Friday, December 14, 2012

မင်းတို့ကများ မှန်တယ် ထင်နေလို့လား ...

မင်းတို့ကများ မှန်တယ် ထင်နေလို့လား
စိန်သံလုံး

ကဲ ... ပြောချင်နေတာ ကြာပြီ။ မပြောချင်သေးလို့ ကြည့်နေတာ။ ခုတော့ မပြောလို့မဖြစ် ပြောရတော့မယ်။

၁။ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရဆိုပြီး ဗိုလ်ချုပ်နေ၀င်း စစ်အစိုးရက အာဏာသိမ်းတယ်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ကပေါ့။ ရန်ကုန်မြို့ ၀င်ဒါမီယာမှာရှိတဲ့ ၀န်ကြီးချုပ် ဦးနုအိမ်ကို ဗိုလ်မှူးချုပ် တင်ဖေ၊ ဗိုလ်မှူးကြီး အောင်ကြီးနဲ့ ဗိုလ်မှူးကြီး မောင်မောင် ... အစရှိတဲ့ တပ်မှူးကြီးတွေ ရောက်လာပြီး ဦးနုကို ၀ိုင်းပြီး အကျပ်ကိုင်ကြတယ်။ တပ်ကို အာဏာလွှဲပြောင်းပေးဖို့ ဗိုလ်ချုပ်နေ၀င်း အလိုကျ တောင်းဆိုကြတယ်။ သေနတ်ပြပြီး တောင်းဆိုတယ်ပေါ့။ နောက်ဆုံးတော့ ဦးနုက လိုက်လျောလိုက်ရတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရ တက်လာတယ်။ (အဲဒီနောက် ၁၉၆၂ ခုနှစ်မှာတော့ တော်လှန်ရေးကောင်စီဆိုပြီး ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းပြန်တယ်။ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံဟာ အဲဒီအချိန်က စပြီး ခုချိန်ထိ ချွတ်ခြုံကျသွားတယ်။ တော်လှန်ရေးကောင်စီခေတ်မှာ ပြည်သူပိုင်တွေသိမ်း၊ ငွေစက္ကူတွေ တရားမ၀င်ကြောင်း ကြေညာခဲ့တယ်။ နောက်ဆုံးမှာတော့ ထင်ရာတွေ လုပ်ခဲ့လို့ ဆင်းရဲတဲ့နိုင်ငံအဖြစ် ကြေညာခြင်းခံရတယ်။)

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ၁၉၈၈ ခုနှစ် မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်မှာ မော်လမြိုင် NLD ရုံးမှာ မိန့်ခွန်းပြောခဲ့ဖူးတယ်။ “၁၉၅၈ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းမှုကို ကျမ သဘောမကျခဲ့ဘူး။ သဘောမကျတဲ့အကြောင်းရင်းက တပ်မတော် အာဏာသိမ်းဖို့ ကျမဖေဖေ ထူထောင်ထားတာ မဟုတ်ဘူး၊ ကျမဖေဖေကိုယ်တိုင် နိုင်ငံရေးလုပ်တဲ့အခါ တပ်မတော်ထဲက ထွက်ပြီး လုပ်ပါတယ်။ ဒီလို လုပ်တာဟာ အစဉ်အလာ ကောင်းစေချင်လို့ပဲ။”

“ဗိုလ်ချုပ်အောင်ဆန်း မသေခင် ပြောခဲ့တာ နှစ်ပေါင်းကြာနေပြီ ဖြစ်ပေမယ့် ခုချိန်ထိ ကွက်တိမှန်နေတုန်းပဲ။ အကြီးအကဲဆိုတဲ့ လူတွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ကိုယ်စားပြုနေတဲ့ ဘာညာဘာညာ ခေါင်းဆောင်တွေကို ဗိုလ်ချုပ်အောင်ဆန်းက မသေခင်ကတည်းက ကြိုပြီး ဆုံးမခဲ့တာ။ ဒီနေ့ ဖြစ်ပျက်နေတာနဲ့ တထပ်တည်း ကျနေတယ်။ ဘာဘာညာညာ ကိုယ့်ကိုယ်ကို ထင်ပြီး စိတ်ကြီးဝင်နေသူအားလုံးနဲ့ နာတာရှည် နှာစေး ခေါင်းမဖော်ကြသူတွေ အားလုံးကို ပြောလိုက်ချင်ပါတယ်၊ (ထပ်ပြီး ပြောမယ် ... မင်းတို့ကများ မှန်တယ် ထင်နေလို့လား။)”

“တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ပြည်သူ့ထောက်ခံမှုအင်အားနဲ့ပဲ အုပ်ချုပ်တာ ဖြစ်ရမယ်။ လက်နက်နဲ့ အုပ်ချုပ်တာ မဖြစ်ရဘူးဆိုတာ ကျမ မွေးကတည်းက သင်ထားခဲ့တဲ့ သင်ခန်းစာတခုပါ။ ဒါကြောင့် ပထမအကြိမ် စစ်အာဏာသိမ်းတာ ကျမက မထောက်ခံဘူး။ အဲဒီတုန်းက ကျမအသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ အဲဒီတုန်းက မေမေဒေါ်ခင်ကြည်နဲ့ ဦးအုန်း၊ ဦးညိုမြ၊ သခင်အုန်းမြင့် ... အစရှိတဲ့ ဖေဖေ့မိတ်ဆွေအိမ်မှာ ရှိနေပြီး သူတို့က လက်မခံကြောင်း၊ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ မဟုတ်ကြောင်း ကျမရှေ့မှာ ဆွေးနွေးနေကြလို့ ကျမ သိခဲ့ရတာပါ။ သူတို့ရဲ့ ဝေဖန်မှုတွေကြောင့် အမှန်နဲ့ အမှားကို ကျမ ခွဲခြားနိုင်ခဲ့တယ်။”

အခု အော်အော်နေကြတယ် မဟုတ်လား။ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” တဲ့ ... လူထုက အော်တာ။ ၁၉၆၂ နဲ့ ၁၉၈၈ စစ်အာဏာသိမ်းခဲ့တာ မင်းတို့ကများ မှန်နေတယ် ထင်လို့လား။ (ထပ်ပြီးပြောမယ် ... မင်းတို့ကများ မှန်တယ် ထင်နေလို့လား။)

၂။ ဗိုလ်ချုပ်အောင်ဆန်း ၆-၁-၁၉၄၄ ဂျပန်ခေတ် မြန်မာ့လွတ်လပ်ရေး နှစ်လည်မိန့်ခွန်းမှာ ပြောခဲ့တယ်။ “ဘယ်သူပဲဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ရင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကို ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။ သူများနှာခေါင်းနဲ့ အသက်ရှူပြီး တန်တန်မတန်တန် ရာထူးမလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး ထိုက်တန်တဲ့ ခေါင်းဆောင်မျိုးဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲမရှိ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လည်းမရှိဘဲ ကြီးကျယ်ချင်တဲ့ လူတွေဟာ ဘယ်တော့မှ ခေါင်းဆောင် မဖြစ်နိုင်ဘူး” တဲ့။

ဗိုလ်ချုပ်အောင်ဆန်း မသေခင် ပြောခဲ့တာ နှစ်ပေါင်းကြာနေပြီ ဖြစ်ပေမယ့် ခုချိန်ထိ ကွက်တိမှန်နေတုန်းပဲ။ အကြီးအကဲဆိုတဲ့ လူတွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ကိုယ်စားပြုနေတဲ့ ဘာညာဘာညာ ခေါင်းဆောင်တွေကို ဗိုလ်ချုပ်အောင်ဆန်းက မသေခင်ကတည်းက ကြိုပြီး ဆုံးမခဲ့တာ။ ဒီနေ့ ဖြစ်ပျက်နေတာနဲ့ တထပ်တည်း ကျနေတယ်။ ဘာဘာညာညာ ကိုယ့်ကိုယ်ကို ထင်ပြီး စိတ်ကြီးဝင်နေသူအားလုံးနဲ့ နာတာရှည် နှာစေး ခေါင်းမဖော်ကြသူတွေ အားလုံးကို ပြောလိုက်ချင်ပါတယ်၊ (ထပ်ပြီး ပြောမယ် ... မင်းတို့ကများ မှန်တယ် ထင်နေလို့လား။)

၃။ ၁၉၉၀ ပြည့် မေ ၂၇ ရက်နေ့မှာ ပါတီစုံရွေးကောက်ပွဲကို ဗိုလ်ချုပ်စောမောင် ခေါင်းဆောင်တဲ့ တပ်မတော်အစိုးရက တာဝန်ယူ ကျင်းပပေးတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အဆက်ပြတ်ခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲမှာ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရသစ်က နိုင်ငံတော်ကို ဆက်ပြီး ဦးဆောင်သွားရမှာ ဖြစ်တယ်လို့ ဥပဒေနဲ့ အတိအလင်း ပြဌာန်းပြီး ဗိုလ်ချုပ်စောမောင်ကိုယ်တိုင် ကတိပေးခဲ့တယ်။

ရွေးကောက်ပွဲ မကျင်းပခင် ၁၉၉၀ ပြည့်နှစ် ဇန်န၀ါရီ ၉ ရက်နေ့မှာ တပ်မတော်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်စောမောင်က ပြောခဲ့တယ်။ “နိုင်ငံတော်အာဏာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ပြောထားပြီးဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးသွားရင် ဥပဒေနဲ့အညီ အစိုးရ ဖွဲ့ကြ ယူကြပေါ့။ အဲဒီအစိုးရ ဖြစ်လာအောင် ရွေးကောက်ပွဲ လုပ်ပေးရမှာပဲ။ ဒါက ဒို့တပ်မတော်ရဲ့ တာဝန်ပေါ့။ ရွေးကောက်ပွဲပြီးရင် ဒို့တပ်မတော်သားတွေကတော့ စစ်တန်းလျားကို ပြန်သွားပြီး ဒို့ရဲ့မူလတာဝန် အဓိကတာဝန်တွေကို ဦးလည်မသုန် ဆောင်ရွက်သွားမှာဖြစ်တယ်။”

“ဒါကို အတိအလင်း ပွင့်ပွင့်လင်းလင်း ပြောထားတာပဲ၊ ခုတမျိုး ခုတမျိုးဆိုရင် ကတိမတည်ဘူး ဖြစ်မယ်။ အခုထဲက ကတိမတည်ရင် သံသယစိတ်တွေ ဖြစ်လာလိမ့်မယ်။ တပ်မတော်အနေနဲ့ ဒီလို အဖြစ်မခံဘူး။ တကယ်တော့ တပ်မတော်ဆိုတာဟာ တိုင်းပြည်အပေါ် သစ္စာခံတာပဲ။ အစိုးရ ဆိုတာလည်း တိုင်းသူပြည်သား အများစုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းဖြစ်လို့ တပ်မတော်က အစိုးရအောက်မှာပဲ ရှိရမယ်။ တို့တတွေဟာ အာဏာကို ရေရှည်ယူထားရမယ့် အဖွဲ့အစည်းမဟုတ်ဘူး။”

ဒါ့အပြင် ၁၉၉၀ ပြည့် မတ်လ ၂၇ တပ်မတော်နေ့မှာလည်း “တပ်မတော်က ရွေးကောက်ပွဲအတွက် ကတိပြုပြီး နိုင်ငံတော်မှာ ဘယ်အစိုးရ တက်တက်၊ ဘယ်ပါတီပဲ အာဏာရရ၊ ဒို့တပ်မတော်ကတော့ နိုင်ငံတော်အကျိုးစီးပွားအတွက်ပဲ ထမ်းဆောင်သွားရမှာ ဖြစ်တယ်။ နေ့စဉ် သစ္စာဓိဌာန် လေးချက် အဓိဌာန်ပြုပြီး ဦးထိပ်ပန်ဆင်နေတဲ့ ဒို့ဟာ ဗလောင်းဗလဲ မပြောဘူး။ ကလိန်ကကျစ် မလုပ်ဘူး။ ပြည်သူတွေကို မလှည့်စားဘူး။ အဲဒါ ဘာကြောင့်လဲဆိုတော့ မနက်တိုင်း ညနေတိုင်း သစ္စာအဓိဌာန် လေးချက် ဆိုထားလို့ပဲ။” လို့ ဗိုလ်ချုပ်စောမောင်က ပြောခဲ့တယ်။

အဲဒီလို ... အဲဒီလို ပြောခဲ့တဲ့ တပ်မတော်အစိုးရ ခေါင်းဆောင်၊ သဘောထားအမှန်ကို ထုတ်ပြောပြီး အမှန်အတိုင်း ကျင့်သုံးချင်တဲ့သူကို ကျန်းမာရေး အကြောင်းပြ ဖြုတ်ချပြီး တပ်မတော်အစိုးရက (ကတိက၀တ်တွေ ဖျက်ပြီး ဗိုလ်ချုပ်စောမောင် ပြောစကားအတိုင်း မဟုတ်တော့ဘဲ အာဏာကို မစွန့်လွှတ်ခဲ့ဘူး၊) ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ မျက်နှာပြောင်တိုက်ပြီး အာဏာကို လွှဲမပေးခဲ့ဘူး။ အာဏာကို ဆက်ယူခဲ့တဲ့အပြင် စီးပွားရေးပါ သောင်းကျန်းလာတယ်။ ကိုယ်ကျိုးရှာမှုတွေ များလာတယ်။ တိုင်းပြည်ရဲ့ သံယာဇာတတွေ အကုန်လုံး ထုတ်ရောင်းပြီး ဘယ်လောက်ရတယ်၊ တိုင်းပြည်အတွက် ဘယ်ရွေ့ဘယ်မျှ သုံးခဲ့တယ် ဆိုတာကို ပွင့်လင်းမြင်သာအောင် မရှင်းလင်းခဲ့ဘူး။ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကိုလည်း ထည့်မတွက်ခဲ့ဘူး။ ဖြစ်ပေါ်လာမယ့် အန္တရာယ်ကိုလည်း မသိကျိုးကျွံ ပြုခဲ့တယ်။ အဲဒီအကျိုးဆက်ကတော့ ဒီကနေ့ထိ ပြည်သူတွေ ခံစားနေရတုန်းပဲ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလည်း အာဏာမလွှဲခင် တပ်မတော်စီးပွားရေးအတွက် ဇွတ်အတင်း ရယူခဲ့တယ်။ (အဲဒီအချိန်က ၀န်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် တရုတ်နဲ့ စာချုပ် လက်မှတ်ထိုးခဲ့တာ။ ခုမှ သူမသိဘူးလို့ ပြောလို့ မရတော့ဘူး။)

လက်ပံတောင်းတောင်မှာ မေတ္တာသုတ်ရွတ်ပြီး အေးချမ်းစွာ ဆန္ဒပြတဲ့ သံယာတော်တွေ အိပ်ပျော်နေတုန်း မီးလောင်ဗုံး ပစ်သွင်းပြီး ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ သမ္မတနဲ့ အစိုးရအဖွဲ့က ၀န်ချတောင်းပန်ခြင်း မရှိသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့ပြီး စုံစမ်းခိုင်းထားတယ်။ ကိုယ်ကိုယ်တိုင် အမိန့်ပေးပြီး လုပ်ထားတဲ့ကိစ္စ ကိုယ်အသိဆုံးပဲ။ စုံစမ်းစစ်ဆေးစရာ လိုသေးလို့လား။ ကတိဖျက်ပြီး နှစ်ပေါင်း ၂၀ ကျော် မျက်နှာပြောင်တိုက်ပြီး အာဏာယူခဲ့ပြီး ခုလည်းပဲ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်တွေမှာ အနိုင်ကျင့်ပြီး အာဏာကို ကာကွယ်နေတုန်းပဲ။ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ပဲ။ နိုင်ငံရေးမှာ ၀င်ပါဖို့ မဟုတ်ဘူး။ သူတို့ပဲ ၀န်ထမ်းဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆို၊ တပ်မတော်သားဆိုတာ နိုင်ငံ့ဝန်ထမ်းပဲ။ ထင်ရာတွေ လုပ်နေပေမယ့် သမိုင်းကတော့ ၀င်သွားပြီ၊ သမိုင်းတွင်သွားပြီ။ ဒီကိစ္စ မူမမှန်ဘူးဆိုတာ ကလေးကအစ သိတယ်။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ လိမ်ချင်တိုင်း လိမ်လို့မရဘူး။ လုပ်ချင်တိုင်း လုပ်လို့ မရတော့ဘူး။

ဗိုလ်ချုပ်စောမောင်ကို ၁၉၉၂ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ ဖယ်ရှားဖြုတ်ချပြီး ဗိုလ်ချုပ်သန်းရွှေ အာဏာယူခဲ့တာ မူမှန်လို့လား။ အနှစ် ၂၀ ကျော် စစ်အစိုးရ အုပ်ချုပ်ခဲ့တာ ပြည်သူတွေ ဖွတ်ဖွတ်ညက်ညက် ကြေကုန်ပြီ။ ထမင်းနှပ်မှန်အောင် စားနိုင်တဲ့ ၀င်ငွေကိုလည်း မဖန်တီးပေးနိုင်ဘူး။ ပေးထားတဲ့ လစာနဲ့ ကုန်ဈေးနှုန်းကလည်း မိုးနဲ့မြေလို ကွာခြားနေတယ်။ ချမ်းသာတာကတော့ စစ်အုပ်စုနဲ့ သူတို့ကို အလုပ်အကျွေး ပြုနေတဲ့ ခရိုနီ စီးပွားရေးသမားတွေပဲ။ ဆေးရုံတက်နေတဲ့ သံယာတွေကို အဲဒီခရိုနီတွေက စေတနာရှိရှိ လှူလို့လား။ သမ္မတ သွားရင်တော့ နောက်ကလိုက်ပြီး လှူမှာ သေချာတယ်။ ၂၀၁၀ မှာ မဖြစ်မနေ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲ လုပ်ခဲ့ရာမှာလည်း မယုံနိုင်စရာ မဲအများကြီးရအောင် လှည့်စားနိုင်ခဲ့တဲ့ လုပ်ရပ်တွေကို လူတွေ မသိဘူးထင်လို့လား။

မဲခိုးမဲလိမ်ရုံတင်မကဘ။ ဇွတ်အတင်း မဲပေးခိုင်းတဲ့ ဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ရသူက အများကြီး ရှိခဲ့တယ်။ လုပ်ချင်ရာလုပ်လို့ရအောင် စိတ်ကြိုက်ဖွဲ့စည်းပုံ ဆွဲတာကလည်း အာဏာကို လက်မလွှတ်ချင်လို့ပဲ၊ အဲဒီဖွဲ့စည်းပုံ ပြင်လို့မရအောင် တမတ်သား တပ်မတော်သား ကိုယ်စားလှယ်တွေ ထည့်ထားတာကလည်း အာဏာကို ကြာကြာယူထားချင်လို့ပဲ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်တွေပဲ လုပ်နေတာ။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း စော်ကား၊ ပြည်သူလူထုကိုလည်း စော်ကား၊ နောက်ဆုံး သံယာတော်တွေပါ စော်ကား ပြစ်မှားနေတဲ့ ကိစ္စတွေ အားလုံး ... အားလုံး မှန်တယ် ထင်နေလို့လား၊ (ရှင်းရှင်းပဲ ထပ်ပြီး ပြောမယ် ... မင်းတို့ရဲ့ လုပ်ရပ်တွေ၊ လုပ်ဆောင်ချက်တွေအတွက် မင်းတို့ကများ မှန်တယ်ထင်နေလို့လား ... ရှက်တတ်ရင် လဲသေလို့ ရပြီ။)

စိန်သံလုံး

5 comments:

lotar said...

ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတဲ့ သူတွေ ဒီနိုင်ငံမှာ များများ လိုအပ်နေတယ်

S.Maung Chain said...

Yes,This is absolutely true history about dictatorship.They don't have to gave back peoples's power to the peoples.DASSK known already I think,but she don't have choice to go another way.Because she is a noble price winner that why.

hetra said...

Hi

all gentle men, those are currently leaders from any party, organisation, government departments, offices and so on
As regards above article, it's in time to ask for you action,
"
Do you think you all are right in your actions?"

မိုးကြိုး said...

this time i agree this post

aristhteinwin said...

ရှက်တတ်ရင် သေသင့်တာပေါ့-ဒါပေမဲ့- ဒီလူတွေက - အရှက်မရှိ လူတန်းစားတွေလေ-ဘယ်လောက်ပြောပြော ဒီဘက်နားက ၀င်သွားရင် ဟိုဘက်နားက ထွက်သွားလိမ့်မယ်- သူတို့ မေးကြည့်ပါလား-ရှက်တတ်သလားလို့ -သူတို့ က ပြန်မေးလိမ့်မယ်-
အရှက်ဆိုတာ ဘယ်လိုဟာလဲ-ရှည်ရှည်လား-တိုတိုလား-ဂျိုပါလားလို့ မေးမှာ-