နန္ဒာသိန်းဇံကို ကျနော် သိတယ်
မောင်ငြိမ်းအေး
ဆရာဆုံးပြီဆိုတော့
အရင်ဆုံး သတိရလိုက်မိတာက
‘ကိုရဲခေါင်’ လို့ ကျနော့်ကို ခေါ်လိုက်တဲ့ အသံ
အချစ်ဦးက ‘မောင်’ လို့ ခေါ်လိုက်တဲ့ အသံထက်
ဘဝင်မြင့်ချင်ခဲ့တာ အမှန်ပါ။
ဆရာက ပိန်ပိန်ပါးပါး
အတွေးအခေါ်ကတော့ ထွားတယ်။
တွေးတယ်ဆိုတာ ဘာခက်တာမှတ်လို့
အဲဒီလို ပြောချင်တဲ့သူက ၉၅ ရာခိုင်နှုန်း
တကယ်တော့ ခင်ဗျားတို့ ကျနော်တို့ တွေးတယ်ဆိုတာ
တွေးနေကြတာမဟုတ်
ပျားအုံကို တုတ်နဲ့ ထိုးဆွလိုက်ခြင်းမျိုးသာ။
တွေးတယ်ဆိုတာ ... အတွေးအခေါ်ဆိုတာ
တွေးခေါ်တတ်ဖို့ လိုတယ်
တွေးခေါ်နိုင်ဖို့ လိုတယ်။
တွေးခေါ်တတ်တယ် တွေးခေါ်နိုင်တယ်ဆိုရင်
ဘယ်လိုတွေးခေါ်ကြမှာလဲ
ဘာကို တွေးခေါ်ကြမှာလဲ
ဘယ်လောက်တွေးခေါ်ကြမှာလဲ
ဘယ်သူ့အတွက် တွေးခေါ်ကြမှာလဲ
ဘယ်အချိန် ဘယ်နေရာမှာ တွေးခေါ်ကြမှာလဲ
စေ့စေ့တွေးတော့ ရေးရေးပေါ်တဲ့
ကျနော်တို့ တွေးခေါ်ကြည့်ရလိမ့်မယ်။
ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေမှာလား
ကြီးတော်နွား အငှားကျောင်းကြမှာလား
မြေနိမ့်ရာ လှံစိုက်လုပ်နေကြမှာလား
တက်နိုင်ဖျားရောက်ဖြစ်နေကြမှာလား
ဒါတွေဟာ အတွေးအခေါ်တွေပဲလားဗျာ
ကျနော်တော့ မတွေးခေါ်တတ်တော့ဘူး။
စားပွဲသည် ခြေလေးချောင်းရှိသည်
ခွေးသည် ခြေလေးချောင်းရှိသည်
ထို့ကြောင့် စားပွဲသည် ခွေးဖြစ်သည်ဆိုတာ
အဲဒါတွေးတာပဲ အတွေးအခေါ်ပဲ။
ဒါကို အခြေခံရရင်
စစ်အစိုးရသည် ဘယ်သူသေသေ ငတေမာရင်ပြီးသည်
လိပ်သည် ကိုယ့်ဘက်ကိုယ်ယက်တတ်သည်
ထို့ကြောင့် စစ်အစိုးရသည် လိပ်ဖြစ်သည်ဆိုရင်ရမလား
အဲဒါတွေးတာလား အတွေးအခေါ်လား။
ချိုင်းမွေးဟာ ဆံပင်ရဲ့အမြစ်တွေပေါ့
အဲဒီလိုတွေးမှာလား
ကိတ်ဝင်းဆလက်နဲ့ တညလောက် အိပ်လိုက်ချင်တယ်
အဲဒီလိုတွေးမှာလား
မဲဆောက်က နိုင်ငံရေးသမားတွေထဲမှာ ဒီမိုကရေစီမလိုချင်တဲ့သူတွေရှိတယ်
အဲဒီလိုတွေးမှာလား
ဒေါ်အောင်ဆန်းစုကြည်တယောက် သမ္မတဖြစ်တော့မယ်
အဲဒီလိုတွေးမှာလား
တွေး ... တွေး ... စိတ်ရှိသလောက် တွေးခေါ်ကြ
ကိုယ့်အတွေးအခေါ် မှန်ရဲ့လားဆိုတာကိုတော့
သေသေချာချာ တွေးခေါ်တတ်ရမယ်၊။
ဆရာက
အတွေးအခေါ်မှန်ဖို့နဲ့ အတွေးအခေါ်သန်ဖို့
အချိန်မှန်နှိုးစက်တလုံးဖြစ်ခဲ့တယ်။
ဆရာ့စာအုပ်တအုပ်ရဲ့မျက်နှာဖုံးမှာ
မျောက်ကလေးသုံးကောင်
တကောင်က မျက်စိပိတ်
တကောင်က နားပိတ်
တကောင်က ပါးစပ်ပိတ်
ပြီးခဲ့တဲ့အချိန်ကို အတိတ်လို့ဆိုရင်
၁၉၆၂ ခုနှစ်ကနေ အခုဒီကဗျာကို ခင်ဗျားဖတ်နေတဲ့အချိန်အထိ
ပြည်သူတွေရဲ့ ပကတိအခြေအနေမှန်ပဲမဟုတ်လား
ဆရာက အသံတိတ်တော်လှန်ရေးသမားလည်းဖြစ်ရဲ့။
ဆရာ သေဆုံးခဲ့ပေမယ့်
ဆရာ့အသက်ရှူသံကို နှလုံးသားနဲ့ ကျနော် ကြားနေရတယ်။
ဆရာ ကောင်းကင်ဘုံသို့ ရောက်ပါစေ။
မောင်ငြိမ်းအေး
1 comment:
ဒေါက်တာလွှတ်ဆွ။ ။ ဘယ်လိုကဗျာဆရာမှန်းမသိဘူး။
သေမှ ကျနော် သိတယ်ချည်း လုပ်နေတော့တာပဲ။
မြန်မြန် သူသိစေချင်ရင် မြန်မြန် ကိုယ့်ဖာသာကို
ဇီဝိန်ချုပ်ပေးရမဲ့ သဘောတောင် ဖြစ်နေပြီ။
ဒါမှမဟုတ်..သူမသိစေချင်ရင်
ခိုးကြောင်ခိုးဝှက် သေရမလိုတောင်ဖြစ်နေပြီ။
ဟူး...သူတို့ ကဗျာသမားတွေလဲ မလွယ်ပါလား။
လူထူထူတွေကြားရောက်ရင် ကဗျာမရွတ်ရ မနေနိုင်ပါဘူးဗျာ..ဆိုတဲ့ ကဗျာဆရာကလဲရှိသေးတယ်။
သူနဲ့ ဘတ်စ်ကား တစီးတည်း စီးမိရင် ဘယ်လိုလုပ်မလဲ။ လူကြပ်သိပ် ချွေးစော် နံရတဲ့ အထဲ
ကဗျာကလဲ နားထောင်ရအုန်းမယ်။
နောက်တယောက်ကလဲ..
ကိုယ်ကိုမီးရှို့ ၊ထွက်လာတဲ့ မီးခိုးပြာ တွေကိုကြည့်ပြီး
စပ်တဲ့ကဗျာက တကယ်ခံစား ထိမိ ဆိုပဲ။
နောက်တယောက်ကလဲ..
ယုံကြည်ချက်ဆိုတာ မြစ်လိုမပြတ်တမ်း စီးပြီး
သစ်ပင်ပန်းမာန်တွေလို ဝေဆာခြင်းပါပဲတဲ့..။
ခု..
ရေကာတာတွေ ဆောက်၊ မြစ်တွေလဲ ရေခမ်း၊
မစီးတော၊့
ယုံကြည်ချက်ဆိုတာလဲ ခုတော့..ဂွကျ ကုန်ရောမလား။
Post a Comment