Saturday, January 26, 2013

ဘောလုံး၊ နိုင်ငံရေးနှင့် စံကွန့်

ဘောလုံး၊ နိုင်ငံရေးနှင့် စံကွန့်
စံကွန့်

စံကွန့်က လူကသာ ဘာမှမဟုတ်တယ်။ အားကစားတော့ စိတ်အ၀င်စားသား။ ဘောလုံးကန်တယ်၊ ကြက်တောင်ရိုက်တယ်၊ ပိန်ပေါင်ကစားတယ်၊ ဘတ်စကက်ဘောလည်း ကြိုက်တယ်၊ ဂေါ့ဖ်တောင် နည်းနည်းပါးပါး ရိုက်ဖူးသေးတယ်။ ပိုက်ဆံမတတ်နိုင်လို့။ ကနေ့ - စစ်အစိုးရက မျက်စိကျလို့ ဂွင် လေး ဘာလေးများ မိလို့ကတော့ Golf ပြန်ရိုက်ဦးမှာ။

အဲသည်လို ဟိုစပ်စပ် သည်စပ်စပ် ရှိလှတဲ့ စံကွန့် သူငယ်ချင်းထဲမှာ ထူးထူးချွန်ချွန် ဖြစ်သွားတဲ့ ဘောလုံးသမား တယောာက်ရှိတယ်။ နဂိုကတော့ စံကွန့်တို့လိုပါပဲ။ နောက်တော့ ဒီကောင်က ဘောလုံးမှာ ပါရမီလေးကပါတော့ အတော်လေး ထူးချွန်လာတယ်။ မြို့နယ်၊ ခရိုင်အဆင့်ကနေ နောက်ဆုံး တိုင်းလက်ရွေးစင် ဖြစ်သွားတယ်။ တိုင်းနှင့်ပြည်နယ်ပွဲတွေမှာ ၂ နှစ် ၃ နှစ်လောက်လည်း ကန်ပြီးရော ရန်ကုန် ပထမတန်းအသင်းကြီးတခုက သူ့ကိုခေါ်လို့ ကန်ရင်းနဲ့ မြန်မာ့လက်ရွေးစင်တောင် ဖြစ်သွားပါတယ်။

သူ့ဖါသာ မြန်မာ့လက်ရွေးစင်ဖြစ်ဖြစ် မဖြစ်ဖြစ် စံကွန့်နဲ့ တွေ့လို့ကတော့ ငယ်သူငယ်ချင်းလည်း ဖြစ်ပြန်၊ ငယ်ငယ်ကတည်းကအတူ ဘောလုံးကန်လာတဲ့ကောင်တွေဆိုတော့ သူ အပိုးကျိုးပါတယ်။ ဘယ်မှာ ပွဲရှိတယ်၊ ဘယ်နေ့ဘယ်မှာ ကန်မယ်ဆိုလည်း စံကွန့်ကို ရတဲ့နည်းနဲ့ အကြောင်းကြားလေ့ရှိပါတယ်။ စံကွန့်ကလည်း အမြဲအားပေးပါတယ်။

တနေ့ … သူတို့အသင်းနဲ့ တခြားနာမည်ကြီး ပထမတန်းအသင်းတခု အောင်ဆန်းကွင်းမှာ ကန်ကြပါလိမ့်မယ်။ ရှုံးထွက်ဖလားဆိုတော့ အရေးကြီးတဲ့ ပွဲတခုပါ။ စံကွန့်ကလည်း ဘောသူရဲဆိုတော့ ၄ နာရီခွဲ ကန်မယ့်ပွဲကို ဈေးလေးဘာလေး ကြိုက်ရင်လည်း နည်းနည်းပါးပါး သောက်ဖို့ စားဖို့ရအောင် ကသော့ ချင်တဲ့ ဆန္ဒကြောင့် ၃ နာရီကတည်းက ပြား ၃၀ တန်းဖြစ်တဲ့ တောင်ဘက်တန်းမှာ နေရာယူပြီးပါပြီ။ တိုတိုပဲ ပြောကြပါစို့။

၎ နာရီခွဲတော့ ပွဲစပါတယ်။ ပထမပိုင်း ၀-၀။ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘူး။ ဒုတိယပိုင်း ပြန်စတော့လည်း သရေပဲ။ ဒီပွဲက ရှုံးတဲ့သူ ထွက်ရမှာ အရေးကြီးတယ်။ ပွဲပြီးဖို့ ၁၀ မိနစ်အလိုလောက်အထိ ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘူး။ ပွဲပြီးဖို့ ၅ မိနစ် အလိုလောက်မှာ တဘက်အသင်းက ရှေ့တန်းလူက ဘယ်ဝင်းက တင်ပေးလိုက်တဲ့ ဘောလုံးကို ယူပြီး လွတ်လွတ်ကျွတ်ကျွတ်ကြီး ဂိုးသမားနဲ့ ၂ ယောက်ချင်း တွေ့ကြမယ့်အချိန်။ ကျနော့်သူငယ်ချင်းက Centre Back က ကစားတဲ့သူ၊ နောက်တန်း လုံတယ် မလုံဘူးဆိုတာ သူ့အပေါ်မှာ အများကြီး တည်တယ်။ ဘောလုံးဆွဲပြီး ဂိုးရှေ့ရောက်တော့မယ့် ရှေ့တန်းလူနဲ့က ခြေ ၂ လှမ်းလောက် ပြတ်နေပြီ။ သွားတော့မယ်၊ ဂိုးပေးရတော့မယ်။ အဲဒီအချိန်မှာ ကျနော့်သူငယ်ချင်းက ဘောလုံးဆွဲပြီး ဂိုးသွင်းတော့မယ့် ရှေ့တန်းလူရဲ့ ခြေထောက်ကို ၀မ်းလျားထိုးပြီး ချိတ်ဆွဲလိုက်တော့ ရှေ့တန်းလူလည်း ဂိုးမသွင်းနိုင်ဘဲ မှောက်လျက်လဲသွားပါတယ်။ ဘာပြောကောင်းမလဲ၊ ဒိုင်လူကြီး ပြေးလာပြီး ကျနော့်သူငယ်ချင်းကို အနီကတ်တထောင်ထာင်ပြ၊ ချက်ခြင်းကွင်းထဲက ထုတ်ပစ်သလို ပရိသတ်ကလည်း သူ့ကို ဆဲလိုက်ကြတာ မအေနှမ မိုးမွှန်နေတာပါပဲ။

ကံအားလျော်စွာလို့ပဲ ဆိုကြပါစို့၊ ပင်နယ်တီ မ၀င်ပါဘူး။ ဂိုးသမားက ဆယ်လိုက်နိုင်တာကြောင့် သူတို့အသင်းရဲ့ ကံကြမ္မာက တမျိုးတဖုံ ပြောင်းလဲသွားပြီး အဲဒီနှစ်က ရှုံးထွက်ဖလားကို သူတို့ ရလိုက်ကြပါတယ်။

အထက်ပါ အဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က အောင်ဆန်းကွင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုပါ။ ဘောလုံးပွဲ သဘာဝနဲ့ ပြောရရင် ဘာမှလည်း သိပ်ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ တွေ့ကြုံဆုံနေကျ ကိစ္စတခုပါ။

ဒါပေမယ့် စံကွန့်ကတော့ ကနေ့အထိ ဘောလုံးရော လူရော ဖျက်ထုတ်လိုက်လို့ ကွင်းထဲက အနီကတ်ပြပြီး အထုတ်ခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ စကားကို ခုထိ မမေ့ပါဘူး။

“မင်းနှယ်ကွာ၊ ငါမသိဘဲ နေမလား၊ ငါ့မှာ ရွေးစရာလမ်း မရှိတော့ဘူး။ ငါ အဲသလို ဖျက်မထုတ်ရင် ဒို့ ဂိုးပေးလိုက်ရတော့မှာ။ ငါ့အသင်း ရပ်တည်ရေးအတွက် .. အထုတ်ခံရမယ်ဆိုတာ ငါသိပါတယ်။ နောက်ပွဲတွေ ငါ အပယ်ခံရမယ်ဆိုတာ ငါသိတာပေါ့။ မတတ်နိုင်ဘူး - ဆံချင်လည်း ဆဲကြပါစေ၊ ထုတ်ချင်လည်း ထုတ်ကြပါစေ၊ ငါ့အသင်း ရှင်သန်ရေးအတွက် ငါ ခပ်ကြမ်းကြမ်း ဖျက်ထုတ်လိုက်ရတယ်၊ ငါ ကွင်းထဲကထွက်တော့ ပြောင်းဖူးရိုးတွေ၊ ဆေးလိပ်တိုတွေဆိုတာ ပလူပျံနေတာ။ အဲသလို မလုပ်ဘဲ အသာလေး မျောလိုက်မယ်ဆိုရင် .. ငါ့ခြေ ၂ လှမ်းလောက် နောက်ကျပြီးသားပဲ။ အသာလေး မျောလိုက်သွား၊ ဂိုးဝင်သွားတော့ ငါနဲ့ မဆိုင်လို့ ဘယ်သူက ငါ့ကို ဆဲလို့ရမှာလဲ။ ငါ့မှာ ဘာအပြစ်မှ မရှိဘူး။ ငါ မျှောလိုက်ချင်ရင် ကောင်းကောင်းကြီး မျှောလိုက်သွားလို့ ရတာပေါ့၊ မျှောလိုက်သွားတယ်ဆိုတာ အင်မတန် လွယ်ပါတယ် မောင်ရာ။ ဒါပေမယ့် ကိုယ့်အသင်းအပေါ် သစ္စာမရှိတဲ့လူ ကိုယ့်ကျော်ကြားမှုအတွက် အနစ်နာခံရမှာ ကြောက်တဲ့သူ၊ ကိုယ့်အသင်း ဆုံးရှုံးမှာကို ကြည့်နေနိုင်ရက်တဲ့သူလို့ ကမ္ဗည်းအတင်မခံချင်လို့ ခုလို အနီကတ်ပြခံ၊ ပရိသတ်ရဲ့ အဆဲအဆိုခံပြီး လုပ်ခဲ့တာပါ။ မင်းက ငါနဲ့အတူ ငယ်ငယ်လေးကတည်းက ဘောလုံးအတူ ကန်ခဲ့တဲ့ကောင်ဆိုတော့ မင်း ငါပြောတာကို နားလည်မှာပါ၊ ဘောသမားပဲ လက်ခုပ်သံ လိုချင်တာပေါ့၊ ဘယ်အဆဲခံချင်ပါ့မလဲ။”

ကြာခဲ့ပြီ … ခုတော့ သူလည်း ဘောလုံးကန်ဖို့ နေနေသာသာ ဘောလုံးမှ မနိုင်သေးရဲ့လားမသိ။ စံကွန့်နဲ့ မတွေ့ဖြစ်တာလည်း နှစ်ပေါင်း မနည်းတော့။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်တိုင်း သူ့ကို သတိရစမြဲ။ အထူးသဖြင့် .. သူပြောခဲ့တဲ့ .. သူငယ်ချင်းရာ .. မျှောလိုက်တယ်ဆိုတာ လွယ်ပါတယ်။ ကိုယ့်အသင်းအပေါ် သစ္စာရှိဖို့သာ ခက်တာပါ တဲ့။ မကြာ မကြာ … မင်းကို လွမ်းတယ် သူငယ်ချင်းရာ …။

စံကွန့်

3 comments:

sin wa gam said...

Te attitude of article is very bad for people of Burma. You mean Burmese army just act like bad guy for the benefit of Burman. You do not care about other ethnic people and country.

ဖိုးလမင်း said...

အားကစားရဲ့ ရည်ရွယ်ချက်က နိုင်ဖို့ရှုံးဖို့ထက် တရားမျှတ စွာယဉ်ပြိုင်နိုင်ဖို့ ၊ငါ့အသင်းဆိုတဲ့စိတ်ဓာတ်ထက် ညီညွတ်ခြင်း မျှတခြင်း ရှုံးလျှင် သင်ခန်းစာယူ၊ တဖက်အသင်းကို မုဒိတာပွါး၊ နိုင်လျှင် ကြည်နူးမှုကို မျှဝေခံစား ၊ တဖက်ကိုနှစ်သိမ့် ဒီလိုပါ။ နိုင်ငံရေးမှာလဲ သူ့လူကိုယ့်လူဆိုတာထက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းဆိုတဲ့ လူ့တန်ဖိုးကို မြှင့်တင်နိုင်ဖို့ အဓိကပါ။ အဲဒီမှာ သူတကာဘယ်လောက်လုပ်နိုင်သလဲဆိုတာထက် ကိုယ်ဘယ်လေက်လုပ်နိုင်သလဲဆိုတာ ပိုအရေးကြီးပါတယ်။

pawmyintoo said...

ဇာတ်ကြောင်းရိုးရှင်းတယ် ။ သိပြီးသားလေးတွေကို ပိုပေါ်လွင်အောင် ရေးတတ်ပါပေတယ်။ ထူးဆန်းတာတွေကိုဖတ်ရတာက အေ၇းမကောင်းတောင် စိတ်ဝင်စားစရာဖြစ်နေတယ် ။ခုလိုရိုးရှင်း တာတွေက စိတ်ဝင်စားအောင်ရေးဘို့ သိပ်မလွယ်ဘူးကျေးဇူးတင်ပါတယ် ။