Thursday, September 12, 2013

အန်ကယ်နဲ့ ကျနော် ၂ နှစ်ကျော်ကျော် … (ဒုတိယပိုင်း)

အန်ကယ်နဲ့ ကျနော် ၂ နှစ်ကျော်ကျော် … (ဒုတိယပိုင်း)
ဒေါက်တာလွဏ်းဆွေ

ဝန်ကြီး ဦးကျော်ဆန်းနှင့် ဆက်စပ် ပတ်သက်ခဲ့သည်များကို ပြောပြရာတွင်လည်း ၀န်ကြီးအပါး နှစ်ရှည်လများ အမှုတော်ထမ်းရွက်လာသူ ဖြစ်လင့်ကစား ၀န်ကြီး၏ ငယ်ကျိုးငယ်နာသဘောမျိုးတွေ အန်ကယ့်ဆီက မကြားရတတ်။ ဦးကျော်ဆန်းအကြောင်းဆို၍ ၀န်ကြီးသည် ကာရာအိုကေ သီဆိုမှုကို အထူးနှစ်သက်သူဖြစ်သောကြောင့် နယ်ခရီးစဉ်များ သွားလာရာတွင် ၀န်ကြီးအကြိုက်ကို အလိုက်တသိ စီစဉ်ပေးရတတ်ကြောင်း၊ မကြာမီက ကွယ်လွန်ခဲ့သည့် အဆိုတော်ကြီး မျိုးမြင့်လေး၏ (ကျနော် အမှတ်မမှားလျှင်) “ကြာလေလေ ခိုင်မြဲလေလေ” သီချင်းသည် ၀န်ကြီး အမြဲဟဲလေ့ရှိသည့် သီချင်းဖြစ်ကြောင်း၊ နယ်ခရီးစဉ်တခုတွင် ၀န်ကြီး ဖိနပ်ပြဿနာတက်၍ ဈေးထဲသို့ ပတ်ရှာရာ ၀န်ကြီးသည် လူလုံးသေးသူဖြစ်သည့်အလျောက် သူ့ခြေထောက်နှင့်တော်သည့် လူကြီးမကျ ကလေးမက စကောစက အရွယ်အစားကို ချွေးပြန်အောင် ရှာဝယ်ခဲ့ရကြောင်း၊ ၀န်ကြီးမှာ ဇနီးမယားကို ရိုသေလေးစားရသူဖြစ်ပုံရကြောင်း … စသည်တို့လောက်သာ ရယ်ရွှန်းပတ်ရွှန်း ပြောပြဖူးသည်ကို အန်ကယ့်ဆီက ကြားခဲ့ရသည်။

အများအားဖြင့် ဦးကျော်ဆန်း တာဝန်ပေးသည်များကို တခါတရံ အိမ်သို့ပင် ပြန်မအိပ်နိုင်ဘဲ နေ့မအား ညမနား ဆောင်ရွက်ပေးရပုံများကိုသာ အန်ကယ် ပြောပြတတ်သည်။ ယခု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေသူ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်သည် ဦးကျော်ဆန်း အားထားသည့်သူဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်သည် လူအေးဖြစ်သည်နှင့်အညီ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနကို ဦးရဲထွဋ်ပင် ခြယ်လှယ်နေပုံရကြောင်း အန်ကယ် မှတ်ချက်ပြုဖူးသည်ကို ကြားခဲ့ရဖူးသည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် ၀န်ကြီးဦးကျော်ဆန်း ကနေသည့်ပုံနှင့် အမျိုးသားညီလာခံ ရှေ့ဆုံးတန်းတွင် ညီလာခံတက်ရောက်သူ လူကြီးတချို့ အိပ်ငိုက်အိပ်ပျော်နေကြပုံများမှာ သူ ရိုက်ကူးခဲ့သည် မှန်သော်လည်း အင်တာနက်ပေါ်သို့ သူ မတင်ခဲ့ကြောင်း၊ သူ အဖမ်းခံရစဉ်က ရုံးခန်းတွင် သိမ်းဆည်းထားသည့် ဖလင်များအား ရှာဖွေသိမ်းဆည်းသွားသူများ၏ လက်ထဲမှတဆင့် အင်တာနက်ပေါ် ပျံ့နှံ့သွားပုံရကြောင်းလည်း အန်ကယ် ပြောပြဖူးသည်။

အန်ကယ်သည် စစ်အာဏာရှင်ကြီး ဦးနေ၀င်းခေတ်ကတည်းက အကြီးတန်း ဗီအိုင်ပီ ဓာတ်ပုံသတင်းထောက်အဖြစ်နှင့် လူကြီးခရီးစဉ်အတော်များများ လိုက်ပါခဲ့ရသူဖြစ်သောကြောင့် စကားဝိုင်းတချို့တွင် အန်ကယ့်ထံမှ ဦးနေ၀င်းအကြောင်းလည်း တစွန်းတစ ကြားရတတ်သည်။ ဦးနေ၀င်းအကြိုက် ဘိန်းမုန့်သည်ကြီးအကြောင်း၊ ထိုဘိန်းမုန့်သည်ကြီးသည် ဦးနေ၀င်း အားပေးသည့်အရှိန်ကြောင့် သူ့နယ်တွင် ဘိန်းမုန့်ကို အကြောင်းပြုပြီး အတော်စီးပွားဖြစ်သွားကြောင်း၊ ဦးနေ၀င်းသည် စွယ်စုံရမင်းသားကြီး ၀င်းဦး၏ ၀တ်စားဆင်ယင်မှုများကို အထူးနှစ်သက်အားကျသည်နှင့်အညီ ၀င်းဦး သုံးစွဲသည့် အသုံးအဆောင်ပစ္စည်းများကို ရှာဖွေဝတ်ဆင်တတ်ကြောင်း၊ နယ်ခရီးစဉ်တချို့၌ ဦးနေ၀င်း ဈေးအတွင်းသို့ လှည့်လည်ကြည့်ရှုရာတွင် ဒေသခံအာဏာပိုင်တွေက ဦးနေ၀င်းကို ကုန်ဈေးနှုန်းမတက်ဘဲ တိုင်းပြည် တည်ငြိမ်အေးချမ်းနေကြောင်း မျက်နှာလို မျက်နှာရလုပ် လိမ်လည်သည့်အနေနှင့် ဈေသည်များကို ပေါက်ဈေးထက် တ၀က်ခန့် လျှော့ပြောခိုင်းတတ်သည့်အခါမျိုးနှင့် ကြုံကြိုက်သည်တွင် ပေါက်ဈေးအမှန်ကို သိနေသည့် အန်ကယ်က (ဈေးသည်များ မသိမသာ မျက်စောင်းခဲနေသည့်ကြားမှ) ကျီစယ်လိုသည့်အနေနှင့် ပစ္စည်းအချို့ကို ၀ယ်ယူပြီး ရန်ကုန်ပြန်အရောက်တွင် မိတ်ဆွေများကို လက်ဆောင်ပေးတတ်ကြောင်း … စတာတွေလည်း အန်ကယ့်ထံမှ ကြားရဖူးသည်။

ဦးနေ၀င်းလက်ထက် တောင်းကိုရီးယားသမ္မတ ချန်ဒူးဝှမ် အလည်အပတ် လာရောက်စဉ် ဖြစ်ပွားသည့် အာဇာနည်ကုန်း ဗုံးကွဲမှုတွင် သူ သေကံမရောက် အသက်မပျောက်ရပုံကို အန်ကယ်က ကျနော့်ကို အခုလို ပြောပြသည်။ ထိုနေ့က အာဇာနည်ကုန်း သတင်းဓာတ်ပုံယူသည့်ကိစ္စကို ဗဟန်းနေ ဓာတ်ပုံသတင်းထောက် သူငယ်ချင်းက အာဇာနည်ကုန်းနှင့် အလှမ်းပိုဝေးသည့် တောင်ဥက္ကလာမှ သူ့ကိုယ်စား တာဝန်ယူပေးမည်ဆို၍ သူ့အနေနှင့် အသက်အန္တရာယ်မှ ပထမဆုံးအကြိမ် လွတ်မြောက်ခဲ့ရကြောင်း၊ သို့သော် ဗုံးကွဲမှုတွင် သူငယ်ချင်း ဓာတ်ပုံသတင်းထောက် ကွယ်လွန်သွား၍ ယူကျုံးမရဖြစ်ရကြောင်း၊ သူ့အပေါ် သူငယ်ချင်းမိသားစု၏ အထင်လွဲမှုကို အချိန်အတော်ကြာ ခံခဲ့ရကြောင်း ပြောပြလေသည်။

အန်ကယ်သည် ၈ လေးလုံးအရေးတော်ပုံအပြီး န၀တ/နအဖစစ်အစိုရခေတ်တွင်လည်း လူကြီးခရီးစဉ်များကို ဆက်တိုက်ဆိုသလို လိုက်ပါသတင်းယူခဲ့ရသည့် အားလျော်စွာ ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေး၏ ပြည်ပခရီးစဉ်များတွင် လိုက်ပါသတင်းယူခဲ့ရပုံများ၊ တရုတ်လှကျေးရွာတွင် လုပ်ကြံခံခဲ့ရသည့် န၀တ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး၏ ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါသတင်းယူခဲ့ရပုံများကိုလည်း ကျနော် သိလို၍ မေးမြန်းသည့်အခါ သူ တွေ့ကြုံခဲ့ရတာတွေကို ပြောပြတတ်သည်။ အန်ကယ်က ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးနှင့် ဗိုလ်ချုပ်တင်ဦးတို့သည် လက်အောက်ငယ်သားများကို ငဲ့ညှာတတ်သူများဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးမောင်အေးဆိုလျှင် အချို့သော စစ်ဗိုလ်ချုပ်တွေ မတော်မတရား ပိုင်ဆိုင်သလို သူပိုင် အိမ်တွေ၊ ခြံတွေဆိုတာမျိုး သူ့အနေနှင့် မကြားဖူးကြောင်း၊ သို့သော် ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေး၏ နာမည်နှင့်အရှိန်အ၀ါကို အသုံးချပြီး ကြီးပွားချမ်းသာနေသူတွေတော့ရှိကြောင်း၊ အထူးသဖြင့် ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေး၏ တဦးတည်းသော မွေးစားသမီး ဒေါ်နန္ဒာအေးနှင့် ၀န်ကြီး ဦးအောင်သောင်း၏ သား ဦးပြည်အောင်တို့ စုံတွဲမှာ ဗိုလ်ချုပ်ကြီးမောင်အေး၏ အရှိန်အ၀ါကို အသုံးချပြီး တမဟုတ်ချင်း ချမ်းသာလာကြသူများဖြစ်ကြောင်းကိုတော့ အန်ကယ့်ထံမှ ကြားရဖူးသည်။

ကွယ်လွန်သူ န၀တ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦးနှင့်ပတ်သက်၍မူ ဗိုလ်ချုပ်တင်ဦးသည် နယ်ခရီးစဉ်များကို လှည့်လည်ရာတွင် အတူလိုက်ပါလာသူ အောက်လက်ငယ်သားများ၏ ထမင်းစားပွဲများကို အမြဲလိုလို လာရောက်ကြည့်ရှုလေ့ရှိပြီး သူ့ဝိုင်းတွင်ရှိသည့် ဟင်းပွဲများ သူ လာကြည့်သည့်ဝိုင်းတွင် မတွေ့ရပါက စီစဉ်သူများကို ဆူပူကာ သူ့ဝိုင်းမှ ဟင်းပွဲများကို မ,ချလာတတ်ကြောင်း၊ လက်ဆောင်ပစ္စည်းများကို လက်ခံရာတွင်လည်း အတူလိုက်ပါလာသူများနည်းတူ ညီတူမျှတူသာ လက်ခံတတ်ကြောင်း ဗိုလ်ချုပ်တင်ဦးကို ပုဂ္ဂိုလ်ရေးအရ အလွန်လေးစားပုံရသည့် အန်ကယ်က ထိုအတိုင်း ပြောပြဖူးလေသည်။ ကျနော်က ဗိုလ်ချုပ်တင်ဦး ၃ ကြိမ် ၃ ခါခါတိတိ လုပ်ကြံခံရခြင်းနှင့် နောက်ဆုံးအကြိမ် တရုတ်လှကျေးရွာတွင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ရပုံအကြောင်း အန်ကယ့်ကို စပ်စုကြည့်ရာတွင် ထိုနေ့က ခရီးစဉ်သည် သတင်းထည့်ရမည့် ကိစ္စမဟုတ်သည့်အတွက် ဗိုလ်ချုပ်တင်ဦးက မင်းမလိုက်ခဲ့နဲ့ ဆို၍ သူ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒုတိယအကြိမ် အသက်ချမ်းသာရာရခဲ့ခြင်းဖြစ်ကြောင်း အန်ကယ်က ပြောပြသည်။

ကျနော်က ဗိုလ်ချုပ်တင်ဦးကို ထောက်လှမ်းရေးက လုပ်ကြံတာလား၊ ဘာဖြစ်လို့ လုပ်ကြံခံရတာလို့ အန်ကယ် ထင်လဲဟု ထပ်မံ စပ်စုကြည့်ရာတွင် အန်ကယ်က ထောက်လှမ်းရေးလက်ချက်ဟု သူ မထင်ကြောင်း၊ ဗိုလ်ချုပ်တင်ဦးက ကွယ်လွန်သူ န၀တ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကဲ့သို့ စစ်တန်းလျား ပြန်မယ်လို့ မကြာခဏ ပြောဆိုလေ့ရှိသည့်အတွက် စစ်တန်းလျား မပြန်လိုသည့် အုပ်စုက လုပ်ကြံပုံရကြောင်း သူ့အထင်ကို ပြောပြသည်။ ကျနော်က ထိုမျှနှင့် မတင်းတိမ်ဘဲ ဒါဆို ဘယ်သူ့လက်ချက်လဲ အန်ကယ်ဟု တည့်တည့်မေးသည့်အခါတွင်တော့ အန်ကယ်က ထောက်လှမ်းရေးလက်ချက် မဟုတ်ရင် ဘယ်သူ့လက်ချက်ဖြစ်မလဲ ဆရာ သိပေါ့ဟု ဆိုပြီး သူ့ဝသီအတိုင်း မေးကို လက်နှစ်ဖက်ထောက်ကာ ဒူးနှန့်ရင်း ပြုံးပြုံးကြီးလုပ်နေလေသည်။

(ဆက်လက်ဖတ်ရှုပါရန်)

ဒေါက်တာလွဏ်းဆွေ

- အန်ကယ်နဲ့ ကျနော် ၂ နှစ်ကျော်ကျော် … (ပထမပိုင်း)
- သတင်းစာဆရာကြီး ဦးသောင်းဝင်း (ခ) သောင်းဝင်းဗိုလ်၏ အတ္ထုပ္ပတ္တိ

No comments: