Sunday, November 25, 2012

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၂)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။)

နိုဝင်ဘာ (၂၅)

ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေကို (အာဏာပိုင်ဘက်ကရော၊ အတိုက်အခံဘက်ကပါ) အကြီးအကျယ် စိန်ခေါ်စမ်းသပ်နေတဲ့ လက်ပံတောင်းတောင် အထွေထွေသပိတ်

လူထုတိုက်ပွဲဆိုတာ လိုကိုလိုအပ်လို့ ပေါ်လာရတာဖြစ်တယ်။ ဘယ်သူမှ အားအားယားယား ဆန္ဒပြပြီး အလုပ်ပျက်ခံ၊ ဒုက္ခခံချင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်အိမ်ကိုယ်ပဲ အေးအေးလူလူ နေထိုင်လုပ်ကိုင် စားသောက်ချင်ကြမှာပါ။

အခုတော့ အဲသလို နေလို့မရလို့ လက်ပံတောင်းတောင်အထွေထွေသပိတ် ဆိုတာကြီး ပေါ်လာရပါပြီ။ ဒါကို အလကားနေရင်း ဆန္ဒပြနေကြတာပဲလို့ ဦးနှောက်တိမ်တိမ်နဲ့ မြင်သူတွေကလည်း မြင်ကြပါတယ်။ အဲသလိုမြင်သူတွေကို အဲဒီလက်ပံတောင်းတောင် ဒေသခံတွေနဲ့အတူ တလလောက် သွားနေကြည့်ဖို့ပဲ အကြံပြုရတော့မယ် ထင်ပါရဲ့။

ခေါင်းဆောင်မှုအပိုင်းက ပုဂ္ဂိုလ်တွေအတွက်လည်း လူထုတိုက်ပွဲဆိုတာ ဟိုလိုလို ဒီလိုလို မသိချင်ယောင်ဆောင်ပြီး မလိမ့်တပတ် ရှောင်ဖယ်နေလို့ မရဘူးဆိုတာ အခု လက်ပံတောင်းတောင်သပိတ်က သက်သေပြနေပါပြီ။

လက်ပံတောင်းတောင် ဒေသခံ တောင်သူတဦးက “ကြီးတဲ့အကောင်နဲ့ ပြောချင်တယ် ... ကြီးတဲ့အကောင်နဲ့ တွေ့ချင်တယ်” လို့ ရဲရဲတင်းတင်း တောင်းဆိုလို့ လျစ်လျူရှုလို့မရတဲ့အဆုံး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ရောက်လာခဲ့ရပါပြီ။ “တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား” ဆိုတာကလွဲလို့ ဘာအဆုံးအဖြတ်မှ မပေးနိုင်ခဲ့ပါဘူး။

အခု အများမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဝင်ဘာ ၂၉ ရက်နေ့မှာ လာပါဦးမယ်။ ပြဿနာဖြေရှင်းဖို့ မဟုတ်ဘဲ ဒေသခံတွေကို အားပေးမလို့ လာမှာပါလို့ ကြိုကာထားတာကို သတင်းမှာ ဖတ်ရတယ်။ သပိတ်စခန်းကို မသွားဘူးလို့လည်း ဆိုပါတယ်။ ဒေသခံ ၂၆ ရွာက တောင်သူတွေကိုယ်တိုင် ဆန္ဒပြသပိတ်မှောက်နေတာ သပိတ်စခန်းကို သွားအားမပေးလို့ ဘယ်လိုနေရာကို သွားအားပေးပြီး ဒေသခံတွေရဲ့ အသံအစစ်အမှန်ကို နားထောင်မှာလဲတော့ မသိပေဘူး။

သေချာတာကတော့ လက်ပံတောင်းတောင် အထွေထွေသပိတ်က ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေကို (အာဏာပိုင်ဘက်ကရော၊ အတိုက်ခံဘက်ကပါ) အကြီးအကျယ် စိန်ခေါ်စမ်းသပ်နေပါပြီ။ ကြမ်းမလား၊ နုမလား ဆိုတာကတော့ ခေါင်းဆောင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းတတ်မှုအပေါ်မှာ အများကြီး မူတည်လိမ့်လို့ ထင်ပါတယ်။ ဖြေရှင်းတတ်ပါစေ၊ ဖြေရှင်းပေးနိုင်ပါစေလို့ပဲ ....။

“မှားခဲ့ပါတယ် ၀န်ခံရုံလောက်နဲ့ ပြဿနာတွေ မပြေလည်နိုင်”
(ဦးစိုးသိန်းသို့ အကြံပြုချက်)

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ၀န်ခံသလို “အရင်က ကျနော်တို့ မှားခဲ့ပါတယ်” ဆိုရုံလောက်နဲ့ စစ်အစိုးရတွေလက်ထက်က မှားယွင်းလုပ်ဆောင်ခဲ့တဲ့ ပြဿနာတွေ ပြေလည်သွားရင် အကောင်းသား ...။

အမှားဝန်ခံရုံလောက်နဲ့ ပြဿနာတိုင်း မပြေလည်နိုင်လို့လည်း ဘယ်တိုင်းပြည်မှာမဆို နောက်လာနောက်သားတွေ အဲဒီအမှားမျိုး ထပ်မကျူးလွန်အောင်ရယ်၊ အဲဒီအမှားတွေအတွက် ဖြေရှင်းဖို့ရယ် ကြီးကြီးမားမား အမှားလုပ်ခဲ့သူတွေကို နောက်ကြောင်းပြန် ခေါ်ယူစစ်ဆေး၊ အပြစ်ပေးအရေးယူ၊ အလျော်ပေးခိုင်း (အိတ်ထဲထည့်ခဲ့တာတွေ ထင်ရှားရင် ပြန်အန်ထုတ်ခိုင်း) ရတဲ့ နမူနာတွေ အမြောက်အမြား ရှိခဲ့တာမဟုတ်လား။ အဲဒီလို မလုပ်ဘဲ မှားခဲ့ပါတယ် ၀န်ခံပြီး ရှေ့ဆက်မယ်ဆိုရင် နောက်လူတွေလည်း အရင်လူတွေလို ပျော်ပျော်ကြီး ဆက်မှားနေရုံပဲ ရှိတော့မပေါ့။ ဘယ်လိုလုပ် တိုင်းပြည် နလန်ထူနိုင်တော့မလဲ။ အဲဒီတော့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပြီး ရှေ့ကို အားကောင်းမောင်းသန် ချီတက်ချင်တယ်ဆိုရင် အောက်ပါ အခြေခံဥပေဒ ...

“အခန်း (၁၄)
အသွင်ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ

၄၄၅။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။”

ဆိုတာကို ပြင်ဆင်ပြီး ကြီးကြီးမားမား အမှားလုပ်ခဲ့သူတွေကို ခေါ်ယူစစ်ဆေး အပြစ်ပေးအရေးယူ၊ ကြီးကြီးမားမား အိတ်ထဲထည့်ခဲ့သူတွေကို ပြန်အန်ထုတ်ခိုင်းတာတွေ လုပ်ကိုလုပ်ဖို့ လိုပါတယ်။ သူတို့ဆီက ပြန်အန်ထွက်လာမယ့် မတော်မတရား ဘဏ္ဍာတွေဟာ စီမံကိန်းတွေ ဖျက်သိမ်းရရင် လျော်ကြေးပေးရမယ့် ဘဏ္ဍာငွေပမာဏထက်တောင် များရင်များနေမှာပါ။ အဲဒီဘဏ္ဍာတွေနဲ့ ဖျက်သိမ်းသင့်တဲ့ စီမံကိန်းတွေကို လျော်ကြေးပေးပြီး ဖျက်သိမ်းပစ်ရပါမယ်။

မဖျက်သိမ်းသင့်ဘူးလို့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေက ယူဆလို့ ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းမယ်ဆိုရင်လည်း ထိုက်သင့်လုံလောက်တဲ့ လျော်ကြေးပေးပြီး အများလက်ခံနိုင်တဲ့ လူမှုအဆင့်အတန်း တစုံတရာ အခြေကျတဲ့အထိ အစိုးရဘက်က ပံပိုးကူညီပေးဖို့ လိုအပ်ပါမယ်။ ဒါမှသာ ပြေလည်နိုင်မယ်လို့ အကြံပြုလိုပါတယ်။

မဟုတ်ဘဲ အင်အားသုံး ဖြေရှင်းမယ်ဆိုရင်တော့ ကြီးမားတဲ့ လူထုအုံကြွမှုနဲ့သာ တိုးရဖို့ ရှိပါမယ်။

ဟက်တက်ကွဲ ဦးအောင်မင်း

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ ပြည်ပနိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပွဲပွဲနွှဲ (လိမ်တန်လိမ်၊ ရွှီးတန်ရွှီး) လာသမျှ လက်ပံတောင်းဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ကျမှ ဟက်တက်ကို ကွဲတော့တာပဲ :)

http://www.youtube.com/watch?feature=player_embedded&v=Hpv3y3n0pd4

ဘွဲ့တံဆိပ်တော်များ ပေးအပ်ချီးမြှင့်ခြင်း

မြန်မာပြည်သူလူထု အပြီးတိုင် ဆန့်ကျင်ပါက (အခြေအနေမဟန်လျှင်) တရုတ်သို့ ထွက်ပြေးခိုလှုံရဖွယ်ရှိသောကြောင့် တရုတ်ကျေးဇူးကြီးမားလှကြောင်း ကြိုတင်ဖားသံပစ်နေသည့် တရုတ်ကြောက် ဦးအောင်မင်းနှင့် အငြိမ်းစား စစ်ခေါင်းဆောင် ၆၉ ဦး အပါအ၀င် ကြံ့ဖွံ့စစ်အုပ်စုဝင် စစ်ခေါင်းဆောင်များအား ယနေ့မှစ၍ နရသီဟ (မင်းခွေးချေး) ဘွဲ့တံဆိပ်တော်များ အသီးသီး ပေးအပ်ချီးမြှင့်လိုက်သည်။

၁။ နရသီဟ သန်းရွှေ
၂။ နရသီဟ မောင်အေး
၃။ နရသီဟ ရွှေမန်း
၎။ နရသီဟ တင်အောင်မြင့်ဦး
၅။ နရသီဟ သိန်းစိန်

... စသည် စသည်ဖြင့် ...

ပုံ/ လက်ပံတောင်းတောင်စောင့် နတ်မင်းကြီး

ကြည့်လည်းလုပ်ပါဦး နရသီဟအောင်မင်းရယ် ...

အေဒီ ၁၂၈၇ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း (မင်းခွေးချေး) လက်ထက်မှာ မွန်ဂိုတာတာတွေရဲ့ ရန်စစ်ကြောင့် ပုဂံ ပျက်စီးခြင်းဆိုက်ရသလို ၂၀၁၂ တရုတ်ကြောက်ဝန်ကြီး ဦးအောင်မင်းကြောင့်လည်း လက်ပံတောင်းတောင်ဒေသကြီး ပျက်စီးခြင်းမလှ ပျက်စီးရကိန်း ဆိုက်နေပါဦးမယ်။ ကြည့်လည်းလုပ်ပါဦး နရသီဟအောင်မင်းရယ် :)

ဦးအောင်မင်း လုပ်လိုက်မှဖြင့် ...

ဦးအောင်မင်း ပြောသလိုဆို အဆိုတော် မောင်မောင်ကြီး ဆိုတာ ကြားဖူးတဲ့ ‘မိဘကျေးဇူး ဆပ်ဖူးပြီလား’သီချင်းကို ‘ပေါက်ဖော်ကျေးဇူး ဆပ်ဖူးပြီးလား’ လို့ ပြောင်းဆိုရတော့မလားပဲ :))))

နိုဝင်ဘာ (၂၄)

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသို့ အကြံပြုချက်

NLD က ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ကျန်းမာရေးကောင်းတုန်းမှာ အခွင့်ရရင် စစ်တပ်ကို ဘယ်လို reform လုပ်မလဲ၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် ပြည်ထောင်စုတပ်မတော်ကို ဘယ်လို စနစ်တကျ ဖွဲ့စည်းမလဲ ဆိုတာတွေကို သက်ရှိထင်ရှား စစ်မှုထမ်းဟောင်းများ (မြန်မာစစ်တပ်မှ အငြိမ်းစားယူထားသူများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ) နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ ကျင်းပပြုလုပ်ပြီး စနစ်တကျ ပြင်ဆင်ထားပေးဖို့ တိုက်တွန်းအကြံပြုလိုပါတယ်။

နိုင်ငံတော်အလံကိုလည်း ပြောင်းစေချင်

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ‘Burma’ လို့ပဲ ဆက်၍ ခေါ်မယ်လို့ ရဲရဲ ပြောကြားလိုက်သလို စစ်နံ့ထွက်၊ စစ်ပုံပေါက်နေလို့ ကျက်သရေမင်္ဂလာ ကင်းမဲ့နေတဲ့ နိုင်ငံတော်အလံကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း လွှတ်တော်မှာ အဆိုတင်သွင်းသင့်ပါတယ်။

အာချောင်သူများ

လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက လျှပ်စစ်တွေ ပိုလျှံလို့ ရောင်းရပါတယ်လို့ အာချောင်မိလို့ ဂျောင်းရတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲမှာ မိကျောင်းမျက်ရည် ကျပြမိလို့ သမ၀ါယမ၀န်ကြီးဌာနဆီ သမခံလိုက်ရတယ်။

သမ္မတအကြံပေး ဦးကိုကိုလှိုင်က လျှပ်စစ်မီး မရှိရင် ဖယောင်းတိုင်ထွန်းလို့ အာချောင်မိလို့ အရင်လို ထောင်ထောင် ထောင်ထောင် လုပ်ခွင့်မရတော့ဘူး။

အခုလည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တရုတ်ကို ကြောက်ရတယ်လို့ အာချောင်မိတာ ဘာတွေ ဆက်ဖြစ်မလဲ ကြံ့ဖွတ်ရုပ်သေးအစိုးရဲ့ ဖြစ်/ပျက်ပိတ်ကားကြီးပေါ်မှာ ဆက်လက်ရှုစားကြရပေလိမ့်မယ်။

နိုဝင်ဘာ (၂၃)

နောက်ပြန်လှည့်မှာစိုးလို့ ...

“နောက်ပြန်လှည့်မှာစိုးလို့ ... နောက်ပြန်လှည့်မှာစိုးလို့” ဆိုတဲ့ အတွေးအခေါ်တွေ ၀င်ပြီး တိုက်ပွဲဝင်စရာရှိတာကို မ၀င်ဘဲ အာဏာပိုင်တွေ ဖန်တီးတဲ့ မတရားမှုမှန်သမျှကို တေမိလုပ် ငုံ့ခံတဲ့နည်းနဲ့သာ စစ်မှန်တဲ့ ဒီမိုကရေစီ ရစတမ်းဆိုရင် အာရပ်ကမ္ဘာက အသက်ပေးခဲ့သူတွေ၊ ၈၈ အရေးအခင်းနဲ့ ရွှေဝါရောင်သံဃာ့အရေးတော်ပုံတွေမှာ အသက်ပေးသွားသူတွေ၊ ထောင်တွေထဲ တောထဲ တောင်ထဲတွေမှာ အသက် သွေး ချွေး ပေးဆပ်ခဲ့ကြသူတွေထံကို “ခင်ဗျားတို့ အလွန်တရာ မိုက်လုံးကြီးလှသူများဖြစ်ကြောင်း” သ၀ဏ်လွှာတွေ ရေးပို့ရန်သာ ရှိပေတော့သည်။

“နောက်ပြန်လှည့်မှာစိုးလို့ ... နောက်ပြန်လှည့်မှာစိုးလို့” ဆိုတော့ အခုလည်း ရှေ့ကို သွားနေလို့လားလို့ မေးရန်ရှိပါသည်။

မြင်ယောင်သေးတော့သည်

အင်အားသုံး ဖြိုခွဲမှုဟာ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူး ဆိုတာကို သင်ခန်းစာမယူ၊ နောင်တမရသေးတဲ့ ကြံ့ဖွံ့စစ်အုပ်စုတော့ (မိုက်လုံးကြီးတဲ့ ကဒါဖီလို) လူထုရဲ့ဒေါသနဲ့ ထိပ်တိုက်တွေ့ပြီး နိဂုံချုပ်မှာ မြင်ယောင်သေးတော့သည်။

သူတို့သာ ကျန်

နေရာအနှံ့
ချီတက်
ဆန္ဒဖော်ထုတ်နေကြပြီ။

လွှတ်တော်အမတ်မင်းများသာ
ချီတက်
ဆန္ဒဖော်ထုတ်ဖို့ ကျန်တော့သည်။

နိုဝင်ဘာ (၂၂)

ဝေဖန်တာဟာ အဆိုးမြင်တာလား ...

ကျနော်တို့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာက ကိုယ်ကြည်ညိုလေးစားတဲ့သူကို (ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ပါပါ၊ မပါပါ) ဝေဖန်တယ်ဆိုရင်ပဲ အဲဒီဝေဖန်သူကို အဆိုးမြင်ဝါဒီလို့ သိမ်းကျုံး ရှုမြင်တတ်ကြပါတယ်။

တကယ်တော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါဘဲ နိုင်ငံရေးလုပ်ရပ်အပေါ်သာ ဝေဖန်သူတွေဟာ သူတို့ဝေဖန်တဲ့ ခေါင်းဆောင်တွကို တစုံတရာ အသိအမှတ်ပြု လေးစားအားထားလို့ အမှားအယွင်းနည်းစေချင်တဲ့၊ ပိုပြီးပြည့်စုံ ကောင်းမွန်စေချင်တဲ့ စေတနာတွေနဲ့ ဝေဖန်ထောက်ပြကြတာလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အဲဒါကို အပြစ်တင်တယ်၊ တိုက်ခိုက်တယ်၊ ခြေမှုန်းတယ်လို့ မြင်နေသူတွေကသာ အဆိုးမြင်ဝါဒီတွေ ဖြစ်နေသလားလို့လည်း ကျနော် တွေးမိပါတယ်။

ဥပမာ - ကျနော့်အနေနဲ့ တစညက ဦးခင်မောင်ကြီးတို့၊ ကြံ့ဖွတ်က ဦးဌေးဦးတို့လို လူတွေကို တခါမှ မတို့မထိ၊ မဝေဖန်ခဲ့ဖူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျနော့်ခေါင်းထဲမှာ နိုင်ငံရေးအရ စာရင်းမရှိလို့ပါလို့ပဲ အလွယ်ပြောရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကျတော့ ဘာလို့ ဝေဖန်ရေရလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင် ကားကြီးရဲ့ စတီယာတိုင်ကို ကိုင်ထားသူလို့ တန်ဖိုးထားလို့ပါ။ အဲဒီလို တန်ဖိုးထား အသိအမှတ်ပြုထားတဲ့အတွက် ပြည်သူ သန်း ၆၀ ရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာမှာ သူ့ကို အမှားအယွင်း နည်းစေချင်လို့၊ ပိုမိုကောင်းမွန်ပြည့်စုံစေချင်လို့ စာရင်းထဲထားပြီး မိမိမြင်သလောက်ကို ဂရုတစိုက် ဝေဖန်ပြောဆိုနေခြင်းသာဖြစ်ပါတယ်။ အဲဒါကို အဆိုးမြင်ဝါဒီလို့ မြင်ရင်လည်း ကျနော့်အနေနဲ့ စောဒကတက်စရာမရှိပါဘူး။

နိုဝင်ဘာ (၁၂)

မှားယွင်းစွာ ထင်မြင်ပြောဆို ဂုဏ်ယူဝင့်ကြွားမှု

ရူပဗေဒဘာသာရပ်မှာ သင်ရတဲ့ W=FxS ဆိုတဲ့ အီကွေးရှင်းမှာ အားစိုက်မှု (F) မည်မျှပဲရှိရှိ အရွေ့ (S) မရှိရင် အလုပ် (W) က ဇီးရိုးပါပဲတဲ့။ နိုင်ငံရေးလုပ်တယ်ဆိုတာလည်း W=FxS အီကွေးရှင်းလိုပါပဲ။

“နိုင်ငံရေးလုပ်သည်ဟုမည်ခြင်း (W) = စွန့်လွှတ်ပေးဆပ်အနစ်နာခံခြင်း (F) x နိုင်ငံရေးအရွေ့ (S)” လို့ပဲ ကျနော်ကတော့ ခံယူပါတယ်။ စွန့်လွှတ်ပေးဆပ်အနစ်နာခံနိုင်တာသက်သက်ကို နိုင်ငံရေးလုပ်တယ်လို့ ပြောလို့မရပါဘူး။

စွန့်လွှတ်ပေးဆပ် အနစ်နာခံနိုင်တဲ့အပြင် တိုက်ပွဲကာလမှာဆိုရင် တိုက်ပွဲကို ရှေ့တဆင့်တက်အောင် (၀ါ) တည်ဆောက်ရေးကာလမှာဆိုရင် ကိုယ့်လူ့အဖွဲ့အစည်းကို ရှေ့ကိုပိုပိုပြီး ရွေ့သထက်ရွေ့အောင် ရွှေ့နိုင်တဲ့သူမျိုးကိုမှ နိုင်ငံရေးလုပ်တဲ့သူလို့ ပြောနိုင်မှာပါ။ မဟုတ်ရင်တော့ နိုင်ငံရေးအရွေ့မရှိခဲ့တဲ့ စွန့်လွှတ်ပေးဆပ်အနစ် နာခံသူဘ၀နဲ့ပဲ သမိုင်းဇာတ်ခုံမှာ နိဂုံးချုပ်ရပါလိမ့်မယ် (ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအ၀န်းအ၀ိုင်းမှာကတော့ အများစုက စွန့်လွှတ်ပေးဆပ်အနစ်နာခံတာကိုပဲ နိုင်ငံရေးလုပ်တယ်လို့ မှားယွင်းစွာ ထင်မြင်ပြောဆို ဂုဏ်ယူဝင့်ကြွားနေကြတုန်းပါ)။

(အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ - ၅ ဆောင်းပါး http://drlunswe.blogspot.com/2011/04/blog-post_6332.html မှ ...)

နိုဝင်ဘာ (၇)

“မကြိုဆိုခြင်း” နောက်ဆက်တွဲ

- ဤ Lun Swe ဖေ့စ်ဘွတ်စာမျက်နှာသည် ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်သော ရေးသားတင်ဆက်မှုများ၊ ဘာသာရေးနှင့် လူမျိုးရေး အစွန်းရောက်သော ရေးသားတင်ဆက်မှုများကို မကြိုဆိုပါ။

- မြန်မာနိုင်ငံသားများဖြစ်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်လိုသည့် ရေးသားတင်ဆက်မှုများကို ကြိုဆိုပါသည်။

အထက်ပါ နောက်ဆက်တွဲ “မကြိုဆိုခြင်း” မျိုးကို တွေ့ရှိဖတ်ရှုရပါကလည်း အဆိုပါ မိတ်ဆွေများကို Unfriend သော်လည်းကောင်း၊ Block ခြင်းသော်လည်းကောင်း ပြုလုပ်မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

နိုဝင်ဘာ (၆)

“မကြိုဆိုခြင်းများ”

ဤ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြသည့် ပို့စ်များနှင့် ပတ်သက်၍ မိတ်ဆွေများ၏ ...

- မတူကွဲပြားသည့်အမြင်နှင့် ဝေဖန်ရေးသားမှုများကို ကြိုဆိုပါသည်။
- ရင့်သီးရိုင်းစိုင်းပြီး ဆဲဆိုသမှုပြုသည့် အရေးအသား၊ အသုံးအနှုန်းများကို မကြိုဆိုပါ။
- အချက်အလက်နှင့် တုံ့ပြန်ချေပရေးသားမှုများကို ကြိုဆိုပါသည်။
- ဘောလုံးကို မကန်ဘဲ လူကို အသားလွတ် ကန်ခြင်းမျိုး ရေးသားမှုများကို မကြိုဆိုပါ။

အထက်ပါ မကြိုဆိုခြင်းများကို တွေ့ရှိဖတ်ရှုရပါက ပထမအဆင့်အနေဖြင့် မိတ်ဆွေအဖြစ်မှ စွန့်လွှတ်ခြင်း Unfriend ပြုလုပ်မည်ဖြစ်ပါသည်။

Unfriend ပြုလုပ်သော်ငြား မကြိုဆိုခြင်းများကို ထပ်မံတွေ့ရှိဖတ်ရှုရပါက ဒုတိယအဆင့်အနေဖြင့် စိတ်မကောင်းခြင်းကြီးစွာ Block လုပ်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ အယူအဆ၊ အတွေးအမြင် တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်းဆန်သော မိတ်ဆွေများနှင့်သာ ခင်မင်ရင်းနှီးသမှုပြုလိုသောကြောင့်ဖြစ်ပါသည်။

ဤဖေ့စ်ဘွတ်ခ်အကောင့်အား တစုံတရာ မျက်စိစပါးမွေးစူးပါကလည်း မိတ်ဆွေများအနေနှင့် အချိန်မရွေး Unfriend သော်လည်းကောင်း၊ Block သော်လည်းကောင်း စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။ :)

အောက်တိုဘာ (၂၅)

ကြောင်ကွက်ကလေးတွေတော့ ပြင်ဖို့လို

အဝေးမြင် မြင်ရသလောက်တော့ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့လည်း (၁) အာဏာရှင်စနစ် အမြစ်မကျွတ်သေးချိန်မှာ ကိုကိုကြီးရဲ့ မလိုအပ်ဘဲ ဒိုင်အစားခံရမယ့် အမျိုးသားရေးကြွက်သားညှစ်ပြမှုမျိုး (၂) အာဏာရှင်စနစ် အမြစ်မကျွတ်သေးချိန်မှာ အကဲဖြတ်အမှားနဲ့ လက်ပံတောင်းတောင်သူတွေကို ကိုဂျင်မီ ရွှေပြည်အေးတရား သွားဟောတာမျိုး (၃) ငယ်သူငယ်ချင်း ကိုမိုးသီးဇွန်ကို ကြိုဆိုဖို့အရေး ဘေးပယောဂတွေ ၀င်ပြီး မဲခွဲဆုံးဖြတ်တာမျိုး ... အဲသလို ကြောင်ကွက်လေးတွေကို ရှေ့အနာဂတ် နိုင်ငံရေးခရီးမှာ ရှောင်ရှားနိုင်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်မိတယ်။

မျှော်လင့်စရာ

အရွယ်ကောင်းတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပါတီထောင်ရင်တော့ ခေါင်းဆောင်မှုအနေနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို ... စသည် စသည်ဖြင့် ပြည်သူလေးစားတဲ့ ပုဂ္ဂိုလ်တွေ တန်းစီနေတာကို တွေ့ရတာ အားတက်စရာ (မကွဲမပြဲကြဘူး ဆိုရင်ပေါ့)။

ရှေ့နမူနာ၊ အလယ်နမူနာတွေကို သင်ခန်းစာယူပြီးတော့ ညီညီညွတ်ညွတ် စနစ်တကျ ဦးဆောင်မှုပေးနိုင်ကြမယ်ဆိုရင်ဖြင့် အနာဂတ်မှာ အလိမ်အညာ ကြံ့ဖွံ့ပါတီကိုယှဉ်ပြိုင်ထိုးသတ်နိုင်မယ့် ပြည်သူ့ပါတီတခုအဖြစ် မြန်မာပြည်သူတွေ မျှော်လင့်အားထားစရာ ဖြစ်လာမှာ အသေအချာ (ဟိုလိုလို ဒီလိုလို မေ၀၀ါး မထွေးပြားဘူးဆိုရင်ပေါ့)။

တွေ့ရင် ပြောပြပါလေ (၂)

၂၀၀၈ အခြေခံဥပေဒကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ အီးရော အီးရောနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ရောက်သွားပြီ ဆိုပါစို့။ NLD ကလည်း မဲအပြတ်အသတ်နဲ့ နိုင်ပြန်ပြီ ဆိုပါစို့။

လွှတ်တော်ထဲမှာသမ္မတ ရွေးကြတော့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်း - အခန်း (၃) အပိုဒ် (၅၉) (ဃ) နဲ့ (စ) မှာ ငြိနေလို့ သမ္မတလုပ်လို့ မရဘူးဆိုပါစို့။ NLD ပါတီက ဘယ်သူ့ကို သမ္မတအဖြစ် အရွေးခံဖို့ အဆိုတင်မလဲ။ သင် တွေ့မိပါပြီလား ... ????

တွေ့ရင် ပြောပြပါလေ (၁)

ကြံ့ဖွံ့ပါတီဟာ မြန်မာပြည်သူတွေ ရွံရှာ မုန်းတီးတဲ့ အလိမ်အညာပါတီဖြစ်ပေမယ့် သူတို့ပါတီကို ကြည့်လိုက်ရင် ဦးသိန်းစိန်ပြီးရင် ဦးရွှေမန်း၊ ဦးရွှေမန်းပြီးရင် ဦးဌေးဦး ... စသဖြင် ခေါင်းဆောင်တက်လုပ်မယ့် ပုဂ္ဂိုလ်တွေ အဆင့်ဆင့် တန်းစီနေတာကို တွေ့ရတယ်။

မြန်မာပြည်သူတွေ တခဲနက် မဲပေးခဲ့၊ မဲပေးကြဦးမယ့် NLD ပါတီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ဘယ်သူဘယ်ဝါဆိုတာ ရေရေရာရာ တွေ့မိပါသလား ... ????

အောက်တိုဘာ (၂၅)

တမျိုးတော့ တမျိုးကြီးပဲ

မြန်မာ့ဒီမိုကရေစီရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပေးဆပ်အနစ်နာခံခဲ့မှုတွေကို တန်ဖိုးထား လေးစားပြီးသားပါ။

ဒါပေမယ့် အခုနောက်ပိုင်း သူတို့ သူတို့ရဲ့ မျက်နှာအမူအရာတွေမှာ မြန်မာပြည်ကြီးကို အချိန်ပြည့် ခေါင်းပေါ်ရွက်ထားရလို့ လေးပင်နေတဲ့ ပုံမျိုး နိုင်ငံတော်ဂိုက်တွေ အပြည့်ဖမ်းနေတာကို တွေ့ရတာ သက်တောင့်သက်သာ မရှိလိုက်တာလို့ ခံစားရတယ်။

နောက်ပြီး လုပ်ပုံကိုင်ပုံ အခင်းအကျင်းတွေကလည်း ကြံ့ဖွံ့ပါတီက ပုဂ္ဂိုလ်တွေ လုပ်တဲ့ စတိုင်တွေ၊ တိုင်းခန်းလှည့်တဲ့ ပုံစံတွေနဲ့ တူနေသလိုလို တခုခုတော့ လွဲနေသလိုပဲလို့ ထင်မိတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်ရေးကို လုပ်နေတဲ့သူတွေကိုယ်နှိုက်ကို ကြည့်ရတာ မပွင့်မလင်း မြုံစိစိကြီးတွေ ဖြစ်နေသလို ခံစားရတယ်ပါ့ဗျာ။ တမျိုးတော့ တမျိုးကြီးပဲ။

အောက်တိုဘာ (၁၁)

သတင်းစာဆိုတာ ‘ချုံးကီး’ ဖို့လား

ကဗျာဆရာအောင်ဝေးကတော့ သူ့ဆောင်းပါးတပုဒ်မှာ ထည့်ရေးဖူးတယ်။ သူရေးတဲ့အချိန်တုန်းက နအဖခေတ် နိုင်ငံပိုင်သတင်းစာပဲ ရှိသေးတဲ့အချိန်။ အဲဒီဆောင်းပါး စာပေစိစစ်ရေးကလည်း လွတ်လာတယ်။ ဆောင်းပါးထဲမှာ သူရေးလိုက်တာက သတင်းစာဆိုတာ ‘ချုံးကီး’ ဖို့ပါပဲတဲ့။ အခု အသွင်းပြောင်းမယ့် နိုင်ငံပိုင်သတင်းစာတွေရော ကဗျာဆရာအောင်ဝေး ပြောသလို ချုံးကီးဖို့ပဲလား၊ အများပြည်သူအတွက် ၀န်ဆောင်မှုမီဒီယာဖြစ်မလား ဆိုတာ မကြာခင် ရှုစားကြရတော့မှာဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ခေတ်စားတဲ့ ဟာသကတော့ ဂျာနယ်တွေ၊ သတင်းစာတွေမှာ အရောင်တွေပါရင် ဆေးလိပ်လိပ်သောက်ရတာ ညှော်ပါတယ်တဲ့ခင်ဗျာ” :)

အောက်တိုဘာ (၄)

ကုန်ရှုံးလျှင် တစ်ခါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်၊ ဆရာရှုံးလျှင် တစ်သံသရာလုံးမှောက်

ကုန်သွယ်သူသည် ကုန်စည်အမျိုးအစားနှင့် ပေါက်ဈေးအတွက် အချက်မှားလျှင် ဖြစ်စေ၊ အခြေအနေအရ စရိတ်ပိုမို ကုန်ကျခြင်း၊ ဈေးကျခြင်း၊ ကုန်စည်ပျက်စီးခြင်း စသည်တို့ကြောင့်ဖြစ်စေ အရှုံးပေါ်လျှင် တစ်ခေါက်အတွက်သာ ရှုံးပေမည်။ နောက်တစ်ခေါက်တွင် မြတ်ကောင်း မြတ်နိုင်စရာရှိသည်။

အိမ်ထောင်ပြုရာတွင် ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင်ကျွေးမွေးသော အိမ်ရှင်လင်ယောက်ျားမျိုးကို မရဘဲ အလုပ်အကိုင် မလုပ်ချင် ပျင်းရိညံ့ဖျင်းရုံသာမက မကောင်းမှုများဖြင့် သုံးဖြုန်းကာ နှိပ်စက်ရိုက်နှက်တတ်သော လင်ဆိုးနှင့်ကြုံရမည် ဆိုလျှင်မူကား တစ်သက်တာလုံးအတွက် မှောက်မှားခြင်းဖြစ်၍ ပြုပြင်ရန် ခက်ခဲစေတော့သည်။

ထိုမှတစ်ပါး တရားစစ်တရားမှန်ကို ညွှန်ပြနိုင်မည် အထင်ဖြင့် ဆရာအမှတ်ပြု ကာ ဆည်းကပ်နည်းခံရာတွင် ဆရာကောင်း ဆရာမြတ်မဟုတ်ဘဲ တရားစစ် တရားမှန် မသိဘဲ အကျင့်အယူ မှားယွင်းစွာ ဟောပြောညွှန်ပြခြင်းခံရပါမူ သံသရာမှ ထွက်မြောက် နိုင်ခြင်းမရှိဘဲ သံသရာဘ၀ ရှည်လျား သံသရာဘ၀အဆက်ဆက် မှောက်မှားစရာသာ ဖြစ်ချေမည်ဟုဆိုလိုသည်။

မှားယွင်းနစ်နာမှုသည် အကြောင်းကိစ္စလိုက်၍ ဆုံးရှုံးမှုသေးငယ်သောအရာလည်း ရှိသည်။ ကြီးမားသောအရာလည်း ရှိသည်။ အနည်းအပါး ဆုံးရှုံးမှုမှာ မထောင်းသာသော်လည်း ကြီးမားသော ဘ၀တစ်လျှောက်လုံးအတွက် ထိခိုက်နိုင်သဖြင့် ဆုံးရှုံးရမည့် အကျိုးအပြစ် ပမာဏကို ချင့်ချိန်တွက်ဆ၍ ဆုံးရှုံးနစ်နာမှုမရှိအောင် သတိချပ်ကြစေရန် ပုံခိုင်းသုံးနှုန်းသည်။

အထက်ပါ စကားပုံအရဆိုလျှင် “ခေါင်းဆောင်ရှုံးလျှင် တစ်ပြည်လုံးမှောက်” ဟု ဆက်တွေးစရာရှိပေသည်။ ထို့ကြောင့် ...

“တစ်ပြည်လုံးမမှောက်ဖို့အရေး ... ခေါင်းဆောင်ကို ၀ိုင်းဝန်းတည့်မတ်ပေး” ဟု ဖြည့်စွက်ချင်မိပေသည်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

6 comments:

S.Maung Chain said...

Yes.I agree with your article.
We have three goverments.
(1) Chinese government
(2)Military government
(3)Thein Sein government.

Unknown said...

ကြောင်ကွက်လေးတွေ ပြင်ဖို့လို
မျှော်လင့်စရာ
တွေ့ရင် ပြောပြပါလေ(၁)(၂)
-------------
အဲဒီခေါင်းစဉ်သုံးခုကို အထူးနှစ်သက် သဘောတူပါတယ်။ အထူးသဖြင့် ကြောင်ကွက်လေးတွေကို ၈၈များ အသေအချာ ဖတ်စေချင်ပါတယ်။
စာလေးတွေက တိုနံ့နံ့ဆိုပေမယ့် စဉ်းစားစရာတွေက အတော်လေး ရှည်လျားသွားစေပါတယ်။

Unknown said...

ကိုလွန်းဆွေရဲ့ဆောင်းပါးလေးတွေက ကေါင်းတယ်။အမှန်တွေကို မီးမောင်းထိုးပြတယ်။ ပြည်သူတွေကိုမျက်စိဖွင့်၊နားဖွင့်တဲ့ဆောင်းပါးတွေဆက်ရေးပါဦး။

KKK said...

Dr. Lun Swe,

Thank you for your blog. You're the only blog that I can read and post my comments freely. I really appreciate your work and time. I agree and disagree with your article.

We criticize and condemn some politicians and government with bad words and harsh words. This is okay in every democratic country. That does not mean that we are uncivilized or polite or uneducated people. We have a right to express our opinion, feeling and emotion. I hope you are not threatening your blog readers. Let me ask you Dr. Lun Swe. Do you eat everyday the same food and same taste? I am sure you don't. Sometime you eat sweet sometime you eat spicy, sometime you eat sour and sometime you eat bitter. If we post all nice, clean, and polite comments, it will be so boring for you and the other readers. That's why I want to use very rude or uncivilized words. I do want to see you as a true politician or a dissident and your blog is a real opposition blog.

Moemin said...

ဒေါက်တာလွဏ်းဆွေ ခင်ဗျားခေါင်းဆောင်လုပ်ဗျာ

Unknown said...

Orchestra Announcement copy from Tawwat wat FB
ဝါရင့် ဇာတ်ဆရာ ကျောက်ဆည်ရွှေ ဦးစီးသော-
စိန်အောင်မင်းပြဇာတ် ၂ဝ၁၅-မှာ “က” မည်

မင်းသမီး နိုင်ငံခြားပြန် အောင်ဆန်းစုကြည်(မှုံရွှေရည်)

ဆိုင်းဆရာ-ရွှေမန်း ။
လူကြမ်းမင်းသား-တင်အောင်မြင့်ဦး၊ ဇော်မင်း၊ ကျော်ဆန်း (မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ်) ။
ဗီလိန်မင်းသား-ခံညွန့်  ။

ပြဇာတ်ဝေဖန်ရေးဆရာ-လွဏ်းဆွေ၊ ဂါမဏိ၊ သံဒုတ်နှင့် ရွာပြင်က လူတစ်စု ။

လော်စပီကာ-ရွာလည်ပြီး အတင်းတုတ်သော ငြိမ်းရွှေ၊ တင်ထားဆွေ နဲ့  ဗွီအိုကေ အင်အားစု ။
လူမိုက်မင်းသား-ကုလားကျော်သန်း ။
မိတ်ကပ်-အောင်မျိုးမင်း ။
ဓာတ်ပုံ-ဝဏ္ဏကိုကိုလေး။

ဝါရင့်နှဲဆရာကြီးများ-ဝင်းတင်နှင့်တင်ဦး ။
ခေတ်ပေါ်တေးဂီတ။ ။ ရဲလွင် နှင့် အဖွဲ့  (ပန်းရင်လန်း)
ငွေထိန်း။ ။ ဦးမြင့် နှင့် ဇော်ဦး ။
လူရွှင်တော် ဂတုံးပါလေရာနှင့်အဖွဲ့ 

လုံခြုံရေး။ ။ မင်းအောင်လှိုင် နှင့် ဝေလွင်

စပွန်စာ။ ။ ဖျာနေရာမရမှာ စိုးရိမ်သော ထန်းတောထဲက မိုးသီးဇွန်၊ ထွန်းအောင်ကျော်၊ အောင်မိုးဇော်၊ နိုင်အောင် နှင့် လူမိုက်တစ်စု။ ဇာတ်ဘေးနားတွင် နာမည်ကြီးအသုတ်စုံရောင်းသူ…. နီလာသိမ်း၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့်ဇာတ်ဘေးက လေးကောင်ဂျင်နှင့်အရက်ဆိုင် ပိုင်ရှင်ဖြစ်သူ ဂျင်မီနှင့်တပည့်သားသမီးများ။

နေရာ။ ။ ပျဉ်းမနားမြို့  ကြက်ပြေး ရွာရှိ နိုင်ငံတကာအဆင့်မရှိသောဇာတ်ရုံ

ဆက်သွယ်ရန်-
လက်မှတ်အရောင်းဌာန။ ။ လှမောင်ရွှေ၊တင်မောင်သန်း၊ ကျော်ရင်လှိုင် (အီးထွက်အဖွဲ့ )၊ အောင်နိုင်ဦး၊ဇော်ဦး၊ အောင်သူငြိမ်း (လဥအဖွဲ့ )