Tuesday, January 31, 2012

အရိုင်းစိတ်၊ အယဉ်စိတ်

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၈)
အရိုင်းစိတ်၊ အယဉ်စိတ်
ဒေါက်တာလွဏ်းဆွေ

မြန်မာ့လက်ဝှေ့အကျော်အမော်များဖြစ်ကြသည့် ၀မ်ချိုင်း၊ အယ်ထီးကော်၊ စောသဲမျိုးတို့နှင့် အမေရိကန် ကစ်ဘောက်ဆာချန်ပီယံများ ထိုးသတ်ကြမည်ဆိုသည့် ရက်ပိုင်းအလို တညနေက ဖြစ်ပါသည်။

ထိုညနေက စာနယ်ဇင်းလောကသားများ စုဝေးရာ ‘လေထန်ကုန်း’ လက်ဖက်ရည်ဆိုင်သို့ သွားရန် ၃၃ လမ်းထဲသို့ အ၀င် ညိုညိုတေးသံသွင်းရှေ့အရောက်၌ မိတ်ဆွေစာနယ်ဇင်းဆရာတဦးက ကျနော့်အား သတင်းတခု လာပြောပါသည်။ သူက မကြာမီ ကျင်းပမည့် လက်ဝှေ့ပွဲအတွက် အကျိုးဆောင်ဂျာနယ်တိုက်တွင် မဂ္ဂဇင်းတစောင်လျှင် မေတ္တာလက်မှတ်တစောင်နှုန်း ပေးနေကြောင်း၊ အပြင်ဈေးနှင့် ၀ယ်ကြည့်မည်ဆိုလျှင် လက်မှတ်တစောင် ၄,၀၀၀၊ ၅,၀၀၀ ဈေးရှိကြောင်း၊ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းအတွက် လက်မှတ်သွားယူဖို့ အခွင့်အရေးကို လက်မလွတ်စေလိုသည့် စေတနာနှင့် အသိပေးပြောပြပါသည်။

ကျနော်က လက်ဝှေ့ပွဲကြည့်ရသည့် အရသာကို မနှစ်သက်ကြောင်း၊ ကြည့်ချင်စိတ်မရှိကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားကာ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ဆက်လျှောက်ခဲ့ပါသည်။ မိတ်ဆွေစာနယ်ဇင်းဆရာကတော့ အခွင့်အရေးတခုကို အလွယ်တကူ ငြင်းဆိုခဲ့သည့် ကျနော့်အပေါ် နားမလည်နိုင်သည့် အတွေးများနှင့် ကျန်ခဲ့မည်လား မပြောတတ်။ အမှန်ဆိုလျှင် ကျနော် မကြည့်ချင်လည်း ထိုလက်မှတ်ကို သွားယူပြီး မဂ္ဂဇင်းတိုက်မှ ကြည့်ချင်သည့်သူကို သွားကြည့်ခိုင်း၍ ရသည်ပဲမဟုတ်လား။ သို့သော် ကျနော်သည် အခြားသူတယောက်ယောက်ကိုလည်း လက်ဝှေ့ပွဲ သွားကြည့်ဖို့ အားပေးချင်စိတ်မရှိ၍ ထိုအခွင့်အရေးကို ငြင်းဆိုခဲ့ခြင်းသာဖြစ်ပါသည်။ ကျနော့်တွင် ထိုသို့ လက်ဝှေ့ပွဲကို မကြည့်ချင်သည့်၊ ကြည့်ဖို့လည်း အားမပေးချင်သည့်စိတ် ကိန်းအောင်းနေခဲ့ခြင်း၌ အကြောင်းတရားတချို့ ရှိပါသည်။

ကျနော် ခပ်ငယ်ငယ်က (၇ တန်၊ ၈ တန်း ကျောင်းသားအရွယ်လောက်က ဖြစ်မည်ထင်သည်) တောင်ငူမြို့ လွတ်လပ်ရေးပွဲတော်ကြီးတွင် သမန်းကျားနှင့် စောရူဘီတို့ ထိုးသတ်သော မြန်မာ့လက်ဝှေ့ပွဲကို ကြည့်ခဲ့ဖူးပါသည်။ ထိုနေ့က လက်ဝှေ့သမားနှစ်ဦး အပြန်အလှန် ထိုးသတ်ကြရင်း မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ဖူးရောင်နီရဲလာကြသည်တို့ကို မြင်ရသောအခါ ကျနော် ဆက်၍ မကြည့်ရက်တော့ဘဲ မျက်နှာလွှဲကာ ခေါင်းငုံ့နေခဲ့ပါသည်။ ထို့အပြင် မိမိ၏ အသားမနာတိုင်း လက်ဝှေ့သမားနှစ်ဦးအပေါ် ကိုယ်ချင်းမစာနာစွာ “ထိုးကွ … နှက်ကွ … ချကွ” ဟု အော်ဟစ်တောင်းဆိုနေကြသော ပရိသတ်တချို့၏ အော်ဂလီဆန်စရာ အသံဗလံများကိုလည်း စက်ဆုပ်ရွံရှာလာမိပါသည်။ ထို့နောက်ပိုင်း လက်ဝှေ့ပွဲများကို ကျနော် မကြည့်ဖြစ်တော့။ ကြည့်ချင်စိတ်လည်း မရှိတော့ …။

တက္ကသိုလ်တက်နေစဉ်ကာလကလည်း လက်ဝှေ့နှင့် ပတ်သက်၍ အကြီးအကျယ် တုန်လှုပ်ချောက်ချားကာ စိတ်မကောင်းဖြစ်ခဲ့ရဖူးပါသည်။ သူငယ်ချင်းတဦးက မြောက်ဥက္ကလာ ပွဲတော်တခုတွင် သူကြည့်လာခဲ့သည့် လက်ဝှေ့ပွဲအကြောင်းကို ပြန်ပြောပြခဲ့စဉ်အခါက ဖြစ်ပါသည်။ ထိုနေ့ညက သူကြည့်လာခဲ့သောပွဲတွင် လက်ဝှေ့သမားတဦးက ပြိုင်ဘက်လက်ဝှေ့သမား၏ လည်ပင်းကို ခြေထောက်နှင့် ဖြတ်ကန်ရာ အကန်ခံရသည့် လက်ဝှေ့သမားမှာ ကြိုးဝိုင်းပေါ်တွင်ပင် ချက်ချင်း အသက်ထွက်ကာ ပွဲကို ရပ်နားလိုက်ရကြောင်း ပြောပြခဲ့ခြင်းဖြစ်ပါသည်။ ထိုသတင်းကို ကြားပြီး ဆုံးပါးသွားသော မမြင်တွေ့ဖူးသည့် လက်ဝှေ့သမားတဦးအတွက် အထူးပဲ ၀မ်းနည်းကြေကွဲခဲ့ရဖူးပါသည်။

တခါတုန်းကလည်း ရန်ကုန်ဘူတာကြီးသို့ ဧည့်သည်လိုက်ပို့စဉ် ဘူတာကြီးစင်္ကြံထက်က တယ်လီဗေးရှင်းတွင် ပြသနေသော မြန်မာ့လက်ဝှေ့ပွဲမြင်ကွင်းတခုကို သွားရင်းဟန်လွဲ မြင်လိုက်ရပါသည်။ မြင်နေရသည့် မြင်ကွင်းမှာ လက်ဝှေ့ပွဲချီ ခေတ္တရပ်နားထားချိန်တွင် ပွဲကြည့်စင်ထက်မှ ပရိသတ်တဦးက လောင်းကြေးနိုင်နေ၍ပဲလား၊ သူအားပေးသည့် လက်ဝှေ့သမား အသာစီးရနေ၍ပဲလားမသိ။ သူ၏ဘေးက ပရိသတ်များ ညာသံပေး၍ လက်ခုပ်တီးနေကြသည့် စည်းချက်တွင် ကွေးနေအောင် က,နေသည့် မြင်ကွင်းဖြစ်ပါသည်။ ထိုမြင်ကွင်းကို တွေ့ရသည့်အခါ ကြိုးဝိုင်းထဲမှ လက်ဝှေ့သမားနှစ်ဦးအတွက် စိတ်မကောင်းဖြစ်မိသလို ထိုသူများကိုလည်း အထူးပင် စိတ်ပျက်သွားမိပါသည်။

ကြိုးဝိုင်းထဲမှာတော့ လက်ဝှေ့သမားနှစ်ဦးစလုံး၏ သွေးသံရဲရဲနှင့် ရောင်ကိုင်းနေသည့် မျက်နှာများကို အကူလူများက ကြပ်ပူထိုးပေးနေကြသည်များကို ပြတာတွေ့ခဲ့ရပါသည်။ တဆက်တည်းမှာပင် လမ်းဘေး၌ မကြာခဏ မြင်တွေ့ရတတ်လေ့ရှိသော ရပ်ကွဲထဲက ကြက်ပွဲလေးများကို မျက်စိထဲ မြင်ယောင်လာမိပါသည်။ ကြက်နှစ်ကောင်က စည်းဝိုင်းထဲမှာ အတောင်ကျွတ်ပြီး သွေးသံရဲရဲဖြစ်နေသော်လည်း ဘေးက ပရိသတ်က အော်ဟစ်ဆဲဆိုကာ ညာသံပေး၍ ဆက်ခွပ်ခိုင်းနေသည့် မမြင်ရက်စရာ မြင်ကွင်းများကို ပြန်လည်မြင်ယောင်လာမိပါသည်။

အဆိုပါ ကခုန်နေကြသည့် ပရိသတ်များ၏ စိတ်တွင် အယဉ်စိတ်ထက် မိမိ၏ စိတ်လိုဘတခု ကျေနပ်မှုရစေရေး၊ လောင်းကြေးငွေ အနိုင်ရရေးအတွက် လက်ဝှေ့သမားတို့အပေါ် ကိုယ်ချင်းမစာနာစွာ အားပေးသည့် အရိုင်းစိတ်က ပိုမိုလွှမ်းမိုးနေသည်ဟု ကျနော် ထင်မိပါသည်။ ထိုးသည့်လူကတောင် ထိုးရဲကြသေးတာ ဘာလို့ မကြည့်ရဲရမှာလဲဟု စောဒကတက်လာခဲ့လျှင်လည်း လူမှန်လျှင် မကြည့်ရဲတာနဲ့ မကြည့်ရက်တာ၊ မလုပ်ရဲတာနဲ့ မလုပ်ရက်တာ၊ မပြောရဲတာနဲ့ မပြောရက်တာ ဆိုတဲ့ ကိုယ်ချင်းစာတရားအခြေခံနှင့် ခွဲခြားကြည့်မြင်ဖို့လိုကြောင်း ကျနော်က ဆင်ခြေပေးချင်ပါသည်။ ထိုဆင်ခြေကြောင့်ပင် နောက်ပိုင်း လက်ဝှေ့ပွဲတွေကို ကျနော် မကြည့်ရက် မမြင်ရက်တော့ခြင်းဖြစ်ပါသည်။

ထို့အပြင် မိမိတဦးတည်း၏ အမြင်အရလည်း လက်ဝှေ့ကစားနည်းကို အားကစားနည်းတခုဟု မရှုမြင်မိပေ။ အားကစားနည်းဆိုသည်မှာ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာယှဉ်ပြိုင်ပြီး နှစ်ဘက်အားကစားသမားများအတွက် (မတော်တဆ ထိခိုက်နာကျင်မှုမှလွဲ၍) ဘေးအန္တရာယ် တစုံတရာ မဖြစ်စေဘဲ ပရိသတ်ကိုလည်း စိတ်ကျေနပ်အားရပျော်ရွှင်စေသည့် ကစားနည်းများကိုသာ အားကစားဟု သတ်မှတ်လိုပါသည်။

လက်ဝှေ့ကစားနည်းကား မထိုးသတ်မီကပင် အသက်အန္တရာယ်ရှိသည့်အတွက် သေသွားလျှင်လည်း သဘောတူကြောင်း လက်မှတ်ရေးထိုး ကစားရသည်ဟု ကျနော် ကြားဖူးပါသည်။ ထိုသို့ ရခဲလှသော လူ့အသက်နှင့် အလောင်းအစားလုပ်ရသည့် ကစားနည်းဖြစ်သည့်အတွက် ကျနော့်အနေဖြင့် အားကစားနည်းတခုဟု မရှုမြင်နိုင်ခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အားကစားနည်းသည် အားပေးသော ပရိသတ်များကို အရိုင်းစိတ် မဖြစ်ပေါ်စေဘဲ အယဉ်စိတ်ကိုသာ တိုးပွားစေသင့်သည်ဟုလည်း ထင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် ကိုယ်ချင်းစာတရားကို ရှေးရှုသည့် ယဉ်ကျေးသိမ်မွေ့သော စိတ်ဓာတ်များဖြင့်သာ ပိုမိုငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု ယုံကြည်မိသောကြောင့် ဖြစ်ပါသည်။

စာကြွင်း ။ ။ ဤစာစုကို ရေးသားခြင်းသည် လက်ဝှေ့ထိုးသတ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော လက်ဝှေ့သမားများ၏ ၀မ်းရေးကို ထိခိုက်စေလိုသောဆန္ဒဖြင့် မဟုတ်ဘဲ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်သည့် လက်ဝှေ့အားကစားနည်း၏ အကျိုးအာနိသင်များကို ပြန်လည်စဉ်းစားသုံးသပ်စေလိုသော စေတနာဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်း အလေးအနက် ပြောကြားအပ်ပါသည်။

မှတ်ချက် ။ ။ ဤ ‘တာဝန်ခံအယ်ဒီတာစကား’ ကို စာပေစိစစ်ရေးမှ ဖော်ပြခွင့်မပြုခဲ့ပါ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၁ ခုနှစ်)

4 comments:

charlie said...

ခုတလောတော်တော်တရားတွေပေါက်နေပါလားဆရာ။
ကောင်းတယ်ဗျာ၊ကျွှန်နော်ကံကောင်းလူကောင်းဖြစ်ချင်
ပြီပေါ့နော၊အေးလေဗျာအဘတောင်တရားကျနေပြီဆို
အမှီိလိုက်ရမှာပေါ့ဗျာ။ထပ်ပြီးကံကောင်းပါစေဗျာ။

kmoe said...

I am going to Punch your face.

yoo said...

ဒေါက်တာလွှတ်ဆွ ။ ။
" မိမိ၏ အသားမနာတိုင်း လက်ဝှေ့သမားနှစ်ဦးအပေါ်
ကိုယ်ချင်းမစာနာစွာ “ထိုးကွ … နှက်ကွ … ချကွ” ဟု အော်ဟစ်တောင်းဆိုနေကြသော ပရိသတ်တချို့၏
အော်ဂလီဆန်စရာ အသံဗလံများကိုလည်း စက်ဆုပ်ရွံရှာလာမိတယ်ဗျ...။ ဒါကြောင့်...့နောက်ပိုင်း လက်ဝှေ့ပွဲများကို
ကျနော် မကြည့်ဖြစ်တော့...။
ကြည့်ချင်စိတ်လည်း မရှိတော့ဘူး …"

ချွတ်ပရား။ ။ " အဲဒီတော့...."

ဒေါက်တာလွှတ်ဆွ ။ ။ " လက်ဝှေ့ ပွဲသာ
မကြည့် ချင်၊ မမြင်ချင်တာပါ...။
ရက်ရက်စက်စက် နှိမ်နင်း တတ်တဲ့ အစိုးရ နဲ့ 
လူထု.. ဆန္ဒပြ ၊ အဓိကရုဏ်းပွဲ တွေကို ကျ
ကြည့်ချင်၊မြင်ချင် သားဗျ..။
လက်ဝှေ့ က တစ်ယောက်၊နှစ်ယောက် ထဲပဲ နာတာလေ..။
ဆန္ဒပြပွဲ ကျ အစုလိုက်၊အပြုံလိုက်.."

ချွတ်ပရား။ ။" အား..ရို ရို..၊
ဒေါက်တာ့ အရိုင်းစိတ်၊ အယဉ်စိတ် လဲ...ကြောက်ချာကြီး..."

ma har said...

ဘယ်လိုလဲဗျ အယဉ်စိတ်တွေဝင်လာပြီလား
အရင်စိတ်ကို အရင်ဖျောက်နိုင်မှ အယဉ်စိတ်က
လာနိုင်မှာပါ