Thursday, January 3, 2013

ခိုးကူး အသံစီဒီခွေကြောင့် အခင်အမင်ပျက်ခဲ့ရတဲ့ ကျနော်နဲ့ အဆိုတော် ခင်ညွန့်ရည်

ခိုးကူး အသံစီဒီခွေကြောင့် အခင်အမင်ပျက်ခဲ့ရတဲ့
ကျနော်နဲ့ အဆိုတော် ခင်ညွန့်ရည်
ဒေါက်တာလွဏ်းဆွေ

ပြည်တွင်းမှာရှိစဉ်က မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို ပုံဖော်ရင်း မြန်မာသံတေးစီးရီး ၃ ခုကိုလည်း စီစဉ်သူအနေနဲ့ ကျနော် ဆောင်ရွက်ခဲ့တယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး စန္ဒရားချစ်ဆွေရဲ့ “ချစ်အရိပ်”၊ အဆိုတော် ခင်ညွန့်ရည်ရဲ့ “ဆောင်းအမီ” နဲ့ အဆိုတော် ရတနာဦးရဲ့ “လှိုင်းစီးရင်း သီချင်းဆိုမယ်” ဆိုတဲ့ တေးစီးရီးသုံးခု …။

“ဆောင်းအမီ - အကောင်းဆုံးတေးများ” ဆိုတဲ့ မြန်မာသံတေးစီးရီးကို စီစဉ်ဖြစ်တဲ့အခါမှ ကျနော် ကိုးတန်း ဆယ်တန်း ကျောင်းသားအရွယ်လောက်ကတည်းက နှစ်သက်စွဲလန်းခဲ့ရတဲ့ အဆိုတော် ခင်ညွန့်ရည်ကို အပြင်မှာ စပြီး မြင်ဖူးခဲ့တယ်။ လူချင်းဆုံပြီး စီးရီးအတွက် စကားပြောဖြစ်ဖြစ်ချင်းပဲ အဆိုတော် ခင်ညွန့်ရည်က ကျနော့်ကို ‘မောင်လေး’ လို့ ရင်းရင်းနှီးနှီး ခေါ်သလို ကျနော်ကလည်း ‘အစ်မ’ လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ပြောဖြစ်ရင်း မောင်နှမအရင်းအချာတွေလို ခင်မင်ခဲ့ကြတယ်။

အဲဒီအချိန်က စီးရီးခွေ စီစဉ်ရင် ထုတ်လုပ်သူတွေက ကက်ဆက်ခွေ၊ အသံစီဒီ၊ ဗီစီဒီကာရာအိုကေ ဆိုပြီး ဗားရှင်းသုံးမျိုး ထုတ်ကြတာများတယ်။ အဲသလို ဗားရှင်းသုံးမျိုး ထုတ်မယ်ဆိုရင် သီချင်းရေးခ၊ သီဆိုခနဲ့ တီးဝိုင်းခကိုလည်း သုံးမျိုးစာအတွက် ပေးရတယ်။ ဥပမာ - သီချင်းတပုဒ်အတွက် တေးရေးခ နှစ်သောင်း သတ်မှတ်ထားတယ်ဆိုရင် ဗားရှင်းသုံးမျိုးစလုံး ထုတ်မယ်ဆိုရင် သီချင်းတပုဒ်အတွက် ခြောက်သောင်း ပေးရမယ်ပေါ့။ အဲသလိုပဲ အဆိုတော်နဲ့ တီးဝိုင်းကိုလည်း သီချင်းတပုဒ်အတွက် သူတို့ သတ်မှတ်ထားသလောက် ဗားရှင်းသုံးမျိုးစာ ပေးရတယ်။

ကျနော် စီစဉ်ဖြစ်တဲ့ အစ်မ ခင်ညွန့်ရည်ရဲ့ “ဆောင်းအမီ” တေးစီးရီးကတော့ အစ်မနဲ့ စကားစပြောကတည်းက ကက်ဆက်ခွေတမျိုးပဲ အရင်ထုတ်ဦးမယ်၊ အခြေအနေကောင်းမှ အသံစီဒီနဲ့ ဗီစီဒီကာရာအိုကေ ဆက်ထုတ်မယ်လို့ အတိအလင်း ပြောဆိုထားတဲ့အတွက် ကက်ဆက်ခွေဗားရှင်းအတွက်ပဲ တေးရေးခ၊ သီဆိုခ၊ တီးဝိုင်းခတွေကို ငွေချေရပါတယ်။။ ဒါပေမယ့် ကျနော်တို့က ထုတ်ဝေသူတဦး စီစဉ်ထားတဲ့ Mixdown ဆွဲပြီးသား DAT ကို အပြတ်ဝယ်လိုက်တာဆိုတော့ (ကက်ဆက်ခွေအတွက် အဲဒီထုတ်ဝေသူက အစ်မကို သီဆိုခ ပေးခဲ့ပြီးသားဆိုတော့) သီဆိုခ ထပ်မပေးရဘဲ အသံစီဒီနဲ့ ဗီစီဒီကာရာအိုကေ ဆက်ထုတ်ဖြစ်တဲ့အခါမှသာ အစ်မကိုရော၊ တေးရေးဆရာနဲ့ တီးဝိုင်းဆရာတွေကိုရော အဲဒီဗားရှင်းနှစ်မျိုးအတွက် ထပ်ပေးရမယ့် အနေအထားပေါ့။

အဲသလိုနဲ့ စီးရီး (ကက်ဆက်ခွေဗားရှင်း) ထွက်ပြီး မကြာမတင် တခုသော မနက်ခင်းမှာ … အစ်မဆီက ဖုန်းဝင်လာတယ်။ “မောင်လေးရေ … အစ်မ အခု အလှူအိမ်တအိမ်မှာ ရောက်နေတယ်။ မောင်လေး အားရင် လာခဲ့ပေးပါဦး။ မောင်လေးကို ပြစရာတခုရှိလို့” ဆိုပြီး ပြောတာနဲ့ ဘာများပါလိမ့်ဆိုတဲ့ စိတ်ဝင်စားမှုနဲ့ ဖုန်းထဲက ညွှန်တဲ့လိပ်စာအတိုင်း အစ်မဆီကို အလျင်အမြန် ရောက်သွားခဲ့တယ်။ ရောက်တာနဲ့ ကျနော့်ကို အစ်မက လူရှင်းတဲ့ ထောင့်တနေရာကို ခေါ်သွားပြီး စီဒီချပ်တချပ် ထုတ်ပြတယ်။ ကြည့်လိုက်တော့ ကျနော်တို့ ထုတ်ထားတဲ့ “ဆောင်းအမီ” တေးစီးရီး ကက်ဆက်ခွေကာဗာအတိုင်း အသားတံဆိပ် ရိုက်နှိပ်ထုတ်ဝေထားတဲ့ အသံစီဒီချပ်တချပ်ဖြစ်နေတာကို တွေ့ရတယ်။ ကျနော်လည်း စီဒီချပ်ကို ကြည့်ပြီး အံ့သြသွားတယ်။ အစ်မက “ဒါ အစ်မမိတ်ဆွေ စင်္ကာပူက ၀ယ်လာတာ၊ မောင်လေးတို့ ပြောတော့ အသံစီဒီ မထုတ်ဘူးဆို၊ ဒါ ဘယ်လိုဖြစ်လို့ စင်္ကာပူမှာ ၀ယ်လို့ရတာလဲ” ဆိုပြီး သံသယအကြည့်နဲ့ ကျနော့်ကို မေးခွန်းထုတ်တယ်။

ကျနော်က “အစ်မ ကျနော်တို့ကတော့ ကက်ဆက်ခွေတမျိုးပဲ ထုတ်တယ်ဆိုတာကို ကျိန်တွယ်ပြောရဲပါတယ်။ အသံစီဒီ မထုတ်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ပါတယ်။ ထုတ်လုပ်သူကလည်း ကျနော့်အစ်ကိုအရင်းလို ဖြစ်နေသူမို့ သူ မဟုတ်တာမလုပ်မှန်းလည်း ကျနော် အာမခံပါတယ်။ အစ်မ မကျေနပ်ရင်၊ အစ်မစိတ်ထဲ သံသယဖြစ်နေရင် ကျနော်တို့ကို အားမနာပါနဲ့။ တရားစွဲချင်တယ်ဆိုလည်း စွဲပါ။ ကျနော်တို့ ရင်ဆိုင်ဖြေရှင်းပေးပါ့မယ်” ဆိုတဲ့သဘော ပြောပြီး ကျနော် ပြန်လာခဲ့တယ်။

မကြာပါဘူး။ ဂီတအစည်းအရုံးကနေ စီစဉ်သူ ကျနော်နဲ့ ထုတ်ဝေသူကို ဆင့်ခေါ်တဲ့စာ ရောက်လာပါလေရော။ ကျနော့်ကို အရင်ခေါ်မေးလို့ ကျနော် ဂီတအစည်းအရုံးရှိရာကို အရင်သွားဖြစ်တယ်။ ထုတ်လုပ်သူကိုတော့ နောက်တရက်မှာ ဆင့်ခေါ်တယ်။ ကျနော် သွားတဲ့နေ့မှာ အပေါ်ထပ်က အခန်းတခုမှာ အစ်မ ထိုင်နေတာတွေ့လို ကျနော်က ကျောပေးထိုင်နေတဲ့ အစ်မကို နှုတ်ဆက်နေကျအတိုင်း “အစ်မ ရောက်နေပြီလား” လို့ နှုတ်ဆက်ဖြစ်တယ်။ အစ်မက စိတ်ဆိုးနေလို့ပဲလား၊ ကျနော့်အပေါ် အမြင်မကြည်လင်လို့ပဲလားတော့ မသိဘူး၊ ကျနော် နှုတ်ဆက်တာကို ဘာမှ ပြန်မပြောဘူး။ နှုတ်ဆိတ်နေတယ်။ ကျနော်လည်း စိတ်မကောင်းစွာနဲ့ အခန်းအပြင်ကို ပြန်ထွက်ခဲ့ပြီး သက်ဆိုင်ရာက မေးမြန်းဖို့ ခေါ်မှာကို စောင့်ဆိုင်းနေတော့တယ်။

ခဏအကြာမှာ ကျနော့်ကို အရင်ခေါ်တာနဲ့ အဆုံးအဖြတ်ပေးမယ့် ဂီတအစည်းအရုံးက လူကြီးတွေရှိတဲ့ အခန်းထဲကို ကျနော် ၀င်သွားတယ်။ အတော်များများက ကျနော် မျက်မှန်းတန်းမိနေတဲ့ တေးစီးရီးထုတ်ဝေသူ ပရိုဂျူဆာတွေ ဖြစ်နေတာကို တွေ့ရတယ်။ သူတို့က ကျနော့်ကို မေးခွန်းတွေ မေးကြတယ်။ ကျနော်က ကက်ဆက်ခွေတမျိုးပဲ ထုတ်တာဖြစ်ကြောင်း သေသေချာချာ ရှင်းပြရင်း သူတို့ မေးတာတွေကို တခုချင်း အေးအေးဆေးဆေးပဲ ပြန်ဖြေဖြစ်တယ်။ ကျနော့်ကို မေးမြန်းအပြီးမှာ ပရိုဂျူဆာတွေကိုယ်တိုင် သူတို့ထုတ်တဲ့ အခွေတွေလည်း စင်္ကာပူမှာ အဲသလို ခိုးကူးပြီး ရောင်းတာတွေကို ခံရတဲ့အကြောင်း၊ နည်းပညာကို မကျွမ်းကျင်တဲ့အတွက် ကက်ဆက်ခွေကနေ အသံစီဒီကို ဘယ်လိုပြောင်းလဲသလဲဆိုတာ မသိကြောင်း၊ ဒါမျိုးတွေကို အခုအချိန်မှာ အရေးယူဖို့ မလွယ်ကူတဲ့အကြောင်း သူတို့အချင်းချင်း ပြောနေကြတာကို ရှေ့မှာထိုင်နေတဲ့ ကျနော် ကြားနေရတယ်။ နောက်ဆုံးမှာ ကျနော့်ကို မေးတဲ့ ပုဂ္ဂိုလ်တွေက သူတို့ကိုယ်တိုင်လည်း အဲသလို ခိုးကူးခံရတဲ့ ပြဿနာတွေ ကြုံနေရတာဖြစ်လို့ ကျနော့်ကို အရေးယူဖို့ အစီအစဉ်မရှိကြောင်း၊ တိုင်ကြားတဲ့အတွက်သာ ခေါ်မေးရတာဖြစ်ကြောင်း ပြောပြတာတွေကို နားထောင်ပြီး ကျနော် အခန်းထဲက ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာတော့ လူအများကြီးက ကျနော့်ကို တရားခံတယောက်လို စစ်မေးတာမျိုး ခံရလို့ စပ်ဖျင်းဖျင်းတော့ ဖြစ်နေမိတယ်။ ဒါပေမယ့် မကျေလည်လို့ တိုင်ကြားတဲ့ အစ်မကို ကျနော် အပြစ်မမြင် စိတ်မကွက်မိပါဘူး။ အခန်းထဲမှာ ထိုင်နေဆဲ အစ်မကို လှမ်းနှုတ်ဆက်ပြီး (သူ ပြန်မနှုတ်ဆက်ပေမယ့်) ကျနော် ပြန်လာခဲ့တယ်ဆိုပါတော့။

အဲဒီအချိန်ကစပြီး အစ်မနဲ့ ကျနော့်ကြား မောင်နှမအရင်းအချာလို ရင်းနှီးခင်မင်ခဲ့မှုတွေ ပျောက်ကွယ်ခဲ့ရတာ အခုအချိန်ထိပါပဲ။ အခုတော့ ကျနော်ကိုယ်တိုင် ကက်ဆက်ခွေထဲက သီချင်းတွေကို စီဒီနဲ့ ကူးလို့ရအောင် mp3 ဖိုင်ကို ပြောင်းတဲ့ ကွန်ပျူတာနည်းပညာကို တတ်ကျွမ်းနေပြီမို့ အဲဒီအချိန်က နည်းပညာ နားမလည် မကျွမ်းကျင်မှုကြောင့် အစ်မနဲ့ ကျနော် အခင်အမင်ပျက်ခဲ့ရပုံအကြောင်းကို အစ်မ သိအောင် သေသေချာချာ ရှင်းပြခွင့်ရချင်နေမိပါရဲ့။ အဲဒီပြဿနာဖြစ်ချိန်ကစပြီး သံသယစိတ်ကြောင့် အစ်မ ကျနော့်ကို စိတ်ကွက်ပြီး အခေါ်အပြော မလုပ်တော့ပေမယ့် ကျနော်ကတော့ အခုအချိန်အထိ အစ်မကို ရိုသေလေးစားဆဲ၊ အစ်မသီချင်းတွေကို နှစ်သက်စွဲလန်းစွာ နားထောင်မြဲ၊ အစ်မကိုလည်း အဝေးကနေ အခင်အမင်မပျက် သတိရနေဆဲပါ အစ်မရေ …။ ။

အစ်မ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာနဲ့ မြန်မာသံသီချင်းတွေ ဆက်လက်သီဆိုနိုင်ပါစေ …

ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၃၃ နာရီ
၃-၁-၂၀၁၃

3 comments:

စိုးမိုးသူ said...

သီချင်းတပုဒ်၊ဇာတ်ကားတကား ဖြစ်လာဖို့ လူပေါင်းများစွာအင်အားမျိုးစုံစိုက်ထုတ်ရပါတယ်။ ကာယကံရှင်မသိပဲ ခိုးကူးပြီး ရောင်းစားတာ၊ ခိုးကူးပြီး လက်ဝယ်ထားတာ ၊တန်ကြေးမပေး ပဲကော်ပီလုပ်ပြီး မြန်မာလိုပြန်ဆို၊ပြန်ရိုက်ထား တာ အကုန်လုံး သူခိုးအကျင့်ပဲဖြစ်ပါတယ်။ကိုယ့်ခွန် ကိုယ့်အားနဲ့ တန်ရာတန်ကြေးပေးပြီး သန့်ရှင်းတဲ့ အနုပညာခံစားမှု အပေါ် သာယာတတ်တဲ့ နိုင်ငံသားကောင်းဖြစ်ဖို့ ကြိုးစားကြပါစို့။

Ohn said...

Khin Nyunt Yi is a great, great singer. Burma needs lots and lots of people like her. And as Mar Mar aye said, Burmese should value precious Burmese music even if they feel following the Americans is the goal in life. They should wake up and look themselves in the mirror one day.

Unknown said...

နည်းပညာခေတ်ပြောင်းချိန်မှာ ကြုံတွေ့ရတဲ့ ဘေးထွက်ဆိုးကျိုးလို့ ခေါ်ရမလား..
ရင့်ကျက်မှု အားနည်းချိန်..
လော-ဒေါ-မော စရိုက်တွေ အားကောင်းနေခဲ့ရင်.. အမှားအမှန်ဆိုတာ ဝေခွဲဖို့ အခက်အခဲဆုံးအရာပါ။
သူလှုပ်.. ကိုယ်လှုပ် ဖြစ်နေချိန် လှုပ်လို့လှုပ်မှန်း မသိနိုင်ပါဘူး။