Sunday, May 12, 2013

ဘကြီးပြောင် ညှာတယ်

ဘကြီးပြောင် ညှာတယ်
စိန်သံလုံး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က “ဘကြီးအောင် ညာတယ်” ဆိုတဲ့ သီချင်း ခေတ်စားပြီး လူကြိုက်များခဲ့ပါတယ်၊ သီချင်းစာသားကလည်း ပြောင်မြောက်ပါတယ်၊ ဆရာကြီး မင်းသုဝဏ်ရဲ့ ဇာတ်လမ်းလေးတပုဒ်ကို သီချင်းလုပ်ခဲ့တာပါ။

“အစမငြီးအောင် ချာချာလည် ... ဘကြီးအောင် ညာပါတယ်” ဆိုတဲ့ စာသားလေးက မမေ့နိုင်စရာပါပဲ၊ ဆရာကြီး မင်းသုဝဏ် ဇာတ်လမ်းထဲက လူငယ်လေး ပန်းပုဆရာကြီး ထုနေတဲ့ ပန်းပုရုပ်ကလေးကို လိုချင်လွန်းလို့ ပိုက်ဆံစုနေတယ်၊ ဘကြီးအောင်ကလည်း ပြီးရင် ပေးမယ်လို့ ပြောထားတယ်။

အဲဒီပန်းပုရုပ်ကလေး ပြီးသွားတော့ မြို့က အရာရှိတယောက်ကို ရောင်းလိုက်တယ်၊ အဲဒီ ပန်းပုရုပ်ကို စွဲလမ်းနှစ်သက်နေတဲ့ လူငယ်လေးက သူမရလိုက်လို့ တော်တော် စိတ်ထိခိုက်သွားတယ်၊ ဒါကြောင့် ဘကြီးအောင် သူ့ကို ညာတယ်လို့ ပြောမိတာပေါ့။

“မင်းမှာ သစ္စာ လူမှာ ကတိ” လို့ ဆိုရိုးစကား ရှိခဲ့တယ်၊ လူကြီးလုပ်တဲ့သူက ပိုပြီး ကတိတည်ရမှာပေါ့၊ ဒါပေမယ့် လူကြီးတွေ ကတိမတည်တာ၊ ကတိအတိုင်း ဆက်ပြီး ဆောင်ရွက်ခြင်းမရှိတာတွေကတော့ များမှများ။ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဌကြီးတွေကလည်း ကတိတွေ တခုပြီး တခု ပေးနေတယ်၊ ပါတီဥက္ကဌတွေကလည်း ကတိတွေ အမျိုးမျိုး ပေးနေတယ်။ အဲဒီကတိတွေအတိုင်းကော ဖြစ်နေပြီလား၊ ဆောင်ရွက်နိုင်ပြီလား ဆိုတာကတော့ အုပ်ချုပ်ခံ ပြည်သူတွေ အသိဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် ... ဘကြီးပြောင် ညှာပါတယ်။

သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ် တွေ့ပြီးပြီ။ ဘာတွေပြောပြီး ဘာတွေ သဘောတူထားကြတယ် ဆိုတာတော့ ထုတ်မပြောကြဘူး၊ ဘယ်လို အပေးအယူတွေ ရှိတယ်ဆိုတာမျိုးကတော့ ပွင့်လင်းမှု ထင်သာမြင်သာ မရှိဘူး။ ဒီမိုကရေစီစနစ်မှာ ပွင်းလင်းမြင်သာမှုရှိဖို့ လိုတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာအထိ ဆွေးနွေးညှိနှိုင်းလို့ ရတယ်ဆိုတာမျိုး မသိရလေတော့လည်း ... ။

ဒါပေမယ့် ... ဘကြီးပြောင် ညှာပါတယ်။

ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက အုပ်ချုပ်တဲ့ စနစ်ပါ၊ ပြည်သူတွေ အုပ်ချုပ်ခွင့် ရမရတော့ မသိဘူး။ အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ အရေးကြီးတဲ့ ၀န်ကြီးဌာနတွေမှာ ဘောင်းဘီချွတ်ထားတဲ့ တပ်မတော် အရာရှိကြီးတွေပဲ နေရာယူထားတယ်။

ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်မှူးချုပ်တွေ ပါဝင်တဲ့ အစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးတွေကို ကြည့်ရင် တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ၀န်ကြီးတော့ ဖြစ်တာပဲ။ အရပ်သားဝန်ကြီးတော့ နည်းနည်းပါတာပေါ့၊ အားလုံးပေါင်းရဲ့ ရာခိုင်နှုန်း နည်းနည်းလေးလေ၊ ၁၀ ယောက် မပြည့်ဘူး။

အဲဒီတော့ ပြောင်းလဲတယ်ဆိုတာ ဘယ်လိုလက်ခံရမှာလဲ၊ ညွှန်ချုပ်၊ ညွှန်မှူးတွေကလည်း တပ်ထွက်တွေ များတယ်လေ။ အရပ်သားစစ်စစ် ပညာရှင် ဘယ်လောက်တော်တော် နေရာမရပေမယ့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးလို့တော့ ပြောတာပဲ၊ အရင်လူနဲ့ နောက်လူ အတူတူပါပဲကွယ်လို့ သီချင်းဆိုရမလိုပဲ၊ လွှတ်တော်ထဲက အရေးကြီးတဲ့ ကော်မရှင်၊ ကော်မတီ ဥက္ကဌ နေရာတွေမှာလည်း အရင်လူတွေပဲ ဖြစ်တယ်ဆိုတာ လေ့လာကြည့်ရင် သိနိုင်တာပေါ့။ ၀န်ကြီးပြုတ်တွေက များသား ...။

စိုးရိမ်ဖို့ကောင်းတာ တခုက လွှတ်တော်ထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း (တမတ်သား) ပါနေတာက စိုးရိမ်စရာပါ၊ ဒု-သမ္မတ ၃ ယောက် ရွေးတဲ့ ခွဲတမ်းထဲမှာ ပြည်သူ့လွှတ်တော်က ၁ ဦး၊ အမျိုးသားလွှတ်တော်က ၁ ဦး၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ၁ ဦး ရွေးကြတယ်။

သမ္မတ ရွေးတော့ ၃ ဦးထဲက တဦးကို ရွေးရတာ။ အဲဒီသမ္မတ အနားယူရင် ကျန်းမာရေးအရ မလုပ်နိုင်တော့ရင် ဒု-သမ္မတ (၁) သမ္မတ ဖြစ်မှာ။ တပ်မတော်သား ခွဲတမ်းနဲ့ ရွေးထားတဲ့ ဒု-သမ္မတကို သမ္မတအဖြစ် ရွေးရင် တရားပါ့မလား၊ သမ္မတ ဦးသိန်းစိန်ကို ရွေးတုန်းက ဒု-သမ္မတ (၁) က တပ်မတော်ကိုယ်စားလှယ် သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ခဲ့တယ်၊ ဦးသိန်းစိန် ကျန်းမာရေးကြောင့် နားရင် သူပဲ သမ္မတကြီး ဖြစ်ရမှာ။

ဒီတော့ ပြည်သူက ရွေးတာ မဟုတ်တဲ့ အလွယ်တကူ ယူထားတဲ့ ခွဲတမ်းက သမ္မတ ဖြစ်သွားရင် ဘယ်လိုလုပ်ကြမှာလဲ၊ ဒု-သမ္မတ ၃ ယောက်ထဲက တပ်မတော်ခွဲတမ်းက သမ္မတဖြစ်သွားရင်ကော ဘယ်လိုရှင်းကြမှာလဲ။ ပြည်သူက ရွေးထားတာ မဟုတ်ဘူးနော်။ ဒါကို ဒီမိုကရေစီကျင့်ထုံးလို့ ပြောမလား။ ပြည်သူတွေကတော့ နိုင်ငံရေးမှာ တပ်မတော် မပါစေချင်ဘူး၊ နှစ်ပေါင်း ၅၀ နီးပါး အာဏာနဲ့ အုပ်ချုပ်လာတဲ့ တပ်မတော်ပုံစံကိုလည်း မကြိုက်ဘူး။

ဒါပေမယ့် ... ဘကြီးပြောင် ညှာပါတယ်။

ပြည်တွင်းမှာ အစိုးရကို ဝေဖန်ဆန့်ကျင်တဲ့ စကား လုံးဝ မဟရဲတဲ့ ပါတီခေါင်းဆောင်တဦးဟာ နိုင်ငံခြားရောက်ရင်တော့ ရင်ဖွင့်ပါလေရော။ ဒီတော့ ဘယ်လို နားလည်ရမှန်းမသိတော့ဘူး။ ပြည်တွင်းက ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိလို့ အားမလို အားမရ ဖြစ်နေရတဲ့အထဲ ဆုတွေက တဆုပြီးတဆု ရရှိနေပေမယ့် ...၊ နာတာရှည် နှာစေးနေတယ်လို့ အပြောခံရပေမယ့် ...

ပြည်ပမှာတော့ ရင်တွေ အစွမ်းကုန်ဖွင့်နေပါလား။ လက်ခုပ်သံတွေ ဆူညံနေပါရောလား။

ဒါပေမယ့် ... ဘကြီးပြောင် ညှာပါတယ်။

တယ်လီဖုန်းကိစ္စ၊ ၁၅၀၀ တန် ဖုန်းကိစ္စ တော်တော်လေး စဉ်းစားရခက်ပါတယ်၊ မြန်မာ့ဆက်သွယ်ရေးနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန်ခါတင် ကုမ္မဏီ ၁၂ ခုကို အတိအကျ ရွေးခဲ့ပြီးပြီ။

အဲဒီ ရွေးခဲ့တဲ့ ကုမ္မဏီ ၁၂ ခုထဲမှာ မပါဝင်တဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC TEL) က စီဒီအမ်အေ ၈၀၀ မဂါဟက် မိုဘိုင်းဖုန်း နက်ဝပ်စ်တာဝါတိုင် တည်ဆောက်ခွင့်ရသွားတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ SECOND OPERATOR ရွေးပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ SECOND OPERATOR လို လုပ်ပိုင်ခွင့်ရသွားတာ အံသြလောက်ပါရဲ့။

တာဝါတိုင် ၂၈၂ ကို ချက်ချင်း တည်ဆောက်လို့ မရဘူးဆိုတာ လူတိုင်း သိပါတယ်။ နေ့ချင်းညချင်း လုပ်လို့မရဘူး၊ တယ်လီဖုန်း ဆက်သွယ်ခ ကောက်ခံခွင့်၊ ကြိုတင်ငွေဖြည့်ကတ် ရောင်းချခွင့်တွေကို MEC ဆိုတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ရသွားတာ ရိုးသားမှုရှိရဲ့လား၊ ထင်သာမြင်သာ ပွင့်လင်းမှုရှိရဲ့လား၊ စဉ်းစားစရာတွေ ဖြစ်နေပါတယ်။ ရာဂဏန်းရှိတဲ့ ပြည်တွင်းပြည်ပ ကုမ္မဏီတွေလို ၀င်ရောက်ယှဉ်ပြိုင်စရာမလိုဘဲ MEC အခွင့်ထူးခံ ဖြစ်သွားတာဟာ ဒီမိုကရေစီတဲ့လား။ လုပ်ချင်တာ လုပ်ခဲ့တာက ဘယ်သူတွေ အကျိုးရှိဖို့လဲ၊ လုပ်ချင်သလို လုပ်နေတာကို ပြည်သူတွေက မသိဘူး ထင်လို့လား။

ဒါပေမယ့် ... ဘကြီးပြောင် ညှာပါတယ်။

နေရာတိုင်းမှာ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဘောင်းဘီချွတ်ပြီး အခွင့်အရေးတွေ ရနေကြတာ မြင်လို့ မကောင်းပါဘူး၊ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမည် ဘယ်လိုပြောင်းပြောင်း၊ ဘောင်းဘီ ဘယ်လိုချွတ်ချွတ်၊ အရင်လူတွေပဲ ကောင်းစားနေတာတွေ မြင်ရတွေ့ရတော့လည်း ပြောစရာ ဆိုစရာတွေ များများလာတယ်။

လယ်သမားတွေ လယ်သိမ်းခံရ၊ မိဘဘိုးဘွားပိုင်မြေတွေ မတရား အနိုင်ကျင့်ခံရလို့ ဒို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေလို့ အော်လို့ မရတော့ဘူး၊ အလုပ်သမားတွေလည်း အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ နှိပ်စက်မှု၊ ဖိနှိပ်မှု၊ မတရားလုပ်မှုတွေနဲ့ အလုပ်ကောင်းကောင်းမလုပ်ရဘဲ ဆန္ဒဖော်ထုတ်နေရတာနဲ့ အချိန်ကုန်နေတယ်။ တာဝန်ရှိတဲ့ လူကြီးတွေက ခုံသမာဓိ ဆုံးဖြတ်ပေးလည်း အလုပ်ရှင်တွေက ဂရုတောင်မစိုက်ဘူး၊ အခုထိ ဖြေရှင်းရ ခက်တုန်း ...။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နယ်မြေက ပြဿနာကလည်း တရုတ်ကုမ္မဏီနဲ့ ဒေသခံ ပြဿနာထက် (လုံထိန်းရဲနဲ့ ဒေသခံ ပြဿနာ) ဖြစ်လာတယ်။ ကူညီပါရစေဆိုတဲ့ ရဲတွေက လယ်သမားတွေကို သေနတ်နဲ့ ပစ်နေပြီ။ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ ပစ်တဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ဖော်ထုတ်ခြင်း၊ အရေးယူခြင်း မရှိခဲ့တဲ့အပြင် ရဲတွေကို အားမငယ်ဖို့ တိုက်တွန်းခဲ့တဲ့ စကားကတော့ ကမ္ဘာကျော်သွားပါပြီ။ ရဲတွေကတော့ ခုချိန်ထိ အနိုင်ကျင့်နေတုန်းပါပဲ။

မအူပင် မလက်တိုက ရဲတွေ အပြစ်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ရိုက်နှက်ကြတာ ရုပ်သံမှတ်တမ်း ကြည့်ကြရမှာပါ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက ရဲတွေကတော့ ၀မ်ပေါင်ကုမ္မဏီအတွက်ပဲ တာဝန်ထမ်းဆောင်နေကြတာပါ။ ၀မ်ပေါင်ကလည်း ဘယ်လိုတာဝန်ယူထားမလဲ။ ငွေတွေ ဘယ်လိုပေးထားမလဲ ဆိုတာတော့ မသိရပေမယ့် ရဲတချို့ကတော့ ၀မ်ပေါင်ကုမ္မဏီက (နေ့တွက်ပေးတဲ့ ငွေနဲ့ စားရတယ်) ဆိုပဲ။ သူ့ဆန်စားတော့လည်း ရဲကြပေါ့။

မကြာသေးခင်ကပဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရဲတွေ လာဘ်စားတယ် ပြောလို့ ထောင် ၃ လ ချလိုက်တယ်။ တော်တော်လေး မတရားလုပ်တဲ့ တရားဥပဒေစိုးမိုးရေးပဲ။ မြန်မာပြည်မှာ လာဘ်မစားတဲ့ ရဲ ရှာပေးနိုင်လို့လား။ ရဲစခန်းကို ရောက်ခဲ့တဲ့သူတိုင်း ရဲနဲ့ ဆက်ဆံသူတိုင်း ကိုယ်တွေ့တွေ ရှိတယ်၊ သိပ်ပြီး လူကောင်းယောင် မဆောင်ကြနဲ့။ ဒီကြားထဲ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်က ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးခဲ့တဲ့ နေမျိုးဇင်ကို ထောင်ကြွေးကျန် ၆ နှစ် ထပ်ပြီး ချလိုက်သတဲ့ဗျာ။ သူလည်းပဲ ရဲတွေအထက်က လူကြီးဆိုတော့ ရဲကို ထိတော့ နာတာပေါ့။ မြန်မာပြည်မှာ ဥပဒေအထက်မှာ ဘယ်သူတွေ ရှိသလဲဆိုတာ သိကြတယ် မဟုတ်လား။ လောလောဆယ်တော့ ဥပဒေအထက်မှာ ဒေါက်တာဆိတ်ဖွား ရှိတယ်နော်။

ဒါပေမယ့် ... ဘကြီးပြောင် ညှာပါတယ်။ အစမငြီးအောင် ချာချာလည်နေပါပြီ။

စိန်သံလုံး

4 comments:

Dragon. said...

ဒေါ်အောင်ဆန်းစုကြည် ကလက်ပံတောင်းတောင် အစီရင်ခံစာ ကိုကာကွယ်ပြောဆို ရာမှာ သံဃာတွေမီးလောင်တိုက်အသွင်းခံရ မှုမှာ မီးလောင်ဗုံး
ပစ်တဲ.ရဲတွေ အပြစ်မရှိဘူးလို. ပြောပါတယ် ။
... ဒါဆိုရင် သံဃာတွေမီးလောင် မှုမှာ အောက်ပါ
တစ်ခုခုတော. ဆက်ပြီး ပြောဆိုသင်.ပါတယ် ၊

(၁) မီး ခိုးဗုံးပစ်တဲ.ရဲတွေ မှာအပြစ်မရှိ ပါဘူး ၊ အမိန်. ပေးစေခိုင်းသူ မှာဘဲတာဝန်ရှိပါတယ် ။
(၂) မီး ခိုးဗုံးပစ်တဲ.ရဲတွေ မှာအပြစ်မရှိ ပါဘူး ၊ အမိန်. ပေးစေခိုင်းသူ မှာလည်းတာဝန်မရှိပါဘူး ။
(၃) သံဃာတွေဘက်က မှားတာပါ ။
.... တချိန်က ပြည်သူတွေကို မိန်.ခွန်းပြောရင်
" မှန်တာကို မှန်တယ်လို.ပြောရဲရမယ်၊ မှားတာကို မှားတယ် လောက်တော.ပြောရဲကြပါ ၊ မှားတာကို မှန်တယ် မလုပ်ပါနဲ. ၊
.. ကြောက်ရင်လည်း မျက်စိဖွင်.ကြောက်ကြ ၊
မျက်စိမှိတ် မကြောက်ကြနဲ. လို.ပြောတာမှတ်သားမိလို.ပါ ။
.. သံဃာတော်တွေကိစ္စ ပြည်သူတွေ ကို ဂဃနဏ ရှင်းပြသင်.ပါတယ် ။

zczc said...

that right

thet said...

တော်ပါတယ်
ကိုလွမ်းဆွေ

aungko latt said...

တော်တယ်