမွတ်စလင် လို့ပြောကြတာမဟုတ်ပါ ...ကိုးကွယ်တဲ့ ဘာသာနဲ့ လူမျိုး တောင် ကွဲပြားအောင် မသိဘဲနဲ့ ဆရာကြီး လေသံနဲ့ ( ဗမာဟာဗမာပဲ ။ ဗမာမွတ်စလင်မရှိပါဘူး၊ ကရင်ဟာကရင်ပဲ၊ ကရင်မွတ်စလင်မရှိပါဘူး၊ ရှမ်းဟာရှမ်းပဲ၊ ရှမ်းမွတ်စလင်မရှိပါဘူး။)အထောက်ထားမဲ့ လျှောက်ပြောမနေစမ်းပါနဲ့ ... ဖြုတ်ဦးနှောက်လောက် အတွေးခေါ်နဲ့ မျက်ကန်း မျိုးချစ် လုပ်နေခြင်းသာလျှင် ခင်ဗျား ပြောသလို (ဘာသာရေးအဓိကရုဏ်းကြီးကို ပြန်လည်တူးစွသလိုပါပဲ။
စိန်ခေါ်မှုတရပဲ။) ဖြစ်နေတာပါ၊ နောက်ထပ်တခု ပြောချင်တာကတော့ မဟာဗမာ လူမျိုးကြီး ဖြစ်နေတဲ့ ခင်ဗျား ဗမာစာ အရေးသားတွေ သတ်ပုံတောင် မမှန်တာကတော့ ရီစရာတော့ အကောင်းသားဘဲလေ ...ဆက်လက်ဆွေးနွေးချင်ရင်တော့ daywadat.bkk@gmail.com ကို ဆက်သွယ်လိုက်ပါ...

nayzin said...

sawsaw ခင်ဗျား
ဂေါတမ ဘုရား ကိုရော ဘာလူမျိုးလို့သတ်မှတ်ပါလဲ ဆိုတာကိုလဲ ဆရာကြီး လေသံနဲ့ ရှင်းပြပေးပါဦး ခင်ဗျား ...

Unknown said...

ုဟုတ်ပါတယ်ခင်ဗျား။ လက်ရေးသတ်ပုံတော့ မှားချင်လဲမှား ပေလိမ့်မယ်။ တိုင်းပြည်ဟာအေးချမ်းမှ သာယာဝပြောမယ်။ သာယာဝပြောမှာ ကမ္ဘာ့အလယ်မှာ တင်တယ်ပေမယ်။ အထက်ကပြောတာတွေထဲမှာ ဗမာမွတ်ဆလင်ဆိုတဲ့အသုံးအနှုန်းတွေပါတယ်ဗျာ။ အဲဒါက ရှေးဗမာဘုရင်တွေလက်ထက်တုန်းက စစ်နိုင်လို့ စစ်သုန့်ပန်းအနေနဲ့ခေါ်လာတဲ့ မွတ်စလင်တွေဟာ ခုဆိုတိုင်းရင်းသား သိပ်ဖြစ်နိုင်တာပေါ့။ အဲလို လူတွေကို ဗမာမွတ်ဆလင်။ ကရင်မွတ်ဆလင်စသည်ခေါ်တာ။ တနည်းအားဖြင့် ကရင်က မွတ်ဆလင်နဲ့အိမ်ထောင်ပြုလို့ရလာတဲ့မျိုးနွယ်အဆက်ဆက်ဟာ ကရင်မွတ်ဆလင်ဘဲပေါ့။ ဟော်---လူမျိုးလွှမ်းမိုးဖို့စသည်မဟုတ်ဘူးနော။ ပါဠိ-ကိုကုလ-ဆိုတာက အမျိုးအနွယ်ကိုဟောတာပါ။ မျိုးနွယ်တူတွေကို ကုလ=ခေါ်တယ်။ တနည်း။ ဗမာနဲ့မတူတဲ့လူတွေကို ဗမာက ကုလ=ကုလားခေါ်တယ်။ ဒါကိုလည်း မခံပြင်းကြပါနဲ့ဆိုတာ တောင်းပန်ပါတယ်။ ဒါကို ဗမာက ကုလားလို့ခေါ်တယ်။ အနောက်နိုင်ငံသားတွေကျတော့ ကုလားဖြူတဲ့။ ခုဟာက လူမျိုးစွဲဘာသာစွဲပြင်းထန်တဲ့ ဘုန်းကြီးတွေက ခုလုပ်နေကြတာ။ သိကြမှာပါ။ ပညာ မတတ်ကြရှာပါဘူး။ ပညာမတတ်တိုင်း လုပ်ချင်ရာလုပ်လို့မရဘူး။ ဥပဒေရှိတယ်။ ကျုပ်တို့သာသနာတော်မှာလည်း ဥပဒေရှိသိပ်ရှိတာပေါ့။ လုပ်ကောင်းမှန်း/မလုပ်ကောင်း မှန်းမသိကြတာ။ စိတ် ကောင်းစေတနာကောင်းနဲ့ရျိုးရိုးလေးစဉ်းကြည့်ရင် သိနိုင်တယ်။ ဒို့ဒီလိုလုပ်လိုက်ရင် ပတ်ဝန်းကျင်ဘယ်လိုအနေအထားမျိုးဖြစ်နိုင်သလဲ။ ကျုပ်တို့ အမျိုးနဲ့သာသနာထွန်းကား တောက်ပြောင်လာမှာလားဆိုတာစဉ်းစားရမှာပါ။ ဒါတွေကို မစဉ်းစားကြပါဘူး။ လေ့ကျင့်သင်ယူခဲ့တဲ့ အတတ်နည်းလှပါတယ်။ တချို့ကတော့ သက်သက်ညှာညှာ သင်္ကန်းဝတ်စွမ်းအားရှင်များတဲ့ အမှန်က သင်္ကန်းဝတ်စွမ်းရှင်ဆိုရင် ဘယ်သူတောင်းစားတောင်လက်မခံဘူး။ ခုဟာက ကျုပ်တို့နဲ့အတူနေလာတဲ့ ခေါင်းဆောင်ဆိုသူတွေဟာ ပလ္လင်ပေါ်တက်နေကြတာဗျ။ကိုသိုလ်အကုသိုလ်မကွဲတဲ့လူတွေပေါ့။ သူတို့ကို ပလ္လင်ပေါ်ဆက်တင်လို့ကတော့ ကျုပ်တို့ဘုရားဟောတွေ ကွယ်ပျောက်သွားတော့မှာ။ ဓမ္မ၀ါဒီအင်အားကောင်းအောင် တိုးတိုးတိတ်တိတ်လုပ် နေပါတယ်။ ဒါမှ ဘုရားသာသ နာတော်ရဲ့ပုံရိပ်မကျဆုံးမှာပါ။

may tharawun said...

uaarnan dar ကြီးရေ

ဘိုးတော် ပြောတာ မှန်တယ်၊ ဒီကုလားတွေ ကို ဖြဲထားမှ တန်မယ်၊ ဒေ၀ဒတ် ဆိုတဲ့ ငနဲ ပြောတာတွေ က လဲ ဟုတ်တော့နေသားဗျ၊၊ သတ်ပုံ သဒ္ဒါ မမှန်တဲ့ စာတွေ က တော့ ဖတ်ရတာ မမိုက်ဘူး ဘိုးတော်ရ၊ ဘိုးတော် က အဲဒါ ကို အရေးမကြီးသလို (ဟုတ်ပါတယ်ခင်ဗျား။ လက်ရေးသတ်ပုံတော့ မှားချင်လဲမှား ပေလိမ့်မယ်။) ပြောထားတာတော့ မမိုက်ဘူး ဘိုးတော်ရာ၊ ကျနော် ကတော့ ဘိုးတော်တို့ ပြောနေကြတာတွေ ဖတ်ပြီး ကြည့်ကောင်းနေတာဗျ၊ ဗဟုသုတများ ရမလားလို့ပေါ့ဗျာ၊ ကောင်းတယ်ဗျာ ရိုင်းစိုင်းတဲ့ စကားလုံးတွေ မပါကြတာကိုက လေးစားစရာပါဘဲ၊ နောက်တခု စိတ်ဝင်စားစရာတခု က တော့ နေဇင် ဆိုတဲ့ ငနဲ မေးထားတာကတော့ ကျနော် လဲ ဘိုးတော် အဖြေ သိချင်တယ်ဗျာ၊ ဘိုးတော် က အချက်လက်နဲ့ ရှင်းပြတာဆိုတော့ ဖတ်ချင်သေးတယ်ဗျာ၊ ဘိုးတော် ရေးဖြစ်အောင်ရေးပါဦး၊ ကုလားရှင်းတမ်းပေါ့ဗျာ၊ ကျနော် အဲဒီ ကုလားဝေါဟာရ ဆင်းသက်လာတာကို အဖြေမှန်သိချင်တယ်ဗျာ၊ ကျေးဇူးတင်ပါတယ် ဘိုးတော် uaarnan dar ကြီးရေ ...

Unknown said...

ဝ​အောင်​ဘယ်​လိုလုပ်​ရမလဲဆိုတာကို နည်းလမ်းများညွန်​ကြား​ပေးပါ ​ဆေးများလဲညွန်​ကြား​ပေးပါ