Sunday, September 8, 2013

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ချဉ်းကပ်မှုမမှန်ခြင်းသည် တိုင်းပြည်၏ လက်ရှိအဓိကပြဿနာ

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ချဉ်းကပ်မှုမမှန်ခြင်းသည် တိုင်းပြည်၏ လက်ရှိအဓိကပြဿနာ
အောင်ထူး (ရှေ့နေ)

သြဂုတ်လ ၂၁ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်ရွာစစ်၏ သဘောထားထုတ်ဖော်ချက်ကို ကြားလိုက်ရသောအခါ လှိုင်းကြီးနေဆဲဖြစ်သည့် ပင်လယ်ပြင်ကို ဖြတ်ကျော်ရန် လှေအား တက်စုံရွက်စုံပြင်နေသည့်အချိန်တွင် တက်တချောင်းအား ရိုက်ချိုးလိုက်သလိုများ ဖြစ်သွားမလားဟု စဉ်းစားမိသည်။ ၄င်းက “ယူအင်န်အက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း အချိန်စောလွန်းသေးကြောင်းနှင့် ယနေ့တိုင်းပြည်အတွက် အရေးကြီးဆုံး လိုအပ်သောအရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်ကြောင်း” ဖွင့်ဟလိုက်သောကြောင့်ဖြစ်သည်။

ပြီးခဲ့သည့်လက တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) မှ ကြီးမှုးကျင်းပခဲ့သည့် တိုင်းရင်းသားများ၏ ညီလာခံကြီးတွင် ချမှတ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ် ရေးဆွဲသွားရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေးတို့အား ၄င်းက ရည်ညွှန်းပြောဆိုသွားခြင်းဖြစ်သည်။

လာပြန်ချေပြီ ... “အမျိုးသားပြန်လည်သင့်မြတ်ရေး”။ ဟိုနေရာမှာလဲ “အမျိုးသားပြန်လည်သင့်မြတ်ရေး” သည်နေရာမှာလဲ “အမျိုးသားပြန်လည်သင့်မြတ်ရေး”။ ဤဝေါဟာရအား နိုင်ငံရေးခေါင်းဆောင် အတော်များများက ရည်ညွှန်းပြောဆိုခဲ့ကြပြီးလည်းဖြစ်သည်။ သို့ရာတွင် ဤသည်မှာ မည်သည့်အရာဖြစ်သည်ကို အခြေခံလူထု နားလည်အောင် ပြည့်ပြည့်စုံစုံ ရှင်းလင်းဖွင့်ဆိုထားသည်ကို မကြားသိရသေးပါ။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” နှင့် ဒေါ်အောင်ဆန်းစုကြည်

ပြီးခဲ့သည့် ရှစ်လေးလုံးငွေရတုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဆက်စပ်၍ အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်။

“၁၉၈၈ ခုနှစ်တုန်းက အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပြည်သူနဲ့ တပ်မတော်အကြားမှာ အဆင်ပြေရေးလို့ စဉ်းစားခဲ့ကြတယ်။ အခုလဲ အဲသည်အတိုင်း စဉ်းစားကြရမယ်။ အဲဒီလို ရဲရဲဝံ့ဝံ့ စဉ်းစားနိုင်မှ ရှေ့ကို ပြေပြေလည်လည်နဲ့ သွားနိုင်မှာဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ ဆိုလိုချက်အရ ပြည်သူနဲ့ တပ်မတော်အကြားမှာ အဆင်ပြေရေးသည်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟူ၍ နားလည်ရမည်ကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ကျဉ်းမြောင်းလွန်းရုံမကေ၀၀ါးနေသည်။ တိကျမှုမရှိ။ မည်သည့်အရာများအား အဆင်ပြအောင် လုပ်မည်မသိ။ အဆင်ပြေအောင် မည်သို့မည်ပုံ ဖော်ဆောင်သွားမည်ဟူသည့် လုပ်ငန်းစဉ် ဦးတည်ချက်နှင့် နည်းလမ်းကို မတွေ့ရ။ မည်သည့်အချိန်၌ တရားဝင် နိဂုံးချုပ်မည်ကိုလည်း မကန့်သတ်။ သို့ဖြစ်ရာ မည်သို့သော အခြေအနေအောက်တွင်ဖြစ်စေ “တပ်မတော်နှင့် ပြေလည်ရေး” ဟူသည်ကို မဖြစ်မနေ သားစဉ်မြေးဆက် လိုက်နာကျင့်သုံးရမည်ကဲ့သို့ ဖြစ်နေသည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” သို့မဟုတ် “ရင်ကြားစေ့ရေး” ဟူသော လှပသည့် ဝေါဟာရအောက်တွင် အတွေးအခေါ်မှားကို ဖြန့်် ဖြူးနေမှာ စိုးရိမ်မိသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” မှာ အရေးကြီးကြောင်း မည်သူမျှ မငြင်းပါ။ သို့ရာတွင် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို ဦးတည်သောလုပ်ငန်း ဘာတခုမှ မစတင်ရသေးခြင်းမှာ ပြဿနာဖြစ်နေသည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို တတွတ်တွတ် ရွတ်ဆိုလျက် ဖြစ်ပြီးခဲ့သမျှများအား ပြည်ဖုံးကားချထား၊ မေ့ထားခြင်းမှာ ပို၍ကြီးမားသော ပြဿနာဖြစ်နေသည်။ ဘာတခုမှ စတင်လုပ်ဆောင်မှု မပြုသေးသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသည့်အရာကို လက်ညှိုးထိုးကာ ဗိုလ်ချုပ်ရွာစစ်က ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ရေးဆွဲရေးအား စောလွန်းနေသည်ဟု ပြောခြင်းမှာ သဘာဝမကျပါ။ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ပြိုင်တူတွန်းလျှင် ရွေ့တော့မည့် အနေအထားရောက်နေသည့်အချိန်တွင် ဗိုလ်ချုပ်ရွာစစ်သည် အဘယ်ကြောင့် နောက်ပြန်ဆွဲသည့်သဘော သက်ရောက်စေသည့် စကားလုံးကို သုံးပါသနည်း။

လူထုကို ဦးဆောင်ခွင့်ရနေသော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးရှုထောင့်မှ အဓိကထားကာ ခိုင်မာတိကျသည့် အခြေခံမူတခုခုကို အသေအချာ မဆုပ်ကိုင်သေးခြင်းမှာ တကယ့်ပြဿနာဖြစ်နေသည်။

သို့ဖြစ်၍ လက်တွေ့အရ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို ဖော်ဆောင်ရာတွင် တပ်မတော်နှင့် ပြေလည်ရေး၊ တပ်မတော်၏ ငြိုငြင်မှုကို မခံရရေးမှာ လုပ်ငန်းစဉ်၏ ဦးတည်ချက်ကဲ့သို့ ဖြစ်သွားသည်။ အကျိုးဆက်အနေဖြင့် တပ်မတော် ဘာလုပ်လုပ် နုတ်ပိတ်နေရေးဘ၀သို့ ကျဆင်းသွားရတော့သည်။ ကြီးကောင်ကြီးမားအရွယ်ကြီးရောက်မှ စစ်ဗိုလ်ဟောင်းသစ်များ ကြီးစိုးလွှမ်းမိုးထားသည့် လွှတ်တော်အတွင်း ၄င်းတို့ နှစ်သက်မှုရစေရန် ကကြခုန်ကြ လုပ်ဆောင်မှုမျိုးကသာ အဓိကလို ဖြစ်နေသည်။ စစ်ခေါင်းဆောင်များက ငြိုငြင်မည်ကို စိုးရိမ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့်အခြေခံကြောရိုးများအား ပြင်ကိုပြင်ရမည်၊ အနည်းဆုံးအားဖြင့် စစ်အစိုးရခေါင်းဆောင်ဟောင်းများ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် (Blanket Amnesty) ပေးထားသည့် ပုဒ်မ ၄၄၅ အား ဖျက်ကို ဖျက်ပစ်ရမည်ဟူသော စကားလုံးကိုပင် မသုံးရဲတော့။ တပ်မတော်နေ့အခမ်းအနား သွားတက်ပြီး “ငါတို့  တပ်မတော်ဟာ ဘယ်တုံးကမှ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာ မဟုတ်ဘူး” ဟူ၍ ကြွေးကြော်ပြောဆိုနေသည့် မိန့်ခွန်းကို ဘုရားဟော အမှန်တရားသဖွယ် မှတ်ယူကာ ကုတ်ကုတ်ကလေး နားထောင်ခံယူခြင်းဖြင့်သာ ဇာတ်လမ်းဆုံးသွားသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အနှစ်သာရအရ ဝေလာဝေးပါသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသည်မှာ အဘယ်နည်း။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသည့် ဝေါဟာရနှင့် အတွေးအခေါ်အား ဒီမိုကရေစီစနစ် တည်ဆောက်ကျင့်သုံးသည့် အဆင့်ရောက်သွားပြီးကြသည့် နိုင်ငံများတွင် မသုံးကြတော့ပါ။ သုံးစရာမလိုသောကြောင့်ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ပြဿနာဖြစ်လာလျှင် ဖြေရှင်းနိုင်သည့် တိုင်းပြည်အုပ်ချုပ်ရေး အဆောက်အအုံများ တည်ရှိနေပြီးဖြစ်သောကြောင့်ပင်။ ယင်းကို အာဏာရှင်စနစ်၏ အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီသို့ ပြောင်းလဲရန် ကြိုးပမ်းနေသော နိုင်ငံများတွင် ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာတွင် ၁၉၈၆ ခုနှစ်မှစ၍ ယနေ့အချိန်အထိ အာဏာရှင်စနစ်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီသို့  ပြောင်းလဲသွားကြသော နိုင်ငံပေါင်း ၄၀ နီးပါး ရှိခဲ့ပြီ။ ယင်းနိုင်ငံများအနက် အမြောက်အများတွင် အာဏာရှင်အုပ်ချုပ်မှုအောက်တွင် ဖြစ်ပွားကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုကြီးများအား မည်သို့ အရေးယူကိုင်တွယ်သင့်သည်ဟူ၍ စဉ်းစားကြရာ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးအား အယူအဆတရပ်အနေဖြင့် အဓိက ကိုင်စွဲလာကြခြင်းဖြစ်သည်။

အာဏာရှင်များ အုပ်စိုးလျက်ရှိသော နိုင်ငံများသည် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာလျက်ရှိနေကြောင်း မျက်မှောက် ကမ္ဘာ့သမိုင်းက သက်သေပြနေသည်။ ယင်းသို့ပြောင်းလဲရာတွင်လည်း နည်းမျိုးစုံသော လူထုတိုက်ပွဲများ၊ ဖိအားများ၊ အခြားပြည်တွင်းနှင့် နိုင်ငံတကာအခြေအနေများ၊ တိုင်းပြည်စီးပွားရေးပြဿနာကို မဖြေရှင်းနိုင်မှုများက အာဏာရှင်များအနေဖြင့် အပြောင်းအလဲမလုပ်လျှင် မရနိုင်တော့သည့် အနေအထားကို ဖြစ်ပေါ်စေခဲ့သည်။

လက်တင်အမေရိက နိုင်ငံ ၂၀ ကျော်တွင် အာဏာသိမ်း၍ တက်လာခဲ့ကြသော စစ်အစိုးရများက အစပိုင်းတွင် လူထုနိုင်ငံရေးသမားများကို အပုပ်ချခဲ့ကြသည်။ နိုင်ငံရေးသမားများသည် စည်းလုံးညီညွတ်မှု မရှိကြ၊ အချင်းချင်း အပြန်အလှန် ဝေဖန်ထောက်ပြ ငြင်းခုံနေကြခြင်းဖြင့် အချိန်ကုန်နေကြသည်၊ ၄င်းတို့တပ်မတော်သည် တသွေးတသံတမိန့်ဖြင့် စည်းလုံးတောင့်တင်းစွာ လည်ပတ်သောအဖွဲ့ အစည်းဖြစ်သည်၊ တိုင်းပြည်အာဏာကို ချုပ်ကိုင်၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်မည်ဆိုလျှင် ဆယ်စုနှစ်တခုအတွင်းမှာပင် တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည် ... စသည်တို့ကို အကြောင်းပြကာ အာဏာရယူခဲ့ကြသည်။ လက်တွေ့တွင်မူ ၄င်းတို့ထင်သလို ဖြစ်မလာဘဲ တဘက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုကြီးများအား ကျူးလွန်ကြ၊ အခြားတဘက်တွင် တိုင်းပြည်ကို ဆင်းရဲတွင်းနက်သည့် ဘ၀သို့ တွန်းချခဲ့ကြသည်။

အာဏာရှင်များ အုပ်ချုပ်မှုအောက်၌ တိုင်းပြည်မှာ ဖွတ်ဖွတ်ကြေကာ လူတွေ ဘက်ပေါင်းစုံမှ အတိဒုက္ခရောက်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သဖြင့် ၎င်းကို အမြန်ဆုံး အဆုံးသတ်၍ အသစ်ပြန်စချင်ကြသည်။ ဤတွင် ၄င်းတို့ ကျူးလွန်ခဲ့ကြသည့် လူ့အခွင့်အရေးချိုးဖောက်မှုကြီးများနှင့် စပ်လျဉ်း၍ သင့်တင့်လျောက်ပတ်သည့် နည်းလမ်းများနှင့် အဖြေရှာထွက်ပေါက်ပေးကာ အာဏာရှင်များအား နိုင်ငံရေးအာဏာမှ ထွက်ခွာသွားစေလိုသည့် အဖွဲ့အစည်းများ၊ အင်အားစုများက “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသည့် နိုင်ငံရေးဝေါဟာရနှင့် အယူအဆကို ကိုင်စွဲခဲ့ကြခြင်းဖြစ်သည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” အတွက် တရားဝင် လုပ်ဆောင်မှုမှာ အဘယ်နည်း။

တပ်မတော်နှင့် ပြေလည်ရေးကို မစဉ်းစားရဟု ကန့်ကွက်နေခြင်းမဟုတ်။

(၁) စဉ်းစားပုံ၊ စဉ်းစားနည်း၊ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မပြည့်စုံခြင်းကို ဆိုလိုသည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသော ခေါင်းစဉ်အောက်တွင် နိုင်ငံရေးအင်အားစုများအားလုံး၊ တိုင်းပြည်အဆောက်အအုံများအားလုံး အကျုံးဝင်အောင် စဉ်းစားရန် လိုပါမည်။

(၂) အထူးပြုအာရုံထားရမည့် နယ်ပယ် ရေရေရာရာ မရှိခြင်းကို ရည်ညွှန်းသည်။ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူအုပ်ချုပ်ခဲ့သည့် ကာလအတွင်း ဖြစ်ပွားခဲ့ပြီးသမျှ လူ့အခွင့်အရေးချိုးဖောက်မှုကြီးများအပေါ် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း အဓိကအားဖြင့် နည်းလမ်းရှာခြင်းမျိုး ဖြစ်ရပါမည်။ ထို့အပြင် သမိုင်းသင်ခန်းစာများ ရယူနိုင်ရန် အဖြေရှာခြင်းမျိုးလည်း ဖြစ်ရပါမည်။

(၃) ကာလအကန့်အသတ် တိကျမှု မရှိခြင်းကို ထောက်ပြသည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” အခြေခံမှ စဉ်းစားသည့် ကာလအား ၁၉၆၂ ခုနှစ် မတ်လ (၂) ရက် စစ်တပ်အာဏာသိမ်းခဲ့သည့်နေ့မှနေ၍ မျက်မှောက်ကာလ (တရားဝင်သတ်မှတ်သည့် နေ့ တနေ့ နေ့ ) အထိ ဖြစ်ရပါမည်။ ယခုအချိန်အထိ မူ တရားဝင် သတ်မှတ် စတင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။ တောင်အာဖရိကတွင် ၁၉၆၀ ခုနှစ် မတ်လ (၁) ရက်နေ့ မှ ၁၉၉၃ ခုနှစ် ဒီဇင်္ဘာလ (၆) ရက်နေ့အထိ သတ်မှတ်ခဲ့သည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” အတွက် လုပ်ဆောင်နေသည်ဟု ပုဂ္ဂိုလ်တဦး သို့မဟုတ် လူတစု သို့မဟုတ် အဖွဲ့အစည်းတခုက ဆိုပါလျှင် ယင်းကို တန်ဖိုးထားရပါမည်။ သို့ရာတွင် လူ့အခွင့်အရေးအခြေခံ၌ တတိုင်းပြည်လုံး လွှမ်းခြုံစေပြီး တိကျသော ကာလအကန့်အသတ်ကို သတ်မှတ်၊ ရှင်းလင်းသော လုပ်ငန်းစဉ်နှင့်အတူ လက်ရှိအာဏာယူထားသော အစိုးရက ကြေညာလုပ်ဆောင်မှု မပြုသမျှ တရားဝင် စတင်လုပ်ဆောင်နေပြီဟု မဆိုနိုင်ပါ။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” သည် မစသေးပါ။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” အခြေခံမှ တပ်မတော်ကို မည်သို့ ချဉ်းကပ်မည်နည်း။

တပ်မတော်နှင့် ပတ်သက်၍ မည်သို့ ကိုင်တွယ်သင့်ကြောင်းကိုမူ မဖြစ်မနေ စဉ်းစားရပါမည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းနှင့် ဖေါက်ပြန်သည့် တပ်မတော်ခေါင်းဆောင်များအောက်၌ တပ်မတော်တရပ်လုံးကို အသုံးချခံခဲ့ရ၊ အကျိုးဆက်အနေဖြင့် တပြည်လုံး ဆင်းရဲတွင်းနက်၊ အတိဒုက္ခရောက်ခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ ဖြစ်ခြင်းကြောင့်ပင်။ “ဖက်ဒရယ်မူကို ခွဲထွက်ရေးကြိုးပမ်းမှုအဖြစ် လက်ညှိုးထိုးကာ ပြည်ထောင်စုမပြိုကွဲရေးအတွက် တိုင်းပြည်အာဏာသိမ်းလိုက်ရသည်၊ တိုင်းပြည်ချောက်ထဲကျခါနီး လက်တကမ်းအလိုတွင် ကယ်တင်လိုက်ရသည်” ဟူ၍ အကြောင်းပြခဲ့သည်။ ယင်းမှာ နိုင်ငံရေးအရ ကြီးမားလှစွာသော အမှားကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အပါအ၀င် လက်ရှိ အာဏာပိုင်များက သွယ်ဝိုက်ဝန်ခံလာကြရပြီ။ တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်ဟူသည်မှာ ရသင့်ရထိုက်သော နိုင်ငံရေးအခွင့်အရေးဖြစ်ကြောင်း ယနေ့အချိန်တွင် ၄င်းတို့ကိုယ်တိုင် ပြောဆိုလာနေကြသောကြောင့်ပင်။

ယင်းအတွက် တာဝန်ရှိမှုကို ရှာဖွေရပါမည်။ ပြည်ဖုံးကား ချထား၍မရပါ။ အဘယ်ကြောင့်ဆိုသော် မမှန်ကန်သည့် အာဏာသိမ်းမှုအကြောင်းပြချက်ကို ဆုပ်ကိုင်ကာ ၁၉၆၂ ခုနှစ်မှစ၍ (ဆဲဗင်းဇူလိုင်မှ စကာ) အပြစ်မဲ့ ကျောင်းသားများနှင့် အခြားတိုင်းရင်းသားလူထုများအပေါ် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်ခဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုကြီးများ ဆက်တိုက်ကျူးလွန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အရှေ့တောင်အာရှ၏ အချမ်းသာဆုံး နိုင်ငံစာရင်းဝင်အဖြစ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် ဘ၀သို့ ကျရောက်သွားအောင် ချောက်ထဲသို့ တွန်းချခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤတွင် စစ်ခေါင်းဆောင် အဆက်ဆက်၏ တာဝန်ရှိမှုသည် အဘယ်နည်း။

ဤသည်တို့ကို ပြန်လည်ဖော်ထုတ်၊ သုံးသပ်အဖြေရှာ၊ အရေးယူတန်တာယူ၊ ခွင့်လွှတ်တန်တာ ခွင့်လွှတ်၊ ခံခဲ့ရသူများအား ကုစားမှုပြုစရာရှိတာပြု၊ နောင်ဤကဲ့သို့ အဖြစ်ဆိုးမျိုး မကြုံတွေ့ နိုင်စေရေးအတွက် တိုင်းပြည်အဆောက်အအုံများ၊ တပ်မတော် အပါအ၀င် တိုင်းပြည်လုံခြုံရေးအဖွဲ့ အစည်းများကို ပြန်လည်ပြုပြင်ဖွဲ့စည်း အစရှိ သည်တို့ကို လုပ်ဆာင်ရပါမည်။ နောက်ဆုံးတွင် လူ့အဖွဲ့ အစည်းအဟောင်းအောက်တွင် ဖြစ်ပွားတည်ရှိခဲ့သည့် အမုန်းများ၊ သံသယများ၊ အာဃာတများကို သင်ပုန်းချေလိုက်ပြီဖြစ်ကြောင်း ကြေငြာခြင်းဖြင့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” လုပ်ငန်းစဉ်ကို တရားဝင် အဆုံးသတ်ရပါမည်။

သို့ မှသာ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ဦးတည်သည့်လမ်းကြောင်း ဖြစ်ပါမည်။ ယင်းသို့ မဟုတ်ဘဲ ဖြစ်ခဲ့သမျှ အ၀၀ကို မေ့ပျောက်ထား၊ ပြည်ဖုံးကားချထားပြီး ၄င်းတို့နှင့် တွဲကနေရုံမျှနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရနိုင်ဖွယ်မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်သည် အာဏာမက် စစ်ခေါင်းဆောင်တစုကြောင့် ၁၉၆၂ ခုနှစ်မှစ၍ အနှစ်သာရအားဖြင့် ပြောင်းသွားခဲ့ပြီ။ တိုင်းပြည်ကို ကာကွယ်လိုသည့် စေတနာရိုးဖြင့် လုပ်ဆောင်လိုသည့် တပ်မှုးတပ်သားများလည်း တပ်မတော်အတွင်းတွင် ရှိပါမည်။ သို့ရာတွင် တပ်မတော်မှာမူ ရောဂါ စွဲကပ်နေပြီဟု မြင်ရန်လိုသည်။ နိုင်ငံရေးအာဏာကို တပ်မက်ခြင်း တည်းဟူသော ရောဂါဖြစ်သည်။ ယင်းမှာ ကင်ဆာသဖွယ် အမြစ်တွယ်နေသည်။ ယင်းရောဂါကို မကုစားနိုင်သမျှ “အမျိုးသားပြန်လည်သင့်မြတ်ရေး” အတွက် အကျိုးမရှိသလို တပ်မတော်အတွက်လည်း မကောင်းပါ။ အခြားသူများကုစားသည်ကို မစောင့်ဘဲ လက်ရှိ တပ်မတော်ခေါင်းဆောင်များကိုယ်တိုင်က ကုစားရန်လိုသည်။ ဓာတ်မီးကင်၍ ရလျှင်ရ၊ မရလျှင် ကင်ဆာဖြစ်ပွားနေသော အသားကို လှီးထုတ်ပစ်ရုံသာ ရှိတော့သည်။ ကင်ဆာကို ပေါ့ပေါ့မမှတ်သင့်ပါ။ ထိရောက်စွာ မကုစားလျှင် ရောဂါဆိုးကြီးမှာ တပ်မတော်တခုလုံးကို ပျံ့ နှံ့ကာ ထိခိုက်ပျက်စီးသွားနိုင်သည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” လုပ်ငန်းစဉ်၏ အစိပ်အပိုင်းတရပ်အနေဖြင့် အတိတ်က ဖြစ်ရပ်များကို ပြည်လည်ဖေါ်ထုတ်၊ သုံးသပ်၊ အဖြေရှာခြင်းသည် တပ်မတော်တွင် စွဲကပ်နေသော ကင်ဆာအား ကုစားရာ၌ အထောက်အပံ့ဖြစ်စေမည်ဟု လက်ရှိစစ်ခေါင်းဆောင်များကိုယ်တိုင် လက်ခံရန် လိုပါမည်။

မြန်မာနိုင်ငံတွင် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို ဘယ်လမ်းကြောင်းကနေ ချဉ်းကပ်နေသလဲ။

မကြာသေးမီ ရက်ပိုင်းကပင် ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြားမှနေ၍ “အမျိုးသားပြန်လည်သင့်မြတ်ရေး” အစီအစဉ်တခုကို ထုတ်လွှင့်သွားခဲ့သည်။ စစ်အာဏာရှင်များလက်ထက်က နာကျင်ခံစားခဲ့ရမှုများနှင့် စပ်လျှဉ်း၍ ခွင့်လွှတ်သင့် မသင့်၊ မေ့ပျောက်၍ ရမရ ဟူသောခေါင်းစဉ်နှင့် ဆွေးနွေးခန်းဖြစ်သည်။ ယင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဥက္ကဌ ကိုကျော်ကိုကိုက မတရားဖမ်းဆီးချုပ်နှောင်မှု၊ ညှင်းပမ်းနှိပ်စက်မှုများ ရှိခဲ့သဖြင့် ဤပြစ်မှုကျူးလွန်သူများအနေဖြင့် ထိုက်တန်သည့် အပြစ်ပေးမှု ရရှိခံစားသင့်သည်၊ ယင်းပြစ်မှုကျူးလွန်မှုများအား ခွင့်လွှတ်မေ့ပျောက်ရန် မည်သိုမျှ မလွယ်ကူကြောင်း ပြောကြားသွားခဲ့သည်။ ခွင့်လွှတ်မေ့ပျောက်၍ မရနိုင်လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရနိုင်ပါမည်လား ဟူသော မေးခွန်းကို ၄င်းက ပြစ်မှုများနှင့် စပ်လျှဉ်း၍ ကျူးလွန်သူများကို တရားစွဲဆိုအရေးယူရကြောင်း၊ သို့မဟုတ် ပြန်လည် စစ်ဆေး သုံးသပ် တစုံတရာ အရေးယူဆောင်ရွက်ခြင်း ရှိရကြောင်း၊ တရားမျှတရေး ဆောင်ရွက်မှုမပါဘဲ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်ကြောင်း ဖြေဆိုခဲ့သည်။

အလားတူပင် ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းတည်ထောင်သူတဦးဖြစ်သည့် မဇင်မာအောင်ကလည်း မေ့လို့မရနိုင်ကြောင်း၊ မေ့လို့ရရင် သမိုင်းဆိုတာလဲ ရှိမှာမဟုတ်ကြောင်း၊ မေ့ဘို့ လဲမသင့်ကြောင်း၊ မေ့သင့်တယ်လို့  ပြောရင်လည်း ဒါဟာ အစစ်အမှန်မဟုတ်နိုင်ကြောင်း၊ အမှန်ဖြစ်ခဲ့တာတွေကို နောက်မျိုးဆက်များအား ပြန်မပြောနိုင်လျှင် ကျမတို့ကိုယ်တိုင် တရားခံစာရင်းထဲမှာ ပါသွားနိုင်ကြောင်း၊ အပြစ်ကျူးလွန်ခဲ့သူများက ကျူးလွန်ခဲ့မိပါပြီ၊ မှားခဲ့မိပါပြီဟု ပြောမှသာ ခွင့်လွှတ်မလား မလွှတ်ဘူးလား စဉ်းစားကြရမည့် ကိစ္စဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ကိုကျော်ကိုကိုနှင့် မဇင်မာအောင်တို့၏ ပြောဆိုမှုများကို ကြားလိုက်ရသောအခါ များစွာအားတက်ဂုဏ်ယူမိသည်။ လူ့အဖွဲ့ အစည်း တရားမျှတမှု ရရှိစေရန် ခိုင်မာသည့် ရပ်တည်ချက်အပေါ်အခြေခံကာ ရှင်းရှင်းစဉ်းစားနိုင်စွမ်းရှိသော ကျောင်းသားလူငယ်ခေါင်းဆောင်များ ရှိနေကြသေးကြောင်း သိလိုက်ရ၍ ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို ဒီဗွီဘီက မေးမြန်းသောအခါ ၄င်းက “ ရှစ်ဆယ့်ရှစ်သာမက ၁၉၆၂ ဆဲဗင်းဇူလိုင်၊ ၁၉၇၄၊ ၁၉၇၆ အရေးအခင်း စသဖြင့် ဒါတွေကို မေ့ပျောက်ဘို့ မသင့်ဘူး။ ဒါပေမယ့် ဒါကြီးကို ပြန်ပြန်အစဖေါ်နေမယ်ဆိုရင် အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ နှောင့်နှေးမယ်။ နိုင်ငံကြီးသား ပီသဘို့ လိုနေပြီ။ တော်လှန်ရေးနေ့ ရောက်တိုင်း ဖက်ဆစ်တွေဟာ တို့ နိုင်ငံကို အုပ်ချုပ်ခဲ့တယ်လို့ ဘဲ ပြောတယ်။ လက်သဲခွန်ခွာ ရေနွေးပူလောင်းခဲ့တဲ့ ဂျပန်တွေကို မုန်းတယ် ဆိုတာ ပြောစရာမလိုတော့ဘူး။ ဒါတောင် မှ သင်ပုန်းချေလို့ ရတယ်။ ဗီယက်နမ်မှာ အမေရိကန်က ဗုံးကြဲခဲ့ပေမယ့် ဒီကနေ့ ဗီယက်နမ်နဲ့ အမေရိကန် ပေါင်းတာဘဲ။ ဟီရိုရှီးမားနဲ့ နာဂါစကီကို ဗုံးကြဲခဲ့ပေမယ့် ဒီကနေ့ ဂျပန်နဲ့ အမေရိကန် ပေါင်းတာဘဲ” ဟု ပြောခဲ့သည်။

အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ညွှန်းပြီး ဦးလှဆွေပေးသည့် ဥပမာများမှာ တက်တက်စင် လွဲနေပါသည်။ ၄င်းဝေါဟာရများ၊ အတွေးအခေါ်များနှင့် လက်တွေ့လုပ်ဆောင်မှုများမှာ သက်ဆိုင်ရာ နိုင်ငံတခုအတွင်း၌ ၄င်းနိုင်ငံ၏ အစိုးရများက နိုင်ငံသားများအပေါ် ကျူးလွန်ခဲ့သောပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍သာ အဓိကထား စဉ်းစားကြခြင်းဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးနှင့် မဆိုင်ပါ။ နိုင်ငံတနိုင်ငံ၏ စစ်တပ်များက အခြားနိုင်ငံတနိုင်ငံ၏ နိုင်ငံသားများအပေါ် ကျူးလွန်မှုများနှင့် စပ်လျဉ်း၍ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည့် အခြေခံမှနေ၍ စဉ်းစားဆောင်ရွက်မှုမျိုးကို ကမ္ဘာ့သမိုင်းတွင် မတွေ့ နိုင်ပါ။ ယင်းသို့  ကျူးလွန်မှုများအပေါ် အရေးယူဆောင်ရွက်ရာ၌ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဖွဲ့ စည်းခဲ့သော တိုကျိုနှင့် နျူရင်းဘတ် စစ်ခုံရုံးများကိုသာ တွေ့ နိုင်ပါသည်။ ကိုကျော်ကိုကိုကလည်း ဦးလှဆွေအား အောက်ပါအတိုင်း ထိထိမိမိ တုန့်ပြန်သွားခဲ့သည်။ လူငယ်လေးပင် ရှိသေးသော်လည်း စဉ်းစားသုံးသပ်နိုင်စွမ်း သေးသူမဟုတ်ပါ။

“ကျွန်တော်တို့က လူမျိုးကို မမုန်းတီးဘူး။ ၀ါဒကို မကြိုက်တာဖြစ်တယ်။ ဖက်ဆစ်ဂျပန်ကို မျိုးချစ်တော်လှန်ရေးတပ်သားတွေက မြန်မာ့မြေကနေ မောင်းထုတ်လိုက်ပြီးတဲ့နောက်၊ ဂျပန်က ဖက်ဆစ်စနစ်ကို စွန့်လွှတ်လိုက်ပြီးမှ ဂျပန်နဲ့ ပြန်လည်ဆက်ဆံတာဖြစ်တယ်။ ဗီယက်နမ်က အမေရိကန်ကို တွန်းလှန်အောင်ပွဲရပြီးတော့မှ အမေရိကန်နဲ့  ပြန်လည်ဆက်ဆံတာဖြစ်တယ်။ အတိတ်ကို မှန်ကန်တဲ့ ကောက်ချက်ချဖို့ လိုလိမ့်မယ်။”

ဤ ဒီဗွီဘီရုပ်သံဆွေးနွေးပွဲတွင် ဦးလှဆွေကို တစုံတရာ အသိအမှတ်ပြုရမလို ဖြစ်နေသည်။ စစ်အာဏာရှင်စနစ်နှင့် အနည်းနဲ အများ ပတ်သက်ခဲ့သူများအားလုံးက ဖြစ်ပွားကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ ပြည်ဖုံးကားချကာ မေ့ချင်ယောင်ဆောင်နေကြသည့်အချိန်တွင် “မမေ့ပျောက်သင့်ဘူး။ မြို့ တိုင်းမှာ ကဗျည်းကျောက်စာတိုင်တွေတော့ ရှိသင့်တယ်။” ဟူသော စကားလုံးကို ၀န်ခံပြောကြားသူမှာ ၄င်းတဦးတည်းသာ ရှိသေးသောကြောင့်ပင်။

မကြာလှသည့် တနေ့ နေ့ တွင်တော့ ကြီးမားလှသော လူထုနှင့် နိုင်ငံတကာတို့၏ ဖိအားအောက်တွင် မမေ့ပျောက်ရုံသာမက ထိုက်သည့်အားလျော်စွာ အရေးယူဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ပေါ်လာပြီး စစ်မှန်သည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” သည် အမှန်တကယ် အသက်ဝင်လာလိမ့်မည်ဟု စာရေးသူ ယုံကြည်သည်။ ယနေ့ အချိန်အထိမူ ဘာတခုမှကို မစရသေး၊ မည်သို့ ဖေါ်ဆောင်သင့်ကြောင်း ငြင်းခုံဆွေးနွေးမှုမှာပင် လူထုအကြား၌ အားမကောင်းသေး၊ အစိုးရအာဏာပိုင်များနှင့် နိုင်ငံရေးခေါင်းဆောင်များကမူ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသောခေါင်းစဉ်အောက်တွင် ဖြစ်ပြီးခဲ့သမျှများအား ပြည်ဖုံးကားချထား၊ မေ့ထားဆဲ ရှိနေသေးသည်။ အမှန်တရားပေါ်အောင် ပြန်လည်ဖေါ်ထုတ်သည့် အစီအစဉ်ပင် ဘာတခုမျှ ဆောင်ရွက်ခြင်းမရှိသေး။ ယင်းအချိန်တွင် ဗိုလ်ချုပ် ရွာစစ်က ယနေ့တိုင်းပြည်အတွက် အရေးကြီးဆုံး လိုအပ်သောအရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်သည်ဟု မြွက်ဟလာခြင်းဖြစ်သည်။”

ဗိုလ်ချုပ်ရွာစစ် ရည်ညွှန်းသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” သည် အဘယ်အရာနည်း။

“အမျိုးသားပြန်လည်သင့်မြတ်ရေး” မှာ အရေးကြီးကြောင်း မည်သူမျှ မငြင်းပါ။ သို့ ရာတွင် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို ဦးတည်သောလုပ်ငန်း ဘာတခုမှ မစတင်ရသေးခြင်းမှာ ပြဿနာဖြစ်နေသည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို တတွတ်တွတ် ရွတ်ဆိုလျက် ဖြစ်ပြီးခဲ့သမျှများအား ပြည်ဖုံးကားချထား၊ မေ့ထားခြင်းမှာ ပို၍ကြီးမားသော ပြဿနာဖြစ်နေသည်။ ဘာတခုမှ စတင်လုပ်ဆောင်မှု မပြုသေးသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟူသည့်အရာကို လက်ညှိုးထိုးကာ ဗိုလ်ချုပ်ရွာစစ်က ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ရေးဆွဲရေးအား စောလွန်းနေသည်ဟု ပြောခြင်းမှာ သဘာဝမကျပါ။ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ပြိုင်တူတွန်းလျှင် ရွေ့တော့မည့် အနေအထားရောက်နေသည့် အချိန်တွင် ဗိုလ်ချုပ်ရွာစစ်သည် အဘယ်ကြောင့် နောက်ပြန်ဆွဲသည့်သဘော သက်ရောက်စေသည့် စကားလုံးကို သုံးပါသနည်း။

လူ့ အခွင့်အရေးအပေါ်တွင် အခြေခံသည့် စစ်မှန်သည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” လမ်းကြောင်းကို ဗိုလ်ချုပ်ရွာစစ် အပါအ၀င် ရှမ်းခေါင်းဆောင်များ ပြန်လည်သုံးသပ်သင့်သည်။ ၁၉၈၈ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ရှမ်းအမျိုးသမီးကလေးများအား မုဒိန်းကျင့်ခဲ့သည့် မှုခင်းများကို စုဆောင်းကာ ထုတ်ပြန်ခဲ့သည့် “မုဒိန်းကျင့်ခွင့်လိုင်စင်” စာအုပ်မှာ ကမ္ဘာသို့ ပေါက်သွားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် တိုင်းရင်းသားဒေသများ၌ စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် လူသားဖြစ်မှုကို ဆန့် ကျင်သည့်ပြစ်မှု၊ စစ်ရာဇ၀တ်မှုတို့ နှင့် စပ်လျှဉ်း၍ နိုင်ငံတကာက အရေးယူဆောင်ရွက်ရန် လှုပ်ရှားမှု အားကောင်းလာသည့်အချိန်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ အနေဖြင့် ဗိုလ်ချုပ်ရွာစစ် ကိုယ်တိုင် ထောက်ခံလက်မှတ်ရေးထိုးထားခဲ့သည့် စာအား ကုလသမဂ္ဂသို့  ၂၀၁၀ ခုနှစ် သြဂုတ်လအတွင်းက ပေးပို့ခဲ့သည်ကို ပြန်လည်သတိရသင့်သည်။ လူ့အခွင့်အရေး နှင့် ဥပဒေစိုးမိုးရေးအခြေခံမှ နေ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ချဉ်းကပ်နိုင်ရန်မှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်တွင် မဖြစ်နိုင်ပါ။ ပုဒ်မ ၄၄၅ အရ စစ်ခေါင်းဆောင်များကိုယ်တိုင်က ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီးဖြစ်သောကြောင့်ပင်။ စစ်မှန်သည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး” ကို လိုချင်သည်ဟုဆိုလျှင် ဖေါ်ဆောင်ရမည့် လမ်းကြောင်းကို ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် ထည့်သွင်းပြဌာန်းရပါမည်။

“ငြိမ်းချမ်းရေး” ကို မည်သို့ ချဉ်းကပ်မည်နည်း။

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်တွင် မည်သည့်အခါတွင်မျှ စစ်မှန်သည့် ငြိမ်းချမ်းရေး မရနိုင်ပါ။ အကျဉ်းချုပ် ၅ ချက်မျှသာ ထောက်ပြပါမည်။

- ပထမအချက်မှာ မြန်မာပြည်နယ် မဟုတ်ဘဲ တိုင်းများ ဖွဲ့စည်းထားမှုမှာ တန်းတူရေးအခြေခံကို မဖေါ်ဆောင်ပါ။

- ဒုတိယအချက်မှာ ရွေးကောက်ပွဲကော်မရှင် ဖွဲ့ စည်းမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ စစ်အာဏာရှင်စနစ်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် တိုင်းရင်းသားများသာ ပြည်နယ်များ၌ ရွေးချယ်တင်မြှောက်ခွင့်ရစေမည့် အနေအထားကို စီစဉ်တကျ ဖန်တီးထားသောကြောင့်ဖြစ်သည်။

- တတိယအချက်မှာ သဘာဝသယံဇာတ အရင်းအမြစ်များ ခွဲဝေမှုမမျှတရုံသာမက ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းမှုအရ ဗဟိုအစိုးရက ထင်သလို စီမံခန့်ခွဲခွင့်ရနေ၊ ၂၀၁၁ ခုနှစ် အထူးရန်ပုံငွေဥပဒေအရ တိုင်းပြည်ဘဏ္ဍာကို စစ်တပ်က ထင်သလို သုံးခွင့်ရနေသောကြောင့်ဖြစ်သည်။

- စတုတ္ထအချက်မှာ တရားရုံးများ ဖွဲ့စည်းတည်ရှိမှု အနေအထားအရ ပြဿနာကြီးများအား နောက်ဆုံ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ပြည်နယ်များအားလုံးက ယုံကြည်အားကိုးနိုင်လောက်သည့် တရားစီရင်ရေးစနစ်ကို တည်ဆောက်မထားခြင်းဖြစ်သည်။

- ပဉ္စမနှင့် အရေးအကြီးဆုံးအချက်မှာ လူမျိုးကြီးဝါဒကို ကျင့်သုံးထားသည့် တလက်ကိုင် တပ်မတော်တရပ်တည်းသာ တည်ရှိစေမည်ဖြစ်ပြီး ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရန် လုံးဝမဖြစ်နိုင်ခြင်းပင်။

ဤအခြေအနေများအောက်တွင် ဗိုလ်ချုပ်ရွာစစ်သည် ငြိမ်းချမ်းရေးကို မည်သို့ ရှာဖွေပါမည်နည်း။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးထားပါလျက် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေခဲ့သည်ကိုလည်း လက်တွေ့ သုံးသပ်နိုင်သည်။ ငြိမ်းချမ်းရေးရရန် အခြေခံမှာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံဥပဒေသစ်တရပ်ကို ရေးဆွဲအတည်ပြု ကျင့်သုံးခြင်းမှတပါး အခြားမရှိပါ။

ဖက်ဒရယ်နှင့် ရှစ်လေးလုံး အတွေ့အကြုံ

စာရေးသူသည် ရှမ်း မဟုတ်ပါ။ မြန်မာအမျိုးသားတဦးသာဖြစ်သည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် နှစ်တချို့ အခြေချ နေထိုင်ခဲ့စဉ်အတွင်း ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပွားခဲ့ရာ ဗဟိုသပိတ်ကော်မတီတွင် တွဲဘက်အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ အထွေထွေအတွင်းရေးမှုးမှာ စာရေးသူနှင့်အတူ ကျူရှင်ပြဘက် ကျူရှင်ဆရာ ဦးမြတ်သူ ဖြစ်သည်။ ဥက္ကဌမှာ စပ်စံထွန်း ဆေးရုံးအုပ်ကြီး ဒေါက်တာတင်ဝင်း ဖြစ်သည်။ ဗဟိုသပိတ်ကော်မတီ၏ ဦးဆောင်မှုအောက်၌ ကျောင်းသားအဖွဲ့ အစည်းများအားလုံး အပါအ၀င် အဖွဲ့ အစည်းပေါင်း ၃၀၀ ကျော်ရှိခဲ့သည်။ တရားဟောစင်မြင့်မှာ ဗဟိုသပိတ်ကော်မတီ၏ လက်ဝယ်သို့ ရောက်ရှိလာပြီး ပြည်နယ်ဘောလုံးကွင်းကြီးအတွင်း၌ ပရိသတ်တသိန်းကျော် တက်ရောက်ခဲ့သည့် တရားပွဲပေါင်း ၁၂ ပွဲခန့် ကျင်းပနိုင်ခဲ့သည်။ ပထမဆုံး တရားပွဲတွင် ဒေါက်တာတင်ဝင်းနှင့် စာရေးသူ နှစ်ဦးတည်း ဟောခွင့်ရခဲ့သည်။

တရားဟောပွဲများ အရှိန်ရလာသောအခါ သမိုင်းဝင် ရှမ်းပြည်နိုင်ငံရေးခေါင်းဆောင်လူကြီးများကိုပါ ဖိတ်ကြားပြီး ပါဝင်ဟောကြားနိုင်ရန် ဗဟိုသပိတ်ကော်မတီအနေဖြင့် စီစဉ်ပေးခဲ့သည်။ မှတ်မိသမျှမှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူ ဦးထွန်းမြင့်၊ ဦးခွန်ထီးတို့ နှစ်ဦးတို့အပြင် ဦးထွန်းဖေ၊ ဦးညွန့်မောင်၊ ရပလ ခေါင်းဆောင်ကြီး ဦးရွှေအုံးတို့ ဖြစ်သည်။

မှတ်မှတ်ရရ တရက်တွင် နောက်နေ့ ကျင်းပမည့် တရားပွဲအတွက် မည်သည့်ခေါင်းဆောင်များက မည်သည့် အကြောင်းအရာများအား ဟောကြားကြရန် ဦးခွန်ထီးအိမ်တွင် စုဝေးတိုင်ပင်ကြသည်။ အထက်ပါ ခေါင်းဆောင်ကြီးများအပြင် ဗဟိုသပိတ်ကော်မတီမှ ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဤတွင် ဦးရွှေအုံးက ဖက်ဒရယ်အကြောင်းကို သူ ဟောမည်ဟု အဆိုပြုသည်။ တိုင်းရင်းသားခေါင်းဆောင်များအကြား၌ ဖက်ဒရယ်ဆရာကြီးအဖြစ် နံမည်ကြီးလှသူ ဦးထွန်းမြင့်က ကန့် ကွက်သည်။ ဤပွဲမှာ ဒီမိုကရေစီရေးကို ဦးတည်လှုပ်ရှားနေသောပွဲဖြစ်သဖြင့် ဖက်ဒရယ်ကို မဟောသင့်သေးကြောင်း၊ အချိန်စောနေကြောင်း အကြောင်းပြသည်။ လူကြီးအချင်းချင်း ငြင်းခုံဆွေးနွေးနေကြသဖြင့် စာရေးသူတို့ လူလတ်၊ လူငယ်များက ငြိမ်ပြီး နားထောင်နေခဲ့ကြသည်။ ဦးရွှေအုံးက ဦးထွန်းမြင့် ဖြောင့်ဖျပြောဆိုသည်ကို လက်မခံ ငြင်းခုံသည်။ ဖက်ဒရယ်ကိုမှ ဟောခွင့်မရလျှင် သူမဟောတော့ဟု ဆိုကာ စိတ်ကောက်သလို ပြုရင်း ဘာမှ မပြောတော့ဘဲ ထိုင်နေတော့သည်။ နောက်ဆုံးတွင် ဦးခွန်ထီးက ကဲဗျာ သူ သည်လောက်ဟောချင်လဲ ဟောပါစေ။ ပရိသတ် နားလည်တန်သလောက်လဲ နားလည်သွားတာပေါ့ ဟု ၀င်ရောက်ဖြန်ဖြေတော့မှ ဦးရွှေအုံးမျက်နှာ ကြည်လင်လာသည်။

နောက်တနေ့ တကယ်တန်းဟောသည့်အချိန် ဦးရွှေအုံးအလှည့်ရောက်သောအခါ ဖက်ဒရယ်ကို စတင်ဟော၍ နှစ်မိနစ် သုံးမိနစ်ခန့် အကြာမှာပင် ပရိသတ်အတွင်းမှ စီစီညံညံ အသံများ ထွက်လာသည်။ “လာပြန်ပြီ လားကွ ခွဲထွက်ရေး” “အခုက ခွဲထွက်ရေး လုပ်ရမယ့် အချိန်မဟုတ်ဘူး။” “ဒီမိုကရေစီရေးကို တောင်းဆိုနေတဲ့ အချိန်မှာ ဖက်ဒရယ်ကို တောင်းနေရင် ရှုတ်ကုန်မယ်” ဟု ရေရွတ်လျက် ပရိသတ်အမြောက်အများ ကွင်းထဲမှ ထပြန်သွားကြသည်မှာ စာရေးသူ၏ ကိုယ်တွေ့ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ခဲ့သနည်း။ ဖက်ဒရယ်မှာ ခွဲထွက်ရေးဖြစ်ကြောင်း ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် စစ်အာဏာရှင်များက တောက်လျှောက် ၀ါဒဖြန့် ခဲ့သောကြောင့်ဖြစ်သည်။

ယခုမူ အခြေအနေသည် ပြောင်းပြန်ဖြစ်နေပါပြီ။ လက်ရှိအာဏာရနေသည့် စစ်ခေါင်းဆောင်ဟောင်းသစ်များ ကိုယ်တိုင်မငြင်းနိုင်တော့။ မည်သည့် ဒီမိုကရေစီအင်အားစု တခုတလေကမျှလည်း မကန့်ကွက်။ ပြီးခဲ့သည့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်မှာပင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ် ရေးဆွဲရေးကို ထည့်သွင်းခဲ့ခြင်းအရ လူထုများကြီးကိုယ်တိုင် လက်ခံလာပြီဟု ရှုမြင်နိုင်သည်။ ၁၉၆၂ ခုနှစ်မှစ၍ သုံးသပ်လျှင် ယနေ့ကာလမှာ နိုင်ငံရေးအရ တဆစ်ချိုးပြောင်းသွားခြင်းဖြစ်သည်။ ဖက်ဒရယ်သည် တင့်တောင့်တင့်တယ် နိုင်ငံရေးဇာတ်ခုံပေါ် တက်လာပြီဖြစ်သည်။ အာဏာပလ္လင်ပေါ် နောက်တဆင့် တိုးတက်ရန် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ်ကို အမြန်ဆုံးရေးဆွဲ အတည်ပြု ကျင့်သုံးရန်သာ ရှိတော့သည်။

စာရေးသူအနေဖြင့်မူ ဤလုပ်ငန်းစဉ်မှာ နောက်ကျလွန်းနေသည်ဟု မြင်သည်။ အာဏာရှင်စနစ် ကျင့်သုံး၊ ဘုံးဘုံးလဲကျခဲ့သည့် ဂျာမနီနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၄ နှစ်အတွင်းမှာပင် ဖက်ဒရယ်ဖွဲ့ စည်းပုံကို ရေးဆွဲ အတည်ပြုကျင့်သုံးခဲ့ရာ ယခုကမ္ဘာ့ထိပ်တန်းနိုင်ငံ စာရင်းဝင် ဖြစ်နေပြီ။ မြန်မာနိုင်ငံတွင် ၁၉၆၁ ၌ ဖက်ဒရယ် တောင်းဆိုချက် ထွက်ပေါ်ခဲ့သည့်အချိန်တွင် အတည်ပြု ကျင့်သုံးခဲ့ပါက ယခုအခါ စင်္ကာပူထက်ပင် သာလွန်သည့် စီးပွားရေးအခြေအနေများ ခံစားခွင့်ရနေကြပါမည်။

အောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
သြဂုတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ်
(Aung Htoo ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်။)

4 comments:

ဇင်မွန် said...

၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ က အာဏာရှင် တွေရေးဆွဲ
ထားတာမို.ပြင်ရမယ်။
လက်ရှိလတ်တလော မှာ တရားဥပဒေ အထက် ရောက်ရောက် နေ
တဲ. အာဏာရှင်အကြွင်းအကျန် နောက်ပြန်လန်နေသူတွေကို
ပြတ်ပြတ်သားသား အရေးယူရမှာဖြစ်တယ် ။
ရှေ့ဆက်သွားဖို. ဒါကိုအရင်လုပ်ရပါမယ်၊
(လုပ်ပြရပါလိမ်.မယ်။)
ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ. အာဏာကို ဇွတ်အတင်းယူထားတဲ. ကြံ.ခိုင်ရေးပါတီ နဲ.စစ်တပ်တို.ရဲ.
လုပ်ရမယ်.တာဝန်ပါ ။
NLD နဲ. အတိုက်အခံပါတီတွေ ကဘာမှလုပ်မရတဲ.အနေ
အထားပါ။
ကြံ.ခိုင်ရေးပါတီ နဲ.စစ်တပ်တို.ရဲ. ကိုယ်.သမိုင်းကိုယ်
ရေးရတော.မယ်.အချိန်ပါ။

COBRA said...

ရေးစရာနေရာမသိလို. ဒီမှာဘဲရေးပါမယ်၊
အခုဆို ၁၀တန်းအောင်ရင် အမှတ် ၅၀၀ ကျော် တွေမှ
ရေကြောင်း တက္ကသိုလ် တက်ခွင်.ရကြတယ်။
အမှတ် ၄၈၀ ကျော်လောက်မှ ရေကြောင်းကောလိပ်
တက်ခွင်.ရကြတယ်။
တကယ်စာတော်တဲ. ၁၀တန်းအောင်သူတွေမှပါ ။
ဒါပေမယ်. ယနေ.ကာလကျောင်းပြီး ရေကြောင်းကောလိပ်
ရေကြောင်း တက္ကသိုလ် ကျောင်း သားလေးတွေအလုပ်
အကိုင်ရဖို. ခက်ခဲသွားပါပြီ။
ပြသနာက ပြည်တွင်းဘာသာရေးပဋိပက္ခတွေကြောင်.
မြန်မာလူငယ်တွေ ဥပမာ- အင်ဒို သင်္ဘောသား အများစု
ပါရင် မလိုက်ဝံ.ကြတော.ပါဘူး။
နောက်တခုက ပြည်တွင်း ရေကြောင်းပညာဆိုင်ရာ
သင်ကြားမှုနဲ. Training တွေ မပြည်.စုံမှုပါ ။
နောက်ပြီး အခြားနိုင်ငံတွေလို အလုပ်အကိုင်ရရှိရေး နိုင်ငံတော်ရဲ.ပံ.ပိုးကူညီမှုမရတာပါ။
ဒီမှာက အလုပ်အကိုင်ရရှိရေး သိန်း ၂၀ ၊ လိုင်းကောင်း
ချင်ရင် ၃၀ ကျော် ပေးပြီးသင်္ဘောတက်နေကြရတယ်၊
ရန်ကုန်မှာနယ်ကလာ ၊
ဘုန်းကြီးကျောင်းမှာနေပြီး အလုပ်ရှာနေသူတွေ
များမှများပါ။
နိုင်ငံတော်မှ ကူညီစေချင်ပါတယ် ။

Myat Su Han said...

Mixed.

ှဲKaung said...

နောက်ဆို ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းတွေကို ရှေ့ နေ အောင်ထူးကို ရေးဖို့  တိုက်တွန်းသင့်ကြတယ်။ ( ဆရာကြီးမပါရင် မပြည့်စုံဘူး မဟုတ်လား)