ကျနော့်မေမေ
ဒေါက်တာလွဏ်းဆွေ
မြန်မာပြည် လွတ်လပ်ရေးရတဲ့နှစ်မှာ
မွေးဖွားခဲ့တဲ့ ကျနော့်မေမေ။
ကျနော့်ကိုလည်း
လွတ်လပ်ရေးနေ့မှာ
ဖွားမြင်ပေးခဲ့တဲ့ ကျနော့်မေမေ။
ကျစ်ဆံမြီးဘယ်ညာချတဲ့
ဆယ်ကျော်သက်အရွယ်ကဆို
(ပိုတယ်လို့ ဆိုချင်ဆို …)
ဒါရိုက်တာကျောင်ယီးမူရဲ့ The Road Home ထဲက
ကျန်ဇီယီနဲ့ တူတဲ့ ကျနော့်မေမေ။
ဗမာလူမျိုး ဖေဖေ့ကို ချစ်တဲ့စိတ်နဲ့
မိသားစုအသိုင်းအ၀ိုင်းကို
ခွဲခွာရဲခဲ့တဲ့ ကျနော့်မေမေ၊
ဆေးကျောင်းတက်ခွင့်ကို
စွန့်လွှတ်ရဲခဲ့တဲ့ ကျနော့်မေမေ။
ညီအစ်ကိုလေးယောက်စလုံးက
“အမေ” လို့ မခေါ်
“မေမေ” လို့သာ ခေါ်တတ်တဲ့ ကျနော့်မေမေ။
ဖေဖေနဲ့အတူ
ဒိုးတူဘောင်ဖက် ကျူရှင်ပြရင်း
ဝမ်းကျောင်းခဲ့တဲ့ ကျနော့်မေမေ။
ကျုရှင်တဖက် အိမ်အလုပ်တဖက်ပေမယ့်
သားတွေပညာရေးအတွက်
မပျက်ကွက်ခဲ့တဲ့ ကျနော့်မေမေ။
သားတွေ
ကျောင်းစာ လစ်ဟင်းရင်
“ငါ သေချင်တယ် … ငါ သေချင်တယ်” လို့
သူ့ကိုယ်သူ ထုထုပြီး
သားတွေ ခြေမကိုင်မိလက်မကိုင်မိဖြစ်အောင်
ဒဏ်ပေးတတ်တဲ့ ကျနော့်မေမေ။
သူ မတက်ဖြစ်ခဲ့တဲ့ ဆေးကျောင်း
သားလေးယောက်စလုံး ရောက်အောင်
မောင်းသွင်းခဲ့တဲ့ ကျနော့်မေမေ။
နောင်ဘ၀ဆိုတာ ရှိခဲ့ရင်
ဒီဖေဖေနဲ့ ဒီမေမေက မွေးတဲ့
သားတယောက်ပဲ ပြန်ဖြစ်ချင်တဲ့အထိ
ကျနော် လောဘကြီးမိတဲ့ ကျနော့်မေမေ။ ။
(၆၅ နှစ်ပြည့် မိခင်၏ မွေးနေ့သို့ …)
ဒေါက်တာလွဏ်းဆွေ
6 comments:
this is the best i have read from your blog, ko ls. cheers!
ကဗျာလေးဖတ်ပီး ငြိမ်အေး၊ ဝမ်းသာ၊ ပီတိဖျာမိတာ အသေအချာပါပဲ
မိဘနဲ့ ကျေးဇူးရှင်များကို ချစ်တတ်ရမှန်း ကျေးဇူးရှင်မှန်သိတ်တတ်ရကောင်းမှန်သိသူတွေရဲ့ နှစ်လုံးသားနဲ့ ဦးနှောက်ထဲမှာ မှန်ကန်စွာတွေးခေါ်တတ် သို့မဟုတ် အနီးစပ်ဆုံ မှန်ကန်အောင်တွေခေါ်တတ်တဲ့ သဘာဝစွမ်းအင်ရှိနေတတ်တယ်တယ်၊ မတရားတာကို မတွန်လှန်နိုင်သည့်တိုင်အောင် ကိုယ့်တိုင်က အနည်းဆုံး မယုတ်ညံ့အောင် နဲ့ အညံ့ထဲက ရုံးထွက်နိုင်စွမ်းရှိသူတွေလို့ ယုံမိတယ်။ (ကိုယ်ပိုင် အတွေးတစ်ခုမျှသာပါ)
မေတ္တာတရားတွေ မျှဝေခံစားရင်း ပီတိ ဖြစ်မိပါတယ်..
i sympathize with u.u are younger thaan me,my mother was dead in 1956 at that time i was 11 mth only i had never seen my mother even photo because at that time so far from nearest city nobody knew how to get photo therefore ur lucky than me thanks u.
ရင်ထဲမှာ ခံစားမှုအပြည့်နဲ့
ကြည်နူးပီတိဖြစ်ရပါတယ်
Post a Comment