ကပစ (၉)၊ ပန်းတောင်း၊ ကျောက်ဖြူမှ စစ်သည်များ နစ်နာနေရခြင်းအကြောင်း
ကျနော်တို့တပ်တွင် ၂၀၀၈ ခု ဇွန်လမှ စ၍ တပ်သားအဆင့်မှ တပ်ကြပ်အထိ တလလျှင် ၃၀၀၀ ကျပ်၊ တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အထိ တလလျှင် ၅၀၀၀ ကျပ်၊ ပြည်မြို့ အင်းဝဘဏ်တွင် တပ်ရင်းမှူး အမိန့်အရ မစုမနေရ ငွေစုခဲ့ရပါသည်။ ဦးပိုင်ကုမ္ပဏီတွင် ထည့်ရန်ဟု သိရပါသည်။ ယခုအခါ ဦးပိုင်ကုမ္ပဏီတွင်လည်း ထိုစုငွေများကို လက်မခံတော့ကြောင်း သိရပါသည်။ ငွေလို၍ မိမိ၏စုငွေကို ထုတ်ယူလိုလျှင်လည်း စုငွေကို ထုတ်ယူခွင့်မပေးပါ။ တပ်ပြောင်းသည့်အခါနှင့် သက်ဆိုင်သူ ရဲဘော် သေဆုံးလျှင်မှသာ ထုတ်ပေးပြီး မိသားစုအား အပြည့်အ၀ ထုတ်မပေးပါ။ တပ်ရင်း ငွေစာရင်းဌာနတွင် ဒု-အရာခံဗိုလ် ဘုန်းကျော်နှင့် ညှိလျှင် စုငွေကို ထုတ်၍ ရနိုင်ပြီး ငွေတသောင်း ထုတ်ယူရန် ၎င်းနှင့် အဖွဲ့ကို နှစ်ထောင်ကျပ် ပေးရပါသည်။ ဘဏ်သို့သွားရန် မလိုဘဲ ၎င်းတို့က ထုတ်ပေးပါသည်။ ဤသို့ ခေါင်းပုံဖြတ် ခံနေရခြင်းကြောင့် ဆင်းရဲကျပ်တည်းလှသည့် စစ်သည်များမှာ အလွန်နစ်နာနေရပါသဖြင့် အထက် လူကြီးများ သိရှိဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။
စစ်သည်များ
ရဲတပ်ရင်း (၄) မှ လုံထိန်းများ ဓားပြတိုက်နေကြသည်
ပြင်ဦးလွင်မှ မန္တလေးမြို့သို့ အ၀င် ၁၆ မိုင် ဂိတ်၏ ဘယ်ဘက် တောလမ်းတွင် ရဲတပ်ရင်း (၄) မှ လုံထိန်းများသည် နေ့စဉ် ပြင်ဦးလွင်ဘက်မှ ဆင်းလာသော ထော်လာဂျီများကို ပိုက်ဆံအလုအယက် တောင်းနေကြပါသည်။ လိုင်စင်မ၀င်ရသေးသော ထော်လာဂျီများသည် ၁၆ မိုင်ဂိတ်ကို ကွင်းကာ အုန်းချောမှတဆင့် မန္တလေးသို့ သွားခြင်းဖြစ်ပါသည်။ ၄င်းထော်လာဂျီများကို အရပ်ဝတ် လုံထိန်းများ အယောက် ၆၀ ခန့်က အတင်းအကျပ် ပိုက်ဆံလိုက်တောင်းနေကြပါသည်။ မပေးပါက ရိုက်မယ်/နှက်မယ် အဆင့်ထိ ဖြစ်နေကြသဖြင့် ထော်လာဂျီသမားများကလည်း ကြောက်ရွံ့ကာ ပေးကြရပါသည်။ ထော်လာဂျီနောက်ကို ဆိုင်ကယ်များဖြင့် အယောက် ၆၀ ခန့်က လိုက်နေကြသည်မှာ အုန်းချောရွာထဲတွင် မြင်မကောင်းအောင် ဖြစ်နေကြပါသည်။ ရွာထဲမှ ပြည်သူများကိုလည်း ဂရုမစိုက်/ဖြစ်ချင်တိုင်း ဖြစ်နေကြသော ရဲတပ်ရင်း (၄) မှ လုံထိန်းများအား ထိန်းသိမ်းတားမြစ်နိုင်ရေး ၄င်းတို့အထက်လူကြီးများ သိရှိနိုင်ရန် ဖော်ပြပေးစေချင်ပါသည်။ အခွင့်မသာသဖြင့် ဓာတ်ပုံ ဖော်ပြမပေးနိုင်ပါ။ နေ့တိုင်း လုပ်ဆောင်နေကြပါသည်။
ရွာသူရွာသားများ ကိုယ်စား
သမ္မတကြီး သိသာရန် (သို့မဟုတ်) မီးရထားဝန်ကြီး သိသာရန်
မန္တလေး မီးရထားစက်ခေါင်းစက်ရုံတွင် အုပ်ချုပ်မှုတာဝန် ယူထားရသော AME (လက်ထောက်အင်ဂျင်နီယာ) ဆိုသူသည် မိမိလက်အောက်ငယ်သား ၀န်ထမ်းများအား အကြမ်းဖက်အုပ်ချုပ်နေပါသည်။ ငယ်သားများအား လက်သီးဖြင့် ဆွဲထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ကြိမ်ဖန်များစွာ ပြုလုပ်အုပ်ချုပ်နေပါသည်။ တနေ့သောအချိန်တွင် (ဥပမာတခု - အမှန်တကယ် ဖြစ်ပျက်ခဲ့ပါသည်) မန္တလေးဘူတာကြီးမှ ရထားတစင်း ရန်ကုန်ဘက်သို့ အချိန်မှန် မထွက်နိုင်ခဲ့ပါ။ စက်ခေါင်းပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုကြောင့် မထွက်နိုင်တာပါ။ ဒါကို ဘူတာကြီးမှ စက်ရုံ AME သို့ အကြောင်းကြားလိုက်ပါသည်။ အဲဒီအဖြစ်အပျက်လည်း သိပြီးရော ဒေါသူပုန်ထပြီး အဲဒီအချိန်တွင် တာဝန်ကျနေသော အလုပ်ကြပ် အပါအ၀င် ၅ ဦးအား လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါသည်။ သူထိုးကြိတ်တာ ခံရသောသူများ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို မစုံစမ်း မချိန်ဆဘဲ အရင်ဆုံး လက်ရောက်ကျူးလွန် စော်ကားခဲ့ပါသည်။ ထို ၅ ဦးထဲမှ တဦး (ဌာနစိတ်အလိုက် အဆက်အသွယ် လုပ်ပေးရသူ) မှာ နှာခေါင်းသွေးများ ဖြာထွက်သည်အထိ ဖြစ်ခဲ့ရပါသည်။
အဲဒီ AME ဆိုသူ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာ ဒီတကြိမ်မကပါ။ နှာခေါင်းသွေးထွက်သွားခဲ့သူ တဦးထဲကိုပင် ၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပါသည်။ စက်ရုံအတွင်းပိုင်းမှ ၀န်ထမ်းအချို့လည်း အထိုးခံရမှုတွေ ရှိခဲ့ပါသေးသည်။ သူ့အနေနှင့် ဒီစက်ရုံထဲက ၀န်ထမ်းတွေ သူအကုန်လုံးထိုးလို့ရတယ်လို့များ ထင်ထားသလား မသိပါ။ တချို့ဝန်ထမ်းငယ်များဟာ သူ့အဖေအရွယ်တွေပါ။
ပြဿနာဖြစ်တိုင်း ငယ်သားဝန်ထမ်းများအား လက်ရောက်ကျူးလွန်ပြီး အနိုင်ကျင့်ဖို့ ဘယ်ဝန်ကြီးကမှ ညွှန်ကြားတာ မကြားဘူးပါ။ ဥပဒေမဲ့လုပ်ရပ်များသာဖြစ်ပါသည်။ ၀န်ထမ်းငယ်များတွင် အကြောက်တရားများ ရှိနေကြပါသည်။ ပြုတ်သွားမှာလား။ ပြောင်းခံရမှာလား ... စသည့် ပူပန်မှုတွေကနေ ကြောက်ရွံ့မှုအဖြစ်သို့ ရောက်ရှိသွားစေခဲ့ပါသည်။
ဒီမိုကရေစီစနစ်သို့ ပြောင်းနေပြီဖြစ်လို့ ၀န်ထမ်းလောကတွင် ဒီလိုအဖြစ်အပျက်မျိုး ထပ်မံ မကျူးလွန်နိုင်စေဖို့နှင့် ၀န်ထမ်းငယ်များ မကြောက်ရွံ့ကြစေဖို့ ရည်ရွယ်ပါသည်။ ဥပဒေရှိပါသည်။ မဟုတ်ရင် မမှန်ရင် ဥပဒေနှင့် ပြန်လည်တုံ့ပြန်နိုင်ပါသည်။ နောက်တခု မီဒီယာတွေ ရှိပါသည်လို့ ...။ ။
မီးရထားဝန်ထမ်းတဦး
မြို့ဝန်ကြီး ... ဒါတွေ သိပါသလား
ရန်ကုန်မှာ စည်ပင်သာယာအဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲ မစခင်လောက်ကတည်းက ကွန်ကရစ်လမ်းတွေကို ယခင်အချိန်တွေကထက် တိုးချဲ့ခင်းပေးလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းမှာတော့ ရန်ကုန်ရဲ့ မြို့ နယ်အနှံ့မှာရှိတဲ့ လိုင်စင်လက်ဝယ်မရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကို ဒဏ်ကြေးငွေ ၁၀ ဆ ဆိုပြီး ထပ်မံကောက်ခံလာပါတယ်။
လက်ဘက်ရည်ဆိုင်တွေ ဖွင့်ခွင့်လိုင်စင်မရှိတာက ၂၀၀၅ ခုနှစ်လောက်ကတည်းက စပြီး တရားဝင်လိုင်စင် လျှောက်ထားခွင့်ကို ချထားပေးခြင်းမရှိလို့  ၀မ်းရေးအတွက် ရိုးရိုးသားသား ရှာဖွေစားသောက်လိုသူတွေအဖို့ အခက်အခဲဖြစ်နေရပါတယ်။
ဒါပေမယ့် စည်ပင်သာယာအဖွဲ့ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့ လိုင်စင်ရ ဆောက်လုပ်ရေး ကန်ထရိုက်တွေကတော့ သူတို့ ဆောက်လုပ်တဲ့ အဆောက်အဦးတွေရဲ့ အထပ်အမြင့်နဲ့ အကျယ်အ၀န်းတွေကို တရားမ၀င်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ သက်ဆိုင်ရာ ဌာနအရာရှိတွေကို လာဘ်ထိုးပြီး ဆောက်လုပ်နေကြပါတယ်။
ဓာတ်လှေကား တပ်ဆင်ဆောက်လုပ်ခွင့် စည်းကမ်းနဲ့မညီတဲ့ နေရာတွေမှာလည်း လာဘ်ငွေအပေးအယူနဲ့ ဆောက်လုပ်နေကြပါတယ်။ မြို့တော်ရဲ့ ဂရမ်မြေမဟုတ်တဲ့ ပါမစ်မြေတွေမှာတော့ တရားဝင်လိုင်စင် ကိုင်မထားတဲ့ ဆောက်လုပ်ရေးကန်ထရိုက်တွေက ဆောက်လုပ်ခွင့်ပြုမိန့် မယူဘဲ စည်ပင်အရာရှိတွေနဲ့ “ဒဏ်ကြေးဆောင်ပြီး ဆောက်” ဆိုတဲ့ နားလည်မှုနဲ့ ဒဏ်ကြေးနဲ့အတူ လာဘ်ငွေပါ ယူပြီး ၃ ထပ်ခွဲ အဆောက်အဦတွေ ဆောက်လုပ်နေကြပါတယ်။
တရားဝင် လိုင်စင်မရှိဘဲ ဆောက်လုပ်နေတဲ့ ကန်ထရိုက်တွေဟာ ပြဿနာတခုခု ဖြစ်ပေါ်လာရင်လည်း ရှောင်ပြေးဖို့ လွယ်ကူနေတာကြောင့် မြေကွက်ပိုင်ရှင်တွေနဲ့ အခန်းကြိုဝယ်သူတွေအပေါ် လိမ်ညာ အခွင့်အရေးယူနိုင်ဖို့ လမ်းဖွင့်ပေးထားသလို ဖြစ်နေပါတယ်။ အရင်တုန်းကလည်း ဆောက်လုပ်ရေး ကန်ထရိုက်တွေ လိမ်ညာမှု၊ အရေအသွေးမပြည့်မီတဲ့ အဆောက်အဦတွေ ဆောက်လုပ်မှုတွေကြောင့် ဆောက်လုပ်ရေးလိုင်စင်ကို တရားဝင် လျှောက်ထားခိုင်းပြီး အာမခံငွေ တင်ပြီးမှ အလုပ်လုပ်ခွင့်ပြုတာ ဖြစ်ပါတယ်။
ခုတော့ တရားဝင် လိုင်စင်ရှိတဲ့ ကန်ထရိုက်တွေကို ဂရန်မြေရှိတဲ့ နေရာတွေမှာ ဆောက်လုပ်ခွင့်ပေးပြီး လိုင်စင်မဲ့ ကန်ထရိုက်တွေကို အာမခံငွေ တင်စရာမလိုဘဲ ပါမစ်မြေရပ်ကွက်တွေမှာ လုပ်ကိုင်ခွင့်နဲ့အတူ လိမ်ညာခွင့်ကိုပါ ပေးထားသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် မည်သည့်နေရာမဆို ဆောက်လုပ်တဲ့ ကန်ထရိုက်တွေကို အာမခံငွေ ပေးစေပြီးမှ တရားဝင် ကန်ထရိုက်လိုင်စင်နဲ့သာ ဆောင်ရွက်လုပ်ကိုင်စေသင့်ပါတယ်။
ဝမ်းရေးအတွက် ရိုးရိုးသားသား ရှာဖွေလုပ်ကိုင်နေကြတဲ့ လက်ဖက်ရည်ဆိုင်တွေက ရရှိမယ့် အခွန်ငွေတွေ နေရာမှာ တရားမ၀င် ဆောက်လုပ်နေတဲ့ ကန်ထရိုက်တွေဆီက ဥပဒေအတိုင်း ကြပ်ကြပ်မတ်မတ် ကောက်ခံလို့ရတဲ့ အခွန်ငွေတွေနဲ့ ညီညွတ်မျှတအောင် အစားထိုး ခုနှိမ်ခြင်းကသာ အောက်ခြေအလွှာ လူတန်းစားများအတွက် အသက်ရှူချောင်နိုင်မယ့် နည်းလမ်းတခုဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
S ခင်ဇိုင်
စား-ဖား-ရိတ်-လက်ထောက်မန်နေဂျာ အရေးယူပေးကြပါရန် ...
ကော့သောင်းမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထက်အရာရှိ ဒေါ်တင်တင်အုန်းသည် ၀န်ထမ်းများအား ခိုင်းနွားများသဖွယ် ဆူပူကြိမ်းမောင်း ဆဲဆို၍ နေပါသည်။ ဆက်သွယ်ရေးတာဝန်ကို နေညမပျက် တာဝန်ထမ်းဆောင်နေသော အခြေခံဝန်ထမ်းများအား အကောင်းမမြင် အဆိုးမြင်ဝါဒဖြင့် ကိုယ်ချင်းစာနာမှု ကင်းမဲ့ခြင်း၊ မိမိကိုယ်ကိုယ်လည်း ကောင်းမွန်အောင် နေထိုင်ခြင်းမပြုဘဲ လောင်းကစားတွင် နစ်မျှောနေခြင်း (သူဌေးကျွန်းဟော်တယ်တွင် သောကြာနေ့ ညနေမှ တနင်္ဂနွေနေ့ ည ၁၂ နာရီထိ ကာစီနိုလောင်းကစား) အပတ်စဉ် သွားရောက်လောင်းကစားခြင်း၊ တိုင်းရုံးမှ ကော့သောင်း ဆက်သွယ်ရေးရုံးအတွက်\ ရုံးကားအတွက် ပေးသော ပြင်ဆင်စရိတ်များကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ ရုံးကားအတွက်ပေးသော စက်ဆီများကိုလည်း ရုံးတာဝန်အတွက် အသုံးမပြုစေဘဲ ရောင်းချ၍ လောင်းကစားမှုတွင် အလွဲသုံးစားလုပ်ခြင်း၊ အိပ်ချိန်းအတွင်း ကော့လက်ထောင်၍ အပြင်မှ စီးပွားရေးသမားများနှင့် မမှန်မကန် စီးပွားရှာခြင်း၊ ထိုသို့ သူကိုယ်တိုင် မမှန်မကန် လုပ်ဆောင်နေသော်လည်း ၀န်ထမ်းများအပေါ်တွင် အထက်ဖား အောက်ဖိ မတရားနှိပ်စက် နိုင့်ထက်စီးနင်းပြုမူနေမှုကို အောက်လက်ဝန်ထမ်းများကို သနားသောအားဖြင့် ထို “စား-ဖား-ရိတ်-လက်ထောက်မန်နေဂျာ-ဒေါ်တင်တင်အုန်းအား” အရေးယူပေးကြပါရန် တင်ပြအပ်ပါသည်။
အခြေခံဝန်ထမ်းများ
ပဲခူးတိုင်း၊ ခရိုင်၊ မြို့နယ်မြေစားရင်းရုံးမှ အရာရှိကြီးငယ် ဝန်ထမ်းများ
ပြည်သူလူထုအား အနိုင်ကျင့် နှိပ်စက် လာဘ်ငွေတောင်းယူမှုများ
နိုင်ငံတော်အစိုးရမှ ပြည်သူ့ဝန်ထမ်းများအား အဂတိလိုက်စားမှုများ မပြုလုပ်ရန် တားမြစ် ဆောင်ရွက်နေချိန်တွင် ပဲခူးတိုင်း၊ ခရိုင်၊ မြို့နယ်မြေစားရင်းရုံးမှ အရာရှိကြီးငယ် ဝန်ထမ်းများသည် ပြည်သူလူထုအား နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက် လာဘ်ငွေတောင်းယူမှုများ လုပ်ဆောင်နေကြောင်း အသိပေး တိုင်ကြားလိုပါသည်။
မြေစားရင်းရုံးနှင့် ပတ်သက်ရသော သူများအား အရာရှိကြီးငယ် ဝန်ထမ်းများ အဆင့်ဆင့်မှ ကျပ်ငွေ သိန်းနှင့်ချီ၍ ငွေတောင်းခြင်းများ ပြုလုပ်နေပါသည်။ စိုက်ပျိုးရေးကုမ္ပဏီများမှ အကြီးအကျယ် လာဘ်ငွေ တောင်းယူခြင်း၊ လယ်သမား တောင်သူ၊ သာမန်မြေ ရောင်းဝယ်သူ ငွေမပေးနိုင်သည့် ပြည်သူများ၊ အနည်းအကျဉ်းသာ ပေးနိုင်သူတို့အား အကြောင်းအမျိုးမျိုး ပညာပြ၍ နှိပ်စက်ခြင်း၊ နှစ်ပေါင်းများစွာ အချိန်ဆွဲ၍ ထားခြင်းများ ပြုလုပ်နေပါသည်။ ရှေ့အရာရှိအား ပေးသော်လည်း နောက်ပြောင်းလာသည့် အရာရှိအား မပေးနိုင်၍ ဆက်လက် လုပ်ဆောင်ပေးမှုမရှိခြင်း၊ လာရောက် တိုင်းတာစစ်ဆေးရန် တတ်နိုင်သူများမှ အဆင့်ဆင့် ငွေပေးမှ စစ်ဆေးခြင်း၊ ကားငှား-ကိုယ်ပိုင်ကားဖြင့် ကြိုပို့ပေးရခြင်း၊ အရာရှိချင်း ဝေစုခွဲ အဆင်မပြေသောအခါတွင် သက်ဆိုင်သူမှ အိမ်သို့သွား၍ ထပ်မံငွေပေးရခြင်းများ ပြုလုပ်နေပါသည်။ အထူးသဖြင့် မြို့နယ်ရုံးမှ ဝန်ထမ်းများမှာ အဆိုးဆုံးဖြစ်ပါသည်။
ထိုကဲ့သို့ ပြည်သူအား နည်းမျိုးစုံဖြင့် အနိင်ကျင့် နှိက်စက်နေသော အကျင့်ပျက် အရာရှိကြီးငယ် ဝန်ထမ်းများအား နိုင်ငံတော်မှ သက်ဆိုင်ရာ အကြီးအကဲများ သိရှိစေရန်နှင့် စိစစ်အရေးယူပေးနိုင်ရန် တင်ပြအပ်ပါသည်။
ဗုံးသီးကွဲ လူနာများကို ကူညီကြပါရန် ...
ဘိုကလေးမြို့နယ်၊ စူးဖရောင်းကျေးရွာအုပ်စု၊ အိုင်ကုန်းကျေးရွာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ရေနံရှာဖွေရေး ကုမ္ပဏီများသည် ပေ ၃၀ ခန့်နက်သော ကျင်းများ ရာနှင့်ချီ၍ တူးခဲ့ပြီး ကျင်းတကျင်းလျှင် ဗုံးသီးသုံးလုံး ထည့်၍ ၀ါယာကြိုးများဖြင့် သွယ်တန်းကာ သင်္ဘောပေါ်မှ ရှော့ရိုက်၍ ဖောက်ခွဲကြသည်ဟု ဒေသခံတဦးက ပြောသည်။ အချို့ဗုံးသီးများမှာ မပေါက်ကွဲဘဲ အပေါ်ပြန်ကန်တက်လာပြီး ကျန်ရှိနေသည်ကို စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်း မပြုသည့်အတွက်ကြောင့် ယခု ၂၀၁၁ ခုနှစ်အတွင်း ကလေးငယ်တဦးသည် အိုင်ထဲမှ ငါးဖမ်းရင်း ဗုံးသီးကို ယူလာခဲ့ရာ ဗုံးသီးမှ ပေါက်ကွဲစေနိုင်သည့် အစိတ်အပိုင်းက အိမ်သို့ အရောက်တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် ဖခင်ဖြစ်သူ ဦးအောင်မျိုးဆန်းမှာ လက်သုံးချောင်း ပြတ်သွားခဲ့ပြီး မိခင်ဖြစ်သူမှာ လက်တွင် အနာတရဖြစ်သည်ဟု သိရသည်။ မိသားစုဝင် ၇ ဦး ရှိရာ နှစ်ဦးမှာ အပြင်သွားနေသဖြင့် အိမ်ရှိ မိခင်၊ ဖခင်နှင့် ကလေးငယ်သုံးဦးမှာ ဒဏ်ရာအနာတရ ဖြစ်သည်ဟု သိရသည်။ ယူဆောင်လာသည့် ကလေးငယ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိသည်ဟု သိရသည်။ ယခုအခါတွင် ဘိုကလေးမြို့ ကုတင် ၁၀၀ ဆေးရုံသစ်တွင် ကုသနေသည်ဟု သိရပြီး မြို့ပေါ်တွင် ကုသရန်အတွက် အကူအညီတောင်းခံရာ ရန်ပုံငွေ ၈၀,၀၀၀ ကျော်သာရရှိသည်ဟု ပြောသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကုမ္ပဏီကို စုံစမ်းပေးခြင်းမရှိသည့်အတွက် ဒေသခံများက စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေကြသည်။ အကူအညီ လိုအပ်နေသည်။ ဘိုကလေးမြို့သို့ ဆက်သွယ် မေးမြန်းကြပါ။ ပီဒီပီပါတီဥက္ကဌ ဘိုကလေးမြို့ပေါ်တွင် ရှိနေသည်။ ဖုန်း ၀၉၈၆၁၀၇၁၉ သို့ ဆက်သွယ်မေးမြန်း၍ ကူညီပေးကြပါ။ ဒေသခံများနှင့်လည်း ပြောဆိုနိုင်ပါသည်။
Naung Taw Lay
ကော့သောင်းမြို့ဆေးရုံအကြောင်း
တနင်္သာရီတိုင်းဒေသကြီးက ကော့သောင်းမြို့ဆေးရုံအကြောင်းပါ။ ဆေးပညာသင်ကြားခဲ့စဉ်က ဆရာများ ပို့ချလိုက်တာများနှင့် ဆန့်ကျင်ပြီး ပြုမူနေထိုင်ကြပါတယ်။ လူနာများကို ရိုင်းပျစွာဆက်ဆံခြင်း ငွေမပေးရင် ဘာမှမရပါ။ နပ်စ်တွေရဲ့ မျက်နှာများဟာ မာကျောကြပါတယ်။ လူနာများရဲ့အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရပါတယ်။ ဆေးတွေ မတန်မဆ ၀ယ်ခိုင်းပြီး လူနာများကိုတော့ ဂရုစိုက်ရကောင်းမှန်း မသိကြပါဘူး။ ဒေသအာဏာပိုင်များကိုလည်း မကြောက်ကြပါ။ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ဖြစ်နေကြပါတယ်။ ဒေသခံများ အခက်အခဲဖြစ်နေကြပါသဖြင့် ကြပ်မတ်ပေးစေချင်ပါတယ်ခင်ဗျာ။
ကော့သောင်းမြို့မှ ဒေသခံတဦး
ပြည်တွင်းအခွန်ညွှန်ချုပ်ရဲ့ သမီးတော်မင်္ဂလာပွဲ
ဒေါက်တာလွဏ်းခင်ဗျား …
မြန်မာပြည်က အစိုးရဌာနအကြီးအကဲတွေ ထင်ရာလုပ်နေတဲ့အကြောင်းလေး ဖြစ်ပါတယ်။ ဒီပေးစာလေးကို မြင်သာသင့်တော်တဲ့ နေရာလေးမှာ ဖော်ပြပေးပါခင်ဗျား။
ပြည်တွင်းအခွန်ညွှန်ချုပ်ရဲ့ သမီးတော်တယောက်ရဲ့ မင်္ဂလာပွဲတော်ကြီးကို ၁၀-၁၂-၂၀၁၁ နေ့မှာ Sedona Hotel မှာ ခန်းနားသိုက်မြိုက်စွာ ကျင်းပဖို့ စီစဉ်နေကြောင်း၊ ၎င်းမင်္ဂလာပွဲကို စီးပွားရေးကုမ္ပဏီကြီးတွေနဲ့ အခွန်ရုံးက ၀န်ထမ်းတွေ အားလုံးကို လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ဖိတ်ကြားထားတယ်လို့ နေပြည်တော်ရှိ အခွန်ရုံးဝန်ထမ်းတဦးမှ ပြောကြားလာပါတယ်။ ဖိတ်ကြားခံရတဲ့ ကုမ္ပဏီတွေကို လက်ဖွဲ့ဖွဲ့မည့် တန်ဖိုးပမာဏတွေကို ကြိုတင်စာရင်းတောင်းထားပြီး ၀န်ထမ်းတွေကိုလည်း မတက်မနေရ ပုံစံမျိုးနဲ့ အားလုံးတက်ရောက်ရမည်ဟု ညွှန်ကြားထားကြောင်း သိရှိရပါတယ်။ လက်ဖွဲ့တဲ့အခါမှာလည်း ပစ္စည်းတွေ လက်ဖွဲ့ခြင်းမပြုဘဲ ငွေသားသက်သက် လက်ဖွဲ့ဖို့ အဆိုပါညွှန်ချုပ်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ (PSO) အမျိုးသမီးက လက်အောက်အခွန်ရုံးတွေကို ဖုန်းဆက်ပြီး ညွှန်ကြားနေပါတယ်။ ၎င်းညွှန်ချုပ်က နေပြည်တော်မှာ အနေများလို့ ရန်ကုန်မှာလုပ်မယ့် မင်္ဂလာဆောင်ကို သူ့မိန်းမနဲ့ သူ့ယောက်ဖက စီမံခန့်ခွဲပြီး ၀န်ထမ်းများအား မင်္ဂလာကိစ္စများကို ဆက်သွယ် စေခိုင်းနေတယ်လို့လည်း အဆိုပါဝန်ထမ်းက ပြောကြားလိုက်ပါတယ်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးအား မေးမြန်းရာ “ဘယ်လိုဟာကြီးလဲ မသိပါဘူးဗျာ။ မင်္ဂလာဆောင်တာ အေးဓားပြတိုက်နေသလိုပါပဲ။ ဘယ်လောက်လက်ဖွဲ့မှာလဲ။ ပွဲကို ဘယ်သူ တက်မှာလဲဆိုပြီး အခွန်ရုံးက လူတွေက မေးနေတယ်။ ကျနော့်မိတ်ဆွေကုမ္ပဏီတွေကို မေးကြည့်တော့ သူတို့လည်း အဲလိုပဲ အဖိတ်ခံရ အမေးခံရတယ်လို့ ပြောကြပါတယ်။ ခေတ်တွေစနစ်တွေက ပြောင်းနေတဲ့ အချိန်မှာ ဒီလိုဟာမျိုးတွေ ရှိနေသေးတယ်ဆိုတာ သမ္မတကြီးကော သိရဲ့လားမသိဘူး။ ဌာနဆိုင်ရာ လူကြီးတယောက်အနေနဲ့တော့ ဒီလိုကိစ္စမျိုးတွေ မလုပ်သင့်ပါဘူး”ဟု မှတ်ချက်ပြုခဲ့ပါတယ်။
ဇာမဏီ (မြန်မာပြည်)
နယ်စပ် မြ၀တီမြို့၌ မော်တော်ပီကေ (ဘဲဥများ) ဦးထုပ်ဖမ်း ဒဏ်ငွေရိုက်ကြမ်း
မြ၀တီမြို့၊ လက်လုပ်လက်စား ဆိုက်ကယ်ကယ်ရီသမားများ၊ ခရီးသွားများ သတိထားရန် မြ၀တီမြို့တွင်း ရှောင်တခင် မော်တော်ပီကေများ ဦးထုပ်ဖမ်းနေပါသည်။ ရှိတာ၊ မရှိတာ နားမလည်ပါ။ ဒဏ်ငွေက ၁ သောင်းကျပ် တပ်ပါသည်။ ကောင်းမလေးချောချောများကိုတော့ စိတ်လိုရင် လွှတ်ပေးပါသည်။ စိတ်မလိုရင် ဒဏ်ငွေလည်း တပ်သေး၊ မောက်မာစွာ ရင့်ရင့်သီးသီး ဆက်ဆံပါသည်။ မြ၀တီမြို့ ဦးထုပ်ဖမ်း မော်တော်ပီကယ် အာဏာရှင်ပေါက်စလေးများကို မြို့ခံဆိုက်ကယ်စီး ပြည်သူများ အစိမ်းလိုက် ၀ါးစားချင်နေပါသည်။ ဦးထုပ်ဖမ်းပွဲကနေ ဘရိတ်အုပ် ရပ်ရင်၊ ဒူးကွဲ၊ နဖူးပြဲ၊ ဆိုက်ကယ်မှောက် နားမလည်ပါ။ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ပါ။ ဟောက်တာ ခြောက်တာကို ခံပြီး ဒဏ်ငွေတသောင်း ပေးပြီး လိုရာခရီး အသော့သာနှင်သွားပါ။ ဒါမြန်မာပြည်ပါ။ ဥပဒေ၊ စည်းကမ်းဆိုတာ ၀န်ထမ်းတွေ ပါးစပ်ဖျားက ဈေးကစားပြီး ငွေတောင်းတဲ့ပွဲပါ။
မောင်ဘ (မြ၀တီ)
ကလေးစစ်သားအရေး ကူညီပေးကြပါ
ပေပင်လေးက ကလေးစစ်သား အောင်မျိုးဦး အိုင်အယ်အိုရုံးကို တိုင်ထားစဉ်မှာပဲ ထောင် ၁ နှစ်ကျပြီး ပြန်ထွက်လာပေမယ့် စစ်တပ်ထဲကို ပြန်အသွင်းခံရမှာဖြစ်လို့ သူ့မိဘတွေ စိတ်ပူနေကြပါတယ်။ ကလေးစစ်သား မရှိပါဟု အာဏာပိုင်များ ငြင်းဆိုကြသော်လည်း အမှန်မှာ မောင်အောင်မျိုးဦးလေးဟာ အသက်မပြည့်ပါဘဲ စစ်ထဲသွတ်သွင်းခြင်းခံခဲ့ရကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြခဲ့သော်လည်း စစ်ပြေးဟုဆိုကာ စစ်ထောင် (လှော်ကား) သို့ ထောင်ချမှတ်ခဲ့ခြင်းခံခဲ့ရပါသည်။ ကာကွယ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၁၃/၇၃ အရ အသက် ၁၈ နှစ် မပြည့်သေးသော ကလေးများကို စစ်တပ်ထဲ သွတ်သွင်းခြင်းသည် စစ်သားဟုမမည်ပါ။ ထို့ကြောင့် စစ်သားဟု မသတ်မှတ်ခြင်းကြောင့် စစ်ပြေးမဟုတ်ဟု မှတ်ချက်ချနိုင်ပါသည်။ သို့သော်လည်း အောင်မျိုးဦးလေးမှာ ကလေးစစ်သားဟု မှတ်ယူခြင်းမရှိဘဲ စစ်ထောင်သို့ ပို့ကာ ထောင်ချခဲ့ခြင်းသည် ကလေးတယောက်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကို များစွာ ထိခိုက်စေပါသည်။ စစ်ထောင်ချရုံမျှ မပြီးသေးပါ။ စစ်ထောင်က လွှတ်လျှင်လည်း စစ်ထဲ (ခန္တီးတပ်) သို့ ပြန်လည်ပို့ဆောင်ကာ စစ်ထဲသို့ ၀င်ရောက် ပြန်လည်အမှုထမ်းရမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျနော်တို့ အိုင်အယ်လ်အိုကိုလည်း အကူအညီ ထပ်တောင်းကြည့်ပါဦးမည်။ သို့သော်လည်း ကလေးကတော့ စစ်ထောင် ၁ နှစ်ကတော့ ချမှတ်ခံခဲ့ရပြီးဖြစ်ပါသည်။
Kyaw Than
1 comment:
နိုင်ငံတော်မှလေးစားနေတဲ့ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် BBC အသိပေးပါရစေ ဒကာမကြီး ကိုလူထုအားလုံးက လေးစားနေတာကိုသိပါတယ် ကျေးဇူးရှင် လယ်တီဆရာတော်ဘုးရားကြီးသီတင်းသုံးတော်မူသွားတဲ့ ကြေးနီတောင်ကြောင့်ဘုရားဖျက် သိမ်ဖျက် ဘုရားတောင်ဖြိုပြီး ဘ၀မပျက်ပါစေနဲ့ လို့အသိပေးလိုက်တာပါ အကြောင်းစုံသိချင်ရင်တော့အင်္ဂပူမြို့ကိုလာခဲ့ပါ ဒကာမကြီး ဘုရားတည်တဲ့ ဦးသောမဏ ဧရာဝတီတိုင်းဒေသကြီးအင်္ဂပူမြို့
Post a Comment