Sunday, December 16, 2012

အသွင်ကူးပြောင်းရေး အတွေးစများ - အပိုင်း (၁)

အသွင်ကူးပြောင်းရေး အတွေးစများ - အပိုင်း (၁)
မိုးအေး

ဒီမိုကရက်တစ်မြန်မာ့အသံ (ရုပ်မြင်သံကြား) ကနေ ကျနော် စီစဉ်တင်ဆက်ခဲ့တဲ့ အသွင်ကူးပြောင်းရေးနဲ့ ရုရှားဒီမိုကရေစီ အစီအစဉ်တွေနဲ့ ပတ်သက်လို့ တော်တော်များများက အကြံပေးတာ၊ ဝေဖန်တာတွေ အများကြီးရှိခဲ့ပါတယ်။ တော်တော်များများကလည်း စာအုပ်ထုတ်ဝေဖို့ အကြံပေးသလို တချို့ကလည်း ပြည်တွင်းဂျာနယ်တွေမှာ အပတ်စဉ် ဆောင်းပါးပုံစံ ပြန်ရေးပေးဖို့ တိုက်တွန်းပါတယ်။ အဲဒီလို တိုက်တွန်းမှုတွေဟာ ဒီစာအုပ်လေး ရေးဖို့ ဖြစ်လာတာမို့ တိုက်တွန်းအကြံပေးခဲ့သူအားလုံးကို အထူးကျေးဇူးပါတယ်လို့ ပြောချင်ပါတယ်။

ရုရှားအသွင်ကူးပြောင်းရေးကို ဘာကြောင့် စိတ်ဝင်စားမိခဲ့တာလဲ

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံ Indiana ပြည်နယ် The University of Notre Dame နိုင်ငံရေးသိပ္ပံ ပါမောက္ခ Scott P. Mainwaring ရေးသားခဲ့တဲ့ စာတမ်းကို ဖတ်မိရင်း ဒီဗွီဘီ ရုပ်မြင်သံကြားကနေ ရုရှားအစီအစဉ် ဖန်တီးဖြစ်ပါတယ်လို့ အရင်ပြောရမှာပါ။ ပါမောက္ခ Scott-Mainwaring ဟာ လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေကို အခြေခံပြီး သူနဲ့ ခေတ်ပြိုင်ပါမောက္ခတွေဖြစ်တဲ့ အာဂျင်တီးနားက Guillermo O´Donnell, European University Institute က ပါမောက္ခ Phillipe C. Schmitter နဲ့ ပိုလန်နိုင်ငံသား အမေရိကန် ပါမောက္ခ Adam-Przeworski တို့ ရေးသားပြုစုခဲ့တဲ့ စာတမ်းတွေ၊ စာအုပ်တွေအပေါ် သူ့အမြင်ကို ဖြည့်စွက်ဝေဖန် အကြံပေးပြုစုထားပါ။ ၁၉၈၉ နိုဝင်ဘာလက ပြုစုခဲ့တဲ့ စာတမ်းတွေဆိုတော့ နှစ်ပေါင်း ၂၀ ကျော်တော့ ကြာခဲ့ပါပြီ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲစ ကာလက ပြုစုထားတဲ့ စာတမ်းလေးတစောင်ပေါ့။ ဒါပေမယ့် သူ့စာတမ်းက ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမယ့်အရေးကို အဓိကထားတာ မဟုတ်ပါဘူး။ လက်တင်အမေရိကနိုင်ငံတွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွေကို အခြေခံပြီး အသွင်ကူးပြောင်းရေးတွေအပေါ် သုံးသပ်ပြထားတာပါ။

“နောက်ပြန်မလှည့်စတမ်းမူနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ကြမယ်ဆိုပြီး ကြွေးကြော်ချီတက်ခဲ့ကြ၊ အဲဒီလို ကြွေးကြော်ရင်းပဲ ဒီကနေ့ အနှစ် ၂၀ ကျော်ကာလထဲကို ရောက်လာပေမယ့် ဒီမိုကရေစီရနံ့မသင်းနိုင်သေးတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီကို ချီတက်မယ်လို့ ကြွေးကြော်ရင်း ကွန်မြူနစ်ခေတ်ဟောင်းကို နောက်ကြောင်းပြန် မလှည့်ကြပေမယ့် ခေတ်သစ် အာဏာရှင်ပုံစံအသစ်အောက်ကို ရောက်ရတဲ့ နိုင်ငံတွေ၊ ဒီအထဲမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အမွေဆက်ခံခဲ့တဲ့ သမ္မတ ဗလာဒီမာပူတင်ရဲ့ ဒီကနေ့ ရုရှားနိုင်ငံလည်း ပါဝင်ပါတယ်။”

သူ့စာတမ်းထဲမှာ တခြားခေတ်ပြိုင်ပါမောက္ခတွေ ရေးသားထားတဲ့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ စာတမ်းတွေ စာအုပ်တွေကိုလည်း ရည်ညွန်းထားပါတယ်။ သူ့စာတမ်းလေး လေ့လာမိရာကနေ သူ ရည်ညွန်းထားတဲ့ ဆရာကြီးတွေရဲ့ စာတမ်းတွေ စာအုပ်တွေလည်း လက်လှမ်းမီသလောက် လိုက်လေ့လာရတာပေါ့လေ။ အဲဒီမှာ အဓိကအနေနဲ့ အသွင်ကူးပြောင်းရေးဆိုတာ ဘာလဲ … အသွင်ကူးပြောင်းရေးကာလ ဘယ်မှာစလို့ … ဘယ်မှာ အဆုံးသတ်သလဲ ... စတာတွေကို အရှေ့ဥရောပနဲ့ လက်တင်အမေရိကတိုက်က အသွင်ကူးပြောင်းရေးနိုင်ငံတွေရဲ့  မတူညီတဲ့ အခြေအနေတွေကို နိုင်းယှဉ်သုံးသပ် ဖော်ပြထားတာတွေ တွေ့ရပါတယ်။ အသွင်ကူးပြောင်းရေးအကြောင်း သုံးသပ်လေ့လာတင်ပြထားတဲ့ ဆရာကြီးတွေရဲ့ စာတမ်းတွေထဲက ကျနော် စိတ်အ၀င်စားဆုံး ဖြစ်မိတာကတော့ ပါမောက္ခ Scott Mainwaring ရဲ့ တင်ပြချက်တခုပါ။

အသွင်ကူးပြောင်းရေးအဆင့်လား တင်းကျပ်တာတွေ ဖြေလျှော့ပေးတဲ့အဆင့်လား

ပါမောက္ခ Scott Mainwaring က အသွင်ကူးပြောင်းရေးအကြောင်း ပြောကြရင် နားလည်မူလွဲတာတွေ ဖြစ်တတ်ကြောင်း၊ တင်းကျပ်ချူပ်ချယ်ထားတာတွေကို ဖြေလျှော့ပေးတဲ့အဆင့်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်တဲ့အဆင့်ကို နားလည်မှုလွဲနေကြတယ်လို့ ထောက်ပြထားပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမစခင်မှာ ပထမဆုံးရှိရမယ့် အခင်းအကျင်းဟာ နိုင်ငံရေးလွပ်လပ်ခွင့် ပေးရတာ၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရတာ၊ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးရတာ၊ လွတ်လပ်စွာ ရေးသားဖော်ပြတာတွေကို ခွင့်ပြုရတာ ... စတဲ့ တင်းကျပ် ချုပ်နှောင်ထားတာ မှန်သမျှကို ဖြေးဖြေးချင်း ဖြေလျှော့ပေးရတဲ့ Liberalization အဆင့်က စ ပါတယ်လို့ ပါမောက္ခ Scott Mainwaring က သုံးသပ်ပါတယ်။ အဲဒီလိုအဆင့်မှာ အာဏာရှင်ပုံစံအုပ်စိုးမှုကတော့ ရှိနေဆဲပဲလို့ သူက ယူဆပါတယ်။ လွတ်လပ်ခွင့်တွေ ရနေပြီဆိုပေမယ့် အဲဒီအဆင့်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့် မဟုတ်ဘဲ တင်းကျပ်ချုပ်ကိုင်ထားတာတွေ ဖြေလျှော့ပေးတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ ပါမောက္ခ Scott Mainwaring က အသေးစိတ် ရှင်းပြထားပါတယ်။

သူနဲ့ ခေတ်ပြိုင်ဆရာကြီးတွေရဲ့ စာတမ်းတွေမှာတော့ အသွင်ကူးပြောင်းရေး မတိုင်ခင် ဖြေလျှော့ပေးရတဲ့ အဆင့်နဲ့ ပတ်သက်လို့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဥပမာပေးထားတာတွေ တွေ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မီခေးလ်ဂေါ်ဘာချော့ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ ဒီကနေ့ ရုရှားနိုင်ငံတော်သစ်ရဲ့ အစ၊ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်လာမယ့် နိုင်ငံသစ်တွေရဲ့ ပြောင်းလဲခြင်းအစလို့ ဥပမာပေးထားကြပါတယ်။

ဆိုဗီယက်ပြည်ထောင်စု မပြိုခွဲခင်မှာ ဂေါ်ဘာချော့ဗ်က တင်းကျပ်မှုတွေ စလျှော့ချပေးလာတယ်။ ဒါပေမယ့် ကွန်မြူနစ်ပါတီအုပ်စိုးမှုအောက်မှာပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စီစဉ်ခဲ့တာဖြစ်လို့ လွတ်လပ်မှုတွေ ရှိလာတာ မှန်ပေမယ့် ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့် မဟုတ်ပါဘူးလို့ ဆရာကြီးအားလုံးက တညီတညွတ်တည်း ကောက်ချက်ချထားပါတယ်။ အသွင်ကူးပြောင်းရေးအတွက် အကြိုကာလ တနည်းအားဖြင့် ထိန်းချုပ်ကန့်သတ်တာတွေ လျှော့ချပေးတဲ့ကာလလို့ပဲ သတ်မှတ်ရမယ်လို့ ဆိုလိုတာပါ။

ဘာကြောင့် တင်းကျပ်တာတွေ ဖြေလျှော့ပေးသလဲ

အာဏာရှင်ပုံစံ အစိုးရတရပ်ရပ်အနေနဲ့ သူ တင်းကျပ်ထားတာတွေကို ဖြေလျှော့ပေးဖို့ ဖြစ်လာရတဲ့ အကြောင်းတရားများစွာ ရှိတဲ့အထဲမှာ အဓိကအကျဆုံး အချက် ၃ ချက် ရှိနိုင်ပါတယ်။ ပထမအချက်ကတော့ အုပ်စိုးသူကို်ယ်တိုင် မွန်းကျပ်ပိတ်လှောင်တဲ့ဒဏ်တွေကို ခံနိုင်စွမ်းမရှိတော့တဲ့အချက်။ ဆိုလိုတာကတော့ အုပ်စိုးသူဘက်က အတိုက်အခံတွေနဲ့ ပြည်သူတွေကို ဖိနှိပ်တင်းကျပ်သလို သူ့ကိုလည်း သူနဲ့ အယူအဆမတူသူတွေ ဒါမှမဟုတ် နိုင်ငံတကာ ဒီမိုကရေစီအ၀န်းအ၀ိုင်းက တန်ပြန်တင်းကျပ် ပိတ်ဆို့လေ့ရှိပါတယ်တဲ့။ နိုင်ငံတကာရဲ့  ပိတ်ဆို့မှုဒဏ်ကို သူ မခံစားနိုင်တော့တဲ့အချိန်မှာ သူ စဉ်းစားလာရတဲ့အရာကတော့ ရာထူးက ထွက်ပေးမလ။ သူ့အယူအဆကို ပြောင်းမလား၊ အစိုးရအပြောင်းအလဲလုပ်မလား ဒါမှမဟုတ် အတိုက်အခံတွေနဲ့ ပြည်သူတွေအပေါ် တင်းကျပ်ချုပ်ချယ်ထားတဲ့ အရာတွေကို ပြန်လျှော့ပေးမလား ဆိုတာပါပဲတဲ့။ အုပ်စိုးသူအများစုအနေနဲ့ ပြည်သူတွေအပေါ် တင်းကျပ်ထားတာတွေကို ပြန်ဖြေလျှော့ပေးတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်တတ်ကြတယ်လို့ ဆိုလိုတာပါ။

ဒုတိယအချက်ကတော့ အာဏာရှင်ပုံစံ အုပ်စိုးသူအ၀န်းအ၀ိုင်းက အတွင်းပြဿနာပါ။ အာဏာအရှိဆုံးဆိုတဲ့ လူပုဂ္ဂိုလ် သေဆုံးခဲ့မယ်ဆိုရင် (ဘုရင် စော်ဘွားနိုင်ငံများ မပါ) သူ့နေရာကို ဘယ်သူဆက်ခံမလဲဆိုတဲ့ အာဏာအမွေပြသနာပါ။ အာဏာအရှိဆုံးဆိုသူ ကျမ်းမာရေးချို့ယွင်းလာတာ ဒါမှမဟုတ် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အာဏာအမွေဆက်ခံမှုအပေါ် စတင် ပူပန်သူတွေကတော့ သူနဲ့ အနီးစပ်ဆုံး အသိုင်းအ၀ိုင်း (အတွင်းစည်း) ပဲဖြစ်ပါတယ်တဲ့။ သူတို့လုံခြုံရေးနဲ့ အနာဂတ်ဘ၀ အာမခံချက်ကို ဘယ်သူ အာမခံနိုင်မလဲ၊ ဘယ်သူ့ကို ယုံကြည်စိတ်ချရမလဲ ဆိုတဲ့အပေါ် အတွင်းစည်းက တွေးပူနေတတ်ပါတဲ့။ အလားတူပဲ အုပ်စိုးသူအ၀န်းအ၀ိုင်း အပြင်စည်းက လူတွေကလည်း သူ့လူ-ကိုယ့်လူ။ သူ့ဆရာ-ကိုယ့်ဆရာ အမွေဆက်ခံသင့်တယ် ဆိုတဲ့ ကိုယ်ကျိုးစီးပွား မျှော်လင့်ချက်တွေနဲ့ ကြိတ်ဝိုင်းဖွဲ့၊ လူဖွဲ့ ဂိုဏ်းဂဏတွေ ကွဲပြားလာတတ်ပါတယ်တဲ့။

“၁၉၉၁ ခုနှစ် ကတည်းက ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြွေးကြော်ခဲ့တဲ့ ရုရှားနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်တွေ၊ ရွေးကောက်ပွဲတွေ၊ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကကို အာမခံချက်ပေးထားတဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ ... စတဲ့ ဒီမိုကရေစီရပ်ဝန်းမှာ တွေ့ရမယ့် အခင်းအကျင်းအားလုံး မြင်တွေ့ရမှာပါ။ တပြိုင်နက်တည်းမှာပဲ တချိန်က ကွန်မြူနစ်ခေတ်ဟောင်းကို နောက်ကြောင်းပြန်လှည့်မယ့် အရိပ်အယောင် မမြင်ရသလို စစ်မှန်တဲ့ ဒီမိုကရေစီခရီးကို ဆက်ချီတက်မယ့် လက္ခဏာလည်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒီကနေ့ တတိယအကြိမ်မြောက် သမ္မတ တာဝန်ယူထားတဲ့ ဗလာဒီမာပူတင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ ပူတင်ဒီမိုကရေစီ ဒါမှမဟုတ် ပူတင်ကရေစီလမ်းကြောင်းကို လမ်းလွဲချီတက်နေတယ်လို့ နိုင်ငံရေးလေ့လာသူအများစုက ကောက်ချက်ချထားပါတယ်။”

ဒီအဆင့်မှာ အုပ်စိုးသူအ၀န်းအ၀ိုင်းရဲ့ အတွင်းစည်းထဲကနေ တဦးတယောက် ဒါမှမဟုတ် အုပ်စုတစုကနေ အဓိကအကျဆုံး အတိုက်အခံတွေနဲ့ ဆွေးနွေးလိုစိတ် ရှိလာတာမျိုး ဖြစ်လာတတ်ပါတယ်တဲ့။ ဒီလို တွေ့ဆုံလိုမှုဟာ အုပ်စိုးသူအတွင်းစည်းအတွက် နောက်ကျောလုံဖို့ ရည်ရွယ်တယ်လို့ ဆရာကြီးတွေက သုံးသပ်ပါတယ်။ ကိုယ်နဲ့ တဂိုဏ်းထဲသား ကိုယ့်အာက်ကလူကို အမွေလွှဲပေးရေးထက် အားကောင်းတဲ့ အတိုက်အခံတွေနဲ့ ပေါင်းပြီး အာဏာကို အမွေဆိုင်ပုံစံထားလိုတဲ့ သဘောတရားလို့လည်း သုံးသပ်နိုင်ပါသတဲ့။ အဲဒီလိုအခြေအနေမျိုးမှာ အတိုက်အခံတွေကြားမှာလည်း ဂိုဏ်းဂဏကွဲတာမျိုးတွေ ဖြစ်တတ်တယ်လို့လည်း ဆရာကြီးတွေက ထောက်ပြထားပါတယ်။ လာရောက်ဆွေးနွေးလိုတဲ့ အုပ်စိုးသူအ၀န်းအ၀ိုင်းကို လက်ခံဆွေးနွေးလိုသူနဲ့ ခပ်ကင်းကင်း နေလိုသူတွေဆိုပြီး အုပ်စုကွဲတတ်ကြတဲ့သဘောပါတဲ့။

တတိယအချက်ကတော့ နိုင်ငံရေးပုံစံပြောင်းလဲလိုက်ရုံ၊ တင်းကျပ်တာတွေ ဖြေလျှော့ပေးလိုက်ရုံနဲ့ အုပ်စိုးသူအ၀န်းအ၀ိုင်းအတွက် (အတွင်းစည်းရော အပြင်စည်းရော) ဆုံးရှုံးမှုထက် အကျိုးအမြတ် အများကြီး ရနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပါသတဲ့။ အုပ်စိုးသူအ၀န်းအ၀ိုင်းအနေနဲ့ အချိန်တိုင်းမှာ အမြဲတမ်း အသာစီး ရလာတဲ့အပေါ် ယုံကြည်မှုရှိလာချိန်၊ အတိုက်အခံတွေကြားမှာ စည်းလုံးညီညွတ်ရေး ပြိုကွဲလာပြီလို့ ယုံကြည်လာတဲ့အချိန်တွေမှာ တင်းကျပ်ချုပ်ချယ်ထားတာတွေကို ဖြေလျှော့ပေးတတ်ကြပါတယ်တဲ့။ အာဏာကို တနည်းနည်းနဲ့ ဆုပ်ကိုင်ထားနိုင်မယ့် နိုင်ငံရေးပုံစံတခုခုကို ပြောင်းလဲလာတတ်ကြပါတယ်တဲ့။

တင်းကျပ်တာတွေ လျှော့ပြီးရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားမှာလား

တင်းကျပ်ချုပ်ကိုင်တာတွေ ဖြေလျှော့ပေးရုံနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားမယ်လို့ ယုံကြည်ထားလို့ မရပါဘူးတဲ့။ တင်းကျပ်တာတွေ ဖြေလျှော့ပေးရင်းပဲ နောက်ထပ် အာဏာရှင်ပုံစံအသစ်တခုခုဆီကိုလည်း ကူးပြောင်း သွားတတ်ပါတယ်တဲ့။ ဒါမှမဟုတ် နောက်ထပ် တော်လှန်ရေးတရပ်ရပ်ပုံစံမျိုး လူထုလှုပ်ရှားမှုပုံစံမျိုးတွ ပြောင်းသွားတာလဲ ဖြစ်နိုင်ပါတယ်တဲ့။ ဒါမှမဟုတ်လည်း တကယ်ကိုပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ရောက်ကောင်းလည်း ရောက်သွားနိုင်ပါတဲ့။ အထက်က ဖော်ပြခဲ့တာကတော့ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Scott Mainwaring နဲ့ တခြားခေတ်ပြိုင် ပါမောက္ခကြီးတွေရဲ့ စာတမ်းတွေထဲက အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ အမြင်သဘောထားလေးတွေပါ။

ပါမောက္ခကြီးတွေ ရေးသားပြုစုခဲ့တာက ၁၉၈၉ ခုနှစ်က ...၊ အဲဒီကာလဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကြီးမှာ အပြောင်းအလဲ အထွတ်အထိပ်ရောက်နေချိန်၊ အဓိက ဇာတ်လိုက်တွေထဲက တယောက်ဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကို အားလုံး ဒေါက်ထောက်ကြည့်နေချိန်၊ ဆိုဗီယက်ပြည်ထောင်စုရဲ့ နေ၀င်ချိန်ရောက်လုနီးပါးအချိန်၊ တနည်းအားဖြင့် ပြည်ထောင်စုထဲက ခွဲထွက်လာယ့် နိုင်ငံသစ်တွေအတွက် အသွင်ကူးပြောင်းရေးအကြိုကာလတွေ ဖြစ်ပါတယ်။

ဂေါ်ဘာချော့ရဲ့  ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ တနည်းအားဖြင့် တင်းကျပ်တာတွေ ဖြေလျှော့ပေးတဲ့ အစီအစဉ်ဟာ သူ မျှော်မှန်းသလို မဖြစ်ဘဲ အာဏာသိမ်းပွဲတွေဖြစ်၊ ပြည်ထောင်စုထဲက ခွဲထွက်သူတွေက ခွဲထွက်၊ နောက်ဆုံး ပြည်ထောင်စုကြီး ပြိုကွဲ၊ နိုင်ငံသစ်တွေ ပေါ်ထွက်လာ၊ ထွက်ပေါ်လာတဲ့ နိုင်ငံသစ်တွေကလည်း ကွန်မြူနစ်ခေတ်ဟောင်းကို နောက်ပြန်မလှည့်စတမ်းမူနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ကြမယ်ဆိုပြီး ကြွေးကြော်ချီတက်ခဲ့ကြ၊ အဲဒီလို ကြွေးကြော်ရင်းပဲ ဒီကနေ့ အနှစ် ၂၀ ကျော်ကာလထဲကို ရောက်လာပေမယ့် ဒီမိုကရေစီရနံ့မသင်းနိုင်သေးတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီကို ချီတက်မယ်လို့ ကြွေးကြော်ရင်း ကွန်မြူနစ်ခေတ်ဟောင်းကို နောက်ကြောင်းပြန် မလှည့်ကြပေမယ့် ခေတ်သစ် အာဏာရှင်ပုံစံအသစ်အောက်ကို ရောက်ရတဲ့နိုင်ငံတွေ၊ ဒီအထဲမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့  လုပ်ပိုင်ခွင့်အာဏာတွေကို အမွေဆက်ခံခဲ့တဲ့ သမ္မတ ဗလာဒီမာပူတင်ရဲ့ ဒီကနေ့ ရုရှားနိုင်ငံလည်း ပါဝင်ပါတယ်။

ကွန်မြူနစ်ပါတီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲချိန် ၁၉၉၁ ခုနှစ် ကတည်းက ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြွေးကြော်ခဲ့တဲ့ ရုရှားနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်တွေ၊ ရွေးကောက်ပွဲတွေ၊ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကကို အာမခံချက်ပေးထားတဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ ... စတဲ့ ဒီမိုကရေစီရပ်ဝန်းမှာ တွေ့ရမယ့် အခင်းအကျင်းအားလုံး မြင်တွေ့ရမှာပါ။ တပြိုင်နက်တည်းမှာပဲ တချိန်က ကွန်မြူနစ်ခေတ်ဟောင်းကို နောက်ကြောင်းပြန်လှည့်မယ့် အရိပ်အယောင် မမြင်ရသလို စစ်မှန်တဲ့ ဒီမိုကရေစီခရီးကို ဆက်ချီတက်မယ့် လက္ခဏာလည်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒီကနေ့ တတိယအကြိမ်မြောက် သမ္မတ တာဝန်ယူထားတဲ့ ဗလာဒီမာပူတင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ ပူတင်ဒီမိုကရေစီ ဒါမှမဟုတ် ပူတင်ကရေစီလမ်းကြောင်းကို လမ်းလွဲချီတက်နေတယ်လို့ နိုင်ငံရေးလေ့လာသူအများစုက ကောက်ချက်ချထားပါတယ်။ အဲဒီလို နောက်ကြောင်းလည်း ပြန်မလှည့် ရှေ့ကိုလည်း မသွား လမ်းလွဲတနေရာကို သွားနေတယ်ဆိုတဲ့ ရုရှားနိုင်ငံရေးဖြစ်စဉ်တွေဟာ ကျနော့်ကို ဖမ်းစားခဲ့တယ်လို့ပဲ ပြောရမှာပါ။

မိုးအေး
(သစ္စာသတင်းဂျာနယ်မှ ...)

5 comments:

Moemin said...

ဒီဆောင်း ပါးကတော်တော်ကောင်းတယ်ဗျ၊၊ ကျေး
ဇူးတင်ပါတယ်ဗျာ၊၊

Myint Ak said...

ဗမာပြည်မှာလဲ သန်းးရွှေဒီမိုကရေစီ မဖြစ်ဖို့ဆုတောင်းလျက်ပါ။ ဒါပေမဲ့ ဖြစ်ဖို့များနေတယ်။

nga ba said...

အသွင်ကူးပြောင်းရေး ဗွီဒီယိုဖိုင်လေးတွေ အပိုင်း-၁ ကနေစပြီး ပြန်တင်ပေးစေချင်ပါတယ်။ ဒါမှမဟုတ်လဲ လင့်ခ်ရှိရင်လည်း ဖော်ပြပေးပါခင်ဗျာ။ မြန်မာပြည်နဲ့ နှိုင်းယှဉ်ပြီး လေ့လာနိုင်တာမို့ အများအတွက် အကျိုးရှိစေပါတယ်။ ကျေးဇူးပါဗျာ။

S.Maung Chain said...

Since 1962 and between 2012 images are appeared in my mind after I read this article.
They don't have ( U ) turn,but they don't have to gave back peoples power to the peoples either.

haymar said...

All fight for Military Governing Systems. If they will still, one day come again the same system or anytime they will kill the country people again and again!Please active all Myanmar Country people to remove them.

Please replace DASSK to be our good country leader as a President.