Saturday, June 1, 2013

ခရီးသွားဟန်လွှဲများ

ခရီးသွားဟန်လွှဲများ
ပီ ဆံ သြ

ကြာပြီ
အရင်လို ရင်မဖိုတော့ဘူး
ဒီမယ် ...
ရင်ကို ကင်ဒိုဓားနဲ့ ခွဲလိုခွဲ။

ကမောက်ကမတွေကိုပဲ
ဇောက်ချလုပ်တတ်ကြတာ
မိရိုးဖလာ သက်မွေးဝမ်းကျောင်း။

ဖတ်ဖတ်မော ရွှမ်းရွှမ်းဝေ
ရေရေလည်လည်
ပယ်ပယ်နယ်နယ် စကားအဆင်နဲ့
နှစ်ပါးခွင်လည်း ထွက်တတ်။

ရွာနာတယ် မြို့နာတယ် တိုင်းပြည်နာတယ် ...

တရွာလုံးနာ တမြို့လုံးနာ တပြည်လုံးနာလို့
အချို့ မြို့ကို စွန့်ခွာ
ရွာကို ကျောခိုင်း၊ တိုင်းပြည်က ထွက်။

အချို့ ...
မြို့နာ ရွာနာ တိုင်းပြည်နာတာ
သိပ်သေချာမှ
ရွာကို ဆင်း
မြို့ကို ကပ်၊ တိုင်းပြည်ကို ၀င်
ကျေးဇူးရှင်တွေလို အောက်ကျေးနဲ့ ဈေးကစားကြပြီ
လှလှပပ ... ဆလံသ လိုက
သ ချင်စရာ။

သံလျက်တကားကားနဲ့ စစ်သွေးကြွပဒေသရာဇ်မဟုတ်တဲ့
အသားကျ ပန်းရံဆရာတယောက်လို
ကိုယ့်ခံစစ်ကိုယ် ရန်သူကို ကျောပေးလို့
ခပ်လေးလေး ပြင်သူကပြင်
အောင်မယ် ... ဆင်မယဉ်သာလေး။

သိစရာရှားရတဲ့အထဲ
အဘိဓမ္မာတရားတွေလည်း ပျောက်ဆုံး
ပင်လယ်ထဲ ခုန်ချတဲ့ ကျောက်တုံးလို။

ဒီကြားထဲ လူလိမ်တွေက သစ္စာဆို
“ဘုရားတပည့်တော် မုသာဝါဒကို ခါးဝတ်ပုဆိုးလိုမြဲခဲ့ပါကြောင်း
ထိုမှန်သောသစ္စာစကားကြောင့်”။

ကိုယ့်လူတို့ရေ ...
မွန်ရိုးကို မမီလိုက်၊
ဒေါ်လီပါတန် ပျံလန်နေတုန်း လူလားမမြောက်လိုက်
အလှဖရိုဖရဲဖြစ်စပြုနေတဲ့
ရှာရာပိုဗာရဲ့ ချိုင်းချွေးတပြိုက်ပြိုက်ကို
ထင်းကနဲ မြင်ရတဲ့ ဟိုက်ဒက်ဖနေးရှင်းခေတ်မှာ ဖြစ်ပေမယ့်
နည်းပညာကွန်ရက်တွေနဲ့
လူ့တန်ဘိုး တဆ တက်လာသလား
တဆ ကျသွားသလားကလည်း မရေရာ
ငါ့မှာတော့ ကြာနီကန်တရားတွေကို နားထောင်ချင်တုန်း
ပြုံးစရာတွေ ရှားလွန်လွန်းလို့။

အနည်းဆုံး ....
ဗစ်တာဟူးဂိုးတို့၊ ဆမ္မားဆက်မွန်တို့
အဲလ်ဘတ်ကမြူးတို့၊ ကပ်ဖ်ကာတို့ ဆိုတဲ့ နာမည်တွေကိုမှ
ရွတ်ဖတ်သရဇ္ဖာယ်မှု မပြုရရင် သူများနား ကပ်စားတာတောင်မှ
စားမ၀င် အိပ်မပျော်ဖြစ်တဲ့ ၂၀ ရာစုထဲ အိပ်ပျော်နေခဲ့သူများကလည်း
ယဉ်ကျေးမှုတော်လှန်ရေး အော်လိုအော်။

သွားကြားထိုးတံကလေးကိုက်
မေးစေ့ကလေးထောက်
မျက်လုံးကလေးစင်း
ဝမ်းလျားကလေးမှောက်
ခြေသားလုံး အနှိပ်ခံရင်း ပေါက်ပန်းလေးဆယ် အမြန်ပြကွက်တွေကို
ဇိမ်ခံကြည့်တတ်ရင်ဖြင့် ဂျော့ခ်ျကာလင်း မလို ဗော်လ်တဲယား မလို
အူတက်အောင်ကိုရယ်ရ “ကျလည်း ကျသကို"။

ဓာတ်ခံကောင်းသူတွေ
လွမ်းကြပြီ၊
ချုံးချုံးကျအောင် ယုံမှတ်
ပုံအပ်ပစ်လိုက်တာထက် သက်သာတာရှားတဲ့ခေတ်။

ဒီခေတ် ...
သုံးစက္ကန့်မှတ်ဥာဏ်သာ လိုအပ်တဲ့ခေတ်
ကိုယ့်ကိုကိုယ် ကားနေအောင် ဟပေးပြီး
ကိုယ့်အရှက်တရားအမြှေးပါးကို ကျကျနန သံဝါသပြုခြင်းနဲ့ ထိုးခွဲရဲရင်
အင်းစတန့် ကဗျာဆရာ ဇွတ် ဖြစ်ခွင့်ရှိတဲ့ခေတ်
ကံကောင်းရင်၊ ဂွင်သိရင် တိုင်းဝေးပြည်ခြားသွားပြီး
ပိုဒီယမ်ပေါ် လက်ထောက်လို့
အာလိုရာ အာခေါင်ပေါက်အောင် အာလို့ရတဲ့ခေတ်။

ငါ့အတွက်တော့
နေခံမှန်ခန်းဘေး ထွားထွားရွရွ ရွက်စိမ်းတွေကြားက
မက်ဂနိုးလီးယား ပန်းလေးတပွင့်ကို နမ်း
ကိုလံဘီယာကော်ဖီကြမ်းတခွက်ကို ငုံထားရတဲ့ စီရမစ် မတ်ခွက်ကို ဘေးချ
ခြံထောင့်က ထင်းရူးပင်တန်းကို ဖြတ်တိုက်လာတဲ့ လေကို မသိကျိုးကျွန်ပြု
စီးကရက်ငွေ့ ခပ်ထူထူကို အဆုတ်ထဲ ငါးရစ်တက်သလို မောင်းသွင်း
ကဖိန်းတွေနဲ့အတူ အိပ်ချင်ဖြေမှုတွေနဲ့ နသားပါးယားလုပ်ရင်း
စီရမစ် မတ်ခွက်နဲ့ နှုတ်ခမ်းချင်း တေ့ စုပ်၊
မြုံ့ ၊
လျှာပေါ်တင်
အရသာခံ
မြိုချ
ဥပေက္ခာနဲ့ နေသားကျအောင် ကိုယ့်ကိုယ်ကို ...
ကိုယ့်ဘ၀ကိုယ် တင်ဆွဲဖို့ မြင်းရိုင်းတကောင်ကို ကျင့်သလို ကျင့်ရတဲ့ခေတ်။

ဘာမှဖြစ်မလာဘူး၊
ဖြစ်ခဲ့တာတွေပဲ ခေါင်းစဉ်ပြောင်း
အရှင်လတ်လတ် ၀င်စား
မောက်မာမှု တိုက်ပုံ မီးပူတိုက်သားကျကျနဲ့
ထွန်းကား တိုးပွား
ခွေးများ သားပေါက်သလို
အဲသည်မိုက်ရိုင်းမှုတွေကို
ဖာရုံဖြစ်သွားတဲ့ မုဒ်ဦးဝက
ပုဝါခြုံ အာရုံကျ
ပြီတီတီလုပ်ပြရင်း
ခုတော့ စင်ဒရဲလားလည်း ဖိနပ်တဘက်နဲ့
အရပ်ပျက်ခဲ့ရပြီ။ ။

ပီ ဆံ သြ
မေလ ၂၆ ရက် သက္ကရာဇ် ၂၀၁၃

1 comment:

Than Win said...

This poet is just like a by-stander,who does nothing in practical way but criticise and push the blame to the people who try to save the victim by all means. He had political depression cancer which reaching to a stage can not be cure.