Wednesday, December 26, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၁)

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၁)
အောင်ထူး (ရှေ့နေ)

စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဖူးသော်လည်း ယုံကြည်ချက်အတွက် သူမ၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြုသူဖြစ်သည်။ ကမ္ဘာသိခေါင်းဆောင်တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ် ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာ ပြောဆို၊ ရေးသားခဲ့ဖူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်း၍ တကြိမ်မျှ မဝေဖန်ခဲ့ဖူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ပေးခဲ့သော အင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်သည်ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ အနည်းငယ် စတင်ထောက်ပြခဲ့သည်။ အင်တာဗျူးကို ဤတွင် နားဆင်ပါ။

- အင်တာဗျူး နားဆင်ရန် click

(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)

ယခုမူ သူမကိုယ်တိုင်သာမက လူထုပါ စဉ်းစားနိုင်အောင် တစုံတရာ ထုတ်ဖော်ဝေဖန်သင့်သောအချိန် ရောက်ပြီဟု ယူဆသဖြင့် ဤဆောင်းပါးတွဲတစုံ ကို ရေးသားလိုက်ခြင်းဖြစ်သည်။ အမှားအမှန် တိုင်းတာရန် မလွယ်ကူလှသည့် နိုင်ငံရေးအမြင်၊ မျှော်မှန်းချက်၊ ရပ်တည်ချက်များအပေါ် အခြေခံ၍ ဝေဖန်မည် မဟုတ်ပါ။ အခိုင်အမာ ပြောနိုင်သည့် “ဥပဒေစိုးမိုးရေး” [i] ရှုထောင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။

“တိုင်းပြည်” [ii] အတွက် ဟူသော စကားလုံးကို မသုံးချင်ပါ။ ယင်းကို သုံး၍ စစ်အစိုးရအဆက်ဆက်က လူထုအပေါ် အမျိုးမျိုး ဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။ တိုင်းရင်းသားပေါင်းစုံလူထုအကျိုးအတွက် ရိုးသားစွာ ဝေဖန်ခြင်းဖြစ်ပါမည်။

မိမိ၏ ဤဝေဖန်ရေးဆောင်းပါး ထွက်သွားပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ထောက်ခံမည့် လူထုများအနက် အချို့ထံမှ တိုက်ခိုက်မှုများ ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ ယင်းသို့ ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှ ပြန်လည်တုံ့ပြန်မည် မဟုတ်ပါ။ သူ့အမြင် ကိုယ့်အမြင် တင်ပြခြင်းဟုသာ သဘောထားပါမည်။ အရာကိစ္စများကို တချိန်တွင် သမိုင်းက အဆုံးအဖြတ်ပေးပါမည်။

စာရေးသူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြပါမည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်း ဆက်လက် ဦးဆောင်လျှောက်လှမ်းပါက မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေး ရရန် ဝေး၍ တရားမျှတမှုပင် ဖော်ဆောင်နိုင်မည်မဟုတ် ဟူသည်ပင်။

“၀မ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်။”

“ဥပဒေစိုးမိုးရေး” နှင့် “ တရားမျှတမှု” [iii] တို့ကို ဘယ်လို နှိုင်းယှဉ်လေ့လာမလဲ။

ဥပဒေစိုးမိုးရေး၏ အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏ အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တမ်း လိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍ မရပါ။ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးမူကို ကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတ ထားလို၍ မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တရသွားစေခြင်သည့်အပြင် အခြားသူများကလည်း သင်ခန်းစာယူ၍ နောင်ကို အလားတူ ပြစ်မှုများ ထပ်မံ မကျူးလွန်စေရန် ဟန့်တားလို၍ ဖြစ်သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍ မရလောက်အောင် ဟန့်တားထားသည့် ဥပဒေအခြေခံများ၊ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းရပါမည်။

အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးနိုင်ခြင်းမရှိပါက “တရားမျှတမှု” ကို ရှာဖွေရပါသည်။ ဤတွင် အနည်းဆုံးအားဖြင့် ပြစ်မှုကြီးများ ဖြစ်ပွားခဲ့ပုံများနှင့် စပ်လျဉ်း၍ အမှန်တရားကို ဖော်ထုတ်ရသည်။ နောင် အလားတူပြစ်မှုများ ဆက်လက်ဖြစ်ပွားလာလျှင် ထိရောက်စွာ အရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်းရသည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါးသက်သာအောင် လုပ်ပေးရပါသည်။

“ဥပဒေစိုးမိုးရေး” ရှုထောင့်

ဝမ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်။ ဤပုံအတိုင်း ဆက်သွားပါက “ဥပဒေစိုးမိုးရေး” ဟူသည်မှာ အသံသာရှိပြီး အဆံမရှိသည့် အမြောက်ထက် ပိုနိုင်ဖွယ်မမြင်။ စစ်အာဏာရှင်များ ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထု အင်အားချည့်နဲ့သည်ထက် ချည့်နဲ့လာရုံကလွဲ၍ ဘာမှ ဖြစ်လာမည်မဟုတ်။

“တရားမျှတမှု” ရှုထောင့်

ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တရားမှစ၍ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များဖြစ်သည့် တပ်မတော်၊ ရဲ၊ ထောက်လှန်းရေး၊ လုံခြုံမှုထိန်းသိမ်းရေးတပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံဟောင်းများအား ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျ လှုံ့ဆော်သည်ကို တကြိမ်တခါမျှ မကြားမိ။ ဖိနှိပ်ရေးယန္တရားဟောင်းများသည် အုံနှင့်၊ ကျင်းနှင့်၊ ထုနှင့်၊ ထည်နှင့် ဆက်လက် တည်ရှိဆဲဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများကို သုံး၍ အတင်းအကျပ်ပြုနိုင်ခွင့်အာဏာ [iv] သည် ဥပဒေစိုးမိုးရေးအတွက် ဖြစ်ရပါမည်။ စစ်အာဏာရှင်များအတွက် မဖြစ်စေရပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။

သာဓကအားဖြင့် သံဃာတော်များအား မီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင် ဦးဆောင် အကောင်အထည်ဖော်ခဲ့သော စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုသည် ဒုတိယဗိုလ်မှူးကြီးဟောင်းတဦး ဖြစ်သည်ဟု ကြားရသည်။ ဤသတင်းမှန်လျှင် ရဲတပ်ဖွဲ့၏ သမာသမတ်ဖြစ်မှု [v]  မှာ များစွာ သံသယဖြစ်ဖွယ်ရှိပါသည်။ စစ်ခေါင်းဆောင်များ ကြီးစိုးထားသော အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) က ဦးစန်းယုအား တိုက်ရိုက် အမိန့်ပေး ဖြိုခွဲခိုင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။

“ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ ‘တရားမျှတမှု’ အခြေခံတွင် ‘တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်းလဲရေး’ ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့် အပစ်ခံရပြီး နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ ရှိသည်။”

သို့ဖြစ်ပါက တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများအနက် အရေးကြီးသော ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် အဆောက်အအုံတခု ဖြစ်လာအောင် တည်ဆောက်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံ ရှာဖွေရာ၌ လက်ပံတောင်းတောင်မှုခင်းမှ မည်သည့် သင်ခန်းစာယူမည်နည်း။ စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိ ရဲတပ်ဖွဲ့၏ အချက်အချာကျသော နေရာများအားလုံးမှ ဖယ်ရှားလိုက်ရန်ပင်။ ယင်းမှာ “တရားမျှတမှု” ကို ရှာဖွေရာ၌ အခြေခံအားဖြင့် ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေး ယန္တရားများ ပြုပြင်ပြောင်းလဲရေး” [vi] လုပ်ငန်း၏ အရေးကြီးသော ခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။

ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ “တရားမျှတမှု” အခြေခံတွင် “တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်းလဲရေး” ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့် အပစ်ခံရပြီး နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ရှိသည်။

စစ်အာဏာရှင်စနစ်အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့် လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူးသဖြင့် မြန်မာ မဟုတ်သည့် တိုင်းရင်းသား အမျိုးသား အမျိုးသမီး မြောက်မြားလှစွာ ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ကြရသည်။ ပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း၊ လူသတ်၊ စားရေရိက္ခာများ ဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင်ကျော် မီးရှို့ခံခဲ့ရသည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက စနစ်တကျ သတင်းအချက်အလက် စုဆောင်း အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။ [vii] ယင်းအစီရင်ခံစာမှာ ၂၀၀၈ ခုနှစ်အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်း ထပ်မံကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။

ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသားလူထုများ ခံစားခဲ့ရသည့်ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ “ဥပဒေစိုးမိုးရေး” ရှုထောင့်မှ မချည်းကပ်နိုင်သည့်တိုင် “တရားမျှတမှု” ရှုထောင့်မှ ချည်းကပ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယင်းမှာလည်း ယခုအချိန်အထိ ဖြစ်မလာသေးပါ။

စစ်အစိုးရအဆက်ဆက်က ကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ အမှန်တရား ပေါ်ထွက်လာအောင်သော်လည်းကောင်း၊ ဘ၀ဆုံးရှုံးခဲ့ကြသော တိုင်းရင်းသားလူထုများအား တိုင်းပြည်က နည်းလမ်းတကျ အသိအမှတ်ပြု၊ ပြုပြင် ကုစား၊ ထိုက်သင့်သည့် လျော်ကြေးများပေး၊ အခြားနည်းများဖြင့်ပါ ၄င်းတို့၏ နစ်နာမှုများ လျော့ပါးသက်သာအောင် လုပ်ဆောင်ရန်ကိုသော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ တိတိကျကျ ဦးဆောင်လှုပ်ရှားမှုမပြုခဲ့ပါ။ ဘယ်တော့ ဦးဆောင်မည်ကိုလည်း မမျှော်လင့်နိုင်။ လေသံမျှပင် မဟသေး၍ ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဥပဒေစိုးမိုးရေး

၁၉၈၈ ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံလူထုအပေါ် ပြစ်မှုကြီးပေါင်းများစွာကို ဆက်တိုက် ကျူးလွန်နေခဲ့ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေးပါတီအဖွဲ့အစည်း အတော်များများကလည်း “အမျိုးသားပြန်လည်သင့်မြတ်ရေး” [viii] ဟူသည်ကို လွှင့်တင်လာခဲ့ကြသည်။ သို့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စာနှင့် ရေးသားကာ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို မတွေ့ရ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးနှင့် ဆက်စပ်၍ ရှင်းလင်းထားသည်ကို မမြင်ရ။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ တည်ဆောက်မည်လား။ တရားမျှတမှု ရှာဖွေရေး အခြေခံမှ တည်ဆောက်မည်လား။ စစ်အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြစ်မှုကြီးများ ကျူးလွန်ခဲ့မှုများ အပါအ၀င် အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များအားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှ အရေးယူဆောင်ရွက်မှု မပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ အရေးယူဆောင်ရွက်သွားမည်လား။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ သင်ပုန်းချေသွားမည်ဆိုလျှင်လည်း လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှု [ix]၊ လူမျိုးတုံးသတ်ဖြတ်မှု [x]၊ စစ်ရာဇ၀တ်မှုများ [xi] ဟူသည့် နိုင်ငံတကာရာဇ၀တ်မှုကြီးများကိုပါ အရေးမယူတော့ဘူးလား။ အဆိုပါ ပြစ်မှုကြီးသုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေး၍ရသော ပြစ်မှုမျိုး မဟုတ်သဖြင့် ယင်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးရှုထောင့်မှ မည်သို့ ကိုင်တွယ်မည်နည်း။ သို့မဟုတ်လျှင် နိုင်ငံတကာရာဇ၀တ်မှုကြီးများ မပါဘဲ ပြည်တွင်းပြစ်မှုများကိုသာ ရည်ညွှန်းမှာလား။

ပြစ်မှုကျူးလွန်သူများကို အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ဟု ယူဆလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် တခုခု စီစဉ်ဆောင်ရွက်မည်လား။ စစ်အစိုးရခေတ်အဆက်ဆက်တွင် ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသူ လူထုများအား အသိအမှတ်ပြုသည့်အနေဖြင့် ၄င်းတို့၏ စာရင်းကို မှတ်တမ်းကောက်ယူမှာလား။ သို့မဟုတ် ဘာတခုမှ လုပ်ဆောင်ခြင်းမပြုတော့ဘဲ သည်အတိုင်း မေ့ထား၊ ပြည်ဖုံးကားချထားခဲ့တော့မည်လား။

လုံးဝ ပြည်ဖုံးကားချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်တစုနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တစု အတွင်းတွင်သာ ပြန်လည်သင့်မြတ်ရေးသဘော ဆောင်နေမည်ဖြစ်သောကြောင့် တနိုင်ငံလုံး အတိုင်းအတာ လူထုအသွင်လက္ခဏာဆောင်အောင် (အထူးသဖြင့် အခံခဲ့ရဆုံးဖြစ်သော တိုင်းရင်းသားလူထုများ ကျေနပ်အောင်) မည်သည့် နည်းနာများဖြင့် ဖော်ဆာင်မည်နည်း။

ပြစ်မှုကြီးများ ကျူးလွန်ခံရ၍ ဘ၀နစ်နာပျက်စီး ဆုံးရှုံးခဲ့ကြရသူများကို မည်သည့် မှတ်တမ်းမျှ မကောက်ယူတော့ဘဲ သည်အတိုင်း ထားခဲ့၍ မရနိုင်ဘူးလား။ တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျ အသိအမှတ်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများ စိတ်ဖြေသိမ့်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်လား။ မှတ်တမ်းကောက်ကူမည်ဆိုလျှင်လည်း မည်သည့်ခေတ်မှ စတင်၍ ကောက်မည်နည်း။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စတင်မည်လား။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင်ခေတ်မှ စတင်မည်လား။ မှတ်တမ်းရရှိပြီးလျှင် ဘ၀နစ်နာဆုံးရှုံးခဲ့သူများအား မည်မျှလောက် အတိုင်းအတာအထိ ပြန်လည် ကုစားပေးနိုင်မည်နည်း။ မည်သို့ ပြန်လည်ကုစားမည်နည်း။ ကုစားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးရှိမည်လား။ ဘာမျှ မကုစားဘဲသည်အတိုင်း ထားလျှင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မထိခိုက်ဟု ယူဆနိုင်မလား။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖော်ညွှန်းကျင့်သုံးခြင်း မရှိခဲ့သဖြင့် စကတည်းက ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်း တိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်း မရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိလျှင် လူထု၏ စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။”

အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်နှင့် စပ်လျဉ်း၍ ဘာတခုမျှ ရေရေရာရာ မသိသော မေးခွန်းပေါင်း သောင်းခြောက်ထောင် ရှိနေသည်။ အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များ ဟူရာတွင်လည်း ကာလအပိုင်းအခြား အကန့်အသတ်နှင့် စပ်လျဉ်း၍ မည်သူမျှ တိတိကျကျ မသိ။ မည်သည့်နှစ်၊ လ၊ နေ့ရက်ကို နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့သမျှ ပြစ်မှုကြီးများအပေါ် အရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း၊ လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် နှစ်၊ လ၊ ရက်မှ ကျော်လွန်လျှင်မူ အမျိုးသားပြန်လည်သင့်မြတ်ရေးရှုထောင့်မှ မစဉ်းစားတော့ဘဲ ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ ပြစ်မှုကျူးလွန်သူမှန်သမျှကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စသဖြင့် သတ်မှတ်ထားခြင်းလည်း မတွေ့ရ။

သို့ဖြစ်၍ စစ်အစိုးရအာဏာပိုင်များအနေဖြင့် မျက်မှောက်အချိန်တွင်လည်းကောင်း၊ အနာဂတ်တွင်လည်းကောင်း လူထုအပေါ် မည်သို့ပင် ပြစ်မှုကြီးများ ဆက်လက် ကျူးလွန်နေသော်လည်း ၄င်းတို့အား အရေးယူ အပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအမြင်အရ အစဉ်တစိုက် ခွင့်လွှတ်သွားရမည့် သဘောဆောင်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖော်ညွှန်းကျင့်သုံးခြင်း မရှိခဲ့သဖြင့် စကတည်းက ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်း တိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်း မရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိလျှင် လူထု၏ စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။

ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀ နစ်နာမှုများအားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။

ပြစ်မှုကြီးပေါင်း မြောက်မြားစွာ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများ မဟုတ်ဘူးလား။ သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာ ထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊ စည်းရုံးရေးခရီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ဆောက်ရေးခရီးများသာ များပြားနေပြီး ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုး ဘာကြောင့်မထွက်သလဲ။ စစ်အာဏာရှင်များ ငြိုငြင်မည်ကို စိုးရိမ်သောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့် လှပသော စကားလုံးအောက်တွင် လူထုဘ၀နစ်နာမှုများအားလုံးကို လုံးဝပင် ပြည်ဖုံးကားချထားခဲ့ပြီလား။

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ဖြစ်ပြီးခဲ့သမျှအားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အရေးယူ ဆောင်ရွက်မှုမပြုခြင်းသည် “ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရုံသာမက လူထုအတွက် “တရားမျှတမှု” ပင် မမျှော်မှန်းနိုင်တော့ ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့ ပညာတတ်ခေါင်းဆောင်သည် မသိတာတော့ မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း မပြောရက်ပါ။ ယခု ဤသို့ ပြောရမည့် အခြေသို့ ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင်သစ်၊ ဟောင်းများနှင့် ထိပ်တိုက်မတွေ့လို၍သာ ဖြစ်မည်ဟု သုံးသပ်ပါသည်။ ယခု သူမ လျှောက်လှမ်းနေသော လမ်းကြောင်းမှာ စစ်အစိုးရနှင့် အဖိနှိပ်ခံ လူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး [xii] ဖြစ်နေသည်။ နှစ်ဘက်လုံးမှနေ၍ သူမအပေါ် အမုန်းမပွားစေဘဲ မေတ္တာခံယူသွားနိုင်စေမည့် လမ်းကြောင်းမျိုးဖြစ်သည်။ သူမအတွက်တော့ ကောင်းခြင်ကောင်းပါမည်။ လူထုအတွက် လုံးဝမကောင်းပါ။

စာရေးသူ မျှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုရှေ့၌ မားမားမတ်မတ် ရပ်ပြီး ၄င်းတို့ ဆုံးရှုံးနေသော အခွင့်အရေးအများအတွက် ခိုင်ကျည်စွာ ရပ်တည်တောင်းဆို တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ ယခု ယင်းသို့ ဖြစ်မလာပါ။ “ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီးတခုလုံးကြောင့် ပေါ်ပေါက်သည့် လူထုဘ၀ ခံစားမှုများကို ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်း ထောက်ပြ၊ ပြတ်ပြတ်သားသား လှုပ်ရှားဆောင်ရွက်သည်ကို မတွေ့ရပါ။

“ဥပဒေစိုးမိုးရေး” ပျက်ခြင်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည် တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။

ဤမေးခွန်းကို မေးဖွယ်ရှိသည်။ လူထုများ၏ တာဝန်ကို သိစေချင်၍ အားလုံး လေ့လာခွင့်ရအောင် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ရည်ညွှန်းရခြင်းမှာ သူမ တဦးတည်းက လူထုခေါင်းဆောင်နေရာတွင် ရယူထား၍ ဖြစ်သည်။ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးမျက်နှစာတွင် ထိရောက်စွာ ခေါင်းမဆောင်သည့်အခါ လူထုအနေဖြင့် ထိုးဖောက်ကျော်တက်ပြီး လုပ်၍ မရနိုင်သည့် အခြေအနေကို တွေ့မြင်နေရ၍ဖြစ်သည်။

စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနှိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက ယုန်ကလေး ဖြစ်နေသဖြင့် အစိုးရ၏ အာဏာကို ထိန်းညှိနိုင်သည့် ညီမျှခြေ လူထုတွင် ရှိလာစေရန် လူထုအား ယုန်ကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင် အသွင်းပြောင်းဖို့လိုကြောင်း တင်ပြခဲ့သည်။ စင်စစ်အားဖြင့်မူ လူထုယုန်ကလေးများအနက် ခေါင်းဆောင်တင်လိုက်သည့် တကောင်မှာမူ ဆင်ကြီးဘ၀သို့ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။ ယင်းဆင်ကြီးသည် ရှေ့မှာ မားမားရပ်ပြီး နှာမောင်းကြီးကို မြှောက်၊ ဖွေးဖွေးဖြူ ကြံ့ခိုင်သော မိမိ၏ အစွယ်ကြီးကို ပင့်လျက် ကျားကြီးကို ရဲရဲတင်းတင်း ရင်ဆိုင်ကာ ယုန်ကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

သို့ရာတွင် ယင်းသို့ ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည် ကျားကြီး၏ ကျောကို နှာမာင်းကြီးနှင့် ပွတ်သပ်ကာ အကျွမ်းတ၀င် ပြုလျက်ရှိသည်။ ကျားကြီး မည်သို့တော်ကြောင်း ချီးမွမ်းခန်းတွေ တခုပြီး တခု ဖွင့်နေသည်။ နောက်တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများကိုမူ မိမိ၏ အမြီး ကလေးမျှသာ လှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့်ထားသည်။ ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများကလည်း ရှေ့ကို ဆက်မတက်နိုင်။ လူထုမှာ ယုန်ကလေးများဘ၀မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲမည့် အန္တရာယ်ကို ကြောက်နေရဆဲရှိသေးသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟု စာရေးသူ ရှုမြင်သည်။

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန် ...

အောင်ထူး (ရှေ့နေ)
ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ်
(Aung Htoo ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)


ရည်ညွှန်းချက်များ

[i] The Rule of Law
[ii] State
[iii] Justice
[iv] Enforcement power
[v] Neutrality of police
[vi] Institutional reform
[vii] Amnesty International Report: Crimes Against Humanity in Eastern Myanmar; June, 2008.
[viii] National Reconciliation
[ix] Crime against humanity
[x] Genocide
[xi] War crime
[xii] Mediation

55 comments:

Unknown said...

ဒေါ်စု လဲလုပ်ပေးနေတာဘဲဘယ်အရာမဆိုအချိန်ကိုစောင့်ပေးရတယ်မိမိအိမ်ထောင် စုတခု မှာရှိတဲ့သားသမီးတွေကိုဘဲတခုချင် ရဲ့ဆန္ဒတွေကိုယ်ဖြည့်ပေးနိုင်ရဲ့လာဆိုတာစဉ်းစားပါဒါဆို ကိုယ်ခြင်းစာတတ် လာလိမ့်မယ်

Pa kyaing said...

ကျွန်တော့် အမြင်ပြောရရင် အမေစုလုပ်နေတာတွေက အရမ်းကို လက်တွေ့ ကျပါတယ်။ နိုင်ငံတစ်ကာ မှာ သြဇာ ညောင်းအောင်လုပ်နိုင်ခဲ့ တယ်။ မြန်မာပြည်သူလူထုကြီးကို စည်းရုံးနိုင်ခဲ့ တယ်။ အခုလည်း အရမ်းကိုပင်ပန်း ပါတယ်။ ပါတီကို ခေါင်းဆောင်မှုပေးရတာ လူထုတွေနိုင်ငံရေးမှာ တက်ကြွလှုပ်ရှား လာဖို့  မရပ်မနား စည်းရုံး ဟောပြောရတာ၊လူထုတွေ နိုင်ငံရေးမှာတက်တက်ကြွကြွ နှင့်  ပါဝင်ဖို့ ထက် စနစ်တကျ လှုပ်ရှားတက်ဖို့ ပိုပြီးခက်ခဲပါတယ်။ ကျွန်တော့် အမြင် ဒေါ်စုဟာ အဲ့ ဒီအဆင့် ကို ကြိုးစားနေတယ်။ ခင်ဗျားတို့ က ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ခံနေပြီး ကျွန်တော်တို့ ဘာမှလုပ်လို့ မရတော့ ဘူး လို့ အော်နေကြတယ်။ ဒေါ်စုက ၂၀၀၈ အခြေံဥပဒေ ကိုပြင်ဖို့  ကြိုးစားနေတယ်။ အခုချိန်မှာလုပ်ရင် လုပ်သလောက် အကျိုးအမြက် ရှိနိုင်တဲ့ အချိန်၊ မြန်မာပြည်ကြီးအတွက် အလွန်အရေးကြီးတဲ့ အချိန် ကိုရောက်နေပြီး။ကလေးတစ်ယောက်လို ဟိုဟာလုပ်ပေးပါ ဒီဟာမရသေးဘူး ဆိုပြီး ဂျီကျ ငိုကျွေးနေရမဲ့  အချိန်မဟုတ်တော့ ဘူး။အရင် ကဆိုရင် ခရိုနီ တွေဆီက ငွေကြေး တော်တော်များများဟာ စစ်အုပ်ချုပ်ရေ ယန္တရား ခိုင်ခံ့ အောင် ထောက်ပံ့  ပေးခဲ့ ကြတယ်။ အခုဆိုရင် ဒီငွေကြေးတွေဟာ ဒီမိုကရေစီ အင်းအားစုတွေဘက်ကို တစ်ဖြေးဖြေးစီးမျောလာပြီး။ ဒါကို ကျွန်တော်တို့ ငြင်းပယ်လို့ မဖြစ်ဘူး။ စစ်အာဏာ ရှင်တွေကို ယှဉ်နိုင်ဖို့ အတွက် ၁) လူထုအင်အားညီညွတ်ဖို့  ၂) စနစ်တကျလှုပ်ရှားမှု ၃) ငွေကြေးစတဲ့  အခြေခံ အချက်တွေ မပြည့် စုံဘဲနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ၊ စစ်အာဏာရှင် ပြုတ်ကျဖို့  မဟာဗြူဟာ ချမှတ်လို့ ရမှာမဟုတ်ဘူး။ ဒေါ်စုပြောသလိုဘဲ အားလုံးကိုတစ်ပြိုင်နက်ထဲလုပ်လို့ မရနိုင်ဘူး တစ်ဆင့် ခြင်း ဖြေရှင်းမှဘဲရနိုင်မယ်။ပြည်သူတွေရဲ့ ဒုက္ခတွေအကြောင်းကို ခင်ဗျားရေးနေရင် ကိုးရီးယား ဇာတ်လမ်းတွဲလိုဘဲ တော်ယုံနဲ့ အဆုံးသက်လို့ ရမှာမဟုတ်ဘူး။အဲ့ ဒီ့ ပြသနာတွေအားလုံး ပြေလည်ဖို့ ဆိုရင်တေတာ့  ဒေါ်စုနိုင်ငံတော် သမ္မတ အာဏာရမှဖြစ်နိုင်မယ်...................... (ဆက်ရန်)

mya said...

koko chit တော်တော်တုံးတာဘဲ
ဒေါ်စုကိုဝေ ဖန်ထောက်ပြရင် လူအထင်ကြီးမလားလို့ သိသိကြီးနဲ့ပြောနေတာဗျ

Panyacekka said...

ဒေါ်စုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံကို မပျင်ဆင်နိုင်သမျှဘယ်တော့မှ အရာရာကိုပြောင်းလို့မရ- ဗလိုင်းကြီးထောင်ခံ၊ ဗလိုင်းကြီးအားပေးခြင်းကို ရပ်တန့်တော့- ဆက်ရန်

Maung Win said...

ဆောင်းပါးရှင်သည် အလွန်ဆန္ဒ စောနေပါသည် ။ ထိုကဲ့
သို့ သောသူ များကို ရှေ့လျောက် ပိုမို များပြားစွာ တွေ့မည်
ဟုယူဆသည်။ ဒေါ်စုသည် လက်ပတောင်း ကိစ္စ ခေါင်းခံ
လုပ်ရင်း တရား ဥပဒေ ညီမှုရေး နဲ့ ပတ်သတ်ပြီး တရား
သူကြီးများကို တွေ့ဆုံ ပြောကြားခြင်း အရေးယူ နိုင်အောင်
ဆောင်ရွက်ခြင်း စစ်ဆေးခြင်း များကို အခါ အားလျှော်စွာ
ဆောင်ရွက် နေပါသည်။ တဘက်မှ ရန်ကုန်ဆေးရုံကြီး နှင့်
ရန်ကုန်တက္ကသိုလ် အဆင့် မြင့်ရေး ကြိုးစားဆောင်ရွက်
နေသည် ကိုတွေ့ရပေမည် ။ ထို့ပြင် သယံဇာတ ပွင့်လင်း
မြင်သာမူ ရှိရေး , တိုင်းရင်းသားဒေသများ အထောက်အပံ ရှိရေး, လူအခွင့်အရေးနှင့် အတော်များများ ပွင့်လင်းလာ
မူများသည် ဒေါ်စု , ၈၈ ကျောင်းသားဟောင်း ကိုမင်းကိုနိုင်
တို့ အဖွဲ့ , NLD နှင့် အခြား အနစ်နာခံ ဆောင်ရွက်ခဲ့သူများ
( ပြည်တွင်း / ပြည်ပ) နှင့် သမတကြီး ဦးသိန်းစိန် အပါအ၀င်
အားလုံး တက်ညီလက်ညီ ကြိုးစားမူကြောင့် ဒီအခြေအနေ
သို့ ရောက်ရှိ ခဲ့ကြောင်း အသိအမှတ်ပြု ရမည်ဖြစ်ပါသည် ။
Genocide ကိစ္စနှင့် ပတ်သတ်၍ အာဖရိကမှ ရ၀မ်ဒါ စသည့် နိုင်ငံ များ၌ ဖြစ်သွားသလိုမျိုး တိတိကျကျ တင်ပြ
သင့်ပါသည် ။

KO NAING said...

LIKE... KO PA KYAING COMMENT

Moemin said...

ကျွန်တော်တို့နိုင်ငံ အရေးက ရှုပ်ထွေးကျယ်ပြန့် နက်
ရှိုင်းလှပါတယ်၊၊လူအမျိုးမျိုးကလည်းရှု့ထောင့်ပေါင်းစုံကနေအမျိုးမျိုးဝေဖန်သုံးသပ်နေကြပါတယ်၊၊ ဒီအထဲမှာ ကျွန်တော့်အနေနဲ့ လည်း ခါတော်မှီ ဆွမ်းကြီးလောင်းတဲ့
အနေနဲ့ သက်တောင့်သက်သာလေး ၀င်ရောက် ဝေဖန် ဆရာကြီးလုပ် comment ရရင်ဖြင့် အမေစု နေအိမ်အကျယ်ချုပ်သာ ကျခံနေရရင် အခုလိုမျိုး အသက် ၆၈ နှစ် အရွယ်မှာ ပင်ပန်း ကြီးစွာ နိုင်ငံအနှံ့ လှည့်လည်သွားလာပြီး ပြည်
သူနဲ့ထိတွေ့ဆက်ဆံ ပြည်သူကိုနိုင်ငံရေးရင့်ကျက်လာ
အောင် အကြောက်တရားတွေ ကင်းဝေးအောင် နိုင်ငံ
သားတယောက်သိသင့်တဲ့အခွင့်အရေးနဲ့တာဝန်တွေ ကို သိလာအောင် ဟောပြော နေနိုင်မှာမဟုတ်ဘူး၊၊

ပြည်သူလူထုနိုင်ငံရေးရင့်ကျက်မှသာ၊အကြောက်တရားတွေ ကင်းဝေးမှသာ အာဏာရှင်စနစ်ကိုတော်လှန်ပြီး တိုင်းပြည်တ
ပြည်ဟာ ရေရှည်မှာ ကောင်းမွန်တဲ့ နိုင်ငံရေး စနစ်
တခုကိုတည် ဆောက်နိုင်မှာ ဖြစ်ပါတယ်၊၊

ကိုယ့်နိုင်ငံအရေးကိုယ်လေ့လာသူ သာမန်လူ

Mg said...

ကုမုဒြာကြာဆိုတာ လရောင်အောက်မှာသာ ပွင့်လန်းနိုင်တယ်လို့ ဆိုရိုးရှိပါတယ်။ ခြံထဲကကြက်တွေ က ဘယ်လောက်ဘဲအော်အော် ခြံပြင်ရောက်ဘို့မဖြစ်နိုင်ပါဘူး။ ၀ရှိမှ ၀ိလုပ်လို့ရတာပါ ထဆင်ထူးကို ထောင်ရင်တော့ ၀ိမဖြစ်ဘဲ ထထောင်သာဖြစ်မှာပါ။ စစ်အာဏာရှင် အောက်မှာ ဒီမိုကရေစီဖြစ်ဘို့ဆိုတာ အိမ်မက်ထဲမှာတောင်မလွယ်ပါဘူး။ အထက်ကလူတွေပြောသလို ပြောရရင် အချိန်ကိုတော့စောင့်ရပါလိမ့်မယ် နောင် နှစ် ၂၀၀ လောက်ဆိုရင် ဗမာပြည် ဒီမိုကရေစီစစ် စစ်နိုင်ငံဖြစ်ပါပြီ အဲဒါ ဒေါ်စုလုပ်ခဲ့တာလို လူတွေပြောနေကြလိမ့်မယ်။

Unknown said...

ဗုဒ္ဓရဲ့ဂရုဏာတရားကိုဗြောင်ဆန့်ကျင်ြ့ပီး၊ ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒစွဲကိုင်လျှက် သမိုင်းအတုအလိမ်များဖြင့် မဆင်မချင် သွေထိုး လှုံ့ဆော်ရေးသားပြောဆိုနေတာတွေကို မသိတာလား၊ အားပေးအားမြှောက်ဝမ်းသာလို့မသိဟန်ဆောင်တာလား။ ရခိုင်အရေးဟာ တိုင်ပြည့်အရေးမဟုတ်လို့၊ Human Rightမဟုတ်လို့၊ NLD ထိခိုက်မှာစိုးလို့ လား နိုလ်ဘယ်ဆုရှင်ကြီးရယ်၊

chai said...

အော်ကြက် အော်ကြက် အားလုံးအော်ကြက် ဦးပိုင် မဆလ အဲ မဆလာ စက်ရုနေရာရှာနေပြီ သတိထားကြ

real news said...

သမ္မတနေရာမရရင်ဘာမှဆက်မလုပ်တော့ဘူးလား၊သိချင်လိုက်တာ:-)

Unknown said...

ကျုပ်တို့နိုင်ငံမှာ နေရာတိုင်း၊ ဌာနတိုင်းမှာ ရာထူးကြီးကြီး လုပ်ပိုင်ခွင့်ကြီးကြီး ရထားသူထဲက ရာခိုင်နှုန်း၈၀ကျော်လောက်ဟာ လူလိမ်၊ လူကောက်၊ လူညစ်၊ လူ့အတ္တ၊ လူ့ငနွားတွေများတယ်။ အဲဒီလူတွေက အမှားတွေ ကလိန်ကကျစ် လုပ်ရတာတွေ အဓမ္မကိစ္စတွေကို ထမင်းစားရေသောက်အလုပ်ပမာ ကျင့်ကြံနေကြပြီး အမှားတွေများလွန်းလို့ သူတို့ကိုသူတို့ မှားနေမှန်းတောင် မသိကြတော့သလောက် ဖြစ်နေတာ တွေ့ရတယ်။ အများအပေါ် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ညစ်ပတ်ကောက်ကျစ် ရတာကိုပဲ ပရိယာယ်ဗျူဟာလို့ ထင်မြင်နေကြသူတွေ အများသားကလား။ ဌာနဆိုင်ရာတွေ မပြောပါနဲ့ဦး၊ အသိဥာဏ်နဲ့ ရင့်ကျက်မှု ရှိပါတယ်ဆိုတဲ့ ဘာသာရေးအဖွဲ့အစည်းထဲက လူပုဂ္ဂိုလ်တွေမှာတောင် ဖေါက်ပြန်နေတာကို တွေ့ရတယ်။ ဥပမာ၊ ဘာသာရေးမှာ အထွဋ်အမြတ်ထားတဲ့ ရွှေတိဂုံလိုဘုရားမျိုးမှာ ဂေါပကအကြီးအကဲ ဖြစ်ဖို့ဆိုတာ ရာထူး၊ ငွေကြေး၊ နောက်ခံအကြောင်းတရားတွေ ပြည့်စုံမှ ဖြစ်ရတာပါ။ ဒီလို နေရာမျိုးက လူကြီးဆိုသူကတောင် ရွှေတိဂုံဘုရားကို လင်းတ(လဒ)တွေလာနားတာကို ရွှေဟင်္သာတွေ လာနားတယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲတွေလုပ် စာနယ်ဇင်းသမားတွေ ခေါ်ပြီး ဗြောင်လိမ်ဗြောင်ညာလုပ်ပေးဖို့ တိုက်တွန်း လုပ်ခိုင်းခဲ့တယ်။ ဗွီဒီယိုဖိုင်တွေ သက်သေရှိပါတယ်။ မီဒီယာသမားတွေက အတိုက်အခံ ပြောလာတော့မှ တဆင့်လျှော့ပြီး ဆောင်းခိုတဲ့ ရွှေလင်းတတွေ လာနားတယ်လို့ ပြောခိုင်း ရေးခိုင်းခဲ့တယ်။ ဒါကိုကြည့်ရင် ဒီလို သီလ၊ သမာဓိနဲ့ ပြည့်စုံပြီး ကံငါးပါးကို လုံပါတယ်ဆိုတဲ့ ကမ္ဘာသိဘုရားက သမာဓိရှိပါတယ်ဆိုတဲ့ လူကြီးတွေကိုယ်တိုင်တောင် မုသာဝါဒကို ထမင်းစားရေသောက် လုပ်နေကြတာကို တွေ့ရတယ်။ မကောင်းတာ၊ မမှန်တာ လုပ်ရတာများလို့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိ၊ ကြောက်စရာကို ကြောက်ရကောင်းမှန်းမသိ ကိုယ်လုပ်နေတဲ့ အမှားကို အမှားမှန်းတောင် မသိနိုင်လောက်အောင်ထိ လူ့အဆောက်အဦကြီးတစ်ခုလုံး ပျက်ဆီးယိုယွင်းနေတာဟာ နေရာတိုင်းမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။
ဒီလို ခေတ်ပျက်၊ စိတ်ဓါတ်တွေပျက်စီး၊ အချိန်မရွေး ဖေါက်ပြန်လာနိုင်တဲ့ လူမိုက်၊ လူညစ်တွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရာရာကို အလွန်တရာ ချင့်ချိန်နှိုင်းဆပြီး လုပ်ကိုင်နေရတယ်လို့ မြင်ပါတယ်။
လူထုရဲ့အားကို ယုံကြည်ပေမယ့် လူထုကို လူမဆန်စွာ ညစ်ပတ်၊ ကောက်ကျစ်တဲ့နည်းမျိုးစုံသုံးပြီး ဖိနှိပ်ညှင်းဆဲလာတော့လဲ ပြည်တွင်းမှာက ဘာမှ ရေရာစွာ မတုံ့ပြန်နိုင်ခဲ့ပဲ ဆယ်စုနှစ်များစွာ အချိန်တွေကုန်ဆုံး နစ်နာခဲ့ရတယ်။ အခုဒီအခြေအနေ ရောက်လာရတယ်ဆိုတာလည်း ပြည်တွင်း၊ ပြည်ပက ဇွဲမလျှော့တမ်း ကြိုးပမ်းကြသူတွေရဲ့ ပဓာနကျတဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာက အာဏာရှင်တွေရဲ့ နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးတာခံခဲ့ရလို့ တစ်မျိုးသားလုံးမှာကိုက နိုင်ငံရေး အသိစိတ်ဓာတ် နိမ့်ပါး၊ ခံယူချက် မယ်မယ်ရရမရှိ၊ စွမ်းအားရှင်လို ဘုရားမသိ တရားမရှိတဲ့ ဖေါက်ပြန်ရေးသမားတွေကလည်းတစ်ဖက်၊ ဘာမှ ရေရာမှုမရှိခင်မှာတောင် အာဏာရူး နေရာလုနေကြတာ အထင်အရှား၊ လက်ရှိ အုပ်ချုပ်ရေးကို ကိုင်တွယ်လုပ်ကိုင်နေကြသူတွေဟာလည်း အာဏာရှင် အတွေးအခေါ် ဓလေ့စရိုက်၊ အမူအကျင့်တွေဟာ အရိုးစွဲ... စသည်ဖြင့် တစ်မျိုးသားလုံး အတွေးအခေါ်၊ အသိဥာဏ်၊ ပညာအဆင့်အတန်း ဘက်စုံနိမ့်ပါးနေချိန်မှာ နိုင်ငံရေး ရေချိန်နဲ့ ပြည်သူတွေရဲ့ စနစ်တကျ တော်တည့်မှန်ကန်စွာ ကျားကန်နိုင်မှုအခြေအနေကို အလွန်တရာမှ ခက်ခဲစွာ တွက်ဆရတဲ့ သဘောရှိမယ်လို့ မြင်ပါတယ်။
ဆောင်းပါးရေးသူရဲ့ အမြင်ဟာလည်း မှားတယ်မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ လက်တွေ့ဆန်စွာ ကိုယ်ချင်းစာ တွေးခေါ်နိုင်စွမ်းရှိရှိနဲ့ ၀င်ရောက်လုပ်ကိုင်ကြည့်ရင် သူ့လုပ်ရပ်တွေအပေါ် တစိတ်တပိုင်း နားလည်လာနိုင်မယ်လို့ မြင်ပါတယ်။ တရားအားထုတ်သူတွေ ကြုံတွေ့ရသလိုမျိုး.. တချို့သော အရာတွေဟာ ဘယ်လောက်ပဲ ဥာဏ်ကောင်းကောင်း၊ လေ့လာမှုတွေ အားကောင်းကောင်း အရှိတရားအမှန်တရားကို မသိမြင်နိုင်ဘဲ၊ ကိုယ်ကိုယ်တိုင် နှဖူးတွေ့ဒူးတွေ့ တွေ့ကြုံ ခံစားရမှသာ အမှန်တကယ် သိနားလည်နိုင်တဲ့ အရာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့တွက်ဆချက်နဲ့သူ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်နိုင်မယ်ထင်တယ်တွေကို လုပ်နေတာလို့ မြင်ပါတယ်။ ဒေါ်စုရဲ့ တွက်ကိန်းတွေ ရာနှုန်းပြည့် မှန်ချင်မှ မှန်ပါမယ်။ ဒါပေမယ့် သူဟာ မကောက်ကျစ်ပါဘူး၊ တိုင်းပြည်အပေါ် မဖေါက်ပြန်ပါဘူး။ ကိုယ်ကျိုးအတ္တကို ကြည့်ပြီး တိုင်းပြည်ကို မရောင်းစားဘူးလို့တော့ ယုံကြည်မိပါတယ်။ ဒီအားသာချက်တွေနဲ့တင် ဒေါ်စုအပေါ် အရာရာကို မပုံပေမယ့် ယုံကြည်စိတ်ကတော့ အားကောင်းနေဆဲပါ။
ဆောင်းပါးရဲ့ အခြားတစ်ဖက်မှာ ဆောင်းပါးရေးသူဟာ နိုင်ငံရေးရေချိန်နဲ့ ဒေါ်စုကို တဖက်တလမ်းကနေ တတ်စွမ်းသမျှ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ထိန်းညှိပေးတာလို့ပဲ သဘောပေါက်ထားတဲ့အတွက် ဆောင်းပါးရေးသူ၊ တင်ဆက်ပေးသူတွေကို အလုံးစုံ သဘောမတူသည့်တိုင် အပစ်မမြင်ပါဘူး။ ကျေးဇူးတင်မိပါတယ်။

ညီသန့်ရှင်း said...

ရှုပ်ထွေးလတဲ့ မြန်မာနိုင်ငံရေး အစအဆုံးကို ဒေါ်စု တယောက်ထဲကိုပဲ ဟီးရိုးတင်ပြီး ပြောင်လဲခိုင်း ကိုကျတော့ဘာမှမလုပ်ပဲ ဘယ်သူတွေဖြစ် ဘယ်လိုဆက်လုပ်ကျမလဲ လုပ်ချင်တာလုပ်ကျ ငါတော့ ပွဲကောင်းရင် ဆွမ်းကြီးဝင်လောင်းလိုက်မယ် ဆိုတဲ့ စိတ်ဓာတ်တွေ သူများလုပ်တာကို ပဲ ထိုင်စောင့်နေတတ်တဲ့ နိုင်ငံရေးရေသာခို စိတ်ဓာတ်တွေ ဖျောက်သင့်ကျပါပြီ။ ဒေါ်စုလဲ သူ့အသက်အရွယ် သူမ ခွန်အားရှိသလောက်နဲ့ လုပ်နိုင်သလောက်လုပ်နေသလို ကိုကလဲ လုပ်နိုင်တဲ့ နေရာကနေ ပါဝင်သင့်ကျပါပြီ။ ဒေါ်စု လျှောက်တဲ့ လမ်းမှန်တာ မမှန်တာကို အမှန်တရားဖော်ထုတ်လို့လဲ တကယ်တမ်းပြောရရင်ဖြင့် အကျိုးမရှိဘူးလို့ထင်တာပဲ။သူမလုပ်နေတာတွေက လုပ်နေတာပဲရှိတာပါ ထိရောက်မှုရှိတယ်မရှိဘူးဆိုတာ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ သူမ ဟော်ပြောနေတဲ့ စကားတွေကသာ အဓိကပါ ...အဲဒီစကားတွေက ခင်ဗျားတို့ ကျုပ်တို့ မြန်မာနိုင်ငံသားကြီးငယ်တွေ နိုင်ငံရေးကို တက်အာသမျှ ပါဝင် သင့်ကျပြီ ရေသာခိုမနေသင့်တော့ဘူးလို့ သူမပြောချင်နေတာ ကသာ အဓိကပဲ။ သူမတယောက်ထဲ ဗမာပြည်ကို ဘယ်လိုမှ မပြောင်းလဲနိုင်ဘူး အားလုံးပါဝင်မှသာထိရောက်မှုရှိလိမ့်မယ်။မြန်မာနိုင်ငံအနံ့ မတရာမှုတွေ နေ့စဉ်နဲ့ အမျှ ဖြစ်နေပါတယ် ၊ ဒါတွေကို ကိုနဲ့မဆိုင်သလို လိုက်ပိုက်ကြည့်မနေကျပါနဲ့တော့ အားလုံး ကိုတက်ကျွမ်းတဲ့ အရာတွေနဲ့ ၀ိုင်းဝင်း ပါဝင်မှသာ ကျနော်တို့ရဲ့ နိုင်ငံ ရေတိုအတွင်း ပြောင်းလဲမှုကြီးကြီးမားမားကို တွေ့မြင်နိုင်မယ်လို့ ထင်တာပဲဗျာ။

Unknown said...

အောင်ထူးဆိုတဲ့ကောင်း မင်းတို့ ကိုယ်တိုင်က နယ်စပ်မှာ
တရားဝင်သယောင်ယောင်နဲ့ လက်ထက်လက်မှတ်တစ်ခု
ကို ဘက်၃၅၀၀ နဲ့ လိမ်ညာ ရောင်းစားနေပြီး......အခုမှ
လွှတ်တော်ဝင်ခါစ လုပ်ခါစ လူတစ်ယောက် ကိုဘာဖြစ်တယ် ညာဖြစ်တယ် လျှောက်ပြောနေတယ်။မင်းကိုယ်တိုင်ရဲ့  စောက်ကျင့်ကို အရင်ပြင်လိုက်ဦး။

Vai said...

ဒေါ်စုမသေခင် ဒီမိုကရေစီ ၃၀% ရအုန်းတော့  သူတာဝန်ကျေတယ်. ကျန်တာ ပြည်သူတွေ ဆက်လုပ်ရမယ်

Vai said...

ပြည်သူတွေ စီးပွားရေးနဲနဲအဆင်ပြေပြီး လူငယ်တွေ ပညာတတ်ပြီးအမြင်ကျယ်လာပြီးနောင်အနာဂါတ်မှ ၈၀% ပေါ့ 

SMAR said...

Which way you want to go? Revolution or evolution? Daw Su chose Evolution and clearly stated in her speech long ago.

If you don't want to follow her way, come back to myanmar and do revolution. Don't waste of your time. If public believe in revolution, will follow you.

By the way, have you organized 10 people around you to voice out the same in case if you build up the government

Unknown said...

အမေစုက ကိုယ်တိုင် တော်တော် ခံခဲ့ ရပြီးပါပြီ ။ လွတ်တော်
မှာ ပိုင်ဆိုင်မူ တင်ပြရေး ဥပဒေကြမ်း မအောင်မြင် ခဲ့တာ
သင်ခန်းစာပါ ။ ကိုယ်လုပ်ချင်တိုင်း မလုပ်နိုင် သေးဘူးလေ ။
အဲဒါတွေကို နဂိုထဲက သိလို့ အခြေခံ ဥပဒေ ပြင်ဆင်ရေး
ကို ဦးတည်ခဲ့ တာပေါ့ ။ အခုဆို ပွင့်ပွင့် လင်းလင်း ကိုယ်
လုပ်ချင်တာ လုပ်နိုင်အောင် သမတ ဖြစ်ချင်တယ် လို့
လူထုကို ပြောခဲ့ပြီဘဲ ။ အရေးယူရေးနဲ့ ပတ်သတ်လို့
က္ဈန်တော့အမြင်က NLD ရွေးကောက်ပွဲ နိုင်ခါစ အန်ကယ်
ဦးကြည်မောင်ရဲ့ ဗိုလ်ချုပ်ခင်ညွှန့် တို့ကို စစ်ခုံရုံး ရောက်နိုင်တယ် ဆိုပြီး စကားဦး သန်းလိုက်မူက
တဘက်သားကို ရှင်းရှင်းကြီး ကိုယ့်လက်ထဲ ဘာမှ မရမီ
အချက်ပြ လိုက်သလို ဖြစ်သွားစေတယ် လို့မြင်တယ်။
အဲဒီမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဒေါသနဲ့ ပြန်တုန့်ပြန်မူ ကစပြီးစောမောင်ရဲ့ ကျဆုံးမူ, အာဏာလွန် ဆွဲပွဲတွေ မပြီးနိုင်တဲ့ လိုရာဆွဲ အခြေခံ ဥပဒေ
တွေ ပေါ်လာသည် ဟုယူဆသည် ။ အန်ကယ်ကို အပြစ်
တင်ခြင်း တော့မဟုတ်ပါ ။ အာဏာလက်မလွတ်ရေး
တခြား အကြောင်းများ လည်းရှိနိုင်ပါသည် ။

Htay Aung said...

You are absoultely truly right. DASSK has totally changed.

KO NYI said...

ကိုယ်လဲမလုပ်နိုင်၊လုပ်နိုင်မဲ့သူလုပ်တော့လဲမနာလိုဖြစ်တယ်၊အင်းဒီလိုလူစားတွေဒို့နိုင်ငံမှာအများကြီးရှိနေတာရင်လေးမိတယ်။

Unknown said...

ဆောင်းပါးရှင်လို့ နာမည်တပ်ထားတဲ့..ငနဲတွေအကုန်လုံးက ကျုပ်တို့လိုသာမာန်ပြည်သူတွေရဲ့..သဘောထားလောက်တောင်..မမြင့်ဘူး..ထွီ.. အခုတလော..အမေစုကို ဝေဖန်တဲ့..လူယုတ်မာတွေများနေတယ်..

Panyacekka said...

ဒေါ်စုကိုဝေဖန်ရင် လူယုတ်မာတဲ့-ထွီ ရှက်တတ်ရင်သေဖို့ကောင်းတယ်။ နိုင်ငံရေးမှာဝေဖန်တာကို လူယုတ်လို့မြင်ရင် ခင်များတို့ဟာ ဒီမိုနာမည်ခံ စစ်အုပ်ချုပ်ရေးသမားတွေပဲ။

ှဲKaung said...

ရောမမြို့ ကို တရက်တည်း အပြီးတည်ဆောက်လို့ မရပါ။ ဘေးထိုင် ဘုပြော တာတွေ လျော့ပြီး ၀ိုင်းဝန်းကူညီဖို့  စဉ်းစားကြပါ။ ကိုယ်တိုင် လုပ်တာ က အာချောင်တာ ထက်ခက်ပါတယ်။

win said...

ဝေဖန်တယ်ဆိုတာ အမှားအမှန်သိဖို့လိုတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်နေတဲ့
အမေစုကို နိုင်ငံချစ်တဲ့ တိုင်းရင်းသားတိုင်း သဘောပေါက်
နားလည် လက္ခံတယ်။
စိတ်ထဲရှိတာ ဖြစ်ချင်တာ တွေထလုပ်လိုက်လို့ (၈၈)အရေးအခင်းလို ပြန်ဖြစ်ရင် မင့်တို့အဘ ကိုင်ထားတာ သင်္ကြန်ရေပွတ် ထင်လို့လား။နောက်ဆုံး နှစ်နာတာက ပြည်သူလူထုပဲ။ကြောက်လို့ပြောတယ် မထင်နဲ့။ဖြစ်သင့်တာ လုပ်နေတဲ့ အမေစုကို ငါတို့ပြည်သူတွေ နားလည်ပေးနိုင်တယ်။ဝေဖန်တဲ့ ကောင်တွေ ကိုယ်အစွမ်းအစ ကိုယ့်အရည်အချင်း ယုံကြည်ရင် ကိုယ်တိုင်ထလုပ် ငါတို့အားလုံး နောက်ကလိုက်မယ်။ကိုယ်အခြေအနေ ကိုယ်နားလည်ရင်
ဘေးထိုင် ဘုမပြေနဲ့။စောင့်ကြည် အချိန်က အဖြေပေးလာလိုက်မယ်။
နောက် နှစ်ပေါင်း ၂၀၀ စောင့်ရမှာလားလို့ မမေးနဲ့
ကိုယ့်အမေ ကိုယ့်ကိုယ်မွှေးပြီးလူဖြစ်လာအောင်
လူလိုသိတတ်လာအောင် နှစ်ပေါင်းဘယ်လောက်စောင့်ခဲ့
ရသလဲဆိုတာပဲ ပြန်တွက်ကြည့်။

UShinGyi said...



အခုဟာက ရောမမြို့တည်ဆောက်မှာမဟုတ်ဘူးဗျို့ အရောင်မျိုးစုံး ၀ါဒအထွေထွေနဲ့ ရှုပ်ထွေးပွေလီလတဲ့ နိုင်ငံတခုကိုတည်ဆောက်မှာဗျ ရောမမြို့ကိုတည်ဆောက်တာထက်တောင်ခက်ပါဦးမယ်။ကျောက်စရာသားရဲတွင်းကြီးထဲကနေ အမျိုးမျိုးသော လူအပေါင်းတို့ကို မိန်းမတယောက်ထဲအားနဲ့ ဆွဲထုတ်ရမှာနော် စဉ်းစားလို့လဲပေးကျပါဗျာ။ ဒီကြားထဲ ခြေတလမ်းမှားတာနဲ့ အရိုးတခြားအသားတခြားဖြစ်သွားမှာ။ ဒါပေလို့ သူမဘာလုပ်လုပ် အမှားမပါနိုင်ဘူးဆိုတာတော့လည် မဟုတ်သေးဘူး အနည်းအကျင်းတော့ပါမှာပဲ ဒါကို ကိုကသိနေရင်လဲ ထောက်ပြရမှာပေါ့။ ဘာပဲပြောပြောအားလုံးက ဒီနိုင်ငံကိုချစ်တဲ့ လူတွေကြီးပဲ အားလုံးရဲ့စိတ်တွေ တစ်သားထဲ ရှိနေဖို့လိုပြီ မဟုတ်တာတွေ့ရင် မတရားတာတွေ့ရင် တညီတညွတ်ထဲ ဆန့်ကျင်ပြစ်ဖို့ အချိန်တန်နေပြီဗျ။ အမေစုကို တခုခုပြောတိုင်း လူယုတ်မှာတော့ မဟုတ်လောက်ပါဘူး ...သူဘာကြောင့်ဒီလိုထောက်တယ်ဆိုတာကိုလည် စိတ်ရှည်ရှည်ထားပြီး စဉ်းစားပေး တွေးကြည့်ပေးလိုက်ပါလား...အဖြေတခုခုတော့ ထွက်လာမှာပေါ့ဗျာ ဟုတ်ဘူးလာ။

Unknown said...

I think U Aung Htoo is reasonable. What he said before the election was very notable.Daw Su should also consider his comment and opinion.
Bravo U Aung Htoo. Please carry on with your good works.
Oo Thaw

အားလုံးကိုချေမှူန်းမယ် said...

ဝေဖန်တာတွေလျှော့ပါ ပြည်သူတွေခံစားနေရတာတွေရပ်တည်ပြီး

ကူညီပေးစေချင်ပါတယ်။ပြည်သူဆိုတဲ့အထဲမှာ လူတန်စားတရပ်လို

မြင်နိုင်ငံဝန်ထမ်းတွေ ဟာလဲခေတ်အဆက်ဆက်မှာအသုံးချခံဖြစ်နေ

ပါတယ်။တခါလာလဲ အကျင့်လပ်စားတယ်ပဲပြောနေတယ် လစာနဲ့

တိုင်းထွာပြီး အလျင်မှီအောင်စား နေရတဲ့ဝန်ထမ်းတွေအမျာကြီးပဲ


ခိုးလို့ရတာတွေနဲ့ ပေးတာ ကန်တော့ တာကို လူကြီးလုပ်စားတဲ့ သူ

တွေကိုယ်တိုင် သန့်ရှင်းကြောင်း ဘုရားရှေ့ မှာ သစ္စာဆိုရဲလား


လျာအရိုးမရှိတိုင်း လူကြားကောင်းမပြောပါနဲ့။

Unknown said...

တရားဥပဒေ ရူထောင့် အရ ရိုက်နှက် ညှင်းဆဲ ဘ၀ပျက်
သေကြေ အနစ်နာ ခံခဲ့ ရသူများကို အလွန် ကိုယ်ချင်း
စာပါသည် ။ တရားတော် အရ လုပ်သူများ ပြန်ခံရမှာပါ ။
အမေစုက Direct Opposition ကို နှစ်ပေါင်း များစွာ
လုပ်ခဲ့တာ အလုပ်မဖြစ် ခဲ့ပါ ။ တောင်အဖရိကက သမတ
မင်ဒဲလားနည်း ကအလုပ်ဖြစ်တာ လက်တွေ့ပါဘဲ ။

အားလုံးကိုချေမှူန်းမယ် said...

အချိုဝန်ကြီးချူပ်တွေ ယခင် ကစထမှုးပုံစံ အာဏာရှင်စတိုင်လုပ်နေ

တုန်းပါ။ ၂၀၁၅ မှာအရှက်မကွဲစေချင်ရင် ရှင်းထားသင့်ပါတယ်။

ဝန်ထမ်းတွေလဲ လက်မခံပါဘူး မထွက်နိုင်လို့ ငုံခံနေရပါတယ်။

ကိုယ်ပျောက်အဖွဲ့ တွေ့နဲ့စုံ စမ်းထားသင့်ပါတယ်။


သမ္မတကြီနဲ့တပ်ချုပ်ကြီးကိုတင်ပြပါတယ်။

haymar said...

U Lunswe, thank you for yr. article but you only see to criticize. DASSK is a perfect leader for our country that everybody cannot refuse.


All generals' children , they luxuriate beyond the limitations while people much struggling to survive. You should better think about it. And also should write and highlight some more article for the luxurious military people and their partners.




Thu said...

A white lotus bloomed from muddy, swampy ground. Honesty is fundamental of everythings.
Long Lives Daw Su !

Unknown said...

အရှိကိုအရှိအတိုင်းဝေဖန်ထောက်ပြတာလက်ခံပါတယ်။အမေစုကိုယုံပါတယ်။ဒါပေမဲ့အမေစုလုပ်ဆောင်တာအားလုံးမှန်တယ်ဆိုပြီးမျက်စိမှိတ် ထောက်ခံတာတော့မဖြစ်သင့်ဘူး။

ှဲKaung said...

ဖြစ်ချင်တာကတော့ စစ်ဗိုလ်ချုပ်တွေကို အကုန်ကြိုးစင်တင်
ဒေါ်စုက သမ္မတလုပ်
စစ်တပ်က သူ့ အလုပ် သူလုပ်။ နိုင်ငံရေးမှာဝင်မရှုပ်
လူမူရေးအသင်းတွေမလိုလောက်အောင် အစိုးရက ပြည်စုံအောင် စီမံ
ဘုန်းကြီးတွေက သာသနာရေးကိစ္စပဲ ပြန်လုပ်
ကျောင်းသားတွေ ကျောင်းပညာပဲ ဦးစားပေးလေ့လာ

ဒါတွေ တခါတည်းဖြစ်မှ လွဏ်းဆွေတို့ အဖွဲ့  စိတ်ချမ်းသာမယ်ဆို ဒီတသက် ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူးဆိုတာ မှတ်ပါ။
ဒေါ်စု ဖြစ်ချင်တာတွေထက် ဖြစ်နိုင်တာတွေ၊ ဖြစ်သင့်တာတွေ ကို ချင့်ချင့် ချိန်ချိန် ဆောင်ရွက်နေတာပါ။
လူ့ အလို နတ်လိုက်နိုင်ရင် လိုက်နိုင်လိမ့်မယ်။ အရာရာ မကောင်းမြင်သမားတွေရဲ့ အလို ကို ဘယ်တန်ခိုးရှင်မှ ပြည့်စုံအောင် လုပ်နိုင်လိမ့်မှာမဟုတ်ဘူး။
အဲဒီမကောင်းမြင်သမားတွေက အများနဲ့  ဘယ်တော့မှ အဆင်မပြေနိုင်သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ လည်း အဆင်ပြေတဲ့ သူတွေမဟုတ်ဘူး။ လူတွေကထဲမှာလည်း လူ့ ဂလန့် ၊ လူ့ ဂွစာတွေ ဖြစ်နေတတ်တယ်။ သူ့ တို့ က သူများကို လွမ်းမိုးလို့  ရရင် သူတို့ အတွက် အဆင်ပြေနေသလို ထင်ရပေမယ့် စာတတ်တဲ့ သူနဲ့  တွေ့ ရင် ပြသနာတတ်တော့တာပဲ။


Maung Win said...

တရားဥပဒေ ဆိုတာ အလွန်ကောင်းတဲ့ ဖြစ်သင့်တာတွေပေါ့ ။ က္ဈန်တော် ဥပဒေ တတ်က္ဈမ်းသူ
မဟုတ်ပါ ။ ဒါပေမဲ့ တချို့ ကိစ္စ တွေမှာ နှစ်ဦးနှစ်ဘက်
တရား ဥပဒေ ရင်ဆိုင်ပြီးတဲ့ အခါ ရန်သူဖြစ် သွားတာ
များပါတယ် ။ ကျေနပ်မူ တွေတော့ 99 % ဘယ်သူက
ကျေနပ်မှာလဲ ။ ခံလိုက် ရတာများပါတယ် ။ဒါပေမဲ့ ဘာမှ မလုပ်ရ သေးခင် ညှိနှိုင်း ဆွေးနွေး အဖြေရှာ နိုင်ရင်တော့
ရန်သူ မဖြစ်ဘဲ တိုင်းပြည် အတွက် ပိုကောင်း သွားတာပေါ့

ဖြိုးသီဟ said...


ကြွက်မနိုင်ကျည်မီရှို့နေကြတယ်။ထစ်ကနဲဆိုဒေါ်စုကိုပဲဝေဖန်နေကြတယ်မဝေဖန်ရဘူးမဟုတ်ပါဘူးဝေဖန်။ကြပါ။ဒါပေမဲ့ခြေနေနဲ့ချိန်ခါလေးတော့စောင့်ပါဦး။

haymar said...

U Ag Htoo,

DASSK is a perfect leader for our country that everybody cannot refuse.


All generals' children , they luxuriate beyond the limitations while people much struggling to survive. You should better think about it. And also should write and highlight some more article for the luxurious military people and their partners.

Pa kyaing said...

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မူကို ရှောင်ပြီး ပြသနာကိုတိုက်ကြရအောင်။ ကျွန်တော်တို့ ရဲ့ အဓိက ပြသနာက စစ်အာဏာရှင်အမြစ်ပြတ်ရေးနှင့်  ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဖြစ်ပါတယ်။ ကျွန်တော်ညာဏ်မှီသလောက်ပြောရရင် လက်ရှိ့ ဖြစ်ပေါ်နေတဲ့  နိုင်ငံရေးအခင်းအကျင်းအရ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်က ဘဲပြင်ရမယ်။လွှတ်တော်ကို ပြည်သူလူထုက ပြင်ရမယ်။ကိုယ့် ဒေသမှာရှိတဲ့  ကိုယ့် လွှတ်တော်အမက်တွေကို ကိုယ်ပြင်ကြပေါ့ ။လူထုတွေစည်းလုံး ညီညွတ်ဖို့ လိုတယ် people power ကို သုံးနိုင်အောင်၊သုံးတက်အောင် လေ့ကျင့် ယူရမယ်။ လက်ရှိအခြေအနေအရ ပြည်သူတွေမှာ လုပ်ချင်တာတွေများနေတယ်၊Target တွေများနေရင် ကိုယ်ကြိုက်တဲ့ Target ကို ကိုရွေးနေကြရင် people power ကို မရနိုင်ဘူး။အရာအားလုံး အရေးကြီးမှန်းလုပ်သင့် မှန်း ကျွန်တော်နားလည်ပါတယ်။ အဲ့ ဒီအထဲက အရေးကြီးဆုံးနဲ့ အလုပ်သင့် ဆုံးဖြစ်တဲ့  ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိုဘဲ ပစ်မှတ်တစ်ခုအနေနဲ့ ရွေးချယ်ပြီး ၀ိုင်းလုပ်ကြစေချင်တယ်။အခြေခံ ဥပဒေတစ်ခုလုံးကိုပြင်ရမယ်လို့ မဆိုလိုပါဘူး ပြုပြင်ပြောင်းလဲရေးကိုမြန်ဆန်စေမဲ့ တစ်ချို့ အချက်အလက်တွေကို အဓိကထားပြီး ပြင်ဆင်နိုင်အောင်ကြိုးစားစေချင်တယ်။

S.Maung Chain said...

DASSK need strong criticize to be a good perfect leader and to listen every criticize sound.Then need to criticite by herself.Every famous leader got critizite before they success.

Maung Win said...

အမှန်ဆုံး ပါဘဲ ။ ပထမဆုံး Target က အရေးကြီးတဲ့
အခြေခံ ဥပဒေ အချို့ ပြင်ဆင်ရေးပါ ။ အင်ဒိုနီးရှားလဲ
ဒီလိုမျိုးနဲ့ စစ်ဗိုလ်တွေ လွတ်တော်ကို ကျောခိုင်းပြီး
ဒီမိုကရေစီ ပုံစံ ဖြစ်လာတာပါ ။

UShinGyi said...



မှန်၏ အခြေခံဥပဒေကို ပထမ ပြင်ရမှာပဲ။ ဒါကိုပြင်နိုင်ဖို့ အားလုံး ပါဝင်ကျရမယ် ဒေါ်စုတယောက်ထဲ အော်နေလို့လဲ ပြောင်းလဲလာမှာမဟုတ်ဘူး အားလုံးပါဝင်ရမယ် အားလုံးတညီတညွတ်တည်း တောင်းဆိုရမယ်။ဝေဖန်ထောက်ပြ တဲ့လူရှိရင် ခွင့်ပြုလိုက်ပါ ဒါနိုင်ငံရေးတိုးတက်ပြောင်းလဲမှုအတွက် ဒါတွေလဲလိုတယ်။ လူဝေဖန်တာမရှိပဲနဲ့တော့ အမြင့်ဆုံးကို မရောက်နိုင်ဘူး ဒါတွေလဲလိုအပ်တယ်။ အားလုံး စိတ်ရှည်သည်းခံတတ်ဖို့လိုပြီ ၊ လုပ်ပုံကိုင်ပုံတွေ pro ကျဖို့လိုတယ် စိတ်ရှည်သည်းခံဖို့လိုပါတယ်ခင်ဗျ။ ဒါမှ ကိုလိုချင်တဲ့ ပန်းတိုင်ကိုရောက်မယ် ...အမေစု ဖြစ်စေချင်တာလဲ ဒီလိုပဲလိုထင့်ပါတယ်။

Khp said...

daw suu times are over, she is going to die soon. myanmar army is using " Time" as a bullet.

so don't be stupid guys.

ignore nld and usdp. then do what we have to do.

myosanoo said...

ခင်ဗျားတို့ဘာဘဲပြောပြော
သကြားမင်းဆင်းလာပြီးဘာလုပ်ပါဘဲပြောပြော
အမေစုမှအမေစုပါဘဲဗျာ
ကျွန်တော်တို့ကခင်ဗျားတို့လိုမတော်ပေမဲ့
မိမိတိုရဲ့ခေါင်းဆောင်ဟာအမေစုဆိုတဲ့. ကိုယ်ပိုင်လွတ်လပ်စွာရွှေးချယ်နိုင်ခွင့်ကိုအသုံးချပြီးရွှေးချယ်ထားပါတယ်
မကျေနပ်ရင်မိမိကိုယ်မိမိအဆုံးစီရင်လိုက်ပါ လုံးဝလုံးဝဝမ်းနည်းမှာမဟုတ်ပါ
အမေစုသည်လူထုခေါင်းဆောင်
အမေစုကိုရာနှန်းပြည့်ထောက်ခံတယ်
အမေစုကိုဝန်ရံမယ်

Unknown said...

ပြင်ကြပြင်ကြ...။၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ နအဖ
လွှတ်တော်ထဲမှာ သေအောင်သာထိုင်ပြီးပြင်လိုက်
ကြ။နအဖက ၂၀၀၈ ဖွဲ့စည်းပုံကို မင်းတို့သဘောရှိ
ပြင်ဖို့ ခွင့်ပြုထားပြီးသားဆိုတော့ပြင်ကြပေါ့ကွာ...။

Pa kyaing said...

ဲပြင်ရမယ်..မဖြစ်မနေကိုပြင်ရမှာပါအရင်ဆုံးနအဖလွတ်တော်ကိုပြည်သူ့ လွတ်တော်ဖြစ်အောင်ပြင်ကြရမယ်ပြင်နိင်မဲ့အခွင့်အရေးကလဲပြည်သူတွေရဲ့ လက်ထဲမှာရှိနေပြီး သမ္မတဦးသိန်းစိန်ကိုယ်တိုင်ကလဲ အခြေခံဥပဒေပြင်ဆင်ေ၇းဟာပြည်သူတွေအပေါ်မှာပဲမူတည်တယ်လို့ ပြောခဲ့တယ် သူစေတနာပါလို့ ပဲပြောပြောမပြောပြောကျွန်တော်တို့ ကဒီအချက်ကိုပဲကိုင်ပြီးတော့ရှေ့ဆက်တိုးရမှာပဲ...............

minthike said...

ကိုအောင်ထူးရေ ခင်ဗျား ရှေ့နေတွေ နြမ်မာနိုင်ငံ ဒီမိုကရေစီရဖို့ အတွက် ပေးတဲ့ ငွေတွေကို စောက်တလွဲသုံး မဲဆောက်က ဖာရုံမှာ ခင်ဗျားကားကို ရဲဖမ်းထားတာ ဘတ် 6000 နဲေ၇ွးယူခဲ့တာ မပေ့်ပအါနဲါ ခင်ဗျားလို ဒေါစု နံပည်အျက် မရှိဘူး။

Pa kyaing said...

ဖွဲ့ စည်းပုံ အခြေံဥပဒေကို ပြင်ဖို့ ကြိုးစားကြတော့ မယ်ဆိုရင် ပထမဦးဆုံး ကျွန်တော်တို့ လုပ်သင့် တာက ဘယ်အချက်တွေကိုပြင်ဆင်သင့်သလဲ ဆိုတဲ့ ဘုံသဘောတူညီချက် ရဖို့ အရေးကြီးတယ်။ ကျွန်တော်အပြင်ချင်ဆုံးအချက်သုံးချက်ရှိပါတယ်။၁)သမ္မတ၊
ဒုသမ္မတ နှင့် အရည်အချင်းများ ဘာဖြစ်လိုလည်းဆိုရင်နိုင်ငံရေး၊စီးပွားရေ၊လူမှုရေး အဖက်ဖက်က ချွတ်ချုံ ကျနေတဲ့ မြန်မာပြည်ကြီးကိုကယ်တင်ဖို့  သမ္မတရဲ့ အရေအချင်းဟာ အလွန်အရေးကြီးပါတယ်။ လက်ရှိ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့် ဟာ လက်တစ်ဆုပ်စာ စစ်ခေါင်းဆောင်တွေရဲ့ လက်ထဲမှာဘဲရှိတယ်။အဲ့ ဒီလက်တဆုပ်စာ စစ်ခေါင်းဆောင်တွေထဲမှာမှ သမ္မတ ဦးသိန်းစိန်ဟာ အတော်ဆုံးလို့ ပြောရမယ်။ သူတောင်မှ ကျွန်တော်တို့ အစိုးရဟာ နိုင်ငံတကာအဆင့် အတန်းကို မမှီဘူးလို့  ၀န်ခံပြောကြားခဲ့ ပါတယ်။ အဲ့ ဒီတော့အခြေဥပဒေမှာ အရည်အချင်းပြည့်ဝတဲ့ သမ္မတကို ရွေးချယ်နိုင်ဖို့ ကန့် သက်ထားတဲ့ အချက်အလက်တွေကို ဖယ်ရှားပေးရပါမယ်။ သမ္မတဆိုတာ နိုင်ငံတကာမှာ သြဇာ ညောင်းတဲ့ သူ၊ုပည်သူလူထု တစ်ရပ်လုံးက လေးစားပြီးအားကိုးယုံကြည်တဲ့သူ၊တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့သူ၊ နိုင်ငံရဲ့ အရေးတကြီး ဆုံးဖြတ်ချက်တွေမှာ ညဏ်အမျှော်အမြှင်နဲ့ ယှည်ပြီး အမှားအယွင်းအနည်းဆုံး ဆုံးဖြတ်နိုင်စွမ်းရှိတဲ့သူ ဖြစ်ရပါမယ်။ ဒါမှလည်း ရှုပ်ထွေးလှတဲ့ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တွေကိုဆောင်ရွက်တဲ့ နေရာမှာ အောင်မြင်နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။၂) လွတ်တော်အသီးသီးမှာ စစ်တပ် ၂၅ % နေရာယူထားတဲ့ ကိစ္စကို ဖယ်ရှားခြင်း။ ၃) ပြည်သူလူထု တစ်ရပ်လုံးက အယုံအကြည်မရှိလို့  လွှတ်တော်ကိုသော်လည်ကောင်း အစိုးရအဖွဲကိုသောင် လည်ကောင်း ဖြတ်သိမ်းရတော့ မယ်ဆိုရင် စစ်တပ်က အုပ်ချုပ်ရေးအာဏာ ကိုလွှဲပြောင်းယူတာမျိုးမဟုတ်ဘဲ အရပ်သားကြားဖျတ် အစိုးရတစ်ရပ်ဖွဲ့ စည်းပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် ဆက်လက်တာဝန်ယူသွားတာမျိုးဖြစ်စေချင်တယ်။

Unknown said...

က္ဈန်တော် အထက်ပါ အချက်များအား လုံးဝ
ထောက်ခံ ပါသည် ။

kyawthusukyi said...

ဆောင်းပါးရှင် ... သေချာတာကတော့
သားသမီးတွေကို ဆုံးမ သွန်သင်စံနမူနာပေးရာမှာ
ဒေါ်အောင်ဆန်းစုကြည် ဦးဇာဂနာ ဦးကျော်သူ
ဦးမင်းကိုနိုင် တို့လို လူတွေ သေချာပေါက် ပါနေပါတယ်
ဘေးထိုင်ဘုပြော ဝေဖန်ရေး လေကန်ရေးသမားတွေ
မပါတာသေချာပါတယ် ဒေါ်အောင်ဆန်းစုကြည် ဦး ဇာဂနာ ကျော်သူ မင်းကိုနိုင် တို့ကို တိုင်းပြည် အတွက်
လုပ်ပိုင်ခွင့်တွေ ပေးကြည့်ပါလား

Unknown said...

နမူနာ အန္နိယ ကိုလည်း ကြည်နိုင်ပါသည် ။ ဒီမိုကရေစီ
နိုင်ငံရေး လွတ်လပ်သော ကောင်းမွန်သော တရားစီရင်
ရေး ( ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီ တောင် သာမန် ခရိုင်
အဆင့် လောက် တရားရုံး ၏ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့
ရသည် ) စနစ် နှင့် အထူး ကောင်းမွန်သော ပညာရေး
တို့ကြောင့် ငတ်မွတ်ခေါင်းပါးမူ စသည် တို့ကို ကျော်လွှား
ကာ တိုးတက်သော နိုင်ငံ အဖြစ်သို့ ခြေလှမ်းနေပြီ
ဖြစ်ပါသည် ။

Unknown said...

ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအဖြစ်ပဲ လေးစားပါသည် မြန်မာနိုင်ငံပြောင်းလဲဖို့ကိုသူတစ်ယောက်တည်းအားနဲ့ဘယ်လိုမှမဖြစ်နိုင်လို့ထင်ပါတယ် အားလုံးပါဝင်မှပဲဖြစ်နိုင်ပါမယ် အလကားနေရင်းဆန္ဒပြနေတဲ့ လူတွေနဲ့တော့ ဘယ်လိုမှပြောင်းလဲလာမှာမဟုတ်လို့ပဲထင်မိပါတယ် ဒေါ်အောင်ဆန်းစုကြည်ကဆန္ဒပြသူတွေကို ဖျောင်ဖျပြောဆိုတဲ့ သတင်းကိုတခါမှ မကြားဖူးသေးပါ တစ်ခါလောက်ကြားရရင်တော့ လူထုခေါင်းဆောင်အဖြစ်လေးစားနိုင်ပါတယ်

* said...

ကချင်ပြည်မှာ စစ်ဖြစ်နေတယ် ဟုတ်လား
ကျမဖြင့် မသိပေါင်။
ကြားဖြတ်ရွေးကောက်ပွဲ တုန်းကပဲ ရောက်တာ မှတ်မိတယ်။
အဟဲ ပြောရမှာတော့ ရှက်ပါတယ်။
မဲလိုချင်လို့လေ။
ခုက ကိစ္စလား ..
သူတို့ဖာသာ ရှင်းပါစေ ကျမနဲ့ ဆိုင်ဘူးတော့။

Unknown said...

နိုင်ငံရေသမားဆိုတာတော့ နိုင်ငံရေးသမားစိတ်ပဲရှိမှာပေါ့။
တိုင်းရင်းသားတွေသေတာ NLD ကိုဘာမှထိခိုက်တာမှမ
ဟုတ်တာ..။သူဘာပြောမှာတဲ့လဲ...။ဒေါ်စုခမျာလဲလွတ်
တော်ထဲကသူ့ဖင်ထိုင်ခုံဘယ်တော့ပျောက်မလဲဆိုတာ ချင့်
ချိန်နေရတော့ တိုင်းရင်းသားပြသနာတွေကိုအချိန်မပေး
နိုင်တာ သိပ်အပြစ်မမြင်ကြပါနဲ့ဗျာ..။ခမျာသနားပါတယ်။

Unknown said...

အားလုံး ကိုယ့်လူကိုယ် ထိမ်းစေချင်တယ်။ စစ်အစိုးရ
ခောတ် တုန်းက ငြိမ်းချမ်းနေလိုက်ကြတာ ။

ko jerry said...

I fully agreed with U Aung Htoo.
Daw Su has sacrificed for the country for more than twenty years. That cannot be denied. But Daw Su should look after about minorities. What U Aung Htoo comments are true. after all Thein Sein , army and cronies will get richer from Natural resources. I know Thein Sein very well. I lived near and am his neighbour, Htoo has built for his house for free in Mayangone township. That's how the burmese generals are getting richer without spending a single pyars.
So how can we trust these generals from top to down. They are all liar including Aung Min.

minzaw741 said...

တကယ်တော့ဗျာ ကိုယ်တိုင်ပါဝင်မှု့ မရှီပဲနဲ့ ဘေးက လေပန်းနေရင် အရာမထင်ပါဘုး ရှေ့ နေကြီးရော မြန့် မာ့နိုင်ငံရေးမှာ ဘယ်လောက်ပါဝင်ခဲ့ သလဲ၊အခက်အခဲတွေရော ကျော်လွားခဲ့ ဘုးလား ပြည်ချစ်တစ်ယောက်အနေနဲ့ ရော အစိုးရအနေနဲ့ ရော ခင်များကို အသိအမှတ်ပြုတာ ရှီခဲ့လား ဆိုလိုတာက တိုင်းပြည်အတွက် အနစ်နာခံပြီး ပြည်သူတွေအတွက် စစ်အစိုးရကို အံတုပြီး ဘာများ မှတ်မှတ်ရရ လုပ်ခဲ့ ဘုးလား ဥပမာဗျာ ကိုမင်းကိုနိုင်တို့ လို အမှန်တရားကို ချစ်လို့ မြန်မာတိုင်းရင်းသားတွေကို ချစ်လို့ ထွက်မပြေးပဲ ရဲရဲရင်ဆိုင်တတ်တဲ့  စိတ်လေးများနဲ့ တိုင်းပြည်အတွက် ဘာလုပ်ပေးခဲ့ လဲဗျာ...လာပါ လေ့ လာပါ သုံးသပ်ပါ ပြီးမှ ဝေဖန်ပါ ဘေးကနေ ထိုင်ဘုပြေးပြော မလုပ်ပါနဲ့  တောင်းပန်ပါတယ် စုနဲ့ စိန် ကြည်ဖြူမှ ပြည်သူစိတ်တိုင်းကျ ဒီမိုကရေစိရမှာပါ လူဆိုတာက ပုဂ္ဂိုလ်ခင်မှ တရားမင်ပါတယ်...၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ဆိုတာ သူတို့ ကို ပေါင်းထားမှ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံ ရမှာပါ၊လက်ရှီနဲ့ လက်မဲ့ ဆိုတာက ဒီလိုပဲ စည်းလုံးရေးလုပ်ယူရပါတယ် သူတို့ နှစ်ဦးပေါင်းလို့ ခေတ်နောက်ပြန်မသွားဘုးလို့  ကျနော်တို့ လုံးဝယုံကြည်တယ်ဗျာ....