Wednesday, November 30, 2011

ဘာကြောင့် စင်ပြိုင်အစိုးရကို မြန်မြန်ဖျက်ရသလဲ

ဘာကြောင့် စင်ပြိုင်အစိုးရကို မြန်မြန်ဖျက်ရသလဲ
ဒိန်ဖန်ခူး

အဝေးရောက် စင်ပြိုင်အစိုးရ ရှိဖို့မလိုတော့ဘူးလို့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း မကြာခင်က ပြောလိုက်ပါ တယ်။ အမှတ်တမဲ့ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်က ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု တော့လို့၊ လွှတ်တော်ခေါ်ဖို့ အော်နေတာတွေ လက်တွေ့မကျဘူးလို့ ပြောလို့ စင်ပြိုင်အစိုးရကို ဖျက်တော့မယ် လို့ ထင်စရာရှိပါတယ်။

တဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆူနာမီလှိုင်းကြောင့် စင်ပြိုင်အစိုးရ ဖျက်တာ မှန်ပေမယ့် တ ဘက်ကလည်း ခုလို မြန်မြန်ဖျက်လိုက်တဲ့အတွက် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အမွေခွဲဖို့ လုပ်နေသူတွေ ကိုပါ ဆူနာမီလှိုင်းထဲ ပါသွားအောင် ဒေါက်တာစိန်ဝင်းက လက်ဦးအောင် ကန်ချလိုက်တာ ဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်းရင်းသားတွေနဲ့ တိုးချဲ့ဖို့ မူအားဖြင့် သဘောတူခဲ့ပါ တယ်။ ဒါပေမယ့် တိုးချဲ့စင်ပြိုင်အစိုးရကို ထူးခြားတဲ့ အဖွဲ့အစည်းလို့ မယူဆတဲ့ လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ မွန်ပြည်သစ်ပါတီ .. စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

“အစ်မဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ကနေ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုတော့ဘူး၊ လွှတ်တော်ခေါ်ဖို့ အော်နေတာ လက်တွေ့မကျဘူးလို့ ပြောနေချိန်မှာ မောင်ဖြစ်သူ ဒေါက်တာစိန်ဝင်းက ပြည်ပကနေ စင်ပြိုင်အစိုးရ ဖျက်သိမ်းမယ်လို့ ပြောလိုက်တော့ ထိုင်း-မြန်မာနယ်စပ်က ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အမွေခွဲဖို့ ကြံနေသူတွေကို အထက်မီး အောက်မီးနဲ့ နှစ်ဘက်ညှပ်တိုက်သလိုဖြစ်ပြီး ပြားချပ် နိုင်ငံရေးဇာတ်သိမ်းသွားတာ ဖြစ်ပါတယ်။”

ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုးချဲ့တာကောင်းပေမယ့် လောလာဆယ် စင်ပြိုင်အစိုး ရထဲ မဝင်နိုင်သေးဘူးလို့ ဗိုလ်မှူးကြီး ယော့ဆဒ်ခေါင်းဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက အကြောင်းပြန်ခဲ့ပါတယ်။ စင်ပြိုင်အစိုးရလုပ်လာတာ နှစ် ၂ဝ ရှိပြီဖြစ်ပေမယ့် ဒီအဖွဲ့ထဲဝင်လည်း ဘာမှထူးခြား မှာ မဟုတ်ဘူးလို့ မြင်နေတဲ့အကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက အကြောင်းပြန်ခဲ့ပါတယ်။

စင်ပြိုင်အစိုးရ တိုးချဲ့ဖွဲ့စည်းတာကို မူအားဖြင့် သဘောတူပေမယ့် တိုးချဲ့စင်ပြိုင်အစိုးရမှာ လောလောဆယ် ပါ ဝင်နိုင်ခြင်း မရှိသေးပါဆိုပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီကလည်း အကြောင်းပြန် ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီကတော့ ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ထိမ်းသိမ်းရန်လိုတယ်ဆိုပြီး အကြံပေး ခဲ့ပါတယ်။

စင်ပြိုင်အစိုးရ တိုးချဲ့ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ၂ဝဝ၉ နှစ်မှာ ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တော့ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ကေအန်ယူ၊ ကေအန်ပီပီ ... စတဲ့ အဖွဲ့ တွေ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းအတော်များများရဲ့ တုံ့ပြန်ချက်ကိုကြည့်ရင် စင်ပြိုင် အစိုးရ တိုးချဲ့ဖွဲ့တာကို လက်ခံတယ်- ပြည်ထောင်စုမူ Federalism ဦးတည်ရမယ်ဆိုတဲ့ အချက်တွေဟာ ယေ ဘုယျတူညီတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်းရင်းသားတွေနဲ့ တိုးချဲ့ရာမှာ တိုင်းရင်းသားနဲ့ ပတ် သက်ပြီး သတ်မှတ်ချက်တွေ ပြဌာန်းခဲ့ပါတယ်။ တိုးချဲ့စင်ပြိုင်အစိုးရမှာပါမယ့် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ နယ်မြေရှိရမယ်၊ ပါတီရှိရမယ်၊ အုပ်ချုပ်ခံ လူထုရှိရမယ်၊ ကိုယ့်ဒေသထဲမှာ ပညာရေး ကျန်းမာရေး ဝန်ဆောင် မှုတွေ ရှိရမယ်၊ လူထုကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ ညီလာခံတွေ ရှိရမယ်၊ မိမိလူမျိုးကို ကာကွယ်စောင့်တဲ့ လက်နက်ကိုင်တပ် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ခုလိုမျိုး တိုင်းရင်းသားနဲ့ ၉ဝ ခုနှစ် လွှတ်တော်ကိုယ် စားလှယ်တွေ ပေါင်းရင် ပိုပြီးအားကောင်းတဲ့ စင်ပြိုင်အစိုးရ ဖြစ်လာမယ်လို့ မြန်မာနိုင်ငံ အမျိုးသားကောင်စီ ဒု-ဥက္ကဌ ဦးခွန်မာကိုဘန်းကလည်း ယုံကြည်ခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ထပ်မံတိုးချဲ့ဖို့ ၂ဝဝ၈ ခု ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ ညီလာခံမှာကတည်းက မူအားဖြင့် သ ဘောတူ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ တပ်ပေါင်းစု ကနေ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ဖွဲ့တော့မယ်ဆိုပြီး ၂ဝဝ၉ ခု ဇန်နဝါရီလ ထဲမှာ ကြေညာခဲ့တဲ့အတွက် အတိုက်အခံအဖွဲ့တွေကြား အထင်လွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ NCUB ဒု-ဥက္ကဌ ဖြစ် တဲ့ ဦးခွန်မားကိုဘန်းကိုယ်တိုင် မသိရပါဘူးဆိုပြီး အဲဒီအချိန်က ကန့်ကွက်ခဲ့ပါတယ်။

နောက်တခါ လက်ရှိ စင်ပြိုင်အစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ထပ်မံတိုးချဲ့ဖို့ ဒေါက်တာစိန်ဝင်းက သဘောတူလိုက်ပြန်ပြီဖြစ်ပါတယ်။ တွက်ကြည့်ရင် ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်း ရင်းသားခေါင်းဆောင်တွေနဲ့ တိုးချဲ့ဖို့သဘောတူတဲ့အချိန်ဟာ စစ်အစိုးရဘက်က ရွေးကောက်ပွဲလုပ်ဖို့ လပိုင်း သာ လိုတော့တဲ့အချိန်ဖြစ်နေလို့ လက်နက်ကိုင်တိုင်းရင်းသားတွေလုပ်ရပ်၊ FTUB ဦးမောင်မောင်တို့ရဲ့လုပ်ရပ် ကို အတိုက်အခံအတော်များများက သံသယရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်း-မြန်မာနယ်စပ်မှာ ဖုတ်ပူမီးတိုက် ဖွဲ့စည်းလိုက်တဲ့ နောက်ဆုံးလွှတ်တော် ကတော့ ဖွဲ့စည်းပြီး မကြာခင် ပြသနာတက်နေတဲ့ နယ်စပ် စင်ပြိုင်လွှတ်တော် ဖြစ်ပါတယ်။ ဒီလွှတ်တော်ကို ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမတ်တချို့နဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တချို့ ပူးပေါင်းဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့် သဘောထားကွဲပြားမှုတွေကြောင့် ရှေ့မတိုးနိုင်ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် အဝေးရောက်ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ထိုင်း-မြန်မာနယ်စပ်က MPU ခေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကြား အဆင်မပြေတဲ့အတွက် လက်နက်ကိုင်တိုင်းရင်းသားအ ဖွဲ့တချို့ရဲ့ နယ်စပ် စင်ပြိုင်လွှတ်တော်နဲ့ ပူးပေါင်းမှုကို အရှင်ထား စောင့်ကြည့်နေခဲ့ပါတယ်။

ဒီနေရာမှာ ထိုင်း-မြန်မာနယ်စပ်မှာ ဘာကြောင့် စင်ပြိုင်လွှတ်တော်ဖွဲ့ရသလဲဆိုတာ သိဖို့လိုပါတယ်။

အကျဉ်းချုပ်ပြောရရင် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ စင်ပြိုင်အစိုးရကို လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တိုးချဲ့ဖွဲ့စည်းရေး မူလက သဘောတူခဲ့ပါတယ်။ ဒါပေမယ့် စင်ပြိုင်အစိုးရ တိုးချဲ့တာကို မလုပ်နိုင်ခင် စင်ပြိုင် လွှတ်တော်ဖွဲ့စည်းမယ်ဆိုပြီး ဖွဲ့ရာမှာ ပြည်ပရောက် ၉၀ ခုနှစ် အမတ်များကြား အများသဘောဆန္ဒမရဘဲ လွှတ်တော်ဖွဲ့စည်းလိုက်တာကို ဒေါက်တာစိန်ဝင်းက လက်မခံနိုင်ဖြစ်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် စင်ပြိုင်လွှတ်တော်ဖွဲ့စည်းတုန်းက ၉၀ ခုနှစ်အမတ် ၇ ဦးသာ တက်နိုင်ခဲ့တဲ့အတွက် စုစု ပေါင်း ပြည်ပအမတ်ဦးရေရဲ့ ၂၃ ရာနှုန်းသာ တက်နိုင်ခဲ့တယ်။ အဲသလို ပြည်ပရောက် ၉၀ ခုနှစ်အမတ်တွေရဲ့ အများသဘောဆန္ဒ ရစေချင်တယ်ဆိုရင် MPU ညီလာခံ ခေါ်ပေးပါဆိုပြီး ဒေါက်တာစိန်ဝင်းကို တောင်းဆိုခဲ့ ပေမယ့် ငွေမတတ်နိုင်လို့ မခေါ်နိုင်ဖြစ်ရတယ်။ ပြည်ပက အမတ်တွေ သဘောထားသိအောင် စာရေးတော့ လည်း ပြန်စာမရ ဖြစ်ခဲ့တယ်လို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် MPU ဒု-ဥက္ကဌ ဒေါ်စန်းစန်းကလည်း ရှင်းပြပါ တယ်။

ထိုင်း-မြန်မာနယ်စပ် စင်ပြိုင်လွှတ်တော်မအောင်မြင်ဘဲ ရှေ့မတိုးနိုင်နောက်မဆုတ်နိုင် ဖြစ်နေတာနဲ့ပတ်သက် ပြီး သက်ဆိုင်ရာ ခေါင်းဆောင်တွေကို စုံစမ်းမေးမြန်းတဲ့အခါ နိုင်ငံရေးသဘောထား ကွဲပြားတာထက် တဦးနဲ့ တဦး ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေ၊ အထင်လွဲ အပြစ်တင်တာတွေက အရေးပါတဲ့ ကဏ္ဍက ပါနေတာ တွေ့ရပါ တယ်။
ကရင်နီအမတ်တွေ၊ ထိုင်း-မြန်မာနယ်စပ်က ဒီအေဘီတပ်ပေါင်းစုတွေ ဒေါ်စန်းစန်း ခေါင်းဆောင်တဲ့ ၉၀ အ မတ်တချို့တွေက ဒေါက်တာစိန်ဝင်းကို ဖြေရှင်းချက်မျိုးစုံတောင်းပြီး ၀ိုင်းရာဇသံပေးထားချိန်မှာ (ဒေါ်) အောင် ဆန်းစုကြည် နိုင်ငံရေးဆူနာမီလှိုင်း ၂၀၁၁ ရိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။

ဒီမှာတင် ဒေါက်တာစိန်ဝင်းက လက်ဦးမှုယူပြီး စင်ပြိုင်အစိုးရ မရှိသင့်တော့ဘူးလို့ ကြေညာလိုက်တဲ့အတွက် ဒေါက်တာစိန်ဝင်းကို တိုက်နေသူတွေရော စင်ပြိုင်အစိုးရအမတ်တွေရော နိုင်ငံရေးဆူနာမီနဲ့ ဒလိမ့်ခေါက်ကွေး ရောပါသွားတာ ဖြစ်ပါတယ်။

အစ်မဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ကနေ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု တော့ဘူး၊ လွှတ်တော်ခေါ်ဖို့ အော်နေတာ လက်တွေ့မကျဘူးလို့ ပြောနေချိန်မှာ မောင်ဖြစ်သူ ဒေါက်တာစိန် ၀င်းက ပြည်ပကနေ စင်ပြိုင်အစိုးရ ဖျက်သိမ်းမယ်လို့ ပြောလိုက်တော့ ထိုင်း-မြန်မာနယ်စပ်က ၉၀ ခုနှစ် ရွေး ကောက်ပွဲရလဒ်ကို အမွေခွဲဖို့ ကြံနေသူတွေကို အထက်မီး အောက်မီးနဲ့ နှစ်ဘက်ညှပ်တိုက်သလိုဖြစ်ပြီး ပြား ချပ် နိုင်ငံရေးဇာတ်သိမ်းသွားတာ ဖြစ်ပါတယ်။

သြဇာကြီးမားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ခံစားရတဲ့ နိုင်ငံရေးဂ ယက်တွေ ဘယ်လောက် ကြီးမားသလဲသာ ဆိုလိုရင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ် မှားသ လား မှန်သလားဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

ဒိန်ဖန်ခူး
(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

3 comments:

ဝေးလွင့်စင်ဉ် said...

အဲဒါ သိပ်ကောင်းတာပေါ့။ ဒီစင်ပြိုင်အစိုးရတွေ ။လွတ်တော်တွေ။ ဘာညာအားလုံး အဲဒီပုဂိုလ်တွေ နှစ် ၂၀ ကြာပီ။ ဘာမှ မဖြစ်လာဘူး။ အားလုံးပြည်ထဲပြန်ဝင်ကြပါ၊စာရေးသူရဲ့ နောက်ဆုံး မှတ်ချက်က မမိုက်ပါ။ သမိုင်းအထိ စောင့်ကြည့်စရာမလိုပါ။ ဒေါ်စုဆုံးဖြတ်ချက်နဲ့  လုပ်ဆောင်ချက်တွေဟာ အင်မတန်လက်တွေ့ ကျ အကျိုးရှိတဲ့လုပ်ရပ်များသာဖြစ်ပါတယ်။ လက်တွေ့ ကျကျ သုံးသပ်နိုင်တဲ့သူတိုင်း မြင်သာတဲ့အချက်လို့ ပြောပါရစေ.။ ထပ်ပြောချင်ပါတယ်။
ဝိုင်းမအူ နဲ့ ဝိုင်းကူကြပါလို့ ။

ဘုန်းကျော် said...

၉ဝ-အမတ်တွေ စင်ပြိုင်အစိုးရတွေ အန်စီယူဘီတွေစတဲ့ အားလုံးသော နိုင်ငံရေးလုပ်ချင်တဲ့အဖွဲ့ တွေ ပြည်တွင်းပြန်တာအကောင်းဆုံးပဲ...။ ပြည်ပမှာ တန်ဖိုးမဲ့တဲ့ဘဝတွေအစား ပြည်တွင်းမှာ တန်ဖိုးရှိတဲ့ဘဝတွေအဖြစ်နဲ့ ရပ်တည်တာ အကောင်းဆုံးပါ။ ၂ဝ၁၁-မှာ ၉ဝ-တန်တွေ ၁ဝဝ တွေသုံးလို့ မရတော့ပါ။ ကျန်ခဲ့ပြီ။ ၅ဝဝဝ တန်တောင်ပေါ်နေပြီ။

Unknown said...

ခက်နေပြန်ပါပြီ။
အတင်းအထဲပြန်ဝင်ခိုင်နေတယ်။စစ်အထောက်ကူပြုအစိုးရကစိတ်မချရဘူး။
အပြင်မှာကပိုစားသာတယ်။သိန်းစိန်မကလို့သိကြားမင်းခေါ်လည်းမပြန်ပါဘူး။