Saturday, January 26, 2013

ကချင်ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို စစ်တပ် တားမြစ်

ကချင်ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို စစ်တပ် တားမြစ်
ရန်ပိုင် (ဧရာဝတီ)၊ January 25, 2013

ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရန်အတွက် ပဋိပက္ခဖြစ်ပွားနေသည့် ကချင်ဒေသသို့ သွားရောက်သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ၅ ဦးကို လိုင်ဇာမြို့မှ ၁၅ မိုင်ခန့် အကွာသို့အရောက် အစိုးရစစ်တပ်က ဆက်လက်မသွားရန် တားမြစ်ခဲ့သည်။

မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ကိုနေမျိုးဇင်နှင့်အဖွဲ့သည် တာဝန်ရှိသူများ တားမြစ်နေသည့်ကြားမှ လဂျားယန်မှတဆင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်လိုသည်ဟု အကြောင်းပြ ထွက်ခွာလာရာ နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်ကြောင့် ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နှင့် ၅ မိုင်ခန့် အကွာတွင် လာလမ်းသို့ ပြန်လည်စေလွှတ်ခဲ့သည်ဟု ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်က “ဒေါ့ဖုန်းယန် ဗျူဟာကုန်းဘေးက ဖြတ်ကတည်းက သူတို့သိနေတာပဲ မတားဘူး၊ ခက်ခက်ခဲခဲ သွားပြီး လိုင်ဇာ ရောက်ခါနီး ခါယာတောင်ခြေ သိန်းဆင့်လမ်းခွဲရောက်မှ စစ်ကြောင်းကားတွေ ရောက်လာပြီး ဗျူဟာမှူးအမိန့်ဆိုပြီး တားမြစ်ခံရတာ စိတ်မကောင်းဘူး” ဟု ပြောဆိုသည်။

ဇန်န၀ါရီ ၂၄ ရက်က လာရောက်တားမြစ်သည့် အရာရှိများက ရှေ့လမ်းခရီးတွင် မိုင်းအများအပြား ရှိသည့်အတွက် အန္တရာယ်များကြောင်း ကောင်းမွန်စွာ ပြောဆိုသည်ဟု ကိုနေမျိုးဇင်က ပြောသည်။

၎င်းတို့ လာရောက်သည်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ဒေသခံများမှ တဆင့်သိရှိကြောင်း၊ ယခုပဋိပက္ခတွင် မည်သည့်ဘက်မှ ရပ်တည်ရန်မဟုတ်၊ ကချင်ခေါင်းဆောင်များ၏ ပြောကြားလိုသည့် အကြောင်းအရာများကို နားထောင်ပြီး ပြန်လည်စေ့စပ်ရန် ယုံကြည်ချက်ဖြင့် ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လမ်းခရီးတလျှောက်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု၊ မိုင်းခွဲမှုများကြောင့် တံတားများ၊ လမ်းများ ပျက်စီးနေသည့် စစ်၏အနိဋ္ဌာရုံများကို မြင်တွေ့ရကြောင်း၊ ဆွဲမိုင်း၊ နင်းမိုင်းနှင့် အဝေးထိန်းမိုင်း အများအပြား ထောင်ထားသည်ဟု ဒေသခံများကလည်း ပြောဆိုကြောင်း၊ လိုင်ဇာအနီးတ၀ိုက်တွင် အစိုးရစစ်တပ် စစ်ကြောင်းများ သွားလာလှုပ်ရှားနေပြီဖြစ်သည့်အတွက် ထိုးစစ်လည်း ကျရောက်လာနိုင်ကြောင်း ကိုနေမျိုးဇင်က မျက်မြင်အခြေအနေကို ပြောပြသည်။

“စစ်ဆင်ရေးက တနှစ်လောက်ရှိပြီဆိုတော့ ရဲဘော်တွေမှာ ဆံပင်တွေလည်း ရှည်၊ ကွမ်းဆေးလိပ် ငတ်ပေါ့၊ ကျနော့်ကား မြင်တော့ ပြေးလာပြီး ငြိမ်းချမ်းချင်ပြီလို့ ပြောတယ်၊ ၀မ်းနည်းစရာပါ”ဟုလည်း ၎င်းက ပြောသည်။

အလားတူ ကချင်၊ ရှမ်း၊ လီဆူး စသည့် ဒေသခံများလည်း စစ်၏ဆိုးကျိုးများကို ခံစားနေရကြောင်း၊ ဘွဲ့ရပညာတတ် အမျိုးသမီးများကိုလည်း စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်မှုများရှိကြောင်း၊ စစ်ပွဲပြင်းထန်နေသည့်ကာလတွင် လက်ကိုင်ဖုန်းများကို သိမ်းဆည်းထား၍ နေအိမ်များနှင့် ဆက်သွယ်ခွင့်မရသည့်အတွက် ပြန်လည်ခေါ်ဆောင်ပေးရန် တိုင်ကြားမှုများကိုလည်း ကြုံခဲ့ရကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။

ထို့ကြောင့် ဒေသငြိမ်းချမ်းရေး စစ်ပွဲများ ရပ်တန့်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းများကို ငြိမ်းချမ်းစွာဖြေရှင်းရန် မေတ္တာရပ်ခံလိုကြောင်း၊ ဒေသတွင်းငြိမ်းချမ်းစေရန် လူထုအင်အားဖြင့် ထပ်မံလုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အနေဖြင့် ဗန်းမော်-ဒေါ့ဖုန်းယန် လမ်းတလျှောက်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ခြုံစောင်နှင့် အနွေးထည်၊ အစားအသောက်များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့အထိ ပထမဆုံးအကြိမ် လမ်းလျှောက်ချီတက်သည့် လှုပ်ရှားမှုတခုကိုလည်း ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းက စတင်ခဲ့ကြသည်။

9 comments:

Unknown said...

wow Uncle Nay Myo zin...we appreciate u. we see u that u are standing the right side..poor and many ...unfair matter.. We like u uncle GO AHEAD ...STAND FIRM..LEAD AND OPEN US STRONGLY.. go haead...till LIZA kachin refugee place and who are under crooked burmese fire..save them..strenghten them..do it..guide them..WE NEED SUCH AS LIKE U WHO REALLY KIND AND LOVE .......AND WHO WANTS HUMAN RIGHT... u are one of our historical LEADER...WE ADMIRE U...SUPPORT U...

မောင်ပြောချင် said...

နေမျိုးဇင်ပြောသွားတာကိုကြည့် စစ်သားတွေကသူ့ကားမြင်တော့ပြေးလာပြီးငြိမ်းချမ်းချင်ပြီပြောတယ်။ စစ်သားတွေကိုယ်၌လည်းစစ်မတိုက်ချင်ဘူး။အရာရှိတွေလည်းထိုနည်း၎င်းပါပဲ။အုပ်ချုပ်ရေးပိုင်းကလည်းဆွေးနွေးစကားပြောဖို့ဖိတ်ခေါ် တယ်။ဒါပေမယ့်ဘာလို့သေနတ်သံတွေမတိတ်နိုင်သေးတာလဲ။ကိုယ့်ကိုကိုယ်ခုခံကာကွယ်ယုံမှလွဲ၍ထိုးစစ်မဆင်ပါဘူးလို့ပြောထားတာဆိုတော့ ငါတို့သွားတိုက်မယ်သေနိုင်သလောက်သတ်ခဲ့မယ်။အခြေအနေမဟန်မှ ပြန်ဆုတ်မယ်။သူ့စကားနဲ့သူလိုက်ပြီးထိုးစစ်ဆင်မှာမဟုတ်ဘူး။ထိုးစစ်ဆင်ရင်လည်းကောင်းတာပဲ။စကားမတည်ကြောင်းကမ္ဘာတလွှားသိအောင်ပြောမယ်။ဒီလိုလုပ်နေတာကိုကိုယ်ပိုင်ဦးနှောက်ရှိတဲ့လူတိုင်းလက်မခံနိုင်ပါဘူး။ခုနေမျိုးဇင်ကရှေ့တန်းနဲ့အနီးစပ်ဆုံးသွားပြီးတကယ့်စစ် သားစကားကိုပြန်ပြောပြနေတာ အားလုံးသိရင်ဘယ်သူကစစ်ဝါဒီဆိုတာသဘောပေါက်နိုင်မယ်လို့ထင်ပါတယ်။

aristhteinwin said...

စစ်သားတွေက ဘယ်တိုက်ချင်မှာလဲ- အငတ်ငတ် အပြက်ပြက် နဲ့ -ဒီကြားထဲ အဆင်မသင့်ရင် အသက်ပေးရဥိးမယ်- မတော်တဆ တိုက်ပွဲမှာ ကျဆုံးလို့ ဖြစ်စေ- ဒဏ်ရာရလို့ ခြေ-လက် ဖြတ်လိုက်ရရင် စစ်ပြန်ဘ၀ သူတောင်းစားဖြစ်ရော- ကောင်းစားတော့ ဗိုလ်ချုပ်ကြီးတွေ-ဒုက္ခရောက်တော့ ရဲဘော်စစ်သား-

Anonymous said...

ကိုကြီးမောင်ပြောချင်ရယ် ပြောချင်ရင်စစ်တပ်ကိုသွားပြော ဘို့ပဲလိုအပ်မယ်ထင်တယ် တပ်မတော်ကမတိုက်ချင်လို့ သာတော် တော့တယ် ကချင်စစ်သားတွေကို အတင်းထိုးစစ်ဆင် တိုက်တယ် ဒါတော့ ထားတော့ပြည်သူတွေကိုပါလက်နက် ကြီးပစ်တယ် မီးရှု၊ မုဒိမ်းကျင့်၊ အကုန်လုပ်တယ် ဒါကမီဒီယာခောတ်နော် သိနေ ရတယ် စစ်တပ်ကိုမကာကွယ်ပါနဲ့ ပြည်သူကိုကာကွယ်ပါ

saw kt oo said...

အဓိကကအစိုးရဘက်ကအပစ်ရပ်ကြောင်း၂ကြိမ်ကြေညာ
ပီးငြိမ်းချမ်းရေးရအောင်ကြိုးစားကြည့်တယ်။ဒါပေမဲ့ကေအိုင်
အေတွေကတစ်ခါမှအပစ်ရပ်ကြောင်းမကြေညာခဲ့ဘူး
အမှန်ကနှစ်ဘက်ကြေညာပီးတစ်ပတ်လောက်ဆိုရင်ပစ်သံတွေရပ်သွားမှာပေါ့။
အခုတော့ကေအိုင်အေကချောင်းပစ်
ထွက်ပြေး။မိုင်းထောင်ဗုံးခွဲ။ဆက်ကြေးကောက်။လူအတင်းဆွဲ။
စစ်တပ်ကိုမပစ်ရဲတော့။အရပ်ဖတ်ဝန်ထမ်းတွေကိုဝင်ပစ်။ငြိမ်းချမ်း
ရေးဆွေးနွေးဘို့ဆိုတစ်ခါကိုတစ်မျိုးမဟုတ်မဟုတ်တာတွေမရိုးနိုင်အောင်
အကြောင်းပြ။အပစ်မရပ်ဘဲဆွေးနွေမဲလို့ပြောပီးအတိုက်ခံရတော့လဲအော်ငို
ကဲကေအိုင်အေကိုဘာလုပ်သင့်တယ်ဆိုတာကို

မောင်ပြောချင် said...

အေးကွ အဲဒါဘယ်မှာကြည့်ရမှာလဲ စစ်တပ်က မုဒိန်းကျင့် ပေါ်တာဆွဲ တွေလုပ်တာအထောက်အထားလေးတွေနဲ့ဆို လုပ်ကွာ သိရသလောက်ကတော့ kia ကဒါတွေလုပ်တာနော် media ခေတ်နော်ညီလေး media အကုန်နားထောင်ပါစဉ်းစားပါ။သိပ်မကြာသေးခင်က DVB ကပြသွားတဲ့ကချင်ထိုးစစ်ရပ်ဆိုင်းရေးအတွက်ထိုင်းနိုင်ငံမှာဆန္ဒပြတဲ့ ဦးဆောင်သူတစ်ဦး(အမျိုးသမီး) ပြောသွားတာ ကချင်နိုင်ငံတော်ကြီးအတွက်။ကချင်နိုင်ငံတော်သီချင်းဆိုကြရအောင်ဆိုပြီးဆိုသွားကြတာ။ အဲဒီလိုဆိုတို့မြေပြန့်တိုင်းရင်းသားတွေဘာလုပ် ကြရမလဲ။နောက်media ခေတ်ဆိုတော့ media တွေကသတ္တိရှိရှိ စွန့်စွန့်စားစား ရှေ့တန်းသတင်းတွေကိုဘက်၂ဘက်လုံးစီက ကြားချင်တယ်ကွ။ဝါဒဖြန့်သတင်းလောက်သာဖော်ပြနိင်ရင်တော့ လွတ်လပ်သောmedia လို့မခံယူကြပါသေးနဲ့။

ဖြိုးသီဟ said...

စစ်သားတိုင်းကိုလည်းမရွံမုန်း။သိုသော်မချစ်မလေးစား။သို့သော်ယခုNlDမှာနာရကအဖြစ်ထမ်းဆောင်နေသောစစ်သားဖြစ်ခဲ့ဖူးသူဦးတင်ဦးပြောခဲ့ဖူးသောစကားကိုတော့သတိလည်းရမှတ်လည်းမှတ်သားထားမိသည်။သူပြောသွားသည်ကကျွန်တော်ဟာတပ်မတော်ကိုလည်းချစ်တယ် ။ပြည်သူကိုလည်းချစ်တယ်။ဒါပေမဲ့တပ်မတော်ထက်ပြည်သူကိုပိုပြီးချစ်တယ်တဲ့။ဒါကြောင့်တပ်မတော်သားတွေဟာတရောက်နဲ့တရောက်အရည်အသွေးစိတ်ဓာတ်မတူနိင်ပါဘူး။ဒါကြောင့်ဗိုလ်ကြီးဟောင်းဖြစ်ခဲ့ဖူးသောကိုနေမျိုးဇင်ဟာတပ်မတော်ထက်ပြည်သူကိုပိုချစ်သောကိုနေမျိုးဇက်လို့ပဲလက်ခံထားပါတယ်။ပန်းတနော်မှာဖြစ်တဲ့ကိစ္စမှာလည်းပြည်သူတွေတောင်သူလယ်သမားတွေဘက်ကနေအမှန်တရားကိုရဲရဲဝံ့ဝံ့ရပ်တည်ပေးခဲသူပါ။ဘာပဲဖြစ်ဖြစ်ကိုနေမျိုးဇင်ကိုလေးစားပါတယ်။

Unknown said...

စစ်တပ်မကောင်းကြောင်းပြောနေတဲ့သူတွေကချင်ပြည်နယ်အရေးမှာစစ်တပ်ကလွန်တာလား
ကေအိုင်အေကလွန်တာလားသိအောင်မင်းတို့မြစ်ကြီးနားကိုရထားစီးပြီးလာခဲ့လိုက်
ဘုရားတပြီးမစီးရပဲအိပ်ပြီးစီးလို့ရခဲ့ရင်မင်းတို့ပြောချင်တာသာပြောတော့

win said...

မှန်၏
စစ်တပ်မကောင်းကြောင်းပြောတဲ့သူအများစုဟာ
သူပုန်တော မနေဘူးတဲ့သူများ ဖြစ်မှာပါ
ကျွန်တော်တို့ဖက်လဲ သူပုန်အဖွဲ့ပေါင်း များစွာရှိပါသည်။ရွာသားကသူပုန် သူပုန်ကရွာသား ဖြစ်နေကြသူများလဲ အများအပြားပါ။စစ်တပ်မရှိခင် အရင်ကဆို
မဲမဲမြင်ရာကြောက်နေခဲ့ရတာပါ
ဥပဒေ ဆိုတာသူတို့ပါစပ်ထဲမှာ သူတို့လက်ထဲကိုင်ထားတဲ့ လက်နက်က သင်္ကြန်ရေပွတ်မှမဟုတ်တာ