Sunday, February 26, 2012

Bhopal အဖြစ်ဆိုးကို နမူနာယူ (ဒီမိုကရေစီတိုင်းပြည်များ၏ ဆင်းရဲသားများအခွင့်အရေးလှုပ်ရှားမှု)

Bhopal အဖြစ်ဆိုးကို နမူနာယူ
(ဒီမိုကရေစီတိုင်းပြည်များ၏ ဆင်းရဲသားများအခွင့်အရေးလှုပ်ရှားမှု)
ဒေါက်တာတင့်ဇော်ဦး

စက်မှုဇုန်ဥပဒေများတွင် ပြည်သူလူထု ထိခိုက်မှုအတွက် လုပ်ဆောင်ပေးရမည့် အစိတ်အပိုင်းများ ပါဝင်လေ့မရှိ။ ဒေသခံပြည်သူလူထုများကလည်း မိမိတို့တွင် မွေးရာပါ ရပိုင်ခွင့်များရှိသည် ဆိုသည်ကို သိရှိသူ နည်းလှပါသည်။ ပြည်သူလူထုကို အရေးမထားသော အစိုးရများနှင့် လောဘဇောကပ်နေသော စီးပွားရေးသမားများကြောင့် ဒေသခံပြည်သူများ ထိခိုက်လေ့ရှိသည်။

အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပညာများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိလာမည်ဆိုသော မစားရ ၀မခန်း အော်နေသံများသာ ကြားနေရပြီး ဒေသခံများ ထိခိုက်မှုမရှိရန်၊ ရှိလာပါက မည်သို့ ကိုင်တွယ် အရေးယူဆောင်ရွက်ရမည် ... စသည့် လူသားချင်းစာနာမှုဆိုတဲ့ ဒီမိုကရေစီသဘောတရားများကို မေ့ထားကြလေသည်။ (ဒီမိုကရေစီတိုင်းပြည်ဆိုသော နိုင်ငံများပင် ပါဝင်သည်။ ဒီမိုကရေမစီတစီ တိုင်းပြည်များတွင် ပိုမိုဆိုးရွားနိုင်သည်။)

အောက်တွင် ဖော်ပြမည့် Bhopal အဖြစ်ဆိုးမှ သင်ခန်းစာ အများအပြားကို ထုတ်ယူနိုင်ပါသည်။

မည်သည့် လူထုအဖွဲ့အစည်းမှာမဆို လူတဦးချင်းစီတွင် ကျန်းမာရေးနှင့်တကွ လုံခြုံစိတ်ချရပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတသော ပတ်ဝန်းကျင်တို့ ရရှိရန် အခွင့်အရေးရှိပါသည်။ ကံမကောင်းစွာဖြင့် အဆိုပါ အခွင့်အရေးများမှာ အသိအမှတ်ပြုခြင်းခံရလေ့မရှိ။ လူပေါင်းများစွာသည် အခြေခံလိုအပ်ချက်များ နည်းပါးမှုနှင့် အန္တရာယ်ရှိသောပစ္စည်းများ ပိုလွန်ကဲမှုများကြောင့် အလွန်ဆိုးဝါးလှစွာသော ကျန်းမာရေး ပြဿနာများကို ခံစားနေရသည်။ လူမျိုး၊ တိုင်းရင်းသား၊ ဘာသာရေး၊ လိင်၊ အဆင့်အတန်း၊ ဆင်းရဲမွဲတေမှုနှင့် အခြားသော အကြောင်းအချက်များကြောင့် နိမ့်ပါးနေရသော လူတွေမှာ ဘေးဒဏ်အခံရဆုံးဖြစ်သည်။ အဦးဆုံးနှင့် အဆိုးဝါးဆုံး ခံစားကြရသည်။

အာဏာရှိသောလူများက လူထု၏အခွင့်အရေးများကို မလေးစားသောအခါ ကျန်းမာသန့်ရှင်းသော၊ လုံခြုံစိတ်ချရသော၊ အလုပ်လုပ်နိုင်စွမ်းသော၊ နေပျော်စရာကောင်းသော ပတ်ဝန်းကျင်ဖြစ်လာစေရန် ကြိုးစားရုန်းကန်လာကြရသည်။ ထိုသို့ ကြိုးစားရုန်းကန်ရခြင်းကို ၀န်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် ရုန်းကန်ခြင်းဟု ခေါ်ဆိုလေ့ရှိသည်။

ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဘေးဒဏ်များမှ တရားမျှတမှု ကင်းမဲ့စွာ ခံစားနေရသော ကမ္ဘာအနှံ့ရှိ လူထု၏ အဖြစ်အပျက်များမှာ လွန်စွာများပြားလှပေသည်။ အဆိုပါကျန်းမာရေးဘေးဒဏ်များ ပေါ်ပေါက်လာသောအခါ လူထုမှ ပူးပေါင်းပြီး ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် ကာကွယ်တွန်းလှန်ခဲ့ကြသော ဇာတ်လမ်းများကို ပြန်လည်ပြောဆိုကြပါသည်။ ဤဆောင်းပါးတွင် ထိုဇာတ်လမ်းများအထဲမှ တခုကို ဖော်ပြပါမည်။

Bhopal အဆိပ်ဓာတ်ငွေ့ ဘေးအန္တရာယ်ဆိုးကြီး

၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ညတွင် အိန္ဒိယနိုင်ငံ Bhopal မြို့၌ ဆိုးရွားပြင်းထန်လှသည့် ဘေးအန္တရာယ်ကြီးတခု ဖြစ်ပွားခဲ့ပါသည်။ လူနေထူထပ်ပြီး ဆင်ရဲသားတွေ ပေါများလှသည့် Bhopal အနီး နေရာတခုရှိ ပိုးသတ်ဆေးစက်ရုံမှ တန်ပေါင်းများစွာသော အဆိပ်ဓာတ်ငွေ့များ ယိုစိမ့်ပြီး လေထဲရောက်ကုန်သည်။ စက်ရုံမှ သတိပေးအချက်ပြစနစ်ကို ပိတ်ထားသည့်အတွက် လူထုမှ မည်သည့် ကြိုတင်သတိပေးချက်မျှ မရရှိခဲ့။

“အသက်ရှင်ကျန်ရစ်သူတယောက်ဖြစ်သော Aziza Sulton မှတ်မိသည်မှာ ကျမကလေးရဲ့ ဆိုးဆိုးရွားရွား ချောင်းဆိုးနေတဲ့ အသံကြောင့် အိပ်ရာက နိုးလာတယ်။ အခန်းတခုလုံးလည်း အငွေ့ဖြူကြီးတွေနဲ့ ပြည့်နေတာပဲ။ လူတွေရဲ့ ပြေးကြ ပြေးကြလို့ အော်ဟစ်သံတွေ ကြားနေရတယ်။ နောက်တော့ မီးခိုးလို အငွေ့တွေ ရှူမိပြီး ချောင်းစဆိုးတော့တာပဲ”

နောက် အသက်ရှင်ကျန်ရစ်သူတဦးဖြစ်တဲ့ Champa Devi Shukla ပြောပြသည်မှာ ...

“အ၀တ်အစား ပါပါ မပါပါ လူတွေဟာ အိပ်ရာကနေ ထပြေးသွားကြတယ်။ သူတို့အသက် သူတို့ချစ်ခင်ရတဲ့ လူတွေအသက်ကို စိုးရိမ်ပြီး ပြေးကြရတာပါ။ ကျမမှာတော့ တယောက်ယောက်က ငရုတ်သီးအမှုန့်တွေနဲ့ ပက်လိုက်သလိုမျိုး မျက်ရည်တွေ နှာရည်တွေ စီးကျ၊ ပါးစပ်မှာ အမြှုပ်တွေ ထွက်လာတယ်”

အဆိုပါညတွင် လူပေါင်းများစွာ သေကြသည်။ ၃ ရက်ကြာသောအခါ သေဆုံးသူပေါင်း ၈၀၀၀။ ၎င်းမှာ ဘေးဆိုးကြီး၏ အဆုံးသတ်မဟုတ်ခဲ့။ အမှန်မှာ အစသာ ဖြစ်ခဲ့သည်။

နှစ်ပေါင်း ၂၀ ကြာလာသည့် အချိန်အထိ လူပေါင်း ၂၀,၀၀၀ ထက်မနည်း ၎င်းတို့ခန္ဓာအတွင်း ၀င်ရောက်သွားသော အဆိပ်များကြောင့် သေဆုံးကြရသည်။ လူပေါင်းများစွာသည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၊ အသက်ရှူရခက်ပြီး ဖျားနာကြသည်။ အမြဲချောင်းဆိုး၊ ကြောက်လန့်စိုးရိမ်၊ စိတ်ဓာတ်ကျ၊ ခြေလက်အာရုံခံစားမှု မရှိတော့ခြင်းနှင့် ကင်ဆာရောဂါများ ခံစားနေကြရသည်။ အသက်ရှင်ကျန်ရစ်သူများ၏ ကလေးများနှင့် မြေးများမှာ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းရောဂါများ (ဥပမာ - ခြေလက်ဆွံ့ခြင်း၊ မျိုးပွားအင်္ဂါနှင့် ဦးနှောက်ဆိုင်ရာ ချို့ယွင်းရောဂါများ) ဆိုးရွားစွာ ခံစားကြရသည်။ Bhopal ည၏ အဆိပ်ဓာတ်ငွေ့ကြောင့် လူဦးရေ ၁၅၀,၀၀၀ (တသိန်း ငါးသောင်း) လောက် ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည်။

အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးစားရုန်းကန်ခြင်း

ယနေ့အထိ အဆိပ်ဓာတ်ငွေ့ယိုစိမ့်တဲ့ နေရာကို ရှင်းလင်းသန့်စင်မှု မည်သည့်အခါမှ မလုပ်ရသေး။ စွန့်ပစ်ခံ စက်ရုံမှာလည်း ဘေးအန္တရာယ်ဆိုးကြီး၏ ထိတ်လန့်စရာကောင်းသော အမှတ်အသားအဖြစ် တည်ရှိနေသည်။ ဓာတုအဆိပ်ဓာတ်များ လေထဲ ၀ဲပျံနေဆဲ။ မြို့မြေအောက်ရေကလည်း အဆိပ်သင့်နေဆဲ။ လူပေါင်းများစွာမှာ ဆေးကုသမှုခံရခြင်းမရှိ။ အဆိုပါအကြောင်းများကြောင့် ဘုံဘေလူထုသည် ဘေးအန္တရာယ်ဆိုးကြီးကို အတိတ်ဖြစ်ရပ်သဖွယ် သဘောမထားနိုင်ကာ နေ့စဉ်ရင်ဆိုင်နေရသော ဘေးဆိုးကြီးအဖြစ် ရှုမြင်လာကြသည်။

ပိုးသတ်ဆေးစက်ရုံကို Union Carbide အမည်ရှိ နိုင်ငံများစွာဆိုင်ရာ ကော်ပိုရေးရှင်း (နိုင်ငံများစွာတွင် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီကြီးတခု) မှ ပိုင်ဆိုင်သည်။ ဘေးဆိုးကြီးကြောင့် အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရခြင်းသည် မှန်ကန်သော အရာတခုမဟုတ်ကြောင်း အသက်မသေ ကျန်ရစ်သူများက ယူဆကြပါသည်။ ဘေးဒဏ်ခံစားခဲ့ရသူများတွင် ဆေးဝါးကုသမှုခံယူရန် ငွေကြေးမတတ်နိုင်ကြ။ အလုပ်မလုပ်နိုင်ဖြစ်သွားကြသော မိသားစုဝင်များကိုလည်း မစောင့်ရှောက်နိုင်။ သူတို့က ကုမ္ပဏီကို တာဝန်ယူစေချင်သည်။ ကုမ္ပဏီမှ အဆိပ်ယိုစိမ့်မှုမှာ စက်ရုံလုပ်သားတဦးကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ပြောဆိုကာ မည်သည့်တာဝန်မှမယူနိုင်ကြောင်း ငြင်းဆန်ခဲ့သည်။

အခွင့်အရေးနှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြသော အခြားသူများနည်းတူ Bhopal ဘေးဆိုးဒဏ်ခံခဲ့ရသူများသည်လည်း ဆင်ရဲမွဲတေမှုတခုတည်းကြောင့် သူတို့၏ ပြဿနာများ ပိုမို ဆိုးဝါးလာသည်မဟုတ်။ ယခင်အဆိပ်သင့်မှုကြောင့်သာ ပိုမိုဆိုးဝါးလာသည်ဟု သိရှိခဲ့ကြသည်။

မည်သည့်အတွက်ကြောင့် ဘေးအန္တရာယ်ဆိုးကြီး ဖြစ်ပွားခဲ့ရသနည်း

Bhopal ဘေးဆိုးကြီးမှာ မည်သည့်အခါမှ မဖြစ်ပွားသင့်သော၊ ထိန်လန့်စက်ဆုပ်စရာကောင်းသော အဖြစ်အပျက်တခုသာ။ သို့သော် အံ့သြစရာမဟုတ်။ Bhopal ဘေးဆိုးကြီး ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းအမြစ်များကို “ဒါပေမယ့်၊ ဘာကြောင့်လဲ” မေးမြန်းဆွေးနွေးခြင်း နည်းလမ်းဖြင့် နားလည်စေနိုင်ပါသည်။

“အဆိပ်ငွေ့ဘေးဆိုးကြီးကြောင့် လူတွေအများကြီး ဘာကြောင့် သေဆုံးခဲ့ရပါသလဲ”

“ဘာကြောင့်လဲဆိုတော့ စက်ရုံက လူနေထူထပ်ပြီး ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ တည်ရှိတဲ့အတွက်ကြောင့်”

“ဒါပေမယ့် ဘာကြောင့် စက်ရုံက ဒီနေရာမှာ ရှိနေရတာလဲ”

“ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီနဲ့ အစိုးရတွေဟာ ဆင်းရဲသားတွေရဲ့လုံခြုံရေးကို ဂရုမစိုက်တဲ့အတွက် ဖြစ်ပါတယ်”

ကမ္ဘာအနှံ့အပြားမှာ ကော်ပိုရေးရှင်းကြီးများသည် ၎င်းတို့၏ ညစ်ညမ်းမှုဖြစ်စေသော စက်ရုံများ၊ အဆိပ်သင့် စွန့်ပစ်ပစ္စည်းများနှင့် အန္တရာယ်ရှိ စက်မှုလုပ်ငန်းပရောဂျက်များကို ဆင်းရဲမွဲတေမှု၊ လူမှုအဆင့်အတန်း နိမ့်ကျမှုတို့ကြောင့် အဖိနှိပ်ခံနေရသူများနေဆိုင်ရာ နေရာများတွင် ဆောက်လုပ်ကြသည်။ ထို့ကြောင့် ဆင်းရဲသော တိုင်းပြည်များနှင့် လူထုမှာ အဆိပ်သင့်စက်မှုလုပ်ငန်းများ၊ အဆိပ်သင့်ပစ္စည်းနှင့် ညစ်ညမ်းမှုများ၏ အမှိုက်စွန့်နေရာသဖွယ် ဖြစ်လာပါသည်။ ပတ်ဝန်းကျင်ကျန်းမာရေး ကာကွယ်ပေးခြင်း ဆိုသည်မှာ အညစ်အကြေးများကို မည်သို့စွန့်ပစ်သည်သာမက အာဏာအလွဲသုံးစားလုပ်မှုများ မည်သို့ဖြစ်ပေါ်လာသည်။ ကျန်းမာရေး ပျက်စီးယိုယွင်းနိုင်ဆုံး လူအုပ်စုမှာ မည်သို့ခံစားရမည်နည်းဆိုသော အရေးကိစ္စများကိုပါ ထည့်သွင်းစဉ်းစားရန်သည် လူသားအားလုံးအတွက် စိန်ခေါ်မှုများဖြစ်ပါသည်။

“ဒါပေမယ့် ဘာကြောင့် အမေရိကန်ကုမ္ပဏီတွေ အိန္ဒိယမှာ ပိုးသတ်ဆေး လာထုတ်လုပ်တာလဲ”

“ဒီမှာက သူတို့အတွက် အမြတ်ပိုများများ ရလို့ပေါ့”

“ဒါပေမယ့် ဘာကြောင့် သူတို့အမြတ်အစွန်း ပိုရတာလဲ”

“ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေကို လုပ်အားခ နည်းနည်းပဲပေးပြီး အလုပ်သမားတွေနဲ့ အနီးအနားမှာ နေသူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းမှုတွေကို မသိကျိုးကျွံပြုထားကြတယ်”

“ဒါပေမယ့် ဘာကြောင့် အမေရိကန်နဲ့ အိန္ဒိယအစိုးရတွေက သူတို့ကို ဘာကြောင့် ဆက်လုပ်ခွင့်ပေးနေတာလဲ”

Bhopal တရားမျှတမှုအတွက် အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု

Bhopal ဓာတ်ငွေ့ယိုစိမ့်မှ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ခံစားနေရမှုများ အသိအမှတ်ပြုနိုင်ရန်နှင့် ကုမ္မဏီမှ တာဝန်ယူပေးနိုင်ရန် အတူတကွ ဆောင်ရွက်ကြပါသည်။ သူတို့သည် အစာငတ်ခံဆန္ဒပြကြသည်။ မိုင် ၄၆၆ မိုင် လောက်အထိ အစာရေစာမပါဘဲ ပြည်နယ်မြို့တော်အထိ ချီတက်ကြပါသည်။ နိုင်ငံမြို့တော်အထိလည်း တရားမျှတမှုကို တောင်းဆိုရန် ချီတက်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့တွင် အမျိုးသမီးများ တဲထိုးနေကြသည်။ ၃ လ လောက်အထိ စခန်းချနေထိုင်ကာ မိုးလင်းမှ မိုးချုပ်အထိ ၎င်းတို့ လိုအင်များကို တောင်းဆိုကြသည်။

တရားရုံးမှ Union Corbide ကုမ္မဏီကို အိန္ဒိယအစိုးရထံ ဒေါ်လာ သန်း ၄၇၀ ပေးဆောင်ရန် အမိန့်ချမှတ်ပေးသည်။ အောင်ပွဲရပြီထင်ရသော်လည်း လူထုဆီသို့ ပိုက်ဆံများများစားစား ရောက်ရှိလာခြင်းမရှိ။

များမကြာမီ အချိန်တွင် Union Corbide ကုမ္ပဏီကို အခြားအပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီး တခုဖြစ်သော Dow Chemical ထံ ရောင်းချလိုက်သည်။ Dow Chemical မှလည်း ထိုဖြစ်ရပ်များကို တာဝန်ယူရန် ငြင်းဆိုပါသည်။ ကုသမှုခံယူရန် လိုအပ်နေသူကို ကူညီမှုမပြုလို။ အိန္ဒိယအစိုးရရော အမေရိကန်အစိုးရပါ ကုမ္ပဏီများမှ တာဝန်ရှိသူများကို တရားမျှတမှု လုပ်ဆောင်ပေးရေးအတွက် တိုက်တွန်းလုပ်ဆောင်ပေးရန် ဆန္ဒမရှိကြ။ တရားမျှတမှုအတွက် လူထု (အသက်ရှင်ကျန်သူများ) မှ အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုကြီးတခုကို ဖွဲ့စည်းလိုက်သည်။ ကျောင်းသားများ၊ ပတ်ဝန်းကျင်လှုပ်ရှား အုပ်စုများ၊ လူ့အခွင့်အရေးလှုပ်ရှားသူအုပ်စုများ၏ ထောက်ခံပံ့ပိုးမှုကို ရယူကြသည်။ တကမ္ဘာလုံးမှ လူများ၏ အကူအညီကို ရယူကာ Bhopal အသက်ရှင်ကျန်ရစ်သူများက တရားမျှတမှုအတွက် တောင်းဆိုမှုများ Union Carbide နှင့် Dow Chemical ကုမ္ပဏီထိပ်ပိုင်းအထိ ရောက်ရှိစေရန် လုပ်ဆောင်ကြသည်။ အခြားလူများကိုလည်း အစာငတ်ခံဆန္ဒပြကြရန် ဆွဲဆောင်စည်းရုံးခဲ့ကြသည်။ ခံစားနေရမှုများကို သတိပြုလာရန် လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ လုပ်ဆောင်မှုများအပြင် မိမိမိသားစုများကို ထောက်ပံ့ခြင်း၊ ကိုယ့်အားကိုယ်ကိုး ကျန်းမာရေးစောင့်ရှောက်မှုပြုခြင်း၊ အဆိပ်ဓာတ်ငွေ့အန္တရာယ် ဘေးဒဏ်ခံခဲ့ရသူများကို ထောက်ပံ့ခြင်းတို့ လုပ်ဆောင်ကာ ရှင်သန်ရပ်တည်ကြပါသည်။

ဆန္ဒပြခေါင်းစီးမှာ “ဘုံဘေအဖြစ်ဆိုး ဘယ်တော့မှ ထပ်မဖြစ်နဲ့” ဖြစ်ပါသည်။ သူတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အနာဂတ်တွင် အလားတူ စက်မှုဘေးဒဏ်ဆိုး ထပ်မဖြစ်စေရန် ကာကွယ်လိုခြင်း ဖြစ်သည်။ သူတို့၏ ကြိုးပမ်းလုပ်ဆောင်မှုကို နိုင်ငံတကာသိ လုပ်ဆောင်ခြင်းကြောင့် အဆိပ်ဓာတ်ငွေ့များ၏ ရေရှည်ဆိုးကျိုးများကို တမ္ဘာလုံးရှိ လူအများအပြားအား သင်ကြားပေးသလို ဖြစ်ခဲ့သည်။

ဘုံဘေ အသက်ရှင်ကျန်သူများသည် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆဖြစ်မှုများ အချိန်မရွေး ဖြစ်ပွားတတ်ကြောင်းနှင့် မရှိဆင်းရဲသားများကို ပိုမိုထိခိုက်မှုရှိကြောင်း ပြသခဲ့ကြသည်။ အခွင့်အရေးနှင့် တရားမျှတမှုများအတွက် သူတို့လှုပ်ရှားရုန်းကန်ခဲ့ပုံများမှာ ကမ္ဘာအနှံ့အပြားမှ လူထုစည်းရုံရေးသမားများအတွက် စံပြပုံစံတခု ဖြစ်လာပါသည်။

မိမိတို့တိုင်းပြည်လို ဆင်းရဲသောတိုင်းပြည်များတွင် စက်မှုဇုန်များ ဆောက်လုပ်ကြပါက အစိုးရများမှ ဥပဒေများ ရေးဆွဲရာတွင် လူထုထိခိုက်မှုရှိပါက မည်သို့လုပ်ဆောင်ရမည်ဆိုသော အချက်ကို တိတိကျကျ ထည့်သွင်းရေးဆွဲရပေမည်။

ယခု တနိုင်ငံလုံးမှ စိတ်ဝင်စားနေသော ထားဝယ် အထူးစီးပွားရေးဇုန်အကြောင်းကို ဥပမာပြုကာ လေ့လာသင့်ပါသည်။ အစိုးရမှ ပြည်သူများ ရွာရွှေ့ပြောင်းရေးကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများကို ဆောင်ရွက်နေပါသည်။ စက်မှုလုပ်ငန်းများကြောင့် ဒေသခံများ လူမှုကျန်းမာရေး ထိခိုက်နိုင်သည့် ကိစ္စရပ်များအား ဆွေးနွေးခြင်းအပိုင်း အားနည်းနေသည်ကို တွေ့ရှိရပါသည်။ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို ၂၀၁၁ ဇန်န၀ါရီ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးက ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည် (၁၃၇၂ ခုနှစ်၊ ပြာသိုလ)။

ထိုဥပဒေကို လေ့လာကြည့်ရာ ပြည်သူများ စက်မှုဆိုင်ရာ ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားလာပါက ပြန်လည်ထူထောင်ပေးရေး၊ ကုမ္မဏီများမှ လျော်ကြေးပေးဆောင်ရန် ကိစ္စရပ်များ ပါဝင်ခြင်းမရှိသည့်အတွက် အနာဂတ်တွင် ဘေးအန္တရယ်ကြုံတွေ့လာပါက ပြည်သူများ အခက်တွေ့နိုင်သည်။

ဖော်ပြခဲ့သော ဘုံဘေအဖြစ်ဆိုးတွင် ဒီမိုကရေစီအစိုးရဆိုသူများနှင့် စီးပွားရေးကော်ပိုရေးရှင်းကြီးများ၏ ဆင်းရဲသားပြည်သူလူထုအပေါ် ညှာတာမှုမရှိခြင်းကို တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် ဥပဒေများကို ရေးဆွဲရာတွင် စီးပွားရေးအကျိုးအမြတ် တခုတည်းကို ဦးတည်မရေးဆွဲဘဲ ဒေသခံလူထု၏ မွေးရာပါ ရပိုင်ခွင့်များကိုပါ ရေးဆွဲကြရန် အကြံပြုတင်ပြလိုက်ပါသည်။

(ဥပဒေပညာရှင်များမှလည်း တခြားဘာသာရပ် စာပေများကိုပါ ကြိုးစားဖတ်ရှုကာ တိုင်းပြည်လူထုကို ကူညီကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။)

ဒေါက်တာတင့်ဇော်ဦး

3 comments:

Phoenix said...

ဒြီလိုဆောင်းပါးမျိုးထွက်လာတာအရမ်း
ဝမ်းသာပါတယ်။ဆရာဆက်နိုင်မင်းရဲ့
ဂလိုဘယ်လိုက်ဇေးရှင်းဆူးခင်းလမ်း
စာအုပ်မှာအလားတူဆောင်းပါးမျိုးတွေ
ဖတ်ရပါတယ်။အခုဒေါက်တာ့ဆောင်းပါး
ကတော်တော်ကောင်းပါတယ်။နောင်မှာ
မလွဲမသွေရင်ဆိုင်ရနိုင်တဲ့ပြဿနာကို
မီးမှောင်းထိုးပြလိုက်တာပါဘဲ။

Ah Wee said...

အဲ့ဒီ ဓာတု ပစ္စည်း တွေ ဘာကြောင့် လေထဲ ရောက်ရသလဲ ဆိုတာ လဲ ရေးပေးသင့်ပါတယ် ။
အလုပ်သမားတွေ ဆန်ဓပြပြီး မသိနားမလယ်ပဲ စက်ရုံက လျှပ်စစ်မီး တွေ ဖြတ်ပြီး ဓါတု ပစ္စည်း တွေ ဖျက်ဆီး လို အဆိပ်ငွေ့အဖြစ် လေထဲ မှာ လွင့်သွားတာ ဖြစ်လို company က ၁၀၀ % ဖြေမရှင်း ခဲ့တာလဲ ဖြစ်နိုင်ပါ တယ် ။

mrmonn said...

Ah Wee's comment is just to have knowledge why it happened. But whatever reasons, the laws which can protect civil right or respect its environment must take into our consideration.
Thank you author.