တမ်းတမိသော လူတယောက်
ဒေါက်တာလွဏ်းဆွေ
ဒေါက်တာလွဏ်းဆွေ
‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည့် အမည်နာမကိုကြားလျှင် ကျနော် ရင်ခုန်သည်။ စိတ်လှုပ်ရှားသည်။ ကျနော့်အဖို့ ဒဏ္ဍာရီပုံပြင်တွေထဲက ခေါင်းဆောင်ကောင်းပီသသည့် မြန်မာသူရဲကောင်းတဦးကို အမှတ်ရနေသလို ခံစားမိသည်။ တခါတရံ သူ အမှန်တကယ် သက်ရှိထင်ရှား ရှိခဲ့သည်လား မရှိခဲ့ဘူးလားဟု ထင်မိလောက်အောင်ကိုပင် စိတ်ထဲတွင် မပီဝိုးတ၀ါး ဖြစ်နေတတ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားကြည့်သည့်အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အဆိုပါ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော့်အနေနှင့် မျက်ဝါးထင်ထင် မမြင်ဖူး မတွေ့ဖူးခဲ့ခြင်းသည် အဓိကအကြောင်းအချက်တခု ဖြစ်မည်ထင်သည်။ ထို့အပြင် လူ့ဘ၀တွင် နေထိုင်အသက်ရှင်သွားခဲ့သည့် အခိုက်အတန့်အတွင်း သူ၏ စွမ်းဆောင်ခဲ့မှုများက အသက်အရွယ်နှင့်မမျှအောင် အဆမတန် ကြီးမားလွန်းခဲ့၍လည်း တကယ့်လူမှဟုတ်ပါရဲ့လားဟု ကျနော် ထင်မိခဲ့ခြင်းဖြစ်မည်ထင်သည်။ ကွယ်လွန်သည့်အချိန်တွင် သူသည် အသက်အရွယ်အားဖြင့် ၃၂ နှစ် စွန်းစွန်းသာ ရှိသေးသည်။ သို့သော် ထိုမျှအသက်အရွယ်နှင့် အလွန်တရာကြီးလေးသည့် တာဝန်ဝတ္တရားများကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာ့တပ်မတော် စစ်သေနာပတိ၊ အစိုးရနန်းရင်းဝန် ... စသည့်တာဝန်များကို အံ့အားသင့်စဖွယ် ထမ်းရွက်ခဲ့ပြီးဖြစ်သည်။
ထိုသို့သော ဂုဏ်ပုဒ်များ၊ တာဝန်ယူမှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အသက်ထက်ဆုံး ပေးဆပ်သွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသော ပုထုဇဉ်လူသားတဦးအား မမြင်ဖူး မတွေ့ဖူးလိုက်လင့်ကစား သူ၏ ပင်ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတို့ကို ကျနော် ချစ်ခင်မိသည်။ သူ၏ ကိုယ်ကျင့်သီလ၊ ယုံကြည်ချက် ရပ်တည်ချက်၊ သူရသတ္တိနှင့် တိုင်းချစ်ပြည်ချစ်စိတ်တို့ကို ကြည်ညိုလေးစားမိသည်။ သူ၏ ခေါင်းဆောင်ကောင်း ပီသသည့်၊ နိုင်ငံရေးသမားကောင်း ပီသသည့် အရည်အချင်းများကို အားကျမိသည်။
• • •
လူမှန်းသိတတ်စ အရွယ်မှစ၍ ကျနော် အမှတ်ထင်ထင် ရှိခဲ့သည့် ဓာတ်ပုံနှစ်ပုံ ရှိသည်။ အိမ်ဦးခန်းရှိ ဘုရားစင်၏ ဘေးတဘက်တချက်တွင် အဖေ ချိတ်ဆွဲထားသော မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံနှစ်ပုံဖြစ်သည်။ ဘုရားစင်၏ ဘယ်ဘက်၌ ချိတ်ဆွဲထားသည့် ပုံတွင် ခေါင်းပေါင်းအဖြူ ပေါင်းထားသည့် အဖိုးအိုတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရပြီး ညာဘက်၌ ချိတ်ဆွဲထားသည့် ပုံတွင် စစ်ဝတ်စုံဝတ်ထားသည့် အမျိုးသားတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအား မည်သူမည်ဝါမှန်း ထိုစဉ်က ကျနော်မသိခဲ့။ ကလေးသဘာဝ အဖေ့အား စပ်စပ်စုစုနှင့် မေးကြည့်သည့်အခါတွင်မှ အဖေက ဘယ်ဘက်က ပုဂ္ဂိုလ်ကို သခင်ကိုယ်တော် မှိုင်း၊ ညာဘက်က ပုဂ္ဂိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းဟု ပြောပြခဲ့သည်ကို အမှတ်ရမိသည်။
သို့သော် ကျောင်းနေသည့်အရွယ် မဟုတ်သေးသည့်အတွက် သူတို့၏ နာမည်တွေကိုသာ ကျက်မိနေပြီး မည်သို့သော ပုဂ္ဂိုလ်တွေ ဆိုသည်ကို ကျနော်မသိခဲ့။ အရွယ်ရောက်လာသည့်အခါ သမိုင်းစာမျက်နှာများကို တစတစ ဖတ်ရှုလေ့လာခဲ့ရာမှ တဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စာဆိုကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ဟူ၍လည်းကောင်း၊ တဦးကို ဗမာ့တပ်မတော်၏ ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟူ၍လည်းကောင်း လေ့လာသိရှိခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထဲထဲဝင်ဝင် သိလာရသည့် အချိန်တွင်မူ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအား လေးစားကြည်ညိုသည့် စိတ်များက ကျနော့်ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။
ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအနက်မှ ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည်ကို မူလတန်းဖတ်စာတွင် ရွတ်ဆိုခဲ့ရသော ‘ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေ ဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား၊ ၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး’ ဟူသည့် ကဗျာလေးတပုဒ်မှတဆင့် ကျနော် စတင်ရင်းနှီးခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း တောင်ငူမြို့ အားကစားကွင်း (မိုင်ဒါကွင်း) တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားသို့ ကျောင်းသားအားလုံး တန်းစီ ချီတက်ပြီး မိုးဖွဲဖွဲအောက်တွင် အလေးပြုကြရသည်ကို အမှတ်ရနေမိသည်။
ယခုအခါတွင်မူ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲသံကို မကြားရသည်မှာ ကာလအတန် ကြာညောင်းခဲ့ပြီ ဖြစ်သည်။ တိုင်းပြည်ကို လက်နက်အားကိုးနှင့် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စု တသက်ဟုပင် ပြောရပေမည်။ ထို့အပြင် ကျောင်းများတွင် ပြဌာန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများကိုလည်း နအဖစစ်အုပ်စုက မှေးမှိန်ဖျောက်ဖျက်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံတော်ငွေစက္ကူများတွင်လည်း ခြင်္သေ့ရုပ်ပုံများကို အစားထိုးကာ အသစ်ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများ၊ တခမ်းတနား ဂုဏ်ပြုမှုများကို စစ်အုပ်စုက အငြိုးတကြီးနှင့် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်မျိုးဆက်များ၊ ကျောင်းသားလူငယ်များအကြားတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မဟုတ်မခံစိတ်ဓာတ်များ ဖြစ်တည်လာပြီး အမှန်တရားအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် သူရဲကောင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် နအဖစစ်အုပ်စုက အကြောက်အလန့်ကြီးစွာ သမိုင်းကွင်းဆက်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့စစ်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုအကြား ကွင်းဆက်ပြတ်အောင် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းသော်လည်း ယနေ့တိုင် မြန်မာပြည်သူလူထု၏ ရင်ထဲအသည်းထဲတွင် ‘ဗိုလ် ချုပ်’ ဟူသော အမည်နာမက ကိန်းအောင်မြဲ ကိန်းအောင်လျက်ပင်။ ပြည်သူလူထုက ကိုယ့်နည်းကိုယ်ဟန်နှင့် သမိုင်းအစစ်အမှန်တွေကို တိတ်တဆိတ် လက်ဆင့်ကမ်း သယ်ဆောင်လျက်ပင်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေးကြိုးပမ်းချက်၊ ဟောပြောချက်များ၊ အဆိုအမိန့်များက သူ ကွယ်လွန်ပြီး နှစ် ပေါင်း ၆၀ နီးပါး ကြာသည့်တိုင် သစ်လွင်လတ်ဆတ်နေဆဲ၊ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုအတွက် ယနေ့တိုင် လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်။ ထိုသို့ သစ်လွင်နေဆဲ၊ လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်ကို သူ၏ရေးသားချက်များ၊ အဆိုအမိန့်များ၊ ဟောပြောချက်များ၊ လုပ်ဆောင်ချက်များ၌ အထင်းအရှား တွေ့ရလေသည်။
ဗုဒ္ဓဘာသာနှင့် ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သားအများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက် ပြီး ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ဓလောကမဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်း ပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် ၂၀ အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က “ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်းဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြားချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ) ကိုသာ လက်ခံရမည် ဆိုသည့်အချက်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန်ဖြစ်သည်” ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏အမြင်နှင့် တိုင်းပြည်လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ
စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မ ဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျနိုင်လှပုံ၊ သူယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုးလုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ .. စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာအဖွဲ့အနွဲ့ကို ဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ် ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ် အပြည့်ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍ လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ်တွေးတောနေမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ
ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့်ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ်ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာရှိသည်မဟုတ်။ စာအုပ်များကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။ ယခုအခါ စစ်အုပ်စု၏အုပ်ချုပ်မှုအောက်၌ မေးခွန်းပေါက်၊ အလွတ်ကျက်၊ အမှတ်အရောင်းအ၀ယ်လုပ်၊ ခိုးချပညာရေးစနစ်နှင့် အလုံးစုံ ပျက်စီးနေသော ပညာရေးစနစ်ကို ဗိုလ်ချုပ်အောင်ဆန်းသာ မြင်တွေ့လျှင် ရင်ကျိုးဖွယ်အတိပင်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေးလိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူ အမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေးလုပ်ရအုံးမှာပဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေ လုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာ ကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်းပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့်ထိုးမှုတွေ၊ တိုင်းပြည်ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာဖြစ်နေခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေအရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်တတ်ပုံကို အထင်အရှားတွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီးဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင်လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။ ယနေ့ခေတ်လို ဂလိုဘယ်လိုက်ဇ်ဖြစ်လာမည့် အချိန်ကာလကို ကြိုမြင်၍ ဗိုလ်ချုပ်က ထိုသို့တိုက်တွန်းခဲ့ခြင်းဖြစ်မည်ဟု ထင်မြင်မိရင်း စစ်အာဏာရှင်တို့ ဖျက်ဆီးခဲ့သည့် တိုင်းပြည်အကြောင်း စဉ်းစားကာ ရင်နင့်ရင်နာ ဖြစ်ရလေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး
တိုင်းပြည်တွင် နိုင်ငံရေးနှင့်ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင်ဗိုလ်နေ၀င်းလက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေလက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်းဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမားဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေးလုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေအလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေးလုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်းရေးသားခဲ့သည်။
ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေ တရားမစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရားဖြစ်ခြင်းမှာလည်း ပုဂ္ဂလိကပစ္စည်း ပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’
‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင် ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်။ သို့သော်လည်း လောကီ ရှိမှလည်း လောကုတ် ရှိနိုင်၏။ လောကုတ် ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။
လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို့ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ် ပြတ်သားသား ရေးသားခဲ့သည်။
ထိုဆောင်းပါးထဲတွင် နိုင်ငံရေးလုပ်ဆောင်မှုနှင့်ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ်က သတိပေးရေးသားခဲ့သေး၏။
ထို့အပြင် နိုင်ငံရေးလုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာသန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင် ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေးအတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလကောင်းမွန်မှု၊ ရပ်တည်ချက်ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူ့ဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ထူးအား ကျနော် တမ်းတမိသည်မှာ အဆန်းမဟုတ်ဟု ထင်သည်။ ကျနော်တို့ တိုင်းပြည်အား စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရန် အားထုတ်ကြိုးပမ်းနေရဆဲဖြစ်သည့် ယခုလိုအချိန်ကာလမျိုးတွင် သူ့ကို ပို၍ပင် တမ်းတမိသည်။ သူသာ သက်ရှိထင်ရှားရှိနေခဲ့လျှင် …၊ သူသာ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့လျှင် … ၊ သူသာ တော်လှန်ရေး နယ်ပယ်ထဲတွင် ရှိနေခဲ့လျှင် …။ မည်သို့သော ခေါင်းဆောင်မှု ပေးမည်နည်း၊ ပစ္စက္ခနိုင်ငံရေးအခြေနေတွေအားလုံးကို မည်သို့ ဝေဖန်သုံးသပ်မည်နည်း၊ စစ်အာဏာရှင်တွေကို ဘယ်နည်းဘယ်ပုံ ရင်ဆိုင်အနိုင်ယူမည်နည်း … စသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းတည်းဟူသော နိုင်ငံရေးသမားကောင်းတယောက်၊ စစ်ရေးခေါင်းဆောင်ကောင်းတယောက်ကို တမ်းတကာ အတွေးနယ်ချဲ့နေမိလေသည်။
ဒေါက်တာလွဏ်းဆွေ
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်စပ်ရာ စာအုပ်စာတမ်းများမှ ကူးယူမှတ်သားထားသည့် မှတ်စုများကို ကိုးကားပါသည်။)
9 comments:
အရမ်းကောင်းတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါပဲ...
Very good,Dr Lun.Excellent.Your article may be a block of bricks or a crystal of san.
When we were young,in school,we always had assembly on some certain occations, like Independence Day,Union Day,Anti Fascist Revolution Day(now they named armed forces day as they want to conceal everthing about GENERAL AUNG SAN),Matyrs Day etc.We had to hear,learn about General Aung San from our respected elocuted history or burmese teachers.As we had origionally respect on those teachers,we were easily impressed with General Aung San and figured out him in our inward mind as A GREAT HERO.
These impression were made stronger when I was in university in 1980s.My father gave me a book
named''AUNG SAN of AUNG THAN''.
through this book,I could FEEL that
why Burmese piblic(who lived at his time) said that AUNG SAN sacrificed all of his own interest.
I could vividly see and feel what was his honesty,zeal,courage,
foresight,patience,endurance and BRAVENESS etc.Before reading this book we could understand HIM but after reading it,I could feel him
more.
Today,where is Essembly for Independence Day,Union Day,Matyrs
Day in schools.Who dares to make a speech about General Aung San.No one,no teacher,no media as the time is that the worst enemies for
the military government are not insurgents who are holding weapons
but the educates like AUNG SAN and his descendants who want DEMOCRACY.They hate GENERAL AUNG SAN bitterly as MA MA SU is our hero and our hope for DEMOCRACY.So they try to conceal everything aboutGENERAL AUNG SAN even the pictures on NOTES of Burmese currency.
For the future and hope of our country, teachers are on the most important role.The future of our country is in hand of teachers,not in hands of GREEDY GENERALS.
Therefore,in conclusion,let me urge all of the teachers to be wise
and to make your children wise like
Maung Htein Linn(who changed his name himself AUNG SAN).Keep your students to be as brave as Htein Linn.Keep yourselves as thoughtful as HIS teachers who let him dare to say he assumed 'right'.Train your pupils to be good and efficient leaders like General Aung San.
There is an old English saying.
''School is like a nursery,Teacher is a gardener and Students are flowers''.No Ya Wa Ta office,no Ya Wa Ta chairman can carry out this task.Believe strongly,only
YOU''TEACHERS''can produce NEW HTEIN LINNs or AUNG SANs.
There is Chinese saying.''Teacher is a Potter''. The unqualified potter will surely make our mud the shots(lauk sar lone)which destroy others and itself as well.The qualified potter will hopefully create our mud to become a beautiful vase on altar.
I imagined Htein Linn luckily met good potters.He became a artful Vase.We also want our new generation to be VASES like HTEIN LINN or AUNG SAN.
Plese help us(parents), TEACHERS!
All of you can surely train youths to become NEW AUNG SANs.
ဆရာလွမ်းရေ
သိပ်မှန်ပါတယ်။
ဗိုလ်ချုပ်ဟာအစားထိုးမရတဲ့ခေါင်းဆောင်
တစ်ယောက်ပါ။
သန်းရွှေတို့ကတော့ နာမည်မရှိသေးတဲ့ သတ္တ၀ါတွေပေါ့။ ဘာလို့လဲဆိုတော့ ဘယ်တိရစ္ဆာန်မှသူတို့နဲ့နှိုင်းတာခံနိုင်မှာမဟုတ်လို့ပဲ။ ဇီဝမျိုးစိတ်သစ်တွေပေါ့။
ကိုလွမ်းဆွေရေ ဗိုလ်ချုပ်နဲ့ ဂီတအပိုင်းလေးကို ဖတ်မိတော့  အရင်ဖတ်ဖူးတဲ့ ဗိုလ်ချုပ်ရ့ဲ့ autobiograhy မှာရေထားခဲ့ တဲ့ ဗိုလ်ချုပ်ငယ်စဉ်ကလေးဘ၀က ဆိုင်းတီးချင်တဲ့  ၀ါသနာဝင်ခဲ့ ပုံ မိဘများကအားမပေးဘဲ တားမြစ်ခံခဲ့ ရပုံလေး ပြန်သတိရတယ်ဗျာ။
ရဲမြင့် 
Virginia
အာဇာနည်နေ. ဥသြ ပေးမဆွဲတာ ဟာ နောက်ကွယ်မှာ
ရှုပ်ထွေး တဲ.အကြောင်းအချက်တွေ အများကြီးပါ ၊
.. ပြည်သူတွေရဲ.ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို
စစ်အာဏာရှင် တို.ရဲ.ဖခင် ဗိုလ်သန်းရွှေ က ပုခုံး ချင်း
တိုင်း တာကပြသနာပါ ။
အခုအစိုးရ ထိပ်ပိုင်းက လူတွေကဗိုလ်သန်းရွှေ ကြိုးဆွဲရာ က နေကြရတာပါ /
I like this article. And I like your comment, too. You pointed out our country needs a lot of qualified teachers to mold and shape young generation. But, sadly, I have to say that, majority of teachers are demoralize and run for the money.
ဆရာရဲ့ဆောင်ပါးလေကိုဖတ်လိုက်ရလို့အသိတွေအများ
ကြီးရလိုက်ပါတယ်။ကျေးဇူးပါဆရာ။
ဒီနေ့.. ဗိုလ်ချုပ်အကြောင်း ဒေါက်တာလွဏ်းဆွေရေးထားတာလေး ဖတ်ရတာ သိပ်ကို ကျေနပ်မိတယ်။
ဇာဂနာက ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်မယ်ဆိုတော့ သူတို့ရေးထားတဲ့ ဇာတ်ညွှန်းကို နိုင်ငံခြားဒါရိုက်တာကဖတ်ပြီး ခင်ဗျားတို့ ဗိုလ်ချုပ်က လူလား.. နတ်(စူပါမင်း)လားလို့ အလွန်အကြူးဖြစ်နေဟန်ကို ငေါ့တော့တော့ မေးခွန်းထုတ်တယ်လို့ ဆိုတယ်။
ကျွန်တော့်အနေနဲ့ကတော့ ဗိုလ်ချုပ်ဟာ စူပါမင်းတင်မကပါဘူး၊ လောကမှာ မုနိမြတ်စွာဘုရားပြီးရင် အကြည်ညိုရဆုံး၊ အလေးစားရဆုံး.. တူမတူတဲ့ အယောက်သန်းတစ်ထောင်မှာ တစ်ယောက်ရှိဖို့ရှားတဲ့ ထူးခြားလွန်းတဲ့ လူပုဂ္ဂိုလ်မြတ်လို့ ပြန်ပြောလိုက်ချင်တယ်။
အင်္ဂလိပ် လက်အောက် ရောက်နေတဲ့ နှစ်ပေါင်းတစ်ရာကျော်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ တိုင်းပြည်ချစ်သူ၊ ရိုးသားသူ၊ ပညာတတ်၊ အတွေးအခေါ်ရှင် စသဖြင့် လူပေါင်းများစွာ ရှင်သန်ဖြတ်သန်းခဲ့တယ်။ တကယ်လို့ ဗိုလ်ချုပ်လိုလူတစ်ယောက်များ မပေါ်ပေါက်ခဲ့ရင် တိုင်းပြည် ဒီနေ့ထိ လွတ်လပ်ရေး ရပါဦးမလားလို့ ဆင်ခြင်မိတယ်။
အစဉ်ဦးခိုက် စံထားမြတ်နိုးရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော်တို့အတွက်တော့ ရှားပါးလွန်းတဲ့ မဟာ့၊ မဟာ.. မဟာလူသားပါ။
အ၇မ်းကောင်းပါတယ်ဗျာ
Post a Comment