Thursday, November 22, 2012

လင်ကွန်းကွန်တီနင်တယ်ကား စီးကြမလား

လင်ကွန်းကွန်တီနင်တယ်ကား စီးကြမလား
မောင်သာချို
(မူရင်းသတ်ပုံနှင့် စာစီစာရိုက်အတိုင်း 7Day News Journal ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

(တစ်)

၂၀၀၈ ခုနှစ် ဧပြီလ ၂၄ ရက်က ဘင်္ဂလားပင်လယ်အော်ထဲတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေခဲ့ရာက နောက်တစ်စတစ်စ အားကောင်း၍လာခဲ့ရာ မေလ ၂ ရက်၌ ဟိုင်းကြီးကျွန်းကို ဖြတ်ကျော်သွားခဲ့ပြီး တစ်နာရီကို မိုင် ၅၀၊ ထို့နောက် မိုင် ၆၀၊ ထို့နောက် မိုင် ၇၀၊ ထို့နောက် မိုင် ၁၂၀ နှုန်းဖြင့် ကျွန်တော်တို့၏ အသက်အိုးအိမ်စည်းစိမ် ကျွဲနွား၊ လယ်ယာ မြောက်မြားလှစွာတို့အား ဖျက်ဆီးပစ်ခဲ့သည့် နာဂစ်မုန်တိုင်းကြီး၏ အလွန်၌ ကျွန်တော်တို့ အများအကျိုး သယ်ပိုးပုံတချို့ကိုကြည့်ကာ ကမ္ဘာက Nargis Industries ဟု ခေါ်ဝေါ်လိုက်ပုံက စိတ်ထိခိုက်ဖို့ ကောင်းလှပါသည်။ နာဂစ်အင်ဒတ်စထရီတဲ့။ အော် နာဂစ်စက်မှုလုပ်ငန်းများတဲ့လား။ မုန်တိုင်းကိုအခြေပြုကာ ပေါ်ပေါက်ထွန်းသစ်လာကြသည့် NGO, INGO အသီးသီး၌ ရာထူးရာခံ လုပ်ကွင်းလုပ်ကွက် ပရောဂျက် (Project) အမျိုးမျိုးတွင် ခွင်များထည့်ကာ နေ့ချင်းညချင်း ရွှေတွဲလဲငွေတွဲလဲဖြစ်သွားသူများကို ရည်ညွှန်း၍ သည် Nargis Industries ဆိုသော စကားလုံးသုံးနှုန်းလိုက်ပုံရပါသည်။

ပြောရလျှင် NGO, INGO စသည့် Non Governmental Organization တို့ International Non Governmental Organization တို့အပေါ်၌ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ခြေကုန်လက်ပန်းကျရာ နေရာအသီးသီးရှိ လူများက တင်းပြည့်ကျပ်ပြည့် စိတ်တိုင်းမကျခဲ့ကြတာ ကြာလှပါပြီ။

ငွေ ၁၀၀ တန် ပရဟိတလုပ်ငန်းတစ်ခု၌ ကာယကံရှင် ပြည်သူများထံသို့ ၄၀ ရောက်သော် ကံကောင်းလို့ဟု NGO သမား လေးငါးခြောက်ယောက်လောက်က ရင်ဖွင့်လာသောအခါ ကျွန်တော် အံ့သြရပါသည်။ ၆၀ က အများအကျိုးသယ်ပိုးသူတို့၏ စရိတ်စကတဲ့။

Laptop Computer ကလေးနဲ့မှ၊ i-pad ကလေးနဲ့မှ၊ Land Cruiser ကားကလေးနဲ့မှ၊ အဲကွန်းလေးနဲ့မှ၊ ၀ီစကီကလေးနဲ့မှ စသည်စသည်ဖြင့် သာမညတို့ကို စိန်စီလေသမျှ အဓိကတို့ ပိန်လှီသွားကြရစမြဲဖြစ်သည်မှာ မဆန်းကြယ်လှပါ။ ရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံကလေး၏ အစည်းအဝေးကအစ ကြယ်လေးငါးပွင့် ဟိုတယ်ကြီးများထဲက Forum များ၊ Work shop များ၊ Seminar များအဆုံး စရိတ်စကတွေ ဘယ်လောက်သုံးလို့ စကားလုံးရဲတိုက်ကြီးများ ဘယ်လောက်ဆောက်နေခဲ့ကြသလဲဆိုတာ ကာယကံရှင်များက ပိုလို့သိကြပါလိမ့်မည်။

(နှစ်)

အများအကျိုးအတွက် ဘ၀ကိုထိုးကျွေးသူ မာသာထရီဆာ၌ ကျွန်တော့်စိတ်ထဲ ငြိတာကလေးတစ်ခု ရှိပါသည်။

Agnes Gouxha Bojaxhin ဟူသည့် အမည်ရင်းကိုဖြတ်ကာ အဂ္ဂနက်(Agnes)ဟု အလွယ်ခေါ်ခဲ့ကြလေသည့် မာသာထရီဆာ၊ ၁၉၁၀ သြဂုတ် ၂၇ ရက်၌ မွေးခဲ့လေသည်။ မာသာထရီဆာ၊ ယူဂိုဆလပ်နိုင်ငံ စကော့ပ်ယီမြို့သူ မာသာထရီဆာ၊ အယ်လ်ဘေးနီးယားလူမျိုး မာသာထရီဆာ၊ ၁၉၇၉ ဒီဇင်ဘာ ၁၀ ၌ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုယူခဲ့သူ မာသာထရီဆာ၊ ၁၉၉၇ စက်တင်ဘာ ၆ ၌ လူ့ဘ၀၏ နောက်ဆုံးဝါကျကို ချရေးထားပစ်ခဲ့သူ မာသာထရီဆာ။

သူကဇာတိမြေကို စွန့်ခွာခဲ့ကာ ကမ္ဘာတစ်ဝန်းက အငတ်များ၊ မိမဲ့ဘမဲ့များ၊ မိဘစွန့်ပစ်များ၊ အနူများ၊ အေ့ဒ်စ်ဝေဒနာရှင်များ၊ ကာလသား ရောဂါသည်များ၊ အခြေအနေမဲ့များ၊ ကိုယ်အင်္ဂါချို့တဲ့သူများအားလုံးကို ကယ်တင်ခဲ့ရာ ကမ္ဘာ့နိုင်ငံ ၅၀ ကျော်မှာ ဒုက္ခသည်စခန်းပေါင်း ၅၀၀ တဲ့။ ဒါတွေက စာအတန်အသင့်ဖတ်ရုံမျှနှင့် လူတိုင်းလိုလို သိရှိထားနိုင်သည့် အချက်အလက်များ။

ကျွန်တော်က မာသာထရီဆာ၏ထံသို့ မော်တော်ကားကြီးတစ်စီး ရောက်ရှိလာပုံကို စိတ်ဝင်စားမိခြင်းဖြစ်ပါသည်။

တစ်နေ့ အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် ခရစ်ယာန်သီလရှင်မကြီး မာသာထရီဆာ (Mother Teresa)ထံသို့ မော်တော်ကားတစ်စီး ရောက်ရှိ၍လာပါသည်။ နှယ်နှယ်ရရ ကားတော့မဟုတ်။ ဇိမ်ခံကား။ လင်ကွန်းကွန်တီနင်တယ်အမျိုးအစား ဇိမ်ခံကား။ သည်ကားကို လက်ဆောင်အဖြစ်ပေးသူက ဗာတီကန်မြို့က ပုပ်ရဟန်းမင်းကြီးပဲဖြစ်ပါသည်။ အများအကျိုးသယ်ပိုးသူ မာသာထရီဆာတစ်ယောက် တစ်နေရာကတစ်နေရာသို့ အလွယ်တကူ သွားလာနိုင်စေရန်အလို့ငှာ မေတ္တာလက်ဆောင်ပေးသည့် မော်တော်ကား။

စီးပစ်လိုက်မှာပေါ့။ မြို့ကို တစ်ပတ်ပတ်ပစ်လိုက်မှာပေါ့။ ဒါက ကျွန်တော့်လို အနုညာတတစ်ယောက်ရဲ့ စိတ်ကူးပါ။

သို့သော် မာသာထရီဆာကတော့ ရှင်းသောစိတ် (Clear Mind)ရှိသူ ဖြစ်ပါသည်။ ထို လင်ကွန်းကွန်တီနင်တယ်ဇိမ်ခံကားကို သူမစီးပါ။ ချက်ချင်းရောင်းကာ ရလာသည့် ငွေသားအားလုံးကို သူ့ဒုက္ခသည်စခန်းများအတွက် လိုအပ်ရာရာ ဆေးဝါးပစ္စည်း စားကုန်သောက်ကုန်များ ၀ယ်ယူဖြည့်တင်းခြင်းဖြင့် အဲသည့်ဇိမ်ခံကားကို စာရင်းအပြတ်ရှင်းထည့်လိုက်ခြင်းပင်ဖြစ်ပါသည်။

သူ ပရဟိတကိစ္စဆောင်ရွက်ပုံ၊ သူ NGO လုပ်ငန်း စီမံခန့်ခွဲပုံက ကိုယ့်အတွက် နည်းပါးနိုင်သမျှနည်းပါးစေပြီး အခြားသို့ ဖြည့်တင်းနိုင်သမျှ ဖြည့်တင်းစေသည့် နည်းလမ်းနှင့် စရဏပါလား။

သည်လိုအမျိုးသမီးကြီး အနိစ္စရောက်တော့ တစ်ကမ္ဘာလုံး မျက်ရည်ကျကြတာ ဘာများဆန်းကြယ်ပါသလဲ။

(သုံး)

အခု နာဂစ်(၂၀၀၈)အလွန် သည်ဘက်နှစ်များ၌ ကျွန်တော်တို့နိုင်ငံတွင် လူမှုရေးလုပ်ငန်းများ၊ ပရဟိတအလုပ်များ တော်တော်ကလေး လုပ်ဆောင်လာကြသည်ကို ကြည်နူးစဖွယ်တွေ့မြင်ရပါသည်။

ဘေးဒုက္ခရောက်သူတို့ များလေလေ ကရုဏာကြီးသူတို့ များလေလေဖြစ်မြဲဓမ္မတာဟု သဘောပေါက်ရပါသည်။

သို့သော် အများအကျိုးသယ်ပိုးဆောင်ရွက်ရင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်စိတ်ဝင်လာကာ ကြီးကျယ်ခမ်းနားလိုသောဘက်သို့ ယိမ်း၍နွဲ့၍ ပါသွားမှာကိုဖြင့် စိုးရိမ်စရာဖြစ်ပါသည်။

အစောင့်အနေ ထူထပ်ကြပ်မတ်စွာချထားသည့် အခန်းတွင်းက ပရဟိတသမား၊ လေအေးပေးစက်ဖွင့်ထားသည့် အခန်းတွင်းက မထွက်သည့် ပရဟိတသမား၊ ပရောဂျက်အမျိုးမျိုးအတွက် တစ်မိသားစုလုံး ပြည်ပထွက်ကာ သင်တန်းတွေ လှိမ့်တက်ချင်နေသည့် ပရဟိတသမား၊ လူထုကို အသိဉာဏ်မြှင့်ပေးဖို့အတွက် ငါတို့တွေ ကမ္ဘာကျော်တက္ကသိုလ်များရှိရာဆီ ဦးစွာသွားတက်ဦးမှပါလေဆိုသည့် ပရဟိတသမား စသည်စသည်ဖြင့် လောကကြီးက ထွေးကာရှုပ်ကာ ပုပ်၍ပွ၍။

လင်ကွန်းကွန်တီနင်တယ်ဇိမ်ခံကားကြီး မာသာထရီဆာ၏ရှေ့မှောက်သို့ ရောက်ရှိလာသလို ကျွန်တော်တို့ ခင်ဗျားတို့၏ ရှေ့မှောက်သို့ ရောက်လာခဲ့သော် ဘယ်လိုလုပ်ကြမလဲ။ စီးမလား (သို့မဟုတ်) ရောင်းပစ်မလား။

နည်းနည်းကလေးအချိန်ယူပြီး စဉ်းစားကြရအောင်။ ချက်ချင်းကြီးဖြေဖို့ကျတော့ ခက်တယ်မဟုတ်လား။ ။

မောင်သာချို

6 comments:

soe said...

ထောက်ပြဝေဖန်မှုတွေ အဖိုးတန်တဲ့ဆောင်းပါး တစ်ပုဒ် ပါပဲဆရာချို။

Naing Win said...

ဂျက် ရဲ့လေသံ လေးတွေကို ကြားချင်ပါသေးတယ် ဆရာချို။

Lun Lunn said...

ပြန်လည် မျှဝေခွင့် ပြုပါ။ ခုလို ကောင်းမွန် အဖိုးတန်သော ဆောင်းပါးကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ှဲKaung said...

ပထမတော့ အများအတွက် အများအတွက် ရင်ထဲက တကယ့် ဂရုဏာ အစစ်မရှိရင် အတ္တအားကြီးလွန်းရင် နောက်တော့ ငါ့အတွက်ဖြစ်သွားတတ်ကြတယ်။

nayzin said...

ဆရာ ခင်ဗျား

အမှတ်မှား စရာ ဖြစ်နေလို့ မေးတာပါ ဆရာ၊ ၁၉၁၀ မှာ မွေးပြီး ၁၉၁၉ မှာ ငြိမ်းချမ်းရေး ဆု ရတယ်လို့ ရေးထားတာဆိုတော့ ၉ နှစ် သမီး အရွယ် ကတည်း က ရတာ ဟုတ်မဟုတ် သိချင်ပါတယ် ဆရာ၊ အခုလို မှတ်သားစရာ များ နဲ့ ထောက်ပြမှုလေးတွေ ဖတ်ရတဲ့ အတွက်လဲ ကျေးဇူး တင်ပါတယ် ဆရာ

soe said...

ဟုတ်တယ်ဆရာ စာရိုက်တာ မှားသွားသလားလို့?