Friday, July 19, 2013

စစ်အုပ်စုရဲ့ ‘အောင်ဆန်းဖိုဘီးယား’ နဲ့ အယ်ဒီတာ့ဝဋ်ကြွေး (၆၆ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ ...)

စစ်အုပ်စုရဲ့ ‘အောင်ဆန်းဖိုဘီးယား’ နဲ့ အယ်ဒီတာ့ဝဋ်ကြွေး
ဒေါက်တာလွဏ်းဆွေ

ဗိုလ်သန်းရွှေတို့ စစ်အုပ်စုမှာ ‘အောင်ဆန်းဖိုဘီးယား’ ခေါ် ‘အောင်ဆန်းအကြောက်လွန်ရောဂါ’ (ခွာချမရလာက်အောင်) စွဲကပ်နေတာကတော့ လွန်လွန်းတယ်လို့ ပြောရမလားပဲ။ သက်ရှိထင်ရှား မရှိတော့တဲ့ တပ်မတော်ကျေးဇူးရှင်ကို ဘာကြောင့် ဒီလောက်တောင် ကျေးဇူးကန်းနေ၊ ကြောက်လန့်နေကြတာပါလိမ့်လို့ တခါတခါ စဉ်းစားကြည့်မိတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကြောက်တာထက် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်တာက ခပ်များများဆိုတာ သွားတွေ့ရတယ်။

ဗိုလ်နေ၀င်းလက်ထက်တုန်းကမှ ဘာပဲဖြစ်ဖြစ် အာဇာနည်နေ့ဆို မြန်မာ့အသံကဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်က မီးရထားဘူတာရုံမှာ ဆိုက်ထားတဲ့ ရထားခေါင်းတွဲကဖြစ်စေ အလေးပြုဖို့ ဥသြဆွဲတဲ့အသံ ကြားရသေးတယ်။ သတင်းစာမျက်နှာဖုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ပုံတွေကို တခမ်းတနား ဂုဏ်ပြုဖော်ပြဖော်ရသေးတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေကို တလေးတစား ဂုဏ်ပြုကျင်းပတဲ့ အာဇာနည်ဗိမာန်က အခမ်းအနားပုံတွေ နောက်တနေ့ ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဝေေ၀ဆာဆာ တင်ဆက်ဖော်ရသေးတယ်။

ပြည်သူတွေဆိုလည်း အာဇာနည်ဗိမာန်မှာ လွတ်လွတ်လပ်လပ် လာရောက် ဂါရ၀ပြုခွင့်ရသေးတယ်။ ကျောင်းသူကျောင်းသားတွေဆိုလည်း အာဇာနည်နေ့ရောက်တိုင်း တာဝါလိန်းလမ်းမှာရှိတဲ့ ဗိုလ်ချုပ်နေခဲ့တဲ့ အိမ်ကြီး (ဗိုလ်ချုပ်ပြတိုက်) ကို သွားရောက်လေ့လာခွင့်ရသေးတယ်။ ကျောင်းသင်ရိုးတွေမှာလည်း ဗိုလ်ချုပ်အကြောင်းတွေကို အတော်များများ သင်ကြားခွင့်ရသေးတယ်။ ငွေစက္ကူအရွက်တိုင်းကိုလည်း ကျက်သရေမင်္ဂလာရှိတဲ့ ဗိုလ်ချုပ်ရဲ့ပုံတွေနဲ့ ဂုဏ်ပြုထုတ်ဝေဖော်ရသေးတယ်။ မဂ္ဂဇင်းတွေ၊ စာစောင်တွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေ အတော်များများ ဖတ်မှတ်လေ့လာခွင့်ရသေးတယ်။

ဒါတောင် ဗိုလ်နေ၀င်းလည်း သူ့ထက်ငယ်ရွယ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သိပ်ကြည်လှလို့မဟုတ်ဘဲ (သိပ်ရိုသေလေးစားလွန်းလှလို့ မဟုတ်ဘဲ) သမိုင်းကြောင်းအရှိန်အ၀ါအရ မလွန်ဆန်နိုင်၊ မလွန်ဆန်ရဲလို့သာ ခွင့်ပြုခဲ့တဲ့ အနေအထားပါ။ နောက်တခု ဗိုလ်နေ၀င်းခေတ်တုန်းက သူ့အောက်ကလူတွေ ဘယ်လောက်ဖားသလဲဆို ဗိုလ်နေ၀င်းတောင် စစ်ပြန်စစ်မှုထမ်းဟောင်းညီလာခံတခုမှာ မလုံမလဲနဲ့ အမှားပြင်ဆင်ပေးခဲ့ရတဲ့ ပြုံးချင်စဖွယ် ဖြစ်ရပ်လေးကို အမှတ်ရမိသေးတယ်။

ဘာလဲဆိုတော့ ဗိုလ်နေ၀င်း ဘုန်းတန်ခိုးကြီးစဉ်အချိန်တုန်းက ထုံးစံအတိုင်း ဘုန်းတော်ဘွဲ့ရေးတဲ့ စာရေးသူတွေက တပ်မတော်နေ့လိုမျိုး နီးတဲ့အခါမှာဆို ဗိုလ်ချုပ်အောင်ဆန်းကို မေ့ချင်ယောင်ဆောင်ပြီး ဗိုလ်နေ၀င်းကို တပ်မတော်ရဲ့ဖခင်ဆိုပြီး ဆောင်းပါးတွေထဲမှာ ဖားယားရေးကြတာကိုး။ အဲဒီဆောင်းပါးကို ဗိုလ်နေ၀င်း ဖတ်မိရင် အနားခေါ်ပြီး မြှောက်စားလေမလားဆိုတဲ့ ကလေးတွေးလောက်နဲ့ မဆင်မခြင် လျှောက်ရေးတာဖြစ်မှာပေါ့။ ဒါကို ဗိုလ်နေ၀င်းကလည်း ဖတ်မိပုံပေါ်တယ်။

တခါသားကျတော့ မြန်မာ့ရုပ်မြင်သံကြားက လွှင့်တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းညီလာခံမှာ ဗိုလ်နေ၀င်းကိုယ်တိုင် “ကျနော့်ကို တပ်မတော်ရဲ့ဖခင်ဆိုပြီး ရေးရေးနေကျတာ တွေ့ရတယ်။ တကယ်တော့ ကျနော်က တပ်မတော်ရဲ့ဖခင် မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ဖခင်စစ်စစ်က ဗိုလ်ချုပ်အောင်ဆန်းပါ။ ကျနော်က ဖြစ်ချင်းဖြစ်ရင် တပ်မတော်ရဲ့ ပထွေးသာ ဖြစ်နိုင်ပါတယ်” လို့ (စကားလုံးအတိအကျတော့မဟုတ်) မိန့်ခွန်းပြောရင်း အရှက်ပြေ အမှားပြင်ဆင်ပေးခဲ့တာလေး ကြည့်လိုက်ရတာကို သတိရမိပြီး ပြုံးမိတာပါ။ ဘာပဲဖြစ်ဖြစ် ဦးနေ၀င်းက သူ့ရဲ့မသိစိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် မကြည်မလင်ဖြစ်တာတွေ ရှိခဲ့ပေမယ့် ဟန်ဆောင်ကောင်းခဲ့တယ် ဆိုတာကို ပြောပြချင်တာပါ။

ဗိုလ်သန်းရွှေကျတော့ ဗိုလ်နေ၀င်းလို ဟန်ဆောင်မကောင်းနိုင်တော့ဘဲ ကြောက်ရွံ့တဲ့စိတ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်သမျှကို ရည်ရွယ်ချက်ရှိရှိ တခုပြီးတခု ပိတ်ပင်လာတာ တွေ့ရတယ်။ ကြောက်ရွံ့တယ်ဆိုရာမှာ အာဏာမစွန့်ချင်တဲ့ ဗိုလ်သန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းထက် ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်လို သဘောထားပြီး ကြောက်ရွံ့တာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ ယုံကြည်လေးစား အားကိုးအားထား ပြုနေကြတာကိုး။ ဒါကို အာဏာလက် မလွှတ်ချင်တဲ့ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုက မစ္ဆရိယစိတ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို နောက်လာနောက်သား မျိုးဆက်သစ်တွေ ပိုသိလေ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ပိုစိတ်ဝင်စားလေ၊ ပိုထောက်ခံလေ၊ ပိုလေးစားကြည်ညိုလေဖြစ်မှာကို စိုးရိမ်တာပါ။ အဲဒါလိုအကြောင်းတွေကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်သမျှကို ပိတ်ဆို့ဖို့ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုက မျက်ကန်းတစ္ဆေမကြောက် ရူးရူးမိုက်မိုက် ကြိုးစားနေတာဖြစ်ပါတယ်။

ဗိုလ်သန်းရွှေတို့ရဲ့ ‘အောင်ဆန်းဖိုဘီးယား’ က ဘယ်လောက်တောင် ဆိုးလာသလဲဆို ဗိုလ်ချုပ်ရဲ့ သားသမီးချင်းအတူတူ အာဇာနည်နေ့အခမ်းအနားကို သူတို့ထားရာနေ၊ စေရာသွား၊ ငုတ်တုပ်ထိုင်ဆိုထိုင် အဲသလို ကြိုးဆွဲရာကတဲ့ အောင်ဆန်းဦးဇနီးမောင်နှံကိုတော့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခွင့်ပေးပြီး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စိတ်လိုလက်ရရှိရင် တက်ရောက်ခွင့်ပြုလိုက်၊ စိတ်လိုလက်ရမရှိရင် ကလေးကလားဆန်ဆန် မဖိတ်ကြားဘဲနေလိုက်နဲ့ လူကြီးလူကောင်းမဆန်တာကို တွေ့ရတယ် (ဗိုလ်သန်းရွှေတို့က လူကြီးလူကောင်းမှ မဟုတ်တာ။ ၉၀ ရလဒ်ကို အကောင်အထည်ဖော်မပေးတာပဲ ကြည့်ပါတော့လား။ အဲဒီလိုလူကို လူကြီးလူကောင်းမဆန်ဘူးလို့ ပြောတာ ပြောတဲ့သူရဲ့အပြစ်ပဲလို့ဆိုရင်လည်း ခံရမှာပါပဲ။ ပြောမိပြီကိုး)။

ဗိုလ်သန်းရွှေတို့ရဲ့ ‘အောင်ဆန်းဖိုဘီးယား’ က အဲသလောက်တင် ဘယ်ကဦးမလဲ။ ငွေစက္ကူတွေဆိုလည်း ကျက်သရေမင်္ဂလာရှိတဲ့ ဗိုလ်ချုပ်ပုံတွေနေရာမှာ ကြံ့ဖွံ့လာဘ်ကောင် ခြင်္သေ့ရုပ်တွေ ဖြစ်ကုန်ပြီ။ ဗိုလ်ချုပ်ပြတိုက်ဆိုလည်း အခုလောက်ဆို ဖုန်ဘယ်နှပေလောက်ထူနေပြီလဲမသိ။ အာဇာနည်နေ့ဆို မြန်မာ့အသံက ဆွဲပေးနေတဲ့ ဥသြသံလည်း မဆွဲရတာကြာလို့ ဓာတ်ပြားမှိုတက်လောက်ပြီထင်ရဲ့။ အာဇာနည်နေ့ထုတ် နအဖပိုင် သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ပုံတွေ မြင်တွေ့ရဖို့နေနေသာသာ စာပေစိစစ်ရေးကို ဖြတ်ပြီး ထုတ်ဝေခွင့်ရတဲ့ ပုဂ္ဂလိက မဂ္ဂဇင်း၊ ဂျာနယ်တွေမှာတောင် အာဇာနည်နေ့နဲ့ ပတ်သက်တာတွေ၊ ဗိုလ်ချုပ်နဲ့ ပတ်သက်တာတွေ ရေးမိသားမိရင် ဆင်ဆာအဖြတ်ခံရပုံကတော့ မြင်မကောင်း ရှုမကောင်း အပိုင်းပိုင်း အပြတ်ပြတ်ပဲဆိုပါတော့။

ကြုံတုန်း ‘အောင်ဆန်းဖိုဘီးယား’ ကြီးလွန်းတဲ့ ဗိုလ်သန်းရွှေတို့စစ်အုပ်စု အုပ်ချုပ်တဲ့ နအဖခေတ်ကြီးမှာ (ဘယ်ဘ၀၀ဋ်ကြွေးကြောင့်မှန်းမသိ) ဆရာဝန်ဘွဲ့ရပြီး အယ်ဒီတာဖြစ်ခဲ့ရတဲ့ ကျနော့်ရဲ့ အတွေ့အကြုံလေးကို ဝေမျှခံစားကြည့်ဖို့ ဖောက်သည်ချချင်ပါသေးတယ်။

ဒီလိုပါ။ ကျနော် တာဝန်ခံအယ်ဒီတာလုပ်တဲ့ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လထုတ် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှာ ကျနော်က “ဖတ်၍မကုန် ယူ၍မခန်း ဗိုလ်ချုပ်အောင်ဆန်း” ဆိုတဲ့ ခေါင်းစီးနဲ့ တာဝန်ခံအယ်ဒီတာစကား ရေးထားပါတယ် (မှတ်မှတ်ရရ မင်းသမီး နှင်းဝတ်ရည်သောင်း မျက်နှာဖုံးနဲ့ပါ)။ အာဇာနည်ကြီးတွေ ကျဆုံးတဲ့ ဇူလိုင်လထုတ်ဆိုတော့ စာဖတ်ပရိသတ်တွေဆီ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ သတင်းစကားတခုခုပါးချင်တဲ့ အာသီသကြောင့်လည်း အဲဒီတာဝန်ခံအယ်ဒီတာစကားကို ကျနော် ရေးဖြစ်ခဲ့တာပါ။

စကားလုံးအတိအကျ မမှတ်မိတော့တဲ့ ကျနော့်တာဝန်ခံအယ်ဒီတာစကားရဲ့ အနှစ်ချုပ်ကတော့ နောက်လာနောက်သား မျိုးဆက်သစ်များ သမိုင်းကွင်းဆက်မပြတ်ဖို့နဲ့ စာရေးဆရာဖြစ်ချင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ဆက်ရှိနေမယ်ဆိုရင် ဗိုလ်ချုပ်ဆီက ဖတ်လို့မကုန် ယူလို့မခန်းတဲ့ စာပေဗဟုသုတ ဟင်းလေးအိုးကြီးကို ပိုင်ဆိုင်ခွင့်ရမှာပဲဆိုတဲ့ ဆိုလိုရင်းပါ။

ဗြိတိန်မှာဆိုရင် ဒုတိယကမ္ဘာစစ်ကို အောင်နိုင်ခဲ့တဲ့ နာမည်ကျော် နန်းရင်းဝန် ၀င်စတန်ချာချီနဲ့ ပတ်သက်လို့ နောက်လာနောက်သား မျိုးဆက်သစ်တွေကို ‘ချာချီဆိုတာ ဘယ်သူလဲ’ လို့ စစ်တမ်းကောက်ကြည့်တဲ့အခါမှာ တချို့က အဆိုတော်လို့ ဖြေလိုဖြေ၊ တချို့က ဘောလုံးသမားလို့ ပြောလိုပြောလို့ သိရတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့လည်း မျိုးဆက်သစ် မြန်မာလူငယ်တွေ သမိုင်းကွင်းဆက်မပြတ်ဖို့ လိုတယ်ဆိုတဲ့ သတင်းစကားပါးချင်တဲ့ စိတ်နဲ့ ရေးဖြစ်ခဲ့တာပါ (အခုတောင် တချို့မျိုးဆက်သစ်တွေဆို အာဇာနည်နေ့ဆိုတာ သိလားလို့မေးရင် အာဇာနည်ဆိုတာ အဆိုတော်ကို ပြောတာလားလို့ ပြန်မေးကုန်ကြပြီလို့ ကြားရတော့ အတော့်ကို ၀မ်းနည်းကြေကွဲစိတ်ဖြစ်မိပါတယ်)။

အဲသလိုနဲ့ အဲဒီတာဝန်ခံအယ်ဒီတာစကားပါတဲ့ မြားနတ်မောင်မဂ္ဂဇင်း နမူနာ (စာအုပ်မူကြမ်း) ကို ဆင်ဆာအစစ်အဆေးခံဖို့ စာပေစိစစ်ရေးရုံးကို တင်လိုက်ရောဆိုပါတော့။ စာပေစိစစ်ရေးရုံးက အရာရှိတွေ ပါဝင်တဲ့ အစည်းအဝေးပြီးတဲ့အခါမှာ သူတို့ခုတ်ထစ်လှီးဖြတ်ထားတဲ့ အဲဒီဇူလိုင်လထုတ် မြားနတ်မောင်မဂ္ဂဇင်းထဲက ဖြုတ်ပယ်၊ ပြင်ဆင်ရမယ့် စာမျက်နှာတွေကို ကမန်းကတန်း လှန်လှောကြည့်ရှုမိတယ်။ ဒါပေမယ့် ကျနော်ရေးတဲ့ တာဝန်ခံအယ်ဒီတာစကားကို ဖြုတ်ပယ်၊ ပြင်ဆင်ခိုင်းတာ မတွေ့ရတော့ အပျော်ကြီးပျော်ပြီး ဖြန်ချိဖို့အတွက် အချောပုံနှိပ်တော့တာပေါ့။

ပုံနှိပ်ပြီးတော့ စာအုပ်ချုပ်တဲ့ဆီမှာ မဂ္ဂဇင်းတွေကို အုပ် ၅၀ စီ ကြိုးချည်ပြီး နယ်တွေကို မီးရထား၊ ကားလမ်းကတဆင့် ဖြန့်ချိဖို့ ထုပ်ပိုးနေတဲ့အချိန်မှာ စာပေစိစစ်ရေးရုံးက ရုံးအုပ်ကြီးရဲ့မျက်နှာကို ဘွားကနဲ တွေ့လိုက်ရတော့တာပဲ။ သူ့မျက်နှာကို တွေ့လိုက်ရတော့ ကျနော် တော်တော် ခေါင်းနပန်းကြီးသွားတယ်။ တခုခုတော့ ဖြစ်ပြီဆိုတဲ့ အတွေးနဲ့ပေါ့။ ကျနော်နဲ့ ခင်မင်ရင်းစွဲရှိတဲ့ ရုံးအုပ်ကြီးကို ဘာကိစ္စ လိုက်လာတာလဲ ကပျာကယာ မေးလိုက်တဲ့အခါမှာ ကျနော်ရေးတဲ့ စာမျက်နှာ ၄ က တာဝန်ခံအယ်ဒီတာစကားကို ဖြုတ်ပေးဖို့ ‘ကွပ်ကဲ’ က အမိန့်စာကျလာလို့ လာပြောတာတဲ့။ ဖြန့်ပြီးမှဆိုရင် ပြဿနာအကြီးအကျယ်တက်မှာစိုးလို့ ချက်ချင်းပြေးလာတာတဲ့။ အခု ရုံးကို လိုက်ခဲ့ပြီး ဦးစီးအရာရှိဆီမှာ အဲဒီစာမျက်နှာကို ဖြုတ်ပယ်ပေးမယ့်အကြောင်း လက်မှတ်လိုက်ထိုးဦးလို့ ပြောတယ်။

မဂ္ဂဇင်းစာအုပ်အစည်းလေးတွေကို ကြည့်ပြီး ပျော်နေတဲ့ ကျနော့်ရဲ့အပျော်တွေ ဖုတ်ကနဲ ပြုတ်ကျပြီး အရုပ်ကြိုးပြတ်သလို စိတ်ဓာတ်အကြီးအကျယ်ကျသွားတော့တယ်။ ဒါပေမယ့် သူတို့လက်ခုပ်ထဲကရေဖြစ်နေတဲ့ ကျနော်က ဘာများတတ်နိုင်ဦးမည်နည်းပေါ့။ ရုံးအုပ်ကြီးကို ဘာပြန်ပြောရမှန်းမသိဘဲ ခေတ္တခဏ မှင်တက်မိနေပြီးမှ ဓားစက်ဖြတ်လိုက်၊ စာအုပ်စည်းတွေ ကြိုးချည်လိုက်လုပ်နေတဲ့ ကုလားလေးတွေကို အားလုံး ရပ်ဆိုင်းထားဖို့ ပြောလိုက်ရတယ်။ ပြီးတာနဲ့ တက္ကဆီငှားပြီး ရုံးအုပ်ကြီးနဲ့အတူ စာပေစိစစ်ရေးရုံးကို လိုက်သွားရပါတော့တယ်။

ရုံးလည်းရောက်ရော ဦးစီးအရာရှိ အမျိုးသမီးက “ဆရာ့ တာဝန်ခံအယ်ဒီတာစကားကို ရုံးအစည်းအဝေးက ခွင့်ပြုပေမယ့် ‘ကွပ်ကဲ’ က ခွင့်မပြုလို့ ဖြုတ်ပေးရမယ်ဆရာ” တဲ့။ ကျနော်လည်း “ဟုတ်ကဲ့ပါ” ပေါ့။ အဲဒီကျမှ စာပေစိစစ်ရေးရဲ့ အထက်မှာ ကျနော် မမြင်ရတဲ့ ‘ကွပ်ကဲ’ ဆိုတဲ့ အဖွဲ့ရှိနေမှန်း သိရတော့တာ။ နောက်ပိုင်းမှာ အဲဒီ ‘ကွပ်ကဲ’ ဆိုတဲ့ ဌာနက စစ်မဟာဗျူဟာလေ့လာရေးဌာနမှာ ရုံးစိုက်တယ်ဆိုလား ဝေေ၀၀ါးဝါး သိရတယ်။ အဲဒီ ‘ကွပ်ကဲ’ က လူတွေက နိုင်ငံရေးအရ သူတို့စိတ်မချတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို အထူးစောင့်ကြည့်စစ်ဆေးတဲ့ စစ်ထောက်လှမ်းရေးတွေလို့ ဆိုတယ် (သူတို့ အထူးစောင့်ကြည့်တဲ့ မဂ္ဂဇင်းတွေထဲမှာ ဆရာတင်မောင်သန်းတို့ ထုတ်တဲ့ သင့်ဘ၀အောင်မြင်ရေးမဂ္ဂဇင်း၊ ကျနော် အမည်ပြောပြလို့ မဖြစ်သေးတဲ့ မဂ္ဂဇင်းတစောင်နဲ့ ကျနော့် မြားနတ်မောင်မဂ္ဂဇင်း ပါတယ်လို့ ထင်ကြေးနဲ့လား၊ အသေအချာလားမသိ ရုံးအုပ်ကြီး ပြောပြတာကို ကြားရဖူးတယ်)။ အော် … အဲဒီတော့မှ ငါတို့ကို နှိပ်စက်နေတာ စာပေစိစစ်ရေးတင်မကဘဲ မမြင်ရတဲ့ တစ္ဆေသရဲလို ‘ကွပ်ကဲ’ အဖွဲ့လည်း ရှိပါသေးလားဆိုတာကို သိလိုက်ရတာဖြစ်တယ်။

ဦးစီးအရာရှိ အမျိုးသမီးက သူ့တာဝန်ဝတ္တရားအတိုင်း “ဆရာ့ အယ်ဒီတာ့စကားကို ဖြုတ်ရမယ်” လို့ ပေါ့ပေါ့လေး ပြောလိုက်ပေမယ့် ကျနော်က စာအုပ်ချုပ်တဲ့ဆီမှာ စည်းနှောင်ပြီးဖြစ်နေတဲ့ မြားနတ်မောင်မဂ္ဂဇင်းတွေကို မျက်စိထဲ ပြေးမြင်၊ ကျွမ်းပစ်တော့မယ့် အနေအထားကို တွေးပြီး ခေါင်းနပမ်းကြီးနေမိတယ်။ ဦးစီးအရာရှိ ပြောတဲ့ “ဖြုတ်ရမယ်” ဆိုတာက အဲဒီတာဝန်ခံအယ်ဒီတာစကား ဖော်ပြထားတဲ့ ဘယ်ဘက်အခြမ်းက စာမျက်နှာ ၄ နေရာမှာ ကြော်ငြာဖြစ်စေ၊ အခြားလွတ်လွတ်ကင်းကင်းရှိတဲ့ စာတပုဒ်နဲ့ဖြစ်စေ အစားထိုးဖို့ ပြောတာပါ။ ဒါပေမယ့် မဂ္ဂဇင်းတွေက ချုပ်ပြီး စည်းနှောင်ပြီးတဲ့ အခြေအနေတောင် ရောက်နေပြီဆိုတော့ ဦးစီးအရာရှိ ပြောသလို လုပ်ပေးဖို့ဆိုတာ မဂ္ဂဇင်းအုပ်ရေ ၅,၀၀၀ ကို အစည်းတွေ ပြန်ဖြေ၊ တအုပ်ချင်း ကလစ်တွေ ပြန်ဖြုတ်၊ ပြီးရင် ပြင်ပြီး ပြန်ရိုက်ထားတဲ့ စာရွက်ကို တအုပ်ချင်း ပြန်အစားထိုး၊ ပြန်ချုပ်၊ ဓားစက်နဲ့ပြန်တိ၊ ပြီးမှ ကြိုးနဲ့ ပြန်စည်းပြီး ဖြန့်တဲ့ဆီ ပို့ရမှာဆိုတော့ လုပ်ရမယ့်အဆင့်တွေကို တွေးပြီး ကျနော် တော်တော်စိတ်ပိန်နေမိတာပေါ့။

ဦးစီးအရာရှိ စားပွဲရှေ့မှာ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အချိန်အတော်ကြာ တွေပြီး စဉ်းစားနေမိတယ်။ နောက်ဆုံးတော့ တာဝန်ခံအယ်ဒီတာစကား စာမျက်နှာနေရာကို အစားထိုးဖို့ မလွယ်ကူတော့တဲ့အကြောင်း၊ မဂ္ဂဇင်းတွေကို ချုပ်ပြီး၊ ဖြတ်ပြီး၊ စည်းနှောင်ပြီးဖြစ်နေလို့ အဲဒီစာမျက်နှာပါတဲ့ စာရွက်ကို ဖြဲပြီး ဖြဲထားတဲ့ စာရွက်အားလုံးကို ရုံးကို လာအပ်ဖို့ပဲ တတ်နိုင်တော့မယ့်အကြောင်း ဦးစီးအရာရှိ အမျိုးသမီးကို ကျနော် ပေါ်တင် ပြောလိုက်ရတော့တယ်။

ဦးစီးအရာရှိက ပထမတော့ အဲလိုလုပ်လို့မရဘူး ဘာညာနဲ့ တင်းခံနေတယ်။ ကျနော်ကလည်း ကျနော့် အခက်အခဲတွေကို ပြန်ရှင်းပြတယ်။ နောက်ဆုံးတော့ တာဝန်ခံအယ်ဒီတာစကားပါတဲ့ စာရွက်ကို ဖြဲပြီး ဖြဲထားတဲ့ စာရွက်အားလုံး ရုံးကို လာပို့ဖို့ ဆိုတာနဲ့ ဈေးတည့်သွားတယ်။ ဒါပေမယ့် ဖြုတ်ရမယ့် စာမျက်နှာကို အစားမထိုးဘဲ စာရွက်ဖြဲတာ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပါပဲ ဆိုတာကို ညွှန်ကြားရေးမှူးဆီ အသနားခံစာတင်ရမယ်လို့ ပြောတယ်။ ကျနော်လည်း ဟူးကနဲ သက်ပြင်းချလိုက်မိတယ်။ အဲဒါနဲ့ အသနားခံစာတင်ဖို့ စာအမြန်စီပြီး ရုံးပွဲစားကို လက်နှိပ်စက်အမြန်ရိုက်ခိုင်းလိုက်တယ် (ဒီစာရေးနေရင်း စာပေစိစစ်ရေးမှာ ပထမနဲ့ နောက်ဆုံးအကြိမ် ခွင့်ပြုပါဆိုပြီး အသနားခံစာ တင်ခဲ့ရတဲ့ အကြိမ်ပေါင်း ဘယ်နှကြိမ်တောင်ရှိခဲ့ပါလိမ့်လို့ ပြန်ရေတွက်ကြည့်ပြီး ပြုံးနေမိတယ်)။ ရိုက်ပြီးတာနဲ့ အသနားခံစာမှာ လက်မှတ်ထိုး၊ ဦးစီးအရာရှိလက်ထဲ အမြန်ထည့်ပြီး စာအုပ်ချုပ်တဲ့ဆီ ခပ်သွက်သွက် ပြန်လစ်တော့တာပဲ။

ရောက်တာနဲ့ အဲဒီနေ့ နယ်တွေဆီ စာအုပ်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းခိုင်းလိုက်ရတယ်။ နောက်တနေ့မှာတော့ စာအုပ်ချုပ်တဲ့ဆီက အလုပ်သမားအားလုံး တခြားဘာအလုပ်မှ မလုပ်ရဘဲ ကြိုးစည်းထားတဲ့ မြားနတ်မောင်မဂ္ဂဇင်းအစည်းတွေကို ကြိုးပြန်ဖြည်၊ ဖြုတ်ရမယ့် တာဝန်ခံအယ်ဒီတာစကား ပါတဲ့ စာရွက်တွေကို ဖြဲနဲ့ တက်ညီလက်ညီ လုပ်လိုက်ကြတာ မွန်းလွဲရောဆိုပါတော့။ ဖြဲလို့ပြီးတာနဲ့ ဖြဲထားတဲ့ စာရွက်တွေအားလုံးကို စည်းနှောင်ပြီး စာပေစိစစ်ရေးရုံးကို သွားပို့ရသေးတယ်။ အဲသလိုနဲ့ ညနေစောင်းကျမှ နယ်ကို ပို့မယ့် မီးရထား၊ ကားတွေပေါ်ကို မြားနတ်မောင်မဂ္ဂဇင်းအထုပ်တွေ ရောက်သွားတယ်ဆိုပါတော့။

မဂ္ဂဇင်းလည်း စာရွက်တရွက် ဖြဲလိုက်ရတော့ တာဝန်ခံအယ်ဒီတာစကား စာမျက်နှာ ၄ နဲ့ ကျောကပ်နေတဲ့ မာတိကာစာမျက်နှာတခြမ်း (စာမျက်နှာ ၃) ဖြဲတဲ့အထဲ ပါသွားပြီး ပြန်ဖြည်၊ ပြန်စည်းရတဲ့ မဂ္ဂဇင်းတွေလည်း ရွဲပလဲကုန်ရောဆိုပါတော့။ အဲဒီလို အင်္ဂါမစုံမလင်၊ ရွဲရွဲပြဲပြဲနဲ့ပဲ မင်းသမီး နှင်းဝတ်ရည်သောင်း မျက်နှာဖုံးနဲ့ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လထုတ် မြားနတ်မောင်မဂ္ဂဇင်းကို ဖြန်ချိခဲ့ရတယ်ဆိုပါတော့။ အခုလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာဟာ အဓိက ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရဲ့ ‘အောင်ဆန်းဖိုဘီးယား’ ကြောင့်လို့ပဲ ထင်မိရဲ့။

အဲဒီလိုမျိုး ဒုက္ခအလီလီကြုံခဲ့ရတဲ့ အယ်ဒီတာ့ဝဋ်ကြွေးတွေအကြောင်းကို ပြန်တွေးမိတဲ့အခါတိုင်း “ငါ ဆရာဝန်မလုပ်ဘဲ အယ်ဒီတာလုပ်ခဲ့မိတာ မှားပြီးလား” ဆိုတဲ့ အတွေးမျိုး ရံဖန်ရံခါ ပေါ်လာတယ်။ ဒါပေမယ့် စာအုပ်အရောင်းဆိုင်တွေမှာ တင်ထားတဲ့ မြားနတ်မောင်မဂ္ဂဇင်းလေးတွေကို မြင်ရ၊ အားပေးတဲ့ စာဖတ်ပရိသတ်တွေဆီက ကျေနပ်နှစ်သက်တဲ့ တုံ့ပြန်သံတွေ ကြားရပြန်တော့ ထန်းရည်အမူးသမားလို အမူးပြေလိုက် ထန်းပင်ကို ပြန်မော့ကြည့်လိုက် ဖြစ်နေတော့တာပါပဲ။ အဲဒီလို စစ်အုပ်စုရဲ့ မီဒီယာထိန်းချုပ်မှု အရူးသိုင်းကွက်ထဲမှာ အယ်ဒီတာ့ဝဋ်ကြွေး (စာပေစိစစ်ရေးဌာနရဲ့ အထုအထောင်း) မျိုးစုံကို ခံယူရင်း ၁၀ နှစ်နီးပါးလောက် ရူးရူးမိုက်မိုက် ဖြတ်သန်းကာ ပီတိစား အားရှိခဲ့မိတဲ့အကြောင်းတွေ ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် အံအားတသင့် ဖြစ်နေမိတော့တယ်။ ။

မှတ်ချက် ။ ။ phobia (ဖိုဘီးယား) = ကြောက်စိတ်လွန်ကဲမှု

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် စာမူဖြစ်သည်။)

ဆင်ဆာထိခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား

ဖတ်၍မကုန် ယူ၍မခန်း ဗိုလ်ချုပ်အောင်ဆန်း

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကျဆုံးသွားခဲ့ကြသည်မှာ ၅၁ နှစ်ပင် ရှိခဲ့လေပြီ။ သို့သော် ယနေ့ထက်တိုင် ဗိုလ်ချုပ်တို့၏ အကြောင်းကို ရေးသားနေကြဆဲ၊ ဖတ်၍မ၀ ရှိနေကြဆဲ၊ သတိရ တမ်းတနေကြဆဲပင် …။

စာပေဈေးကွက်တွင်လည်း ‘ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း’၊ ‘အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း’၊ ‘ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း’၊ ‘ဗိုလ်ချုပ်အောင်ဆန်း ရေးသားသော ဖက်ဆစ်တော်လှန်ရေးသမိုင်း’၊ ‘ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ’ … စသည် စသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် စာအုပ်များကား ရောင်း၍ မလောက်အောင်ပင် ရှိနေလေသည်။
*****
ဗြိတိန်နိုင်ငံတွင် စစ်တမ်းများ ကောက်ယူချက်အရ ယနေ့ လူငယ်တော်တော်များများသည် တချိန်က ထိတ်ထိတ်ကြဲ နာမည်ကျော်ခဲ့သော သူတို့၏ နန်းရင်းဝန် ၀င်စတန်ချာချီကို မည်သူမည်ဝါမှန်း မသိကြတော့ဟု သတင်းတပုဒ် ဖတ်ရဖူးသည်။ မိမိနိုင်ငံမှ အထင်ကရ ခေါင်းဆောင်အကြောင်း ထိုနိုင်ငံမှ လူငယ်များ မသိရှိကြတော့သည်မှာ ၀မ်းနည်းစရာကောင်းလှသည်။ ဤကား သမိုင်းကွင်းဆက်ပြတ်ခြင်းပင် ဖြစ်သည်။ နောင်လာနောက်သားများ သမိုင်းကွင်းဆက်ပြတ်မှု ဖြစ်ရခြင်းသည် ယနေ့ သက်ရှိထင်ရှားရှိသူများအပေါ်တွင် တည်မှီနေပါသည်။
*****
ကျနော်တို့နိုင်ငံတွင်ကား ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးမှန်း ကလေးအစ လူကြီးအဆုံး အားလုံးသိရှိကြသည်မှာ ဂုဏ်ယူစရာပင် …။ ဗိုလ်ချုပ်၏ ရိုးသားပွင့်လင်းမှု၊ မှန်ကန်ဖြောင့်မတ်မှု၊ ကတိသစ္စာတည်ကြည်မှု၊ အမြော်အမြင်ကြီးမားမှု၊ ကိုယ်ကျိုးစွန့်မှု၊ နိုင်ငံနှင့် လူမျိုးအပေါ် စေတနာကြီးမားမှုနှင့် တိုင်းရင်းသားအားလုံး သွေးစည်းချစ်ကြည်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှု … စသော အရည်အချင်းများ၊ အတုယူစရာများသည် နောင်လာနောက်သား လူငယ်များအတွက် ဖတ်၍မကုန် ယူ၍မခန်းနိုင်အောင်ပင် ရှိနေသည်။ ထိုသို့ သိရှိခွင့်ရခြင်းမှာလည်း ခေတ်အဆက်ဆက် ထုတ်ဝေခဲ့ကြသော ဗိုလ်ချုပ်နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ၏ အကျိုးကျေးဇူးပင်ဖြစ်သည်။

ထို့ကြောင့် ယခုအခါတွင်လည်း နောင်လာနောက်သား မြန်မာလူငယ်များ လေ့လာသိရှိနိုင်ဖို့ ဗိုလ်ချုပ်နှင့်ပတ်သက်သည့် စာအုပ်စာတမ်းများကို စေတနာရှေ့ထား ထုတ်ဝေနေကြသော ထုတ်ဝေသူများ၊ ခွင့်ပြုချက်ပေးသည့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ရမည်သာဖြစ်သည်။ ဤကား သမိုင်းကွင်းဆက်မပြတ်ရေးအတွက် လက်ဆင့်ကမ်း တာဝန်ကျေပွန်မှုပင်ဖြစ်သည်။ ဆက်လက်၍လည်း ဗိုလ်ချုပ်နှင့် ပတ်သက်သည့် ပိုမိုပြည့်စုံသော စာအုပ်စာတမ်းများ ထုတ်ဝေနိုင်ပါစေကြောင်း အာဇာနည်နေ့အမှတ်တရ ရေးသားအကြံပြုအပ်ပါသည်။ ။

ဒေါက်တာလွဏ်းဆွေ
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၁၉၉၈ ခုနှစ်)

7 comments:

ngaba said...

မြန်မာပြည်ကြီး ဆင်းရဲမွဲတေနေရခြင်းရဲ့ hidden cause ထဲမှာ ကျေးဇူးတရား မသိတတ်ခြင်း၊ ခင်ပွန်းကြီးတွေကို ပစ်မှားခြင်းဆိုတာ အဓိကအကြောင်းအရင်းပဲ။ ကျေးဇူးတင်ထိုက်သူကိုတောင် ကျေးဇူးတင်ရမှန်း မသိတဲ့ ကျေးဇူးကန်းတဲ့ လူစားမျိုးတွေဟာ ကျန်တဲ့အသိအလိမ္မာ ဥာဏ်ပညာဆိုတာ ဘယ်နည်းနဲ့မှ မရှိနိုင်ပါဘူး။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ကြီးပွားချမ်းသာ၊ တိုးတက်အောင်မြင်ချင်ရင် ကျေးဇူုးရှင်စစ်စစ်တွေကို မပစ်မှား မဆော်ကားမိအောင် အထူးကရုပြုသင့်ပါတယ်။

tar yar said...

အယ်ဒီတာကြီးရေ
ရင်တွင်းခံစားချက်တွေ ဖတ်ရလို့ စိတ်မကောင်းပါဘူးဗျာ စစ်အာဏာရှင်ရဲ့ ကြောက်ချီးပါမှုကတော့ ပြောမကုန်ပါဘူးဗျာ ပြည်သူတွေအတွက် ဘယ်တော့မှ ကောင်းမွန်တဲ့နေ့ရက်တွေရလာမလဲ မသိပါဘူး

ဖိုးလမင်း said...

ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ကိုယ်ချင်းစာပါတယ်။ပြည်တွင်းမှာနေ ရတာဆိုတော့ ကြောက်ရပေမပေါ့။ ဒါပေမယ့် ပြည်ပ ရောက်ပြီးတဲ့နောက်ပိုင်းမှာတော့ ပြည်တွင်းကလူတွေကို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို လမ်းပေါ်မထွက်ရကောင်းလား ၊ထိပ်တိုက်မရင်ဆိုင် ရကောင်းလား သတ္တိမရှိရကောင်းလား ခေါင်းဆောင်မပီ သရကောင်းလားလို့ အပြစ်စကားတွေပြောရင်တော့ မမျှတဘူးလို့ထင်ပါတယ်။

thein aung said...

ကိုလိုနီခေတ်က အင်္ဂလိပ်တွေထက်ဆိုးပါလား ကျွန်အုပ်ချုပ်ရေးထက်ဆိုးတာနော် ဒါတွေ ဘယ်သူတွေခံစားရမလဲ သူတို့လူကြီးသားသမီးတွေဘဲခံစားရမှာ ဗိုလ်ချုပ်တယောက်သမီးက ကြေးစား တဲ့ ဂုဏ်ယူစရာပါ ဟိုတယောက်မြေးကလဲ မိန်ခလေး တယောက်ကို အလိုမတူဘဲ မေမြို့ ကိုခေါ်သွားတယ် ဒါတွေကကြာလာရင် ကိုယ့်ရှုးကိုယ်ပတ်ဘဲ ကိုယ့်ပေါင် ကိုယ်လန်ထောင်းတယ်ခေါ်ပါတယ်

Dragon. said...

ဦးသန်းရွှေဟာ အာဏာနဲ.စည်းစိမ် ကိုမက်မောလွန်းလို.
လမ်းမှားရောက်သွားတယ် ၊ တိုင်းပြည်လည်း ဖွတ်ဖွတ်
ကြေသွားတယ် ၊ သံဃာတွေ၊ ပြည်သူတွေ ၊ ကျောင်းသားတွေ အသတ်ခံကြရ တယ် ။
ဒါတွေကို သူလည်း ပြန်ပေးဆပ်ရမှာပါ ။
ဂဠုန်ဦးစော လို သားစဉ်မြေးဆက် ပြန်ပေးဆပ်ရမှာပါ ။
....
.... ဗိုလ်ချုပ်အောင်ဆန်း မှာတော. တိုင်းပြည်အတွက်
အများကြီးလုပ်ပေးခဲ.ပြီး ကျဆုံးသွားတော. လူတွေက
ဘုရားလိုကိုးကွယ်ကြတယ် ။
ဗိုလ်ချုပ်အောင်ဆန်း နဲ. ဗိုလ်သန်းရွှေ ဟာ နံ.သာဆီနဲ.
(--) လို ကွာပါတယ် ၊
... ဒါကြောင်. (--) နံ. ရှူပြီး အမိန်.နာခံ ၊ လမ်းဟောင်း
လိုက်နေသူ များလည်းအမှားတွေကို ပြုပြင်သင်.ပါပြီ ။

Myint Soe said...

ဗိုချုပ်အောင်ဆန်းကိုသာ ဂါရ၀မပြုကြတာနော်...အခုသေတဲ့ ဘိန်းဘုရင် လော်စစ်ဟန်ကျတော့.. ဦးမောင်အေး မိသာစုတို့ လယ်သမားတွေထမင်းတစ်နပ်စား ဆိုတဲ့ ၀န်ကြီးတွေ ၀ိုင်းပြီး ဂါဝရပြုနေလိုက်ကြတာ..အရှက်ကတော့ ကမ်းကုန်ပါဘဲ..ဗိုလ်ချုပ်အောင်ဆန်းနဲ့ မနှိုင်းတောင် မနှိုင်းသင့်တဲ့ လူကျတော့...ဘာတွေကသူတို့အတွက် ကျေးဇူး တွေ ဆပ်မကုန်နိုင်တာလဲဆိုတာတော့..စဉ်းစားသာကြည့်ကြပါတောဗျာ

santun said...

ဟုတ်ပါတယ် ဦးနေဝင်းက စစ်မှု့ထမ်းညီလာခံမှာလားမသိဘူး သူဟာ တပ်မတော်ရဲ့ဖခင်မဟုတ်ပါဘူး ဗိုလ်ချုပ်အောင်ဆန်းကသာ တပ်မတော်ဖခင်အစစ်ပါ သူကတော့ တပ်မတော်ရဲ့ ဒုတိယ ဖခင်သာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်
နောက်ပိုင်းမှာဒ်ါအောင်ဆန်းစုကြည်က မြန်မာစကားမှာ
ဒုတိယဖခင် ဆိုတာ ရှိသလားလို့ ထောက်လိုက်လို့ အဲဒီအချိန်မှာအငြိမ်းစားယူပြီးစ ဦးနေဝင်းအကြီးအကျယ် ဒေါဖောင်းပြီး အဲဒီတုန်းက တွင်း-၁ ဗိုလ်ခင်ညွန့်ကိုခေါ်တွေ့တယ်ဆိုပါတယ်