Thursday, January 24, 2013

လယ်မြေသိမ်းမှု အစိုးရ အရေးမယူပါက ဆန္ဒထုတ်ဖော်ပွဲ လုပ်သင့်ဟု ကော်မရှင်အဖွဲ့ဝင် ပြော

သိန်းလှိုင်၊ ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၃ မိနစ်

စစ်တွေ (မဇ္ဈိမ) ။ ။ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ သိမ်းယူထားသည့် မြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်သို့ တိုင်ကြားထားသော်လည်း အစိုးရအနေနှင့် အရေးယူဆောင်ရွက်ပေးခြင်း မရှိပါက ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်သင့်ကြောင်း ကော်မရှင်အဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

“ကျနော်တို့ ကော်မရှင်ဆိုတာက အစိုးရက ဖွဲ့ပေးထားတာ မဟုတ်ဘူး။ ပြည်ထောင်စုလွှတ်တော်က ကိုယ့်ဖာသာကိုယ် ဖွဲ့ထားခြင်းသာ ဖြစ်တယ်။ ကော်မရှင် စုံစမ်းချက်တွေကို ပြည်ထောင်စုလွှတ်တော်ကတဆင့် အစိုးရကို ပေးပို့တဲ့အခါ သူတို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စုံစမ်းအကြံပြုချက်အတိုင်း အသိအမှတ်ပြု ဆောင်ရွက်မယ်ဆိုရင် ဒီအမှုတွေဟာ မြန်မြန်ဆန်ဆန် ပြီးပြတ်သွားပါလိမ့်မယ်။ တကယ်လို့ အဲဒီလို မလုပ်ပေးဘူးဆိုရင် လယ်သမားတွေအနေနဲ့ အခြားရွေးချယ်စရာလမ်း မရှိတော့ဘူး။ လယ်သမားအားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်သွားဖို့ပဲရှိတယ်” ဟု စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

လယ်သမားများအနေဖြင့် နိုင်ငံရေးပါတီများကို ဆက်သွယ်ဆောင်ရွက်သည့် လမ်းကြောင်းတခုတည်းကိုသာ အားကိုးမနေဘဲ လယ်သမားကောင်စီများ၊ လယ်သမားသမဂ္ဂများ ဖွဲ့စည်းကာ တနိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အစိုးရလက်ထက် အမ်းမြို့နယ်တွင် စစ်တပ်သိမ်းမြေ အများဆုံးဖြစ်သည်ဟု RNDP ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး (အမ်း) က ဇန်န၀ါရီ ၂၁ ညနေ ၆ နာရီတွင် တယ်လီဖုန်းမှတဆင့် မဇ္ဈိမကို ပြောသည်။

ကော်မရှင်သို့ တိုင်တန်းသည့် အမှုများအား ၂၀၁၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် စစ်ဆေးခဲ့ရာ အမှု ၁၈ မှု စုံစမ်း စစ်ဆေးပြီးဖြစ်သည်။

“စက်တင်ဘာလ ပထမအကြိမ် စစ်ဆေးတုန်းက ၄ မှုပဲ ပြီးခဲ့တယ်။ အဲဒီအမှုတွေမှာ တပ်သိမ်းမြေ မပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ သိမ်းထားတာဖြစ်တယ်။ ဒီဇင်ဘာလ ဒုတိယစစ်ဆေးတဲ့အမှု ၁၄ မှုကတော့ တပ်က သိမ်းထားတာ အများဆုံးဖြစ်တယ်” ဟု ဦးဖေသန်းက ပြောသည်။

ပထမအကြိမ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းပြားနှင့် မြေပုံတို့မှ အမှုများနှင့် ဒုတိယအကြိမ်တွင် ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ အမှုများ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုများတွင် ကျောက်ဖြူမြို့ရှိ ဦးကျော်ငြိမ်းပိုင် လယ်မြေ (.၇၆ ဧက)အား သိမ်းဆည်းပြီး ဗိုလ်ချူပ်ကြီးဝင်းမြင့်၏ သမီးအား မင်္ဂလာလက်ဖွဲ့ အမည်ပေါက်ပေးခြင်း၊ ဒေါ်ခင်ခင်ညွှန့်ပိုင် (.၂၈ ဧက)မြေအား ထောက်လှမ်းရေးရုံး ဆောက်လုပ်ကာ သိမ်းယူထားမှု၊ ကျောက်ဖြူအခြေစိုက် ခမရ ၅၄၂ မှ စေတီယျရွာမှ ဦးမောင်ဘရင်ပါ ၅ ဦးပိုင် မြေကို သိမ်းဆည်းထားမှုနှင့် တပ်မှ သိမ်းဆည်းထားသော အခြားမြေအမှုများ ပါဝင်သည်ဟု ကော်မရှင်က ဆိုသည်။

ရခိုင်ပြည်နယ်မှ စုံစမ်းရေးကော်မရှင်သို့ တိုင်ကြားသည့်အမှု ၁၀၀ ခန့် ရှိသည့်အနက် သုံးပုံနှစ်ပုံမှာ စစ်တပ်က သိမ်းဆည်းခဲ့သောမြေများဆိုင်ရာ တိုင်ကြားချက်များဖြစ်သည်။

အမ်းမြို့နယ်တွင်လည်း တပ်မှ သိမ်းဆည်းထားသော လယ်မြေဧက အများအပြား ရှိနေပြီး ကော်မရှင်သို့ တိုင်တန်းရန် ပြင်ဆင်ထားသည်ဟု သဗြုချိုင် ကျေးရွာအုပ်စုမှ မြေသိမ်းခံ လယ်သမားတဦးက ဆိုသည်။

“ကျနော်တို့ လယ်မြေတွေကို ၉၈ ခု နောက်ပိုင်း သိမ်းခံရတာပါ။ သိမ်းပြီး ၃ နှစ် ကြာတော့ ဆည် ၆ လုံးကို လယ်မြေ အနေအထားကိုလိုက်ပြီး အခွန် ၁၂ သိန်းကနေ ၁၄ သိန်းအထိ နှစ်စဉ် ပေးဆောင်နေရတယ်။ အစဉ်အဆက် လက်ငုတ်လက်ရင်း လုပ်ကိုင်လာခဲ့တဲ့ ကျနော်တို့တွေဟာ လယ်ပိုင်ဘဝက လယ်ငှားဘဝကို ရောက်ခဲ့ရတယ်” ဟု ပြောသည်။

ကျောက်ဖြူနှင့် အမ်းမြို့နယ်မှ လယ်မြေအချို့အား စစ်တပ်မှ သိမ်းယူမှုများ ရှိသလို ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းရာတွင် သိမ်းဆည်းမှုများလည်း ရှိနေသည်။

ကျောက်ဖြူမြို့နယ် ကြတ္တိန်ကျေးရွာအုပ်စုနှင့် ကပ်သပြေကျေးရွာအုပ်စုတို့မှ လယ်သမား ၁၀ ဦးပိုင် လယ်မြေ ၂၄.၆ ဧကအား ရေတပ်အငြိမ်းစား ဒု-ဗိုလ်မှူကြီးဆန်းမောင်(ငြိမ်း)က ကြားဖြတ် မြေဂရန် ပြုလုပ်ကာ အိန္ဒိယ Punj Lloyd ကုမ္ပဏီနှင့် South East Asia Pipeline ကုမ္ပဏီသို့ ငှားရမ်းခဲ့သည်။ အဆိုပါ ၂၉ လကြာ ကာလ ငှားရမ်းခအတွက် ၂၀၅ သိန်းကျော်ကို ရယူသွားခဲ့သည်ဟုဆိုကာ လယ်သမားများက ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တိုင်တန်းထားကြသည်။

“ကျနော်တို့ မသိဘဲ ဘာမှမဆိုင်တဲ့သူက မြေကြီးကို ဂရန်ဖောက်တယ်။ ကျနော်တို့မြေကို ငှားရမ်းပြီး ငွေကြေးယူသွားတယ်။ ပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့တွေက ဘာမှ မသိလိုက်ရဘူး။ နောက်ပြီးတော့ သူတို့ ငှားတဲ့အပိုင်း မပါတဲ့ ကျနော့်မြေမှာ အညစ်အကြေးစွန့်ကန်ကို အိန္ဒိယကုမ္ပဏီက တူးပြီးတော့ အညစ်အကြေးတွေကို ဖြစ်သလို စွန့်တယ်။ ပတ်ဝန်းကျင် ထိခိုက်မှုအတွက်လည်း ဘယ်သူမှ တာဝန်မယူကြဘူး။ ဘယ်သူမှ အရေးယူ ဆောင်ရွက်တာမရှိဘူး။ လုပ်ချင်သလို လုပ်နေတော့တာပဲဗျာ” ဟု ပျားတဲကျေးရွာမှ မြေသိမ်းခံ လယ်သမား ဦးစံသာကျော်က ဆိုသည်။

“စစ်တပ်ကပဲဖြစ်ဖြစ်၊ စစ်တပ်အငြိမ်းစားပဲဖြစ်ဖြစ် ဒီလိုမျိုး လက်ငုတ်လက်ရင်း အစဉ်အဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်သမားတွေကို ဘေးဖယ်ပြီး မြေဂရန် ခံပေမယ့် ဥပဒေအရ လက်ငုတ်လက်ရင်း လုပ်ကိုင်သူနေတွေကိုပဲ အသိအမှတ်ပြုရမှာဖြစ်တယ်” ဟု ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် အစည်းအဝေးကို ဇန်နဝါရီလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ပြုလုပ်မည်ဖြစ်ပြီး စစ်ဆေးထားချက်များအား အစိုးရထံ တင်ပြသွားမည်ဟု ဦးဖေသန်းက ဆိုသည်။

အဆိုပါ စုံစမ်းရေးကော်မရှင်ကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆၀ ဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ ၉ ဖွဲ့ခွဲ၍ စစ်ဆေးစေခဲ့သည်။

လယ်ယာမြေ သိမ်းဆည်းခြင်းအပေါ် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိမရှိ၊ စီမံကိန်း၏ မူလရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိမရှိ၊ သိမ်းဆည်းစဉ်က တောင်သူလယ်သမားနှင့် အပြန်အလှန် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးမှု ရှိမရှိ၊ လျော်ကြေးငွေသည် ကာလတန်ဖိုးနှင့် ညီညွတ်မှု ရှိမရှိ ကော်မရှင်က စုံစမ်းစစ်ဆေးရန် ဖြစ်သည်။

၁၉၈၉ မှ ယနေ့အထိ ကိစ္စရပ်များကိုသာ စုံစမ်းဖော်ထုတ်ရန်၊ မြေယာသိမ်းဆည်းမှုများတွင် စီမံကိန်း ပြီးပြတ်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် မူလနိုင်ငံတော်စီမံကိန်းလုပ်ငန်းများတွင် အောင်မြင်ပြီးပြတ်ပြီးဖြစ်သည့် ကိစ္စရပ်များအတွက် စိစစ်ဆောင်ရွက်ခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

4 comments:

အားလုံးကိုချေမှူန်းမယ် said...

တချိုတွေက လူကြီးတွေကို အမည်ပေါက်အကွက်ရိုက်ခြံကာပေးထားတယ်

လူကြီးက မြေကွက်ရတော့ စည်ပင်တွေ ဖျက်ခါနီးမှာ ရာထူးတိုးပေးထားတယ်

ပြန်စစ်သင့် ပါတယ်

အားလုံးကိုချေမှူန်းမယ် said...

စည်ပင်တွေလည်းဈေးမြေ သုသန်မြေ အမှိုက်ပုံမြေတွေ

ဝေခြမ်းရေးလုပ်ပြီး စာရင်းပျောက် အင်းပျောက်လုပ်ထား

တယ် ပြန်စစ်သင့်ပါတယ်

Unknown said...

ကိုဖေသန်းပြောတာ မှန်တယ်။
ဆက်လုပ်ပါလို့ တိုက်တွန်းပါတယ်။

knife wafer said...

အစိုးရက ဆင်းကဒ်တွေရောင်းဖို.ပြင်နေတယ် ၊ လဘ်စားလို.ဆက်သွယ်ရေးဝန်ကြီးလည်းဖြုတ်လိုက်ပြီ၊
ဆင်းကဒ်တွေရောင်းရင် နိုင်ငံတကာ Price နဲ.ဘဲရောင်းပေး
ပါ ၊အဆင်.ဆင်. တစ်ထစ်ချင်း ပါးပါးလှီးတာ ရပ်ပါတော. ၊ မဟုတ်ရင်
၁၅ သိန်းဆင်းကဒ်တွေရောင်းတဲ.ခောတ်ကယနေ.ထိ ဆင်းကဒ်
ရောင်းရငွေ ၊ ဖုံးပြောခ ၇ငွေ(ရ/သုံးစာ၇င်း)ကိုစုံစမ်းရေးကော်မတီဖွဲ.
ပြန်လည်စစ်ဆေးပေးဖို.ပြည်သူတွေ တောင်းဆိုရပါလိမ်.
မယ်၊Companies . တွေ အ၇င်းကြေတာကြာနေပါပြီ
ကမ္ဘောဒီးယား ၊ လာအို၊ Bangladesh ၊ နိုင်ငံ တွေက
ဆင်းကဒ် ဈေးနှုန်း လောက်မှ မရောင်းနိုင်၇င် လေးစားအပ်
သော သမ္မတကြီး ခင်ဗျား ------ ၊ နှုတ်ထွက်လိုက်ပါတော. ၊
ဘာဖြစ်လို.လဲဆို basic qualification of a president
မမှီတော.လို.ပါ ။ ကျုပ်ပြောတာ မှန် မမှန် လီကွမ်ယူ ကို
သွားမေးကြည်.ပါ ။ ။ ။