Wednesday, November 30, 2011

သမ္မတ ဦးသိန်းစိန်က သဘောထားပျော့ပြောင်းသူလား

၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်-မြန်မာဆက်ဆံရေး ခြေလှမ်းစိတ်လာပေမယ့် နိုင်ငံရေးအကျဉ်းသား အကုန်လွှတ်မပေးတဲ့ကိစ္စ မြန်မာအပေါ် ဒဏ်ခတ်မှုကိစ္စတွေမှာ ခုထိ မပြေလည်သေးဘဲ ဖြစ်နေပါတယ်။

မကြာခင်က မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ် စားလှယ် Mr Derek Mitchell ရဲ့ခရီးစဉ်ဟာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ပေးရေး ဖိအားပေးဖို့ တိုင်း ရင်းသားဒေသတွေမှာ အစိုးရဘက်က ရန်စောင်နေတဲ့ကိစ္စ ဖိအားပေးဖို့ ... စတဲ့အချက်တွေဟာ တခြားဆွေး နွေးမယ့်ကိစ္စတွေထဲမှာ အပါအ၀င်ဖြစ်တယ်လို့ ရန်ကုန် အမေရိကန်သံရုံး အရာရှိတဦးကို ကိုးကားပြီး လန်ဒန် မြို့ထုတ် The Guardian သတင်းစာက ရေးပါတယ်။

ဆိုင်းမဆင့်ဗုံမဆင့် ဗြုံးစားရောက်လာတဲ့ ဒီ ၂ ရက်ခရီးစဉ်နဲ့ ပတ်သက်ပြီး Mr Derek Mitchellဘက်က ဘာမှ ထုတ်ပြန်ချက် မထုတ်တဲ့အတွက် ပိုပြီး ပဟေဠိဖြစ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Mr Derek ရဲ့ အရင်ခရီးစဉ် ထက်ပိုပြီး ခုန်ပျံတိုးတက်တာမျိုးတော့ မရှိသေးပါဘူးလို့ NDF ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီ က အာအက်ဖ်အေကို ရှင်းပြပါတယ်။

“အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးကို ကြည့်ရင် စစ်တပ်က ၆ ဦး ပါနေတာမို့ ၁၁ မဲမှာ စစ်တပ်က ၆ မဲ အသာရထားပြီးဖြစ်တဲ့ သဘောပါပဲ။ တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ရဲ့ တကယ့် ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထဲမှာသာရှိတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။”

Mr Derek Mitchell ရဲ့ ပထမခရီးစဉ်အတွင်း ရန်ကုန်မှာ ထုတ်ပြန်ချက်ကိုကြည့်ရင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေးက အမေရိကန်ရဲ့ အဓိက တောင်းဆိုချက်ဖြစ်နေပါတယ်။

တနည်းပြောရရင် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန်က တိုင်းတာတဲ့နေရာမှာ နိုင်ငံရေးအ ကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးမှသာ အမေရိကန်ဘက်ကလည်း တူညီတဲ့ ကမ်းလှမ်းချက်မျိုး တုံ့ပြန်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

မြန်မာအပေါ် ပိတ်ဆို့ထားတဲ့ Sanctions ခေါ် ဒဏ်ခတ်မှုတွေ ပြန်ဖွင့်ပေးဖို့ဆိုရင်လည်း ဦးသိန်းစိန်အစိုးရ ဘက်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လွှတ်ပြတာမျိုးလို သိသာတဲ့ ပြောင်းလဲမှု ပြရမှာဖြစ်ပါတယ်။

ဒါဆိုရင် သူတို့ဖမ်းထားတာ မဟုတ်ဘဲ အရင်စစ်အစိုးရလက်ထက်က ဖမ်းဆီးထောင်ချခဲ့တဲ့ နိုင်ငံရေးအကျဉ်း သားတွေကို ပြန်လွှတ်ဖို့ သမ္မတကြီး ဦးသိန်းစိန် ဘာကြောင့် လက်တွန့်နေရသလဲဆိုတာ မေးစရာရှိပါတယ်။

ရန်ကုန်မြို့က စာရေးဆရာ မောင်ဝံသဆိုရင် ...

“ကျနော်တို့အနေနဲ့ သမ္မတကြီးအပေါ်မှာ အကောင်းမြင်တဲ့ဘက်ကို တိမ်းညွတ်နေခဲ့လေတော့ နောက်တခါ ယုံကြည်ချက် အကျဉ်းသားအားလုံးကို ထောင်ခါတော့မှာပါလို့ မျှော်လင့်ချက်နဲ့ စောင့်နေခဲ့တာ ခုချိန်တိုင် အောင်ပါပဲ။ ဟော အခု နောက်တခါ လာပြန်ပြီဟေ့လို့ ပြောစရာဖြစ်အောင် ဘာကြောင့်များ ခုလို ချော်တော ငေါ့သွားပါလိမ့်ဗျာ …” ဆိုတဲ့ထိ Popular News ဂျာနယ်ထဲက သူ့ဆောင်းပါးမှာ ရေးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ကို သမ္မတ ဦးသိန်းစိန် တဦးတည်းက လက်မှတ်ထိုး အမိန့် ထုတ်နိုင်တယ်လို့ အတော်များများက အမှတ်လွဲနေပုံရပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန် ကြည့်ရင် သမ္မတ တဦးတည်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ အာဏာ ပေးမထားပါဘူး။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၇ မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကိုသာ သူ့သဘောနဲ့သူ ပေးပိုင်ခွင့်ရှိပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင် စီအဖွဲ့ရဲ့ ထောက်ခံချက်နဲ့သာ ပေးပိုင်ခွင့်ရှိတယ်လို့ အတိအကျ ပြဌာန်းထားပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးကို ကြည့်ရင် စစ်တပ်က ၆ ဦး ပါနေတာမို့ ၁၁ မဲ မှာ စစ်တပ်က ၆ မဲ အသာရထားပြီးဖြစ်တဲ့ သဘောပါပဲ။ တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီအဖွဲ့ရဲ့ တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထဲမှာသာရှိတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အမေရိကန် ဖြစ်စေချင်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စမျိုးကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကသာ မီးစိမ်းမပြရင် သမ္မတ ဦးသိန်းစိန် ဘာမှလုပ်ပိုင် ခွင့်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါကြောင့် ဦးသိန်းစိန်သာ အများဖြစ်စေချင်သလို အမှန်တကယ် တိုင်းပြည်ပြုပြင်လိုသူ သဘောထားပျော့ ပြောင်းသူလို့ ယူဆမယ်ဆိုရင် ...

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရေး နှောင့်နှေးတာဟာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ် ဗိုလ်အဖွဲ့ ၆ ဦးနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲဝင် ဦးသိန်းစိန်တို့ အရပ်သား ၅ ဦး အုပ်စု ကြား သဘောထားကွဲပြားနေတဲ့ အချက်ကြောင့်လို့ တထစ်ချ ကောက်ချက်ဆွဲနိုင်ပါတယ်။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် အမှန်တကယ် သဘောထားပျော့ပြောင်းသူလားဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်သေးသလို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့နဲ့ တဂိုဏ်းထဲဆိုရင်လည်း အဓိပ္ပာယ်က အများ ကြီး ပြောင်းသွားနိုင်ပါတယ်။

ဦးသိန်းစိန်အစိုးရဘက်ကို ကြည့်တော့လည်း အကျပ်အတည်းဖြစ်ပါတယ်။ အမေရိကန်ဘက်က ဆန်ရှင်ရုပ် သိမ်းစေချင်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်လုပ်ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှင်းလင်းတဲ့ အချက်ပေးတာမျိုးမရဘဲ အမေရိကန်က ဆန်ရှင်ရုပ်သိမ်းပါ့မလားဆိုတာ သံသယရှိတယ်လို့ သြ စတြေးလီးယား စီးပွားရေးပညာရှင် ရှောင်တာနယ်ကလည်း ထောက်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ စစ်တပ်ထဲက ထောက်ခံမှုဘယ်လောက်ရှိသလဲလို့ လူတွေက ကျမကို မေးကြပါ တယ်၊ ဒီအချက်ဟာ အရေးလည်းကြီးပါတယ်၊ ကျမ မငြင်းပါဘူး။ ကျမ အတိအကျပြောနိုင်တာက သမ္မတ ဦး သိန်းစိန်ဟာ အစိုးရတဖွဲ့လုံးကို တာဝန်ယူထားသူဖြစ်တယ်၊ ဦးသိန်းစိန်ဟာ အပြောင်းအလဲတွေ ဆက်လုပ် နိုင်ဖို့အတွက် အထိုက်အလျောက် အာဏာရှိသူဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထင်နေတယ်လို့ the Wall Street Journal ကလည်း ထောက်ပြထားကြောင်းပါခင်ဗျား။

(အာအက်ဖ်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက် အသံလွှင့်ချက်မှ ကောက်နှုတ်ချက်)

(ဦးသိန်းစိန်ကို ပြုပြင်လိုသူဆိုပြီး ယုံသူတွေက ယုံနေကြတယ်။ ပြုပြင်လိုသူ ဟုတ်ရဲ့လားဆိုတာ သံသယရှိသူ တွေကလည်း ရှိနေတယ်။ နှစ်ဘက်လုံးမှာ ကိုယ့်ယုံကြည်မှုအတွက် ခုထိ ခိုင်မာတဲ့ အထောက်အထား မယ် မယ်ရရ မရှိပါ။ သတိနဲ့ ဆင်ခြင်ကြဖို့ နှိုးဆော်တဲ့ သုံးသပ်ချက်ဖြစ်တယ် … ဒိန်ဖန်ခူး)

(ခင်ရတနာ၏ ဖေ့စ်ဘွခ်စာမျက်နှာမှ ...)

No comments: