Tuesday, December 31, 2013

တပ်မတော်ကို ပြန်လည် အဖတ်ဆယ်ပါ

တပ်မတော်ကို ပြန်လည် အဖတ်ဆယ်ပါ
ဦးတင်ဦး(ကျူရှင်)
Mizzima - Tuesday, 31 December 2013 11:36

ယနေ့မြန်မာနိုင်ငံ၏ အကြီးဆုံးစိန်ခေါ်မှုသည်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟု ဆိုနိုင်သည်။ အချို့က မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးလုပ်ငန်းမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက အရှိန်အဟုန်ဖြင့် တိုးတက်အောင် လုပ်သွားရေးဟု ယူဆချင်ယူဆမည်။

ထိုအယူအဆသည် မှားသည်ဟု မဆိုနိုင်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ်တွင် တည်မှီနေသည့်အလျောက် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ပြဿနာက ယင်းဥပဒေ ပြင်ဆင်နိုင်ရေးသာ ဖြစ်နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသော လုပ်ပိုင်ခွင့်အာဏာ အများအပြားကို တပ်မတော်ထံ အပ်နှံထားသလိုသာဖြစ်နေ၍ ဒီမိုကရေစီစံနှုန်းများနှင့် မညီသည်မှာလည်း တပ်မတော်ခေါင်းဆောင်များပင် ငြင်း၍မရနိုင်သောအချက်ဖြစ်သည်။ ပြည်သူက ရွေးချယ်မပေးသူက လွှတ်တော်ထဲရောက်ခွင့်၊ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့် မရနိုင်သောဥပဒေ ဖြစ်နေပြီဆိုကတည်းက ထိုဥပဒေသည် အရေးကြီးသော ဒီမိုကရေစီအခြေခံမူတစ်ခုဖြစ်သော Equality ကို ပိတ်ပင်ထားပြီး ဖြစ်နေပေပြီ။

“တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေ” ဟူသော နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဆန့်ကျင်နေကြောင်း ထင်ရှားနေပေပြီ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံ၏ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်းကို အခွင့်အရေး ညီတူညီမျှပေးရမြဲ ဖြစ်သည်။ လက်ရှိအနေအထားအရသော် သမ္မတ ဖြစ်လိုသော နိုင်ငံသားတစ်ဦးသည် တပ်မတော်ထဲသို့ဝင်၊ ဗိုလ်ချုပ်ကြီးအဆင့်လောက် တပ်မတော် ထိပ်တန်းရာထူးမျိုး ရောက်အောင် လုပ်နိုင်မှသာ ထိုအခွင့်အရေးရမည့်သဘောဖြစ်နေသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို အလေးထား ပြောကြားနေသည်။ အနောက်နိုင်ငံကြီးများကလည်း ထိုကိစ္စကို ပြောလျက်ရှိပေသည်။ တစ်ဖက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခြေခံဥပဒေပါ ဒီမိုကရေစီကျင့်စဉ်များကို ၀ိုင်းဝန်းထိန်းသိမ်းရန် တပ်မတော်က ပါနေရကြောင်း ကာကွယ်ပြောဆိုနေပေသည်။

ကမ္ဘာ့အလယ်တွင် နေကြသည့်အလျောက် ကမ္ဘာ့နိုင်ငံကြီးများ ပြောကြဆိုကြသည့် စကားများကိုလည်း နားစွင့်ကြရပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် အမေရိကန်က ပြောလို့၊ အီးယူက ပြောလို့ဆိုပြီး ကိုယ့်နိုင်ငံကိစ္စကို ဆုံးဖြတ်ဖို့လိုမည် မထင်ပါ။ ကိုယ့်ပြည်သူတွေက ပြောတာကိုပဲ အလေးထား စဉ်းစားဖို့ လိုပါမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်ခေါင်းဆောင်ကြီးများသည် အဓိကကျသဖြင့် တပ်မတော်ခေါင်းဆောင်ကြီးများကို ပြည်သူပြည်သားတစ်ဦးအနေဖြင့် ကျွန်တော် မေတ္တာရပ်ခံလိုပါသည်။

ကျွန်တော် မေတ္တာရပ်ခံလိုသည်မှာ တပ်မတော်ခေါင်းဆောင်ကြီးများ တကယ်တမ်း ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည်ဆိုလျှင် ပြည်သူ့မျက်နှာကိုကြည့်၍ ပြည်သူနှင့် မကင်းကွာအောင် တပ်မတော်ကို ပြင်ယူပါ ...” ဟူ၍ ဖြစ်ပါသည်။

ကျွန်တော့်စကားတွင် တပ်မတော်က “ပြည်သူနှင့် မကင်းကွာအောင်” ဟူ၍ ပါနေတော့ တမင် တပ်မတော်အပေါ် မလိုမုန်းထားစိတ်နှင့် စွပ်စွဲသည်ဟု အထင်ရောက်နိုင်သည်။ မမှန်တာကို စွပ်စွဲခြင်းမဟုတ်။ တပ်မတော်အပေါ် ပြည်သူတွေက ဘယ်လိုမြင်နေကြောင်းကို ကျွန်တော်က ပြည်သူများအကြားတွင် နေနေသူမို့ သိပါသည်။

ကျွန်တော်သည် နိုင်ငံရေးပါတီဆို၍ မ.ဆ.လ အမြုတေကာလတွင်သာ ပါဖူးသည်။ နောင်တွင် တော်လှန်ရေးကောင်စီ၏ ဆိုရှယ်လစ်စနစ် မအောင်နိုင်မှန်း သိမြင်၍ တင်းပြည့်ပါတီဝင်အဖြစ်တောင် ဆန္ဒမပြုတော့ပါ။ ကျွန်တော်သည် ဗ.က.ပ လည်း မဟုတ်၊ NDL လည်း မဟုတ်သလို ဘယ်ပါတီတွင်မှ ၀င်ထားသူလည်း မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော့်အပေါ် ဘယ်နိုင်ငံရေးပါတီ၏ သြဇာမှ လွှမ်းစရာမရှိပါ။

ဆန္ဒစွဲ ရှိကြစတမ်းဆိုလျှင် ကွယ်လွန်သူ ကျွန်တော့်သမက်သည် စစ်သားတစ်ဦးဖြစ်၍ တပ်မတော်ဘက်ကသာ လိုက်ဖို့ရှိပါသည်။ ထို့ကြောင့် ကျွန်တော် ပြောတာသည် ပြည်သူတွေ၏အမြင်၊ ပြည်သူတို့၏ခံစားချက်အတိုင်းသာ ဖြစ်သည်။

ကျွန်တော်သည် အသက် ၇၄ နှစ်ထဲ ရောက်လုနီးပြီဖြစ်၍ သူပုန်တွေ ၀ိုင်းဝိုင်းလည်နေသော တိုင်းပြည်ကို လုံခြုံအေးချမ်းမှုရအောင် တပ်မတော်က ရင်မြေကတုတ် လုပ်လာခဲ့ပုံ၊ ရှမ်းပြည်နယ် အရှေ့ခြမ်းတစ်ခုလုံးနီးပါး တရုတ်ဖြူတွေ သိမ်းထားသော အခြေအနေမှ အသက်တွေ စွန့်၍ ကျူးကျော်သူများကို မောင်းထုတ်ခဲ့ပုံများကို သိမီလာသူဖြစ်သည်။ တပ်မတော်သားတွေကို ပြည်သူတွေ အောင်သပြေရေချမ်း ကမ်းခဲ့ပုံ၊ တပ်မတော်သားများ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ပုံများကို သိမီလာခဲ့သူဖြစ်ပါသည်။

အစိုးရ၀န်ထမ်းအဖြစ် အင်္ဂလိပ်စစ်တပ်တွင်ပါ လုပ်ခဲ့သော ဗိုလ်ကြီး၊ ဗိုလ်မှူးများ၊ ဂျပန်စစ်တက္ကသိုလ် ပထမပတ်ဆင်း ဂျပန်ပြန်ဗိုလ်မှူးကြီးများမှသည် ပင်စင်မယူမီ နောက်ဆုံးအချိန်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တစ်ပတ်တည်းဆင်း ဗိုလ်မှူးအထိ တပ်မတော်အရာရှိများ လက်အောက်တွင် အနီးကပ် တာဝန်ထမ်းဆောင်လာသူဖြစ်၍ တပ်မတော်သားတွေအကြောင်းလည်း သိတန်သမျှ သိပါသည်။

မ.ဆ.လခေတ်တွင် စီးပွားရေးမအောင်မြင်၍ ပြည်သူက စိတ်ပျက်တာပဲရှိသည်။ တပ်မတော်အပေါ် သိပ်ပြီး အဆိုးမမြင်သေးပါ။

သို့ရာတွင် ၁၉၈၈ ခုနှစ်တွင် တပ်မတော်အစိုးရတက်လာ ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တကယ်မျှော်လင့်အားထားပြီး NLD ကို မဲတွေ စုပြုံပေးလိုက်သည်။ NLD လည်း နိုင်ရော တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစောမောင်က “ရွေးကောက်ပွဲ လုပ်ပေးတာ သူတို့ကို ဘယ်သူက အာဏာပေးမယ် ပြောလို့လဲ” ဟူသော သဘောပြောလိုက်တော့တာပါပဲ။ ဤတွင် တပ်မတော်သည် တို့ပြည်သူတွေကို စော်ကားတာပဲ။ နိုင်သူကို အာဏာမပေးဘဲနှင့် တို့ပိုက်ဆံ ကုဋေကုဋာတွေ အကုန်ခံပြီး ရွေးကောက်ပွဲလုပ်တာ အပျင်းပြေလုပ်တာလားလို့ အချင်းချင်း မေးငေါ့ပြောတော့တာပါပဲ။

ထိုအချိန်မှစ၍ တပ်နှင့်ပြည်သူ ကင်းကွာသွားတော့တာပါပဲ။ ကိုယ်လုပ်ကိုင်နေတဲ့ မြေတွေကျတော့ အသိမ်းခံရ၊ ဆင်းရဲတွင်း ပိုနက်လာ၊ ဗိုလ်ချုပ်ကြီးတွေ၊ သူတို့နှင့် နီးစပ်သူများကျတော့ အဆမတန် ကြီးပွားချမ်းသာသွားကြသည့်အခါ ပြည်သူတွေက တပ်မတော်ကို မကြည်ညိုနိုင် ဖြစ်သွားကြတော့တာပါပဲ။

လူအများစုကတော့ စစ်တပ်ကို နှာခေါင်းရှုတ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်က ထိုသို့သောသူများကို ပြောရပါသည်။“ခင်ဗျားတို့ ၀ါးလုံးသိမ်းနဲ့ မမုန်းကြပါနဲ့။ စစ်ဗိုလ်တိုင်း စားရတာ မဟုတ်ဘူး။ ကျုပ်က တပ်ထဲမကြာခဏ ရောက်နေလို့ သိပါတယ်” ဟူ၍ ပြောရခြင်းဖြစ်ပါသည်။

ချုပ်ပြောရသော် ပြည်သူများသည် တပ်မတော်ကို ရှေးကလိုပဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်စေလိုပါသည်။ မိမိတို့ဆန္ဒ နှင့်တစ်သားတည်းကျသော တပ်မတော် ဖြစ်စေလိုပါသည်။ တပ်မတော် နိုင်ငံရေးထဲ ပါလာတာ ပထမက အာဏာလိုချင်၍ မဟုတ်မှန်းလည်း သိကြပါသည်။ သို့ရာတွင် ပြည်သူကတင်မြှောက်သောပါတီကို အာဏာမအပ်ဘဲ နှစ်ပေါင်းများစွာ အာဏာကို ဆုပ်ကိုင်ထားတာကျတော့ အာဏာလိုချင်လို့ပဲဟု မြင်လာကြပါသည်။

ယနေ့အချိန်တွင် တပ်မတော်သည် မိမိ၏ နေရာမှန်၊ မိမိ နဂိုတုန်းက ရှိခဲ့သော ဂုဏ်သိက္ခာကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီလိုလားသူများနှင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်ယူရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် တစ်လျှောက်လုံး ပြောလာသော စကားများကို ကျွန်တော် လေ့လာကြည့်မိသလောက်ဆိုရင် သူကလည်း သူ့ဖခင် တည်ထောင်ခဲ့သော တပ်မတော်ကို အလွန်သံယောဇဉ်ရှိပုံရပါသည်။

ထိုပကတိအခြေအနေတွေကို တပ်မတော်ခေါင်းဆောင်များက မျက်ကွယ်ပြုပြီး မိမိတို့ ယခင်ကိုင်စွဲထားသည့် အယူအဆအတိုင်း တင်းခံနေမည်ဆိုလျှင် ဒီမိုကရေစီကိုလည်း ကျွန်တော်တို့ အိပ်မက်မမက်ရဲ ဖြစ်ပါမည်။ အကောင်းဆုံးကတော့ အရေးပါသူ သက်ဆိုင်သူများ ညှိညှိနှိုင်းနှိုင်းဖြင့် ဆွေးနွေးယူကာ ကျွန်တော်တို့ပြည်သူတွေအတွက် အကောင်းဆုံးအဖြေကို ရှာဖွေနိုင်ရေး ဖြစ်ပါသည်။

ကျွန်တော်တို့ပြည်သူတွေ ရင်ဘတ်ဖိထားရမည့် လမ်းကြောင်းမျိုး မရွေးဘဲ တပ်မတော်ကို ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် ပြန်လည် အဖတ်ဆယ်ကြပါဟု တပ်မတော်ခေါင်းဆောင်များကို တိုက်တွန်းမေတ္တာရပ်ခံလိုပါသည်။

ဦးတင်ဦး(ကျူရှင်)

3 comments:

Unknown said...

တပ်‌မ‌တော်‌ မှာ သူခိုး ရယ်‌ဓားပြ ရယ်‌ သူ‌တောင်း စား ရယ်‌ သုံး မျိုး ရှိ ပါ သည်‌

Brang Wunpawng said...

please visit my site and criticize how about is my blog.

freedom waves said...

မကောင်းရင် ခြေမလက်မ အဖြတ်ခံရဲမယ် တပ်မတော်မည့်သည် သိက္ခာသိ အမှန်သိရမယ် ကျောင်းပျက် ဘုန်ကြီးသတ်လောက်နဲ့ စော်ကားဖိုကျ တိကျမှန်ကန်တယ်ဆို ဘယ်ကယဉ်ကျေတော့မှာလဲ