Sunday, January 29, 2012

အသားနာတဲ့ကိစ္စ

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၇)
အသားနာတဲ့ကိစ္စ
ဒေါက်တာလွဏ်းဆွေ

ငယ်ငယ်တုန်းက ပညာရေးနဲ့ ပတ်သက်ရင် ကျနော့်အမေက အင်မတန် စည်းကမ်းကြီးပါတယ်။ ညနေ ကျောင်းက ပြန်လာတာနဲ့ တနေ့တာ သင်လိုက်တဲ့စာကို အကုန်အလွတ်ရအောင် ကျက်မှတ်ရပါတယ်။ ရပြီဆို ညကျရင် အမေ့ဆီမှာ ပြန်ဆိုပြပြီး အစစ်ဆေးခံရပါတယ်။ ပြီးမှ ကျနော်တို့ ညီအစ်ကိုတွေကို အမေက အိပ်ခွင့်ပေးတာပါ။ စာမရလို့ကတော့ စောစောမအိပ်ရဘူးပေါ့ (နေ့စဉ် တာဝန်ကြီးတခုလိုဖြစ်နေပေမယ့် ကျင့်သားရသွားတော့လည်း ကျနော်တို့အတွက် သိပ်တော့ မပင်ပန်းတော့ပါဘူး)။ ကလေးသဘာဝ ကစားချင်၊ ဆော့ချင်တဲ့ စိတ်က အလေးကဲနေပေမယ့်လည်း ပညာရေးနဲ့ ပတ်သက်ပြီး အမေ့ကို ကြောက်နေရတော့ ကျနော်တို့ ကလေးဘ၀မှာ ကစားချိန်က စာဖတ်ချိန်တွေလောက် များများစားစား မရှိခဲ့ပါဘူး။ စနေ၊ တနင်္ဂနွေလို ကျောင်းအားရက်တွေ ဆိုရင်တော့ တပတ်စာ ကျောင်းစာတွေကို ပြန်လှန်လေ့ကျက်လို့ ပြီးပြီဆိုရင် အမေက ကျနော်တို့ကို ကစားခွင့်ပေးပါတယ်။ အဲဒီအခါမှာတော့ ရသလောက် အချိန်လေးမှာ ကျနော်တို့ ညီအစ်ကိုတတွေ အစွမ်းကုန် ဆော့တော့တာပါပဲ။

အိမ်နီးနားချင်း ဘော်ဒါတွေကို ခေါ်ပြီး ခြံထဲမှာ ဘောလုံးကန်၊ သားရေကွင်းပစ်၊ ဂေါ်လီရိုက်၊ ဒိုးပစ်၊ ခြင်းလုံးခတ်၊ စွန်လွှတ်၊ ဂျင်ပေါက် … စသဖြင့် သူ့ရာသီနဲ့သူ အစုံလျှောက်ကစားပါတယ်။ တခါတခါ အဲဒီကစားနည်းတွေအပြင် ရပ်ကွက်ထဲက တချို့လူကြီးတွေ ငှက်ပစ်တာ၊ ငါးမျှားတာတွေကို အားကျပြီး လိုက်လုပ်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခြံထဲမှာ လေးခွတလက်နဲ့ ငှက်လျှောက်ပစ်တာတော့ တကောင်တလေမှ လောက်စာ ထိမှန်ပြီး အောက်ပြုတ်ကျခဲ့တာ မရှိခဲ့ပါဘူး။ အဲ … ငါးမျှားခဲ့ဖူးတာမှာတော့ အခုအချိန်အထိ မေ့မရနိုင်ဘဲ ကျနော့်ရင်ထဲ စွဲမြဲနေခဲ့တဲ့ အဖြစ်အပျက်ကလေးတခု ရှိခဲ့ဖူးပါတယ်။

ကျနော်တို့အိမ်ရှေ့ ရေမြောင်းထဲမှာ မိုးရာသီဆို ငါးရံ့ပေါက်ကလေးတွေ၊ ငါးခူပေါက်ကလေးတွေ ရောက်ရောက်နေတတ်ပါတယ်။ ရပ်ကွက်ထဲက တချို့လူတွေ ကျနော်တို့အိမ်ရှေ့ မြောင်းအကူး တံတားလေးပေါ်မှာ ငါးလာထိုင်မျှားနေတာကို ကြည့်ပြီး ကျနော်လည်း ငါးမျှားချင်စိတ်ပေါက်လာတယ်။ ရှစ်နှစ်သားအရွယ် သုံးတန်းကျောင်းသားဘ၀လောက်ကပေါ့။ အဖေနဲ့ အမေကိုလည်း ငါးမျှားတံ မပူဆာရဲတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ၀ါးခြမ်းပြားအသေးလေးတခုထိပ်မှာ အပ်ချည်ကြိုးကို ချည်ပြီး ငါးမျှားတံ လုပ်ပါတယ်။ ပင်အပ်တချောင်းကို ရအောင်ကွေးပြီး ငါးမျှားချိတ်သဘောမျိုး အပ်ချည်ကြိုးထိပ်မှာ ချည်လိုက်ပါတယ်။ နောက်ပြီး ပင်အပ်မှာ တီကောင်တကောင်ကို ရအောင်ရှာတပ်ပြီး တံတားအစွန်းမှာ ထိုင်၊ ခြံစည်းရိုးကို ကွယ်ပြီး အဖေနဲ့ အမေ မသိအောင် တိတ်တိတ်ကလေး ငါးထိုင်မျှားပါတော့တယ်။

မကြာပါဘူး။ ငါးခူလား၊ ငါးရံ့လား မသိတဲ့ တထွာသာသာလောက် ငါးတကောင် ကျနော့်ငါးမျှားချိတ်ကို လာဟပ်တော့တာပါပဲ။ ရေမြောင်းကလည်း တိမ်၊ ရေကလည်း သိပ်မနောက်တော့ အစာလာဟပ်တဲ့ ငါးကလေးကို ကျနော် မြင်နေရတာပေါ့။ ငါးမျှားချိတ်နဲ့ ချိတ်မိတာ သေချာပြီလို့ ထင်တဲ့အချိန်မှာတော့ ငါးမျှားတံကို မြောင်းနှုတ်ခမ်းဘေး မြေကြီးပေါ် ရင်ခုန်စွာနဲ့ ဆွဲတင်လိုက်မိတယ်။ ငါးတကောင် ကြိုးတန်းလန်းနဲ့ မြေကြီးပေါ်မှာ ဖျပ်ဖျပ်လူးနေတာ တွေ့ရတယ်။ ငါးရဲ့အာခေါင်မှာ ပင်အပ် စူးနေတာ ကြည့်ပြီး ကျနော် တအားလန့်သွားတယ်။ ငါးလေး နာလို့ ဖျပ်ဖျပ်လူးနေတယ် ထင်ပြီး ပင်အပ်ကို ဖြုတ်ပေးဖို့ ကျနော် ကြိုးစားကြည့်တယ်။ ငါးက တအားလှုပ်နေတာနဲ့ ကျနော် မကိုင်ရဲပြန်ဘူး။ ဒါနဲ့ အယောင်ယောင် အမှားမှားဖြစ်ပြီး ငါးမျှားတံကို ကိုင်ကာ ငါးကို ရေထဲ ပြန်ချလိုက်မိတယ်။ ရေထဲမှာလည်း ငါးက ဖျပ်ဖျပ်လူးနေတာပဲ။ အဲဒါနဲ့ ချွေးတွေပြန်လာပြီး ငါးကို မြေကြီးပေါ် ပြန်ဆွဲတင်မိပြန်တယ်။ ပင်အပ်ဖြုတ်ပေးဖို့ ထပ်ကြိုးစားကြည့်ပေမယ့် ဆန့်ငင် ဆန့်ငင် ဖျပ်ဖျပ် ဖျပ်ဖျပ် လှုပ်နေတာကို ကြည့်ပြီး ကျနော် မကိုင်ရဲပြန်ပါဘူး။ ကျနော့်ကိုယ်မှာ ချွေးတွေ ပိုထွက်လာတယ်။ ပိုလည်း လန့်လာတယ်။

နောက်ဆုံးတော့ ကြောက်လန့်ပြီး ဘေးအိမ်က ဦးလေးကြီးကို အဖေနဲ့ အမေ မသိအောင် တိတ်တိတ်ကလေး ပြေးခေါ်မိတယ်။ ဦးလေးကြီး လိုက်လာပြီး ပင်အပ်စူးနေတဲ့ ငါးကို ဖြုတ်ကာ ရေထဲ ပြန်လွှတ်ပေးလိုက်မှပဲ ကျနော် စိတ်သက်သာရာရသွားတော့တယ်။ ဒါတောင် အဲဒီတနေ့လုံး ကျနော့်အာခေါင် ကျနော် ပြန်ပြန်စမ်းမိပြီး စိတ်ထဲမှာ တွန့်ခနဲ တွန့်ခနဲ ဖြစ်ဖြစ်သွားတဲ့ အကြိမ်ပေါင်း မနည်းဘူး။ အာခေါင်မှာ အပ်စူးခံထားရတဲ့ ငါးကလေး တော်တော်နာမှာပဲလို့ တွေးမိပြီးတော့လည်း တနေ့လုံး စိတ်မကောင်းဖြစ်ခဲ့ရတယ်။

ညရောက်လို့လည်း အိပ်ရော၊ အိပ်မက်ဆိုးတွေ မက်ပါလေရော။ အိပ်မက်ထဲမှာ အပိုင်းပိုင်း ပြတ်နေတဲ့ တီကောင်တကောင်ကိုလည်း ကြောက်မက်ဖွယ် မြင်မက်မိတယ်။ နောက်ဆုံး ငါးမျှားချိတ်အကြီးကြီးတခု ကျနော့်အာခေါင်ကို လာချိတ်တော့မှ နာလွန်းအားကြီးလို့ ကြောက်လန့်တကြား ထအော်ပြီး ကျနော် အိပ်မက်က လန့်နိုးလာတယ်။ ကျနော့်တကိုယ်လုံး ချွေးတွေ ရွှဲနစ်နေတယ်။ ဘေးကို ကြည့်လိုက်တော့ အစ်ကိုနဲ့ ညီက အိပ်မောကျလို့ …။ ကျနော် အော်တာကို ကြားပုံမပေါ်။ ဒါနဲ့ ကျနော်လည်း အသာပြန်လှဲပြီး မနက်က ငါးမျှားခဲ့တာကို ချွေးတရွှဲရွှဲနဲ့ ပြန်တွေးနေမိတယ်။ နဖူးပေါ် လက်တင်ရင်း ကျနော် မျှားခဲ့တဲ့ ငါးလေးရဲ့ နာကျင်မှုကို ကိုယ်ချင်းစာမိသွားတယ်။ အဲဒီအချိန်မှာပဲ နောက်နောင် ဘယ်တော့မှ ငါးမမျှားတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ အိပ်မက်ထဲမှာ ကိုယ့်အာခေါင် နာခဲ့တာကို ကြောက်လန့်တကြား ပြန်တွေးပြီး နောက်နောင် ဘယ်သတ္တ၀ါရဲ့အသားကိုမှလည်း နာကျင်အောင် သွားမလုပ်မိတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဟာ ကျနော့်ရဲ့ ငယ်ဘ၀ အတွေ့အကြုံလေးတခုကနေ ကိုယ်ချင်းစာတရား ထားရမယ်ဆိုတဲ့ အသိတခု ကျနော့်စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

အခု မဂ္ဂဇင်းတစောင်ကို တာဝန်ယူပြီး အယ်ဒီတာလုပ်နေချိန်မှာလည်း အဲဒီအဖြစ်အပျက်ကလေးကို မကြာခဏ သတိရမိတိုင်း ကိုယ်ချင်းစာတရားအကြောင်းကို တွေးတွေးနေမိတယ်။ အဲဒီ ငါမျှားတဲ့ ငယ်ဘ၀ အတွေ့အကြုံလေးရဲ့ အိပ်မက်ထဲမှာ ကိုယ့်အာခေါင်ကို ငါးမျှားချိတ် စူးတာ မခံနိုင်လွန်းလို့ နာရင် သူတပါးအသားကိုလည်း ဘယ်တော့မှ နာကျင်အောင် မလုပ်မိဖို့ ဆုံးဖြတ်ခဲ့မိသလို … အဲဒီကမှတဆင့် ကိုယ့်ကို နှိပ်စက်ညှင်းပန်းတာ မခံနိုင်သလို သူများကို မနှိပ်စက် မညှင်းပန်းမိဖို့၊ ကိုယ့်ကို လိမ်လည်တာ မကြိုက်သလို သူများကို မလိမ်လည်မိဖို့၊ ကိုယ့်အပေါ် ကတိပျက်တာ မကြိုက်သလို သူများအပေါ်လည်း ကတိမပျက်မိဖို့၊ ကိုယ့်ကို ဖိနှိပ်တာ မကြိုက်သလို သူများကိုလည်း မဖိနှိပ်မိဖို့၊ ကိုယ့်အကြောင်း မကောင်းပြောတာ ရေးတာ မကြိုက်ရင် သူများကိုလည်း မကောင်းတာ မပြော မရေးမိဖို့၊ ကိုယ့်ကို အထင်သေးအမြင်သေးနဲ့ အကြည့်ခံရတာ မကြိုက်ရင် သူများကိုလည်း အထင်သေးအမြင်သေးနဲ့ မကြည့်မိဖို့၊ ကိုယ့်ကို ဟားတိုက်လှောင်ပြောင်တာ မကြိုက်ရင် သူများကိုလည်း ဟားတိုက်လှောင်ပြောင်တာ မလုပ်မိဖို့၊ ကိုယ့်ကို ကလိတာ ရိတာ မကြိုက်ရင် သူများကိုလည်း မကလိ မရိမိဖို့၊ ကိုယ့်ကို ဟိန်းဟောက် ခြိမ်းခြောက်တာ မကြိုက်ရင် သူများကိုလည်း မဟိန်းဟောက် မခြိမ်းခြောက်မိဖို့ … စသဖြင့် အတွေးပွားနေမိတယ်။ အဓိက အခြေခံကတော့ ကိုယ်ချင်းစာတရားပါပဲ။

အဲဒီလို ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်ရင် လူတဦးနဲ့ တဦးကြားမှာရော၊ လူ့အဖွဲ့အစည်းအတွင်းမှာပါ ပြဿနာတွေ လျော့ပါးပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကိုယ်ချင်းစာတရားရဲ့ အခြေခံက ဘာလဲဆိုတာ တွေးမိပြန်တယ်။ ကျနော့်အထင်တော့ ကိုယ်ချင်းစာတရားရဲ့ အခြေခံဟာ ကိုယ်ကိုယ်တိုင် ခံစားရမှု ခံစားတတ်မှု၊ သူတပါးကိုယ်စား ခံစားနားလည်ပေးတတ်မှုပါပဲ။ အဲဒီလိုခံစားမှုတွေကို ဘယ်က ရနိုင်သလဲဆိုရင် ဘ၀အတွေ့အကြုံနဲ့ စာပေကတဆင့် ရနိုင်တယ်လို့ ထင်ပါတယ်။ စာပေထဲမှာမှ ရသစာပေကသာ အဲဒီလို ခံစားမှုတွေကို အဓိက ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။

ကိုယ့်ဘ၀အတွေ့အကြုံ မဟုတ်တဲ့ တပါးသူရဲ့ ဘ၀အတွေ့အကြုံတွေကို သူတို့ရေးတဲ့ ရသစာပေတွေကတဆင့် ကျနော်တို့ စာနာခံစားပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ဘ၀အတွေ့အကြုံ၊ ကိုယ်ဖတ်ထားတဲ့ ရသစာပေတွေကရတဲ့ သူတပါးတွေရဲ့ ဘ၀အတွေ့အကြုံတွေကမှတဆင့် ကိုယ်ချင်းစာတရားကို ရှေးရှုတဲ့ ခံစားမှုတွေမျိုးစုံကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ခံစားတတ်တဲ့လူတွေ များပြားလာမှ လူ့အဖွဲ့အစည်းအတွင်း ကိုယ်ချင်းစာတရား ပိုမိုထွန်းကား ကျယ်ပြန့်လာပြီး လူတွေရဲ့ စိတ်ယဉ်ကျေးမှုလည်း တိုးတက်စည်ပင်လာမှာ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ယဉ်ကျေးမှု တိုးတက်စည်ပင်လာမှလည်း အဲဒီလူ့အဖွဲ့အစည်းဟာ အမှန်တကယ် ငြိမ်းချမ်းမယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့ အခုအချိန်မှာ ရသစာပေကို ဦးစားပေးတဲ့ မဂ္ဂဇင်းတစောင်ကို ကျနော် ယုံယုံကြည်ကြည် လုပ်ကိုင်ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ ။

(အဖေနဲ့ အမေသို့ …)

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၀၀ ခုနှစ်)

1 comment:

S.Maung Chain said...

Yes.
I agree with your article and I under
stand what you mean.I think this is
the inevitable among human being since world appeared.Because of....
(1) Different Knowledge
(2) Different education
(3)Different experients
(4) Different idea
That all,thank for your article.