Sunday, January 1, 2012

ရာဇ၀င် ရှိပါတယ်

တခါက လူနှစ်ယောက်ရှိတယ်။ တယောက်က မျက်စိမမြင်တဲ့သူ။ ဒါပေမယ့် ဉာဏ်တော့ရှိတယ်။ သူ့နာမည်က ဖိုးဉာဏ်တဲ့၊ နောက်တယောက်တော့ ဗလကောင်းကောင်းနဲ့ လူပဲ။ ဆိုးတာက သူက ဉာဏ်တော့မရှိဘူး။ အဲ့ သူသိတာတခုတော့ ရှိတယ်။ အဲ့ဒါ ဖိုးဉာဏ်ကို ဆရာတင်ရမယ် ဆိုတာပဲ။

သူ့နာမည် ဗလတဲ့။ သူတို့က အတွဲတော့ ညီသား။ ဗလက ဖိုးဉာဏ်ကို ကုန်းပိုးပြီး သွားတတ်သလို ဖိုးဉာဏ်ကတော့ ဗလ ပြောတာ နားထောင်ပြီး ဆုံးဖြတ်ပေးတတ်တယ်။ ဘယ်လောက်တောင်လဲဆိုတော့ တခါက သူတို ညပိုင်းကြီး ပြန်လာတာ ဗလက …

“ဟေ့ကောင် ဖိုးဉာဏ် ငါတို့ဆီကို ခပ်လင်းလင်းဟာကြီးနှစ်ခု ပြေးဝင်လာတယ်”

ဖိုးဉာဏ်က စဉ်းစားပြီး ...

“ဘယ်လိုဟာလဲဟ”
“ခပ်လင်းလင်းနဲ့ အသံတွေလည်း ထွက်နေတယ် နှာမှုတ်သံကြီးနဲ့ ငါတို့နဲ့တောင် အတော်နီးလာပြီ”
“လင်းလည်း လင်းတယ် အသံလည်း ထွက်နေတယ် ဟုတ်လား”
“အေး ... ငါတို့နဲ့တောင် သိပ်မကွာတော့ဘူး”
“ဘယ်လိုအသံလဲကွ”
“တတီတီ တပွမ်ပွမ်နဲ့ကွ”
“ဟာ … မင်းအဘ … အဲ့ဒါ … ကားဟ… ရှောင်ရှောင် …”

အသေအလဲ ရှောင်လို့ မတိုက်မိပေမယ့် နှစ်ယောက်လုံး လမ်းဘေးကို ဒိုင်ဗင်ပစ်လိုက်ရလို့ အကွဲကွဲ အပြဲပြဲပဲ။ အဲ့လိုနှစ်ယောက်ပါ။ ဒါပေမယ့် အပေးအယူတော့ ဖြောင့်လို့ ...။

အဲ့လိုနဲ့ တနေ့ ...။ ညတညမှာ သူတို့ အိမ်အပြန်မှာ အပင်ကြီးတပင်ကြီးအောက်က ဖြတ်ပြန်ရတယ်။

အဲ့အပင်မှာ ညဂျူတီကျတဲ့ သရဲတကောင် ရောက်နေတယ်။ သူ့တာဝန်က ဒီညမှာ ဒီအပင်အောက်ကို ဖြတ်တဲ့ လူနှစ်ယောက်ကို ခြောက်ရမှာ။ တခါတည်း နှစ်ယောက်ကိုတွေ့တော့ ပိုင်ပြီပေါ့။ ပိုတဲ့အချိန်ကို ဘီယာဆိုင် ထိုင်မယ်၊ မာဆတ် သွားမယ်ပေါ့။ ဒါကြောင့် ၀ုန်းကနဲ ခုန်ချပြီး သူ့ရဲ့ကြောက်စရာကောင်းတဲ့ လက်တွေကို ဆန့်ထုတ်လိုက်တယ်။ ဗလက သူရှေ့ရောက်လာတဲ့ သရဲကို သေချာကြည့်ပြီး …

“ဖိုးဉာဏ်ရေ ငါတို့ရှေ့ကို အဖြူရောင်အ၀တ်နဲ့ လူတယောက် ခြေကားယား လက်ကားယား လုပ်နေတယ်”
“ဟေ … မော်တော်ပီကယ်နေမှာပါကွာ။ သူတို့ဖလားကြီးတောင် ပါဦးမယ် ”
“အဖြူရောင်အ၀တ်က အစုတ်စုတ် အပြတ်ပြတ်နဲ့ကွ”
“အော် ... ၀န်ထမ်းနေမှာပေါ့”
“ မျက်လုံးပြူးကြီးနဲ့ ဟ ”
“ဝေဖန်ရေးဆရာနေမှာဟ”
“လျှာကလည်း တတောင်လောက် ထွက်နေတယ်”
“ကျူရှင်ဆရာနေမှာ”

သူတို့ပြောနေတာတွေ ကြားပြီး ကြာတော့ သရဲလဲစိတ်က မရှည်တော့ဘူး။
“ဟိတ်လူတွေ ကြောက်ကြလေဗျာ။ ကျုပ်က တစ္ဆေ၊ ခင်ဗျားတို့တွေကို ခြောက်နေတာ”
“ဖိုးဉာဏ်ရေ ငါတို့ကို သူက တစ္ဆေခြောက်နေတာတဲ့”
“အာ ... သူက သရဲဆိုတိုင်း ယုံလို့မရဘူးကွ ဒီခေတ်ကြီးက အလိမ်အညာတွေ များတယ်။ သူ့မှာ ဘာအထောက်အထားပါလဲ၊ မေးကြည့်ကွာ”

သရဲလည်း အတော်တင်းနေပြီ။ ဒါနဲ့ သူ့ရဲ့ သရဲမှတ်ပုံတင်ကတ်ပြားကို ပြလိုက်တယ်။ သူ့ဘ၀သက်တမ်းမှာ ဒီလိုကတ်ပြား ပြပြီး ခြောက်ရတဲ့ လူမျိုးမတွေ့ဖူးဘူး။ ဗလက မှတ်ပုံတင်ကို ကြည့်ပြီး ...

“ကတ်ပြားကတော့ ဟုတ်တယ်။ ပုံက ၀ါးနေတယ်ကွ”
“ပုံက ၀ါးတယ်ဆိုတော့ ယုံလို့မရသေးဘူး။ ပြီးတော့ အဲ့ ကတ်ပြားကို ငါက မြင်ရတာ မဟုတ်ဘူး။ ဗလ ဒီကောင် ကြည့်ရတာ မသင်္ကာစရာပဲကွ၊ ကြာတယ်ကွာ ဒီကောင်ကို မင်း ချုပ်ထားလိုက်စမ်းကွာ”

ဒါမျိုးကတော့ ဗလတို့ ဘာသွက်သလဲမမေးနဲ့။ ချုပ်ထားလိုက်တာ သရဲခမျာ ယက်ကန်ယက်ကန်နဲ့ မိပါရော။

“ဟေ့ … လူတွေ … ကျုပ်က … သ … ရဲနော် ... ကျုပ် … ကိုင်လိုက်ရမလား”
“အောင်မာ ... အခုထိ သရဲက တပြားသားမှ မလျှော့သေးဘူး၊ အေး ... မင်းကို ငါ မေးမယ်၊ မင်း သရဲဆို သိရမယ်၊ လူဟာ သေရင် ဒွါရကိုးပေါက်က အသက်ထွက်တယ်လို့ ဆိုတယ်၊ မင်းဟာ သေဖူးတဲ့ သရဲဆိုတော့ သိရမယ်၊ ပြော မင်း ဘယ်အပေါက်က ထွက်သလဲ အသက်”

သရဲလည်း အတော်ညစ်သွားတယ်၊ ကိုယ့်ဟာကို ဘယ်က ထွက်မှန်းမသိဘူး။ ဒါနဲ့ ရမ်းဖြီးလိုက်တယ်။

“နား … နား … က … ထွက်တာ”

ဒီအခါ ဖိုးဉာဏ်က တောက်တချက် ပြင်းပြင်းခေါက်ပြီး ...

“လူရဲ့ မြင့်မြတ်တဲ့ နား နှာခေါင်းက ထွက်ရင် ကောင်းတဲ့ဘုံ ရောက်တယ်ကွ။ ဟေ့ကောင် ဗလ ဒီကောင် လူလိမ်ကွ ချကွာ”

ဘာပြောကောင်းမလဲ၊ ဗလ သမလိုက်တာ သရဲ ခွေခွေလေး ကျန်ခဲ့တယ်။

ဒီဇာတ်က ပြီးမသွားခဲ့ဘူး။ တစ္ဆေလောကမှာ ဂယက်ထသွားတယ်။ သရဲတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြတယ်။ ငါတို့က ဘာလဲ ဘာတွေလဲ ဘာကောင်တွေလဲ။ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ တစ္ဆေအကြီးအကဲကြီးကတော့ ပြောရှာပါတယ် …

“တို့တွေက သရဲတွေပါ သံသယမရှိကြပါနဲ့”

ဒါပေမယ့် သူစကား ဘယ်သူမှ နားမထောင်ကြဘူး။ ခေါင်းဆောင်ကြီးလည်း တဖွဖွပြောရင်း သူ့ဘ၀ နောက်ဆုံးအချိန်ရောက်တော့ သေတမ်းစာမှာ မှာခဲ့တယ်။

မျက်စိမမြင်တဲ့သူနဲ့ ဉာဏ်နည်းတဲ့ သူတွေကို ဘယ်တော့မှ မခြောက်ပါနဲ့တဲ့။

ခုချိန်ထိ ဘယ်မျက်မမြင် ဘယ်အရူးကိုမှ တစ္ဆေခြောက်တယ်လို့ မကြားမိတာ အမှန်ပါပဲ။

cupid boy
(from mail group)

No comments: