Friday, February 15, 2013

ဒီလိုရှိတယ် ဒေါက်တာလွဏ်း

ဒီလိုရှိတယ် ဒေါက်တာလွဏ်း
သစ်ကောင်းအိမ်

သတင်းကျွတ်ခဲ့ပြီ
တန်ဆောင်တိုင်ခဲ့ပြီ
နယူးလည်းယားခဲ့ပြီ။

ကျွတ်ပေါ့
သတင်းကျွတ်တော့ မီးပုံပျံလွှတ်ကြပေါ့
တန်ဆောင်တိုင်တော့ နှစ်ဆောင်ပြိုင်ကြပေါ့
နယူးယားတော့ ဝူးဝူးဝါးဝါး ထအော်ပေါ့
ဘာဆန်းလဲ။

ဘုရားသခင် သေပြီ
ကဗျာ သေပြီ
ဂန္ဒီကြီးလည်း သေပြီ။

သေပေါ့
ဘုရားသခင်သေတော့
ဘာသာရေးသမားတွေ စစ်ထဲလိုက်ကြပေါ့၊
ကဗျာသေတော့
ကဗျာဆရာတွေ ဇာတ်ထဲလိုက်ကြပေါ့၊
ဂန္ဒီကြီးသေတော့ ငြိမ်းချမ်းရေးသမားတွေ
သားသတ်ရုံမှာ အလုပ်ဝင်ကြပေါ့၊
ဘာဆန်းလဲ။

ဘာဆန်းလဲ
လူ့အခွင့်အရေးဆုတွေ ရပြီး
လူ့အခွင့်အရေး မရရှာသူ
ကမ္ဘာကြီး။

ဘာဆန်းလဲ
လူက လူကို မွေးပြီး
လူက လူကို သတ်ဖြတ်လျက်ရှိသော
ကမ္ဘာကြီး။

ဘာဆန်းလဲ
ငရမန်လက်ထဲ
ခွေးသေဝက်သေ သေရစ်ခဲ့ပါလေ
ကမ္ဘာကြီး။ ။

သစ်ကောင်းအိမ်
(၆ ရက်၊ ဇန်နဝါရီ၊ ၂၀၁၁)