Sunday, December 18, 2011

အခြေခံဥပဒေ အငြင်းပွားမှုမှာ ဒေါက်တာအေးမောင်တို့ ဘာကြောင့် အနိုင်ရသလဲ

အခြေခံဥပဒေ အငြင်းပွားမှုမှာ ဒေါက်တာအေးမောင်တို့ ဘာကြောင့် အနိုင်ရသလဲ
ဒိန်ဖန်ခူး

အမှုနောက်ခံအကျဉ်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ၀န်ကြီးတွေရဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင် ဥပဒေ ၃/၂၀၁၁ ပါ ပုဒ်မ ၅ နဲ့ ပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်တွေဟာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေနဲ့ တန်းတူ မသတ်မှတ်တဲ့အတွက် အခြေခံဥပဒေနဲ့ မကိုက်ညီလို့ စိစစ်ပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့အဖွဲ့က အခြေခံဥပဒေဆိုင်ရာခုံရုံးကို လျှောက်ထားခဲ့ပါတယ်။ ဒီမှာတင် ခုံရုံးက အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် အခြေခံဥပဒေအရ အစိုးရအဖွဲ့နဲ့ လွှတ်တော်က အဲဒီပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ ဘာကြောင့် ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးရသလဲဆိုတာ နားလည်ဖို့အတွက် စစ်အစိုးရအခြေခံဥပဒေ ၂၀၀၈ အရ ၀န်ကြီးအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ အရင်သိဖို့လိုပါတယ်။

ဒေါက်တာအေးမောင် RNDP
ဦးသိန်းစိန်အစိုးရခေတ်လောက် ၀န်ကြီးရာထူးတွေ အောတိုက်အောင်များတာ ဒီခေတ်ပဲ ရှိပါတယ်။

ဝန်ကြီးရာထူးတွေကတော့ ...

ပြည်ထောင်စုဝန်ကြီး

ဗဟိုအစိုးရ ကက်ဘိနက်က ၀န်ကြီးဖြစ်ပြီး ဗဟိုအစိုးရ သတ်မှတ်တဲ့ ၀န်ကြီးဌာနတခုခုကို တာဝန်ယူရပါတယ်။ ဦးသိန်းစိန်အစိုးရ တက်စက ၀န်ကြီးအရေအတွက် ၃၀ နဲ့ ၀န်ကြီးဌာန ၃၄ ခု ရှိပါတယ်။ ခုတော့ နည်းနည်း အပြောင်းအလဲ ရှိပါတယ်။

ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး

ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုမှာလည်း ပြည်နယ်ဆိုင်ရာ တိုင်းဒေသကြီးဆိုင်ရာ ၀န်ကြီးဌာန ၉ ခုစီ (နောက်ပိုင်း အပြောင်းအလဲ နည်းနည်းရှိ) ဖွဲ့ထားတဲ့အတွက် ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ဆိုတာ ရှိပါတယ်။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုမှာ ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးတွေအပြင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဆိုပြီး ရှိပြန်ပါတယ်။ စုစုပေါင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၂၇ ဦးရှိပါတယ်။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဆိုတာ ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုဖွဲ့စည်းရာမှာ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုရပြီးတဲ့ တိုင်းရင်းသားများမှအပ ကျန်လူမျိုးတွေထဲက နိုင်ငံတော်စုစုပေါင်း လူဦးရေရဲ့ ၀.၁ % နှင့် အထက် အရေအတွက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက လူမျိုးတမျိုး တဦးကျစီ ရွေးကောက်တင်မြှောက်တဲ့ ပြည်နယ်ကိုယ်စားလှယ်တွေကို “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး” လို့ ခေါ်တာ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၁၆၁(ဂ)--)။

ဥပမာ - ရန်ကုန်တိုင်းဒေသကြီးမှာ မြန်မာအများစုနေထိုင်တဲ့အတွက် ဒီမြန်မာတွေထဲက ရွေးကောက်တင်မြှောက်ခံရသူတွေက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲက ၀န်ကြီးဌာန ၉ ခုမှာ တိုင်းဒေသကြီးဝန်ကြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးထဲမှာ မြန်မာအပြင် ရခိုင်၊ ကရင်စတဲ့ တခြားတိုင်းရင်းသားတွေပါ နေထိုင်တာဖြစ်တဲ့အတွက် အဲဒီထဲက နိုင်ငံတော်စုစုပေါင်း လူဦးရေရဲ့ ၀.၁% နဲ့ အထက် အရေအတွက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက ရခိုင်နဲ့ ကရင်သာ ရှိပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးဇော်အေးမောင်က အရွေးခံရပြီး ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစောထွန်းအောင်မြင့်က အရွေးခံရပါတယ်။ ကျန်ပြည်နယ် တိုင်းဒေသကြီးတွေမှာလည်း အလားတူ ဖြစ်ပါတယ်။

ပြဿနာက ဘာလဲ

အခြေခံဥပဒေအပိုင်းကကြည့်ရင် တိုင်းပြည်လူဦးရေရဲ့ ၀.၁% နဲ့ အထက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြည်နယ်လွှတ်တော်တွေမှာ ပါအောင် ရေးဆွဲထားတာဟာ တိုင်းရင်းသားအချင်းချင်း ပြဿနာတက်အောင် ရည်ရွယ်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဥပမာ - ကချင်လွှတ်တော်မှာ အများစု ဂျိန်းဖောတွေအပြင် ၀.၁% နဲ့ အထက် အနည်းစုလူမျိုးထဲက ဂျိန်းဖောနဲ့ မတည့်တဲ့ ရ၀မ်လို လူမျိုးစုတွေ ပါအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထည့်ထားတာမျိုး၊ ရှမ်းပြည်မှာ ရှမ်းနဲ့ မတည့်တဲ့ လူမျိုးစုတွေ လွှတ်တော်မှာ ပါအောင် ထည့်ထားတာမျိုးဟာ အကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားချင်း မတည့်မှ စစ်ဗိုလ်လူထွက် ကြံ့ဖွံတွေ အုပ်ချုပ်ရတာ အဆင်ပြေမယ်လို့ တွက်ပုံရပါတယ်။

ခု ဒေါက်တာအေးမောင်တို့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကို တင်ပြတဲ့အမှုကလည်း ဒီသဘောဖြစ်ပါတယ်။

ပြည်နယ် တိုင်းဒေသကြီးက အစိုးရတွေကို ကြည့်ရင် ၀န်ကြီးရာထူးတွေကို အများစု တိုင်းရင်းသားတွေကသာ ယူထားပြီး ၀.၁% နဲ့ အထက် လူမျိုးစုထဲက အရွေးခံထားရတဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂၇ ဦးအတွက် ၀န်ကြီးအမည်ခံထားပေမယ့် ဌာနလက်ကိုင်မရှိ ဖြစ်နေပါတယ်။

နအဖ ထုတ်ပြန်ခဲ့တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေကို ပြန်ကြည့်တဲ့အခါမှာလည်း ပုဒ်မ(၁၀)(က) ပုဒ်မခွဲ (၂) အရ နိုင်ငံတော်သမ္မတသည် ...

“၀န်ကြီးများဖြစ်သည့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်” လို့ ပြဌာန်းထားပါတယ်။

လက်တွေ့မှာ ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ဘာတာဝန်မှ မပေးတဲ့ပြင် ရန်ကုန်တိုင်းဒေသကြီးဆိုရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို လိုမှ ရုံးလာပါလို့ ပြောတဲ့အတွက် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် မကျေမနပ်ဖြစ်ပြီး မီဒီယာတွေကို မကြာခင်က ဖွင့်ချခဲ့ပါတယ်။

ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူအများစုကလည်း နအဖစစ်အစိုးရလက်ထက်မှာ ရားထူးကြီးကြီးယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက အများစု ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ ရန်တိုက်ပေးတာဘယ်သူလဲလို့ စစ်ကြည့်တော့ စစ်ဗိုလ်လူထွက်တွေဖြစ်တဲ့ ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။

တိုင်းရင်းသားအချင်းချင်း သွေးခွဲဖို့အတွက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေ ၃/၂၀၁၁ မှာ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေထက် အစကတည်းက တမင်လျှော့ပေးထားတာ တွေ့ရပါတယ်။

ဇယား (၁)
လစာချင်းယှဉ်ကြည့်ရင်ကို ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေက တလကျပ်ငွေ သိန်း ၂၀ ရပေမယ့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့ လစာက ကျပ်ငွေ ၁၀ သိန်းသာ ရပါတယ်။ တခြားအဆောင်အယောင် ကွာခြားချက်တွေကိုလည်း အထက်ပါ ဇယား (၁) မှာ ကြည့်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို မြင်လာတဲ့ ဒေါက်တာအေးမောင်နဲ့အဖွဲ့က အခြေခံဥပဒေ ပုဒ်မ ၂၆၂ မှာ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို တန်းတူအခွင့်အရေးပေးထားတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ စိစစ်ပေးပါဆိုပြီး တင်ပြတာဖြစ်ပါတယ်။

ဒီမှာတင် ဒေါက်တာအေးမောင်တို့ တင်ပြချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဘာကြောင့် အနိုင်ပေးသလဲ

ဒေါက်တာအေးမောင်တို့ တင်ပြချက်ကို ကြည့်ရင် ...

* အခြေခံဥပဒေ ၂၀၀၈ မှာ အားနည်းချက်ရှိတယ်လို့ အပေါ်ယံထင်ရပေမယ့် တကယ်တော့ ဒီအားနည်းချက်ကို တမင်ဖန်တီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေ အချင်းချင်း မသင့်မတင့်ဖြစ်နေမှ စစ်ဗိုလ်လူထွက် ပြည်နယ်ဝန်ကြီးချုပ်တွေက အုပ်ချုပ်လို့ကောင်းမှာ ဖြစ်ပါတယ်။

* ဒါပေမယ့် ကနေ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ လွှတ်တော်တွေမှာ ကြံ့ဖွံပါတီအမတ်တွေက အသာစီးရနေတာတောင် လူနည်းစုဘက်က တင်ပြတဲ့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုကို အနိုင်ပေးပြီး မျှတအောင် လုပ်နေပါတယ်လို့ နိုင်ငံတကာကို လိမ်ချင်တဲ့အတွက် အနိုင်ပေးတာက ပထမအချက် ဖြစ်ပါတယ်။

* ဒုတိယအချက်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့ နစ်နာချက်ကို ပြင်ပေးတဲ့အတွက် ကြံ့ဖွံပါတီအမတ်တွေကို မထိခိုက်ဘူးလို့ ယူဆတဲ့အချက်၊ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တွေမှာ အင်အားချိန်ခွင်လျှာ သိသိသာသာ မပြောင်းနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်း ကြံ့ဖွံ့ပါတီ မျက်နှာပန်းလှအောင် ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

* တတိယအချက်က အခြေခံဥပဒေမှာကိုက ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း ရေးမထားနိုင်ခဲ့တဲ့ အခြေခံဥပဒေဆိုင်ရာ အားနည်းချက် ဖြစ်နေတာလည်း ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးရတဲ့ အကြောင်းတခု ဖြစ်ပါတယ်။

သုံးသပ်ချက်

* ဒေါက်တာအေးမောင်တို့ဘက်က အနိုင်ရတဲ့အတွက် ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့ လစာနဲ့ အဆောင်အယောင်တွေ အတူတူဖြစ်ပါတယ်ဆိုတာ လွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းပြီး ထပ်မံအတည်ပြုပေးရမှာ ဖြစ်ပါတယ်။

* တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ အဆင့်အတန်း အတူတူလို့ သတ်မှတ်ပြီးတာနဲ့ သက်ဆိုင်ရာ ပြည်နယ်တွေ တိုင်းဒေသကြီးတွေအတွက် ဘာတွေ တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုတာ မသိရပေမယ့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကတော့ တလကို ကျပ်ငွေ ၁၀ သိန်းထီ ပေါက်သလို အကျိုးအမြတ်ရမှာ ဧကန်ဖြစ်ပါတယ်။

* ဆိုလိုတာက မူလက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတဦးရဲ့ လစာက တလကို ကျပ်ငွေ ၁၀ သိန်းကနေ ပြင်ဆင်ချက်အရ နောက် ၁၀ သိန်း တိုးပေးမှာမို့ လစာ ကျပ်ငွေ သိန်း ၂၀ ရတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဒု-၀န်ကြီးတဦးလစာနဲ့ အတူတူ ဖြစ်သွားမှာပါ။ ကားတစီးလည်း ထပ်ရတော့မှာမို့ စုစုပေါင်း ကား ၂ စီး ရတော့မှာ ဖြစ်ပါတယ်။

* တွက်ကြည့်ရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတဦးကို တလ ကျပ်ငွေ ၁၀ သိန်း ထပ်တိုးပေးရမှာမို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂၇ ဦးအတွက် တလကို ကျပ်ငွေ သိန်း ၂၇၀ နိုင်ငံတော်က အပိုကုန်ကျတော့မှာ ဖြစ်ပါတယ်။ တနှစ်ဆိုရင် ကျပ်ငွေ သိန်း ၃၂၄၀ အပိုကုန်ကျတော့မှာ ဖြစ်ပါတယ်။

* ထို့အတူ မော်တော်ကားနဲ့ တခြားအဆောင်အယောင် စရိတ်တွေလည်း တက်လာမှာမို့ ဘာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂၇ ဦးအတွက် အစိုးရဘဏ္ဍာတိုက်က အပိုထပ်ကုန်ရမှာ တနှစ်ကို ကားဖိုးပါ ထည့်ပေါင်းရင် ကျပ်ငွေ သိန်းပေါင်း သောင်းနဲ့ချီ ကုန်တော့မှာ ဖြစ်ပါတယ်။ ဒီငွေတွေကို ပြည်သူတွေရဲ့ ကျန်းမာရေး ပညာရေးမှာသာ သုံးခွင်ရရင် အင်မတန် အကျိုးရှိမှာ ဖြစ်ပါတယ်။

* ဒီလိုငွေတွေ အပိုကုန်ကျတာဟာ မူလက အခြေခံဥပဒေ ၂၀၀၈ ကို စေတနာဆိုးနဲ့ ပေါ့ပေါ့လျော့လျော့ရေးဆွဲခဲ့တဲ့ အကျိုးဆက်၊ ပြည်နုယ်လွှတ်တော်တွေ တိုင်းဒေသကြီးလွှတ်တော်တွေမှာ နိုင်ငံရေးအရ ချုပ်ကိုင်ထားဖို့သာ အာရုံထားပြီး အခြေခံဥပဒေရေးဆွဲခဲ့တဲ့အတွက် တိုင်းရင်းသားလူမျိုးရေးရာဆိုတဲ့အပိုင်းမှာ အားနည်းချက်ပေါ်လွင်သွားတဲ့ အချက်တွေဖြစ်ပြီး မူလရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖ စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတာ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။

* သဘောကတော့ တချိန်က အခြေခံဥပဒေရေးဆွဲရေး ညောင်နှစ်ပင် အမျိုးသားညီလာခံမှာ ဥက္ကဌတာဝန်ယူခဲ့တဲ့ လက်ရှိအစိုးရ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိတာ ထင်ရှားနေပါတယ်။

ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးတာဟာ ဦးသိန်းစိန်အစိုးရဟာ သူတို့အားနည်းချက်ကို ဖုံးဖိဖို့၊ အခြေခံဥပဒေ အားနည်းချက်ကို ဖုံးဖိဖို့၊ နိုင်ငံတကာကို လိမ်လည်ဖို့အတွက် အနိုင်ပေးတာသာ ဖြစ်ပြီး ဖြောင့်မတ်တဲ့ တရားစီရင်မှု မဟုတ်ပါ။ ဖြောင့်မတ်တဲ့ တရားစီရင်မှုဆိုရင် နိုင်ငံတော်ကို တနှစ် ကျပ်ငွေ သိန်းသောင်းနဲ့ချီ အပိုကုန်ကျအောင် ပေါ့ပေါ့ဆဆနဲ့ အခြေခံဥပဒေရေးဆွဲခဲ့သူတွေကိုပါ ဖော်ထုတ်အရေးယူသင့်ပါတယ်။

ချုပ်ကြည့်ရင် ဦးသိန်းစိန် အပါအ၀င် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ဟာ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ မအောင်မြင်ဘဲ တိုင်းရင်းသားအချင်းချင်း သွေးကွဲတာသာ အဖတ်တင်ပါတယ်။

ဒိန်ဖန်ခူး
(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်မှ ...)

3 comments:

phru phru said...

အရေးအသား နှိုင်းယှဉ်ချက်တွေကအရမ်းကောင်းပါတယ်။ နောက်ဆုံးသုံးသပ်ချက်နှင့်အသုံးအနှုန်းတွေကတော စာရေးသူရဲ့ ပင်ကိုယ်စရိုက်လက်ဏ္ခာတွေတော်တော်ပေါ်လွင်နေတယ်။ "ဘာမဟုတ်တဲ့ တိုင်းရင်းသား ၀န်ကြီး" ဆိုတဲ့ စကားလုံးကို ဘယ်ပညာရှိကမှ ပြောမှာမဟုတ်ပါဘူး။ တိုင်းရင်းသား ၀န်ကြီးတွေမှာ ကုန်တဲ့ နိုင်ငံငွေနဲ့ သမ္မတတွေ ဆီမှာကုန်တဲ့ငွေတွေမနှိုင်းယှဉ်လောက်ပါဘူး။ အကောင်းဖက်က ပြောမယ်ဆိုရင် သမ္မတပဲဖြစ်ဖြစ် ၀န်ကြီးပဲဖြစ်ဖြစ် တရားဝင်ပေးထားတဲ့ လစာတွေဟာ အာဏာရှင်အပေါင်းပါတွေ တရားမ၀င်ရတဲ့ အခွင့်အရေးတွေနဲ့ စာရင်အလွန်အကျွံမများပါဘူး။ ထိုက်သင့်တဲ့ ရပိုင်ခွင့်တွေပေးလျှင် လာဒ်စားမှုတွေ ဖြစ်လာဖို့ အခွင့်အရေးနည်းသွားပါမယ်။ တရားဝင်ပေးတဲ့ အတွက် ပြည်သူတွေက ကြည်ဖြူမှာပါ။ အခုရတဲ့ တိုင်းရင်းသားဝန်ကြီးတွေရဲ့ အခွင့်အရေးဟာတိုင်းရင်းသားအားလုံးကိုမကာမိရင်တောင် ဒါဟာ နမူနာဖြစ်တယ်။ တခြားလူမျိုးစုတွေတောင်းဆိုဖို့အတွက်အားတစ်လှက်ဖြစ်ပါတယ်။ ဆောင်းပါးတစ်ခုလုံး၏ အယူအဆကိုကြည့်ရလျှင် အပေါ်ယံအားဖြင့် စစ်အစိုးရကို ဆန့်ကျင်သလိုထင်ရပေမဲ့ အနှစ်ချုပ်လိုက်လျှင် သွယ်ဝိုက်သောနည်းဖြင့် အာဏာရှင်ကိုထောက်ခံနေပြီး ပြည်ထောင်စုစနစ်၊ တိုင်းရင်းသားအားလုံး တန်းတူရေး စနစ်ကို မလိုလားကြောင်းကို ထင်ထင်ရှားရှားမြင်ရပါတယ်။

my world said...

no wonder why Myanmar is poor country..
how many minister and how many general in Myanmar?
They should compare with how many government servent British period in Burma ..Every year billion of kyats unnecessery use for that.
They should check other developed country.
For example in Switzerland has only 7 minister. Region and township also not alot of government staff.. Myanmar government waste alot of money for unnecessery ministery and alot of department.

my world said...

အဲဒီလိုညည်းညူသံတွေ ကြားနေရချိန်မှာ ထူးဆန်းတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်မိတဲ့အတွက် ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ ခွဲခြား မရနိုင်တဲ့ ခံစားမှုတစ်မျိုး ခံစားလိုက်ရတာကို ပြောပြချင်ပါတယ်။ သတင်းက ၂၄-၁၁-၂၀၁၁ ထုတ် Popular News ဂျာနယ်အတွဲ -၃ အမှတ် ၄၆ မှာပါလာတာပါ။ ‘ရန်ကုန်ပြည်သူ့ဆေးရုံကြီး နိုင်ငံတော်သို့ တစ်နှစ် သိန်းထောင်ချီ ပြန်သွင်းပေးနိုင်’ လို့ ခေါင်းစီး တပ်ထားပါတယ်။ လိုရင်းပြောရ ရင်တော့ နိုဝင်ဘာ ၁၅ ရက် နေ့က ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာ က မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေ သိန်းပေါင်းထောင်ချီ၍ ပြန်လည်သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်လို့ ရေးထားပါတယ်။
အစိုးရဆိုတာက ကိုယ့်အိတ်ထဲကပေးရတဲ့ ကိုယ်ပိုက်ဆံ မဟုတ်တာကြောင့် အမြဲ ဖြုန်းတီးမှု ဆိုတာရှိတယ်။ ပါးစပ်က သာ ပြောကြတာ ဘယ်တော့မှ ကြပ်ကြပ်မတ်တ်မတ် မလုပ်ကြဘူး။ ဒါကြောင့် လူသားတို့ ရထိုက်တဲ့ အခွင့်အရေး (Entitlement) လို့သတ်မှတ်တဲ့ ဒီလို အစီအစဉ်တွေကို နိုင်ငံရေးသမား အများစုက မကိုင်ရဲကြဘူး။ အမှန်ကတော့
မဆလ စိတ်ဓါတ် အငယ်စားတွေပဲ။ ဒါကြောင့် အစိုးရတိုင်းဟာ အမြဲငွေလိုနေကြတယ်။ အကြွေးနဲ့ ပိသထက်ပိ
နေကြရတာပဲ။
တိုင်းပြည် တပြည်ဆိုတာ အစိုးရနဲ့ ထုတ်လုပ်သူ လူထု ရှိနေသရွေ့ (အခွန်)ဆိုတာ ရှိစမြဲ။ (အခွန်) ဆိုတာ အစိုးရအတွက် (ဝင်ငွေ) ပါပဲ။ ပုဂ္ဂလိက နယ်ပယ်က အလုပ်သမားထက် အစိုးရ အလုပ်သမားတွေက ပိုများရတဲ့ ဘဝရောက်ကြရတယ်။ ဖြည်းဖြည်းလုပ်၊ နည်းနည်းလုပ်၊ များများတောင်းကြပေါ့၊ နောက်ဆုံးတော့ ဝင်ငွေနဲ့သုံးငွေ မမျှရင် ယုံကြည်မှု Credibility ကျဆင်း ဆုံးရှုံးရတာ ဓမ္မတာ ပါပဲ။