Saturday, December 22, 2012

ပထမဆုံး ပုံနှိပ်စာမူ (သို့) တို့ကျောင်းသားဖီလင်

ပထမဆုံး ပုံနှိပ်စာမူ (သို့) တို့ကျောင်းသားဖီလင်
ဒေါက်တာလွဏ်းဆွေ

လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ စာကြီးပေကြီးတွေ မဖတ်ဖြစ်သေးခင် ခပ်ငယ်ငယ်အရွယ်က ရွှေသွေး၊ လှပ၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသားစာစောင်တွေဟာ ကျနော့်အတွက် အသည်းစွဲစာစောင်တွေ ဖြစ်ခဲ့တာပေါ့။ အဖေ အပြင်က ပြန်လာလို့ လက်ထဲမှာ စာစောင်အသစ်တွေ ကိုင်လာရင် နှစ်နှစ်ကြီး နှစ်နှစ်ငယ်ဖြစ်တဲ့ ကျနော်တို့ ညီအစ်ကိုတွေ သူ အရင်ဖတ်မယ်၊ ငါ အရင်ဖတ်မယ်နဲ့ ၀ိုင်းလုရင်း ရန်ဖြစ်ကြလို့ အရိုက်ခံရတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူးပေါ့။

အဲဒီစာစောင်တွေထဲမှာမှ တို့ကျောင်းသားစာစောင်က အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသားတွေကို ပိုဆွဲဆောင်မှုရှိတဲ့ စာစောင်လို့ ပြောရမယ်။ တို့ကျောင်းသားစာစောင်ထဲမှာက လစဉ် ဆုရစာစီစာကုံးတွေ ဖော်ပြတဲ့ “တို့ကျောင်းသား ဆုရစာစီစာကုံး” ကဏ္ဍတခုပါတယ်။ တလကို ယှဉ်ပြိုင်ရမယ့် ခေါင်းစဉ်အသစ် သုံးခု ကြိုပြီး ဖော်ပြပေးထားတယ်။ ခေါင်းစဉ်အားလုံးကိုဖြစ်စေ၊ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ကိုဖြစ်စေ ရေးသားပေးပို့ ယှဉ်ပြိုင်လို့ ရတယ်။

မြန်မာတပြည်လုံးမှာရှိတဲ့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားပေါင်းစုံ ပေးပို့ယှဉ်ပြိုင်တဲ့အထဲက တချို့လတွေမှာ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အကြိုက်ဆုံး ၁ ပုဒ်၊ တချို့လတွေမှာ ၂ ပုဒ်၊ တချို့လတွေမှာ ၃ ပုဒ်လောက်အထိ ဖော်ပြတယ်။ ဆုရှင်အများစုကတော့ ၇ တန်းကနေ ၁၀ တန်းအရွယ် ကျောင်းသားကျောင်းသူတွေ များတယ်။ ဖော်ပြတဲ့ ဆုရစာစီစာကုံးရဲ့ နောက်ဆုံးမှာ နာမည်၊ အတန်း၊ ကျောင်း၊ မြို့နာမည်တွေ ဖော်ပြပေးတော့ ကလေးသဘာဝ ဆုရစာစီစာကုံးတွေကို ဖတ်ရင်း ဖတ်ရင်း ကိုယ်လည်း သူများတွေလို ကိုယ်ရေးတဲ့ စာစီစာကုံးလေး ဖော်ပြခံရချင်တဲ့ စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာမိတယ်ပေါ့။

ဆုရှင်အနေနဲ့ စာစီစာကုံးကို ဖော်ပြမခံရရင်လည်း လက်ရွေးစင်အဆင့် (၁၀ ဦးလား ၁၅ ဦးလား အတိအကျတော့ မမှတ်မိ) ၀င်သူတွေရဲ့ နာမည်၊ အတန်း၊ ကျောင်း၊ မြို့နာမည်တွေကို သီးခြားစုစည်းဖော်ပြပေးတယ်။ ဆုရှင်အဖြစ် ဖော်ပြခံရတဲ့သူကိုတော့ စာတိုက်ကနေ ဆုငွေ ၁၀၀ ကျပ် ပေးပို့ချီးမြှင့်တယ်။ အဲဒီတုန်းက ဆုငွေ ၁၀၀ ကျပ်ဆိုတာ ကျနော့်အထင် အခု ၃၀,၀၀၀ ကျပ်လောက်နဲ့ ညီမလားပဲ။ အတော်လေး သုံးရပါတယ်။ နှစ်ကုန်လို့ ၁၂ လစာ ပေါင်းချုပ်ထုတ်ရင် စာမူခ ၁၀၀ ကျပ် ထပ်ရသေးတယ်။ အဲဒီအပုဒ်ကိုပဲ ၃ နှစ်စာ ပေါင်းချုပ်စာအုပ်ထုတ်လို့ ထပ်ဖော်ပြခံရရင် စာမူခ ၃၀၀ ကျပ် ထပ်ရသေးတယ်။ ပြောရရင် ဆုရစာစီစာကုံး တပုဒ်ဖော်ပြခံရရင် ဆုငွေ ၅၀၀ ကျပ်လောက်အထိ ရတဲ့သဘောပေါ့။ ဆုငွေရခဲ့မှုကို အဓိက ပြောချင်တာ မဟုတ်ပါ။ ကလေးဘ၀ မုန့်ဖိုး ဖောဖောသီသီ သုံးစွဲခဲ့ရတာလေးကို ပြန်အမှတ်ရမိလို့ ပြောပြခြင်းသာ ဖြစ်ပါတယ်။ ကျနော်က ဆုရှင်အဖြစ် ၃ ကြိမ် ဖော်ပြခံရဖူးတော့ မုန့်ဖိုး ၁,၅၀၀ လောက် စီခဲ့တယ်ပေါ့။ တို့ကျောင်းသားစာစီစာကုံးကဏ္ဍမှာ လေးထပ်ကွမ်းဆုရှင်က အကြိမ်ရေ အများဆုံးဆုရသူပါပဲ။ ၅ ကြိမ် ဆုရတဲ့သူတော့ ကျနော် မှတ်မိသလောက် မရှိခဲ့ဘူးထင်ပါတယ်။

ကိုယ့်စာစီစာကုံးလေး ဆုရလို့ ဖော်ပြခံရရင် ဆုငွေ ၁၀၀ ရလို့ ပျော်တာထက် ပန်းချီဆရာကြီး မောင်စိန်ရဲ့ ချစ်စဖွယ် သရုပ်ဖော်ပုံနဲ့ ဖော်ပြခံရတာကို ကြည့်လို့မ၀ ဖတ်လို့မ၀ ဖြစ်ရတဲ့ ခံစားမှုက ဘာနဲ့မှကို မလဲနိုင်တဲ့ ဖီလင်တခုပါ။ အဲဒီလို ဆရာကြီး ပန်းချီမောင်စိန်ရဲ့ ချစ်စဖွယ် သရုပ်ဖော်ပုံနဲ့ ဖော်ပြခံရချင်လို့ ကျနော် ၈ တန်းနှစ် ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူဘုရားပွဲက ပြန်အလာမှာ ကျနော် စာစီစာကုံးတပုဒ် ကြိတ်ပြီးရေးတယ်။ အဲဒီအချိန် ယှဉ်ပြိုင်ဖို့ ပေးထားတဲ့ စာစီစာကုံးခေါင်းစဉ်က “ကျွန်ုပ်အနှစ်သက်ဆုံး တေးတပုဒ်” တဲ့။

ကျနော့်အဖေက ပျဉ်းမနားသားဆိုတော့ နှစ်စဉ် ကျနော်တို့မိသားစု သီတင်းကျွတ်ကျောင်းပိတ်တာနဲ့ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို အမြဲသွားတယ်။ ပျဉ်းမနားမြို့မှာရှိတဲ့ ၀တ်အသင်းလှည့်လည်တဲ့ ဓမ္မာရုံအသီးသီးက ရန်ကုန်၊ မန္တလေးမှာရှိတဲ့ နာမည်ကြီးတီးဝိုင်း၊ နာမည်ကြီးအဆိုတော်တွေ အားလုံးနီးပါးကို ငှားရမ်းပြီး အလှပြကားတွေနဲ့ ၃ ရက်တိတိ လှည့်လည်ဖျော်ဖြေတယ်။ ကျနော် ၈ တန်းအရွယ်က ဧရာဝတီကမ်းနံဘေးက အလွမ်းတေးသမားလေး အဆိုတော် ‘မင်းအောင်’ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့အချိန်ပေါ့။ ကျနော်က သူ့ရဲ့ အလွမ်းသီချင်းမဟုတ်တဲ့ “နံနက်ချိန်ခါ မင်္ဂလာတေး” ဆိုတဲ့ သီချင်းနဲ့ စာစီစာကုံးပြိုင်ပွဲကို ၀င်ပြိုင်ခဲ့တယ်ပေါ့။ ဆုရမယ်လို့တော့ လုံးဝမျှော်လင့်မထားပါဘူး။ မရေးဘဲ မနေနိုင်၊ မပြိုင်ဘဲ မနေနိုင်လို့သာ လက်ယားပြီး ရေးသားပေးပို့လိုက်တဲ့ သဘောပါပဲ။

ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီ ‘နံနက်ချိန်ခါ မင်္ဂလာတေး’ ဆိုတဲ့ မင်းအောင်ရဲ့ သီချင်းလေးအကြောင်း ရေးသားတဲ့ “ကျွန်ုပ်အနှစ်သက်ဆုံး တေးတပုဒ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှတ်မထင် ကျနော် တို့ကျောင်းသားစာစီစာကုံးဆုရှင် ဖြစ်လာခဲ့တယ်။ ကျနော်နဲ့အတူ အခြားဆုရှင်တဦးလည်း ပူးတွဲဖော်ပြခံရတယ်လို့ မှတ်မိနေတယ်။ နောက်ထပ် ၉ တန်းနှစ်မှာ “ကျန်းမာခြင်းသည် လာဘ်တပါး”၊ ၁၀ တန်းနှစ်မှာ “ကထိန်ပွဲ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆုရှုင်အဖြစ် နှစ်ကြိမ်ထပ်ပြီး ဖော်ပြခံရတယ်။

ကျနော့်ဘ၀ရဲ့ ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ စာမူလည်းဖြစ်၊ ကျနော် အရမ်းရူးသွပ်စွဲလန်းခဲ့တဲ့ ပန်းချီဆရာကြီး မောင်စိန်ရဲ့ သရုပ်ဖော်လက်ရာနဲ့ ဖော်ပြခံခဲ့ရတဲ့ အဲဒီ “ကျွန်ုပ်အနှစ်သက်ဆုံး တေးတပုဒ်” ဆိုတဲ့ စာစီစာကုံးလေးပါတဲ့ တို့ကျောင်းသားစာစောင်ကို အဖေ ၀ယ်လာတဲ့နေ့က တနေ့လုံး တညလုံး ပုံနှိပ်ဖော်ပြထားတဲ့ စာစီစာကုံးလေးနဲ့ ဆရာကြီး ပန်းချီမောင်စိန်ရဲ့ သရုပ်ဖော်ပုံလေးကို ကြည့်လို့မ၀ ရှုလို့မ၀ဖြစ်ရင်း အိပ်လို့မပျော် စားလို့မ၀င် ဖြစ်ခဲ့ရတဲ့ ဖီလင်လေးက ဘာနဲ့မှကို မတူတဲ့ ဖီလင်တခုဖြစ်တာကို အခုအချိန်အထိ ပြန်လည် လွမ်းဆွတ်နေမိသေးတော့တယ်။

ဒေါက်တာလွဏ်းဆွေ

4 comments:

ဖြိုးသီဟ said...

ဒါကြောင့်မို့လည်းအခုချိန်မှာဒေါက်တာလွန်းဆွေဆိုပြီးထင်ရှားနေတာပေါ့ဗျား။ကျွန်တော်လည်းဆယ်တန်းနှစ်မှာသင်ကြိုက်ဆုံး/နှစ်သက်ဆုံးသီချင်းတပုဒ်ဆိုတဲ့ခေါင်းစဉ်နဲ့ပါလာတော့ဒါဆိုရင်တော့အေးဆေးပဲပေါ့ဆိုပြီးရေးချလိုက်တယ်။စာမေးပွဲခန်းကထွက်လို့ကိုဖြေခဲ့တဲ့စာလေးတွေကိုတဖြေးဖြေးပြန်စဉ်းစားကြည့်လိုက်တော့မှဟာသွားပြီဗျာဆိုပြီးရယ်ရမလိုငိုရမလိုလိုဖြစ်သွားတယ်။ကျွန်တော်ရေးတဲ့သီချင်းနာမည်က"နွေအလွမ်း"ဒီသချင်းလေးကကျောင်းသားတွေနဲ့တိုက်ဆိုင်တယ်။ကျောင်းသားတွေအတွက်ရေးထားတဲ့သိချင်းပါပဲတေးရေးတေးဆိုကစိုင်းစိုင်မော့ဖြစ်တယ်။ဒါကိုကျွန်တော်ကတွံတေးစိုးအောင်နဲ့မှားရေးလိုက်မိတယ်ဗျာ။လွဲတာမှအကြီးကြီးကိုလွဲသွားတာပေါ့။ခုကိုလွန်းဆွေကသူငယ်ငယ်ကထူးချွန်ခဲ့ပုံလေးပြောပြလို့ကျွန်တော်ကလဲငယ်ငယ်ကညံ့ဖျင်းခဲ့ပုံလေးကိုအကြောင်းတိုက်ဆိုင်လို့သတိရပြီးရေးခဲ့မိပါတယ်။

Soe Nyunt said...

ဟုတ်တယ်ဗျာ ကိုလွမ်းဆွေ က္ဈန်တော်တို့ လည်းဒီလိုဘဝ
တွေကနေ ကြီးပြင်းလာခဲ့ ကြတာပါ။ ကိုလွဏ်းဆွေ
တို့ရဲ့ Media ကိုလည်း လေးစားပါတယ် ။ က္ဈန်တော်
တို့ နိုင်ငံ မျက်နှာမငယ်ဘို့ က္ဈန်တော် တော်တော် မျှော်
လင့်တယ်ဗျာ ။ နေ၀င်းအစိုးရရဲ့ စောက်သုံးမကျမူ အာ
ဏာ လက်ဆင့်ကမ်း ခဲ့မူ တွေကို အားလုံး ခံစားခဲ့ရတာပါ။

Kyaw Lwin said...

I was very bad in writing essays while I was in High School. My parents bought တို့ကျောင်းသားစာစောင် so that I could learn how to write essays better. I remember your name as your essays were frequently published. Others who I remember are Lun Wai, which I believe to be your brother (please correct me If I am wrong), and two sisters, Myat Yadanar Soe and Myat Kyemon Soe.

nga ba said...

ဒီစာလေးဖတ်ရတော့ ဒို့ကျောင်းသားစာစောင်တွေနဲ့ လူဖြစ်ခဲ့ရတဲ့ ငယ်ဘ၀တွေကို လွမ်းဆွတ်သတိရမိပါတယ်။ ထဲထဲဝင်ဝင် ပတ်သက် ဆုတွေရဖူးသူတွေရဲ့ တစ်ဘ၀စာ အမှတ်တရ ရှိနိုင်မယ့် ပုံရိပ်တွေကို ကိုယ်ချင်းစာနာမိပါတယ်။ ဒီလိုလူတွေအပေါ် လေးစားဂုဏ်ယူစိတ် ရှိနေဆဲပါပဲ။