Saturday, May 14, 2011

တုတ်ကြီး (ခေတ္တ-တာဝတိံသာ) - “က က မမကိုယ်တိုင် က ... အိုး ယက်စ် ...”

ကွဲလွဲမှုတွေက အဆီပိတ်နေပြီဆိုမှ
သဘောထားမတိုက်ဆိုင်မှုတွေက
ခေါက်ချိုးကြီး တွက်ခြေကိုက်လို့
ဖြစ်ထွန်းမှုတွေ ဇက်ကျိုးအောင်ငိုက် ...။

ချိုမိုင်မိုင် ...
ချိုမိုင်မိုင် ... ...
ချိုမိုင်မိုင်တွေ ... ... ...
ချိုမိုင်မိုင်ယိမ်းနဲ့ ကကြိုးတွေပြိုင်
အားလုံးကတော့ ချိုမိုင်မိုင် ...။

တဘက်က
ကိုးကွယ်သူတွေအတွက်
အမွှေးတိုင်ဖိုး ကုန်စရာမလို ...။

တဘက်က
ကာကွယ်သူတွေအတွက်လည်း
မြိုးမြိုးမြက်မြက် ...။

မနေ့က
နယ်စပ်ဘက် ထွက်ပြေးရတဲ့ ရွာကလေး
မီးလောင် ...
မောင်တို့ကတော့ ချိုမိုင်မိုင်ပဲ ...။

မနေ့က ဟောမိတဲ့စာ
တကယ့်မဟာက၀ိအထာနဲ့
နောက်တာပါ အတည်
မောင်တို့ကတော့ ချိုမိုင်မိုင်ပဲ လုံးဝအပီ ...။

ဘယ့်နှယ်လကွယ် ... ... ...
အာရုံရတုန်း ကဗျာကလေးတပုဒ်များ ရေးမယ်မှတ်တယ် ... ... ... ...
အတွေးမျှင်က ဇတ်ကနဲ ဆောင့်ဆွဲခံလိုက်ရတဲ့ ချိုင်းမွေးလို အမြစ်ကမကျွတ်ဘဲ ဟိုမရောက် ဒီမရောက်မှာ ပြတ် ...။

စိတ်ကူးတွေကို ပြောင်း၍ ဆိုက်ကားကို ဖြေးဖြေးနင်း ထွက်လာမိပြန်၏။ ပါစင်ဂျာမင်းတို့ကလည်း ဆိုက်ကား ဆရာကို ဆရာရယ်သမားရယ် အသိအမှတ် မပြုခြင်ကြတော့။ အေးလေ ... ခေတ်ကြီးကိုက မော်တော်ဆိုင် ကယ်ခေတ်ကြီးပေကိုး။ အကုန်လုံးက လှစ်ခနဲဆို ခွရမှ။ ဒီတော့လည်း ရသည့် ပါစင်ဂျာကို အလွတ်မပေးရဲ တော့သည့် အဖြစ်ရယ်နှင့် ... အော် ... ... ရင်နင့်ဖွယ်ပါတကား။

* * * * * * *
“က က မမကိုယ်တိုင် က ... ... အိုးယက်စ် ...”
ကျွန်ုပ်ကိုကိုတုတ်တယောက် သင်္ကြန်ပိုးက မသေသေး ...။ ဆင်ခြေလျှောအဆင်းဆိုတော့ ဆိုက်ကားကို ဖရီး ရိုက်ပြီး ၀ါးနေသော ကွမ်းကို ညာဘက်ပါးစောင်သို့ လျှာဖြင့် တွန်းပို့လိုက်ရင်း သင်္ကြန်သီချင်းကို အားရှိပါးရှိ မ တိုးမကျယ် ဟစ်ပစ်လိုက်၏။ ဒီကြားထဲ ကွမ်းသီးဖတ်က လည်ချောင်းထဲ ခုန်ဝင်ချင်သေးသဗျာ။

* * * * * * *
အောင်မယ်ငေးငေး တူမလေးတို့ရယ် .... ပက်ပက်စက်စက်ကို ပက်စက်လိုက်ကြတာ ဒင်းတို့ သို့ဂလို ကဲပုံ များရယ်ကြောင့် သင်္ကြန်ကာလများက နေ့တွက်မကိုက်လိုက်။ ဥပုသ်ဝင်နေသော မိန်းမကို မလိမ့်တပတ် မု သားဖြူသုံးကာ ခပ်တည်တည် လိမ်လည်ခဲ့ပြီး ရေကစားမဏ္ဍပ်အောက်မှာ အခန့်သား အပီဟော့နေသော တူ မကလေးများကို ငမ်းရင်း ငွေငန်းမောင့်ကို လောင်းတဲ့ရေ ... များဖြင့် ပဲကြီးစေ့ ရေစိမ်ထားသလို ဖြစ်ပြီးသ ကာလ အဆုတ်အအေးပတ်ခဲ့ပြန်သေးတော့၏။

တော်ပေသေးပုံများနှယ် ... ဘေထုတ်ထဲက တကူးတက ရွေးဝယ်ထားလိုက်သော ဂျင်းဘောင်းဘီနှင့် ဂျင်း ဂျာကင်ကယ်ပေလို့ အဆုတ်အအေးပတ်မှုက နည်းနည်းခံသာသလိုရှိ၏။ ဆိုင်မဆိုင်တော့မသိ။ အနှီဂျင်း ဘောင်းဘီကလည်း ဘယ်နိုင်ငံက အလှူရှင်က လှူလိုက်သည်မသိ၊ ထိုကနဦးပိုင်ရှင် ၀ပုံက အိမ်က ၀က်မ ကြီး ကိုယ်ဝန်ရှိနေသလို ဖြစ်ပုံရ၏။

ကျွန်ုပ်မှာ ဂျင်းဘောင်းဘီဇစ်ကို ဆွဲပြီး ကြယ်သီးတပ်လိုက်တိုင်း ကျွတ်ကျွတ်ကျရသည့် အဖြစ်ရယ်ကြောင့် ဇစ်တ၀က်ပဲ ဆွဲ၍ ပုဆိုးစည်းသလို လိမ်ကျစ်ကြည့်၏၊ မရပြန်ချေ ...။ သို့နှင့် “ဟယ် ... ထူးပါဘူးလကွာ” ဆို ပြီးသကာလ လိမ်ကျစ်ရုံမက စုချည်ပစ်လိုက်ကာ ဘေထုတ်တီရှပ်ဖားဖားကြီး အပေါ်က အုပ်၍ ဂျင်းဂျာကင် ကို ဖမ်းစွပ်လိုက်ပြန်တော့ စမတ်ကို ဂွမ်လို့၊ အဲ ... ပြဿနာစချိန်ကတော့ အီအီးပါချင်တဲ့အချိန် ရွှေတံခွန်က ရေသွန်လိုစိတ် ဖြစ်တော်မူချိန်များတွင်တော့ အင်မတန် ဒုက္ခရောက်သဗျာ။

* * * * * * *
မျက်စိထဲတွင် အသားကပ် ဇာပေါက်အင်္ကျီအကျပ်ကလေးနှင့် ပူတူးတူးလေးက တဖုံ၊ အ၀ါနုရောင် ချက်ပေါ် အင်္ကျီအကျပ်ကလေးအောက်က ပေါင်ရင်းထိပြတ်သော ဂျင်းဘောင်းဘီ ဖင်ကျပ်ကလေးနှင့် ဘေဘီလေးက တဖုံ အမျိုးစုံ ကြိုးခုန်နေပြန်တော့၏။ ဒီတော့လည်း ကိုကိုတုတ်တို့ ညဆို ပုဆိုးခြုံရပြန်သပေါ့။ အကြောင်းမူ ကား အိမ်မှ ချစ်မယားက ဒေါမနဿမီးများ လောင်မြှိုက်ကာ တရားမရနိုင်ခြင်းများဖြင့် “ကိုကိုကာလနာကြီး ... ဒါလင် မြွေပွေးကိုက်ကြီး ... သွား အိပ်ခန်းထဲမ၀င်နဲ့ အပြင်မှာ ထွက်သေ” ဟု အမိန့်တော်ချမှတ်တော်မူ၍ ဖြစ်ပေတော့တမုံ့ ...။

ကျွန်ုပ် မျက်နှာပိုးသပ်ကာ စိတ်ကူးအန်နီမေးရှင်း ပြကွက်ကလေးများကို ခေတ္တရပ်နားလိုက်ပြီး ဗာဒံပင်အောက် ဆိုက်ကားဂိတ်အစွန်အရောက်တွင် ဆိုက်ကားကို ဖြေးညှင်းစွာကွေ့၍ လမ်းဘက် ခေါင်းတည်လိုက်၏။ ဆိုက်ကားထိုင်ခုံနှစ်ခုကို ကောက်ယူလိုက်၍ တဗျန်းဗျန်း မြည်အောင် တခုနှင့်တခု ရိုက်ခါလိုက်၏။ အ ဘယ်ကြောင့်ဟူမူ စောနက ကျွန်ုပ်လိုက်ပို့လိုက်သော ခရီးသည် ပါစင်ဂျာမင်းက လမ်းကြမ်းသည်ကို အ ကြောင်းပြပြီး ချိုင့်ခွက်တခုကို ဖြတ်သွားတိုင်း ဖင်တချက်ကြွကာ ကျန်းမာရေးကောင်းပြခဲ့သဖြင့်ဖြစ်၏။

အောင်မယ် ... ထိုဆရာသမားသည်ကား နှယ်နှယ်ရရ ဟုတ်ရိုးလား။ ဒင်းက မြို့မျက်နှာဖုံး၊ ဇောရိုးမျက်နှာဖုံး တော့မဟုတ်၊ စောရမျက်နှာဖုံးဗျား ...။ လေးငါးမိုင် အကွာအဝေးကို တဖြေးဖြေးနင်းရင်း ထိုဆရာသမား ပွား များပညာပေးသည်ကို ဆိုက်ကားခမျက်နှာ ထောက်မျှော်၍ ဖော်လိုလိုက်ပေးခဲ့ရ၊ ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ခေါင်း ညိတ်ထောက်ခံခဲ့ရသည်မှာ ကိုယ့်ကိုယ်ကိုယ် လွှတ်တော်ကိုယ်စားလှယ်မင်းများလားဟုပင် စိတ်ကြီးဝင်ရ သည်အထိ ဖြစ်ပေတော့၏။

ဆိုက်ကားထိုင်ခုံပေါ် အသာပစ်ထိုင်လိုက်ပြီး နောက်မှီကို နောက်ဘောင်ပေါ်တင်ကာ ခါးကို လျှောချ၍ ပက် လက်မဖြစ်တဖြစ် လှန်လိုက်၏။ စစ်ဦးထုပ်အဟောင်းကို မျက်နှာပေါ်အုပ်၍ မျက်စိကိုမှိတ်လျက်၊ အနှစ်နှစ်အ လလက သိမ်းဆည်းထားခဲ့သော တမတ်စေ့နှစ်စေ့ကို မွှေးညှပ်လိုသဘောထား၍ မေးစိမှ မရှိမဲ့ရှိမဲ့ မုတ်ဆိတ် မွေးများကို ထောက်ကနဲ ထောက်ကနဲ ညှပ်ဆွဲရင်း ကျွန်ုပ် စတင်စဉ်းစားခန်းဝင်မိတော့၏။

* * * * * * *
စစ်အုပ်ချုပ်ရေးဟာ သူ့ဆန္ဒအလျောက် ဆုတ်ခွာသွားပြီ ဆိုပဲ ...။ ဒါကတော့ NDF ပါတီခေါင်းဆောင်ဆိုသူ ဦး ခင်မောင်ဆွေရဲ့သုံးသပ်ပြောဆိုချက်။ NDF နှစ်ခြမ်းကွဲပြီ NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုရင် ပြန် ပေါင်းမယ် ဆိုတာကတော့ အဲဒီ NDF က ရှုံ့ချည်နှပ်ချည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မင်းတဦးရဲ့ ပြော ဆိုချက်။ အင်မတန် ရွံဖို့ကောင်းလွန်းလှသဗျား ...။

ဟုတ်ပါပြီလေ။ ကဲ .... အရှိကို အရှိအတိုင်း လက်ခံလိုက်ကြပါစို့။ ပြီးတော့ မိမိပကတိဘာဝအရှိအတိုင်း ဖြစ် စဉ်တို့၏ အရှိကိုအရှိအတိုင်း ကြည့်လိုက်ကြပါစို့ ပရိသတ်။ စစ်အုပ်ချုပ်ရေးဟာ သူ့ဆန္ဒအလျောက် ဆုတ်ခွာ သွားပြီဆိုသည်မှာ ဟုတ်ပါသလော။ ဒီမယ် မစ္စတာခင်မောင်ဆွေ ... စစ်အုပ်ချုပ်ရေးဟာ သူ့ဆန္ဒအလျောက် ဆုတ်ခွာသွားခြင်းမဟုတ်ပါ။ စစ်အာဏာရှင်စနစ်ဟာ အောင်မြင်စွာလူယောင်ဆောင်ခြင်း အဆင့်တခုကို ဖြတ် ကျော်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲသလိုလူယောင်ဆောင်နိုင်ဖို့ ခင်ဗျားတို့လိုနဲ့ (၃၇) ပါတီသော ပါတီများရဲ့ကျေး ဇူးတရားကလည်း ကြီးမားလှပါပေတယ်။

သို့ပေသည့် ဒန်ဒရိုဘီယန် ပြောင်စိန်ကလည်း လူစိတ်ဝင်လာလိမ့်မည်တော့မဟုတ်ပါ။ သူ လူစိတ်ဝင်ချင်ဦး တော့ သူ့ကို check and balance နှင့် ထောက်ထားသည့် ကိစ္စများကို သူမကျော်လွှားနိုင်ပါ။ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း ဒီအတိုင်းလွှတ်ထားမည်မဟုတ်ပါ။ အနှေးနှင့် အမြန်ပင် ကျကျနန နှိပ်ကွပ်ပါလိမ့် မည်။ ထိုသို့ နှိပ်ကွပ်နိုင်ရန်အတွက် စစ်အာဏာရှင်၏ စစ်ဗျူရိုကရက်ယန္တရား၊ စစ်အုပ်စုက ထီးထီးမားမား ရှိ နေဆဲ ရှိနေမြဲ ...။

အရှိတွေကို အရှိအတိုင်း ပြန်ကြည့်ကြပါစို့။ ၈၈ အရေးတော်ပုံမှစ၍ အနီးကာလ ဖြစ်ရပ်များဖြစ်သော ၂၀၀၇ သံဃာထု၏ မေတ္တာသုတ်ကို တင်းပုတ်နှင့် နှိပ်ကွပ်မှု၊ ၂၀၀၈ နာဂစ်ကာလ အဓမ္မ အတည်ပြုလိုက်သော အ ခြေခံဥပဒေ၊ ယားယားထိုး ဆီးနိတ်တာအလောင်းအလျာတို့၏ ရသလောက်ယူထားမယ်ဆိုသည့် ပုတ်သင်ညို တို့ ဖွတ်ဖြစ်သည့်ကိစ္စ၊ ဖွတ်က မိချောင်းဖြစ်သည့်ကိစ္စ၊ ဖာတန်းကွက်စိတ်စာဟောဆရာလုပ်၊ ဓားပြလက် ထောက်ချ တင်မြတို့လို၊ စူးစမ်းတို့လို၊ ကျော်ဝင်းတို့လို၊ နေ၀င်းမောင်တို့လို၊ ဗဟုအုပ်စုက သောင်းကျန်းသူ သံချေးတက် လူတန်းစားပျက် နယ်ချဲ့လက်ပါးစေ စစ်အာဏာရှင် လက်ဝေခံအိပ်မက်နှင့် တွက်ခြေအကိုက် ကြီးကိုက်နေကြသော ကြောင်ချေးများလို၊ ထိုလူတစုကို စင်ထောင်ကာ ဘ၀င်ကြောင်ဖြင့် ဟောင်ဖွာလဖွာ လုပ်နေကြသော ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေတို့မှ ဧတဒဂ်ရ လူ့ငနွားများလို အင်အားစုများကြောင့် ဘာမဟုတ်ညာမဟုတ် ဘာမလုပ်ညာမလုပ် ကိုကိုတုတ်ကြောင့် ...။

* * * * * * *
“မင်းကြောင့် မင်းကြောင့် အချစ်ရယ် ... ရေရှည်သွားရင် မလွယ်ဘူး ...”
ဟဲ့ ... ဘယ့်နှာတုန်း ... ... ဖြစ်ရပုံရယ်က ဆိုက်ကားဂိတ်ဘေးနား ကွမ်းယာဆိုင်မှ မိလုံးတယောက် လူရှင်း တုန်း ထအော်လိုက်သည့် သီချင်းသံကြောင့် ကျွန်ုပ်၏ စဉ်းစားခန်းတခုလုံး ပရွက်ဆိတ်အုံပေါ်ကျသော သ ကြားခဲလို ...။

မျက်နှာပေါ်က ဦးထုတ်ကို ကပြာကယာ အသာဖယ်လိုက်ရင်း “လုံးရယ် ... ဘဇာများရယ်ကြောင့် မင်းရဲ့မျက် စောင်းလှလှကလေးတွေနဲ့ ဟောသလို ဆိုက်ကားပေါ်ဝယ် မရအရ ခြေပစ်လက်ပစ် ဖြဲကားအိပ်နေသော ကို ကိုတုတ်ကို ခြုံခိုတိုက်ခိုက်ချင်ရသလဲကွယ် ...”

“လုံးအဖြစ်က လက်ကိုင်ဖုန်းအသစ်ရပြီး ဆက်သွယ်ရေးဧရိယာပြင်ပ အမြဲရောက်နေရသလိုပဲ အထီးကျန်နေ လို့လား နှစ်ချို့မျှစ်စို့ကြီးရယ် ... ခွိ ... ခွိ ...” ရင်ထဲမှာတော့ မေးခွန်းများ တသီတတန်းနှင့် ... ... ...။ ကျွန်ုပ်၏ အတွေးစဉ်အား ခွေးဝင်ဆွဲသလို ဖရိုဖရဲ ဖြစ်စေခဲ့သည့် လုံးမမ မျှစ်စို့ကြီးကို ခေါ်တောတသိန်း တယောက် လျော့လျော့အားလေးနှင့် မချိပြုံးပြုံးကြည့်လိုက်မိ၏။ ဒါကလည်း သူမပင် အသိဆုံးမဟုတ်ပါလား ဗျာတို့ရယ်။ တကယ်တော့ လုံးကို ပြုံးပြုံးပြရင်း ကွမ်းယာအကြွေးကို လွမ်းစရာကလေးတွေနဲ့ ဖြည့်ကာ ကျွန်ုပ်က တဘက် သတ် မေ့မေ့ပစ်ခဲ့သည်က များလှမဟုတ်ပါကလား။ လုံးကတော့ ကျွန်ုပ်ကို စိမ်းကားသူကြီးရယ်လို့ လုံးဝဥ ဿုံရှုမြင်ပုံမရ။ ထားပါတော့လေ လုံးအကြောင်း ...။ ဘာရယ်ညာရယ်မဟုတ် ချစ်မယားက သစ်သားချောင်း ကိုင်ကာ ထမိန်စွန်တောင်ဆွဲ၍ ကျွန်ုပ်ကို လူရှေ့သူရှေ့ ချိုပဲ့အောင် ကျွေးထည့်လိုက်မှာကိုလည်း ကြောက်ရ သေးသကိုး။

ထားလိုက်တော့ ... လေးနက်လှသည့် ကျွန်ုပ်၏ အတွေးမျှင်တို့ကို တံတွေးဆွတ် ကော်ကပ်၍ ပြန်ဆက်ရမည်။

* * * * * * *
အဟုတ်ဗျား ... တကယ်တော့ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဟု လက်ညှိုးထိုးမရ၊ အာလပီဂျီ ပုခုံးပေါ် ပစ် တင်ပေး၍မဖြစ်။ မိုက်ခွက်ကြီး တံချူကြားညှပ်ကာ ... လုပ်ပါ ... ပြောပါ ... လုပ်ပါဆို ... ပြောပါလို့ဆို ... ဦး ဆောင်ပါလို့ ကမ်းလှမ်း၍မရ ... ...။

ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်၊ ကိုယ်မလုပ်နိုင်တာ ကိုယ်မလုပ်၊ ကိုယ့်လမ်းကိုယ်သွား၊ သူ့လမ်းသူသွား ဆို သည့်အမြင်ရှိလျှင် မန္တလေးမြို့ကြီး ဘယ်လောက်ပဲ တရုတ်စကားမွှတ်နေပါစေ၊ ကိုကိုတုတ်တို့အတွက် ဂေါ် ရင်ဂျီချက်အရက်တပက်လောက်ကတော့ ရှာလို့ရနိုင်ပြီးသား။ ဒီတော့ကာ ကိုယ့်လမ်းကိုယ်သွားကြပေါ့၊ က လေးတွေ တလှေကြီး မွေးပြီး မိသားစုကို မငဲ့သည့် ဖခင်တွေ မိခင်တွေ လောကမှာ ရှိတတ်သည်ပဲကိုး၊ ကိုယ့် စကားကိုယ်တာဝန်မယူသည့် ဂုဏ်သရေရှင်တွေလည်း ထွန်းပေါက်ပြောင်မြောက်တတ်သည်ပဲကိုး။ ဒီတော့ လောကနိယာမကို မျက်ခြေမပြတ်ကြဖို့ မလိုကြပေဘူးလော ...။

ကျွန်ုပ်၏ နောက်ဆုံးမုတ်ဆိတ်ကို ယုယုယယ ဇတ်ကနဲ ပိုင်မှ ဆွဲနှုတ်လိုက်ရင်း ဆာဆာရှိလှ၍ ချစ်မယား ချက်ထားသော ဖွယ်ဖွယ်ရာရာ မဟာသမတမင်း၏ ခေါင်းနှင့်တူသော ဘဲဥချဉ်ရည်ဟင်းနှင့် ထမင်းတပန်း ကန်လွေးရန် ဆိုက်ကားကိုခွလျက် စိတ်ထဲတွင် စွဲနေသေးသည့် သင်္ကြန်သီချင်းကလေးကို ခပ်သောသောက လေး ညည်းရင်း အတွင်းအားအပြည့်သွင်းကာ နင်းလာခဲ့မိပါတော့၏။

က က မမကိုယ်တိုင် က ... အိုး ယက်စ် ... ... ... ... က က မမကိုယ်တိုင် က ... အိုးယစ်လို့ဆို၊ ဘာတဲ့တုန်း လဗျာ ... အိုးယက်စ် ... ... ...။

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

ကိုယ်ရေးအကျဉ်း ။ ။ စာရေးသူသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို မလွှဲမရှောင်သာ တာဝန်ယူထားရချိန်တွင် ဦးဆောင်တပ်ဦးပါတီ၏ တေဇလူငယ် အမာခံယူဂျီတဦးအဖြစ် ကျစ်လျစ်သိပ်သည်းစွာ ရပ်တည်ခဲ့သူဖြစ်သည်။

ထို့ပြင် ယခုအချိန်အထိ စာရေးသူသည် ကြုံလျှင်ကြုံသလို သမိုင်းပေးတာဝန်အရ ပေါက်တတ်ကရပြောတတ် သူဖြစ်သည့်အပြင် ကိုးကွယ်သင့်သူများကို ဦးအောင်ကြီး ပြောခဲ့သလို စိတ်နှင့်တောင် မပစ်မှားခဲ့သည့် မျိုးရိုး ဂုဏ်ကို ထိန်းသိမ်းသည့် ခပ်တုံးတုံး ငကြွားတယောက်လည်း ဖြစ်ပြန်၏။

ဘုန်းကြီးပျံ မီးစက်ပျက်ချိန်တွင် ကွမ်းယာသည် ဖင်နှိုက်၊ မီးပြန်လာလျှင် တိုက်ပုံနှင့် လက်ပိုက်နေသည့် ဘု ရားလူကြီးအဆင့်ထိ မပေါက်မြောက်သော်လည်း မာတုဂါမ အချောအလှကလေးများ မြင်လျှင် “အကိုကြီးက ... ကိုကိုတုတ်က” ဟု မိန်းမကွယ်ရာတွင် ပဏာယူတတ်သည့် ကျွမ်းကျင်မှုနှင့် လေ့လာသူတယောက်လည်း ဖြစ်ပြန်ပါ၏။

အဖြူမြင်လျှင် ဘီယာငှဲ့ပေးချင်သော၊ ရိုရိုကျိုးကျိုး လုပ်ပုံကိုင်ပုံလေးရှိသလို လူတကာကို တံတွေးနှင့် ခုန်ပက် သလို စကားပြောတတ်သည့် ပြည်ပရောက် ဘုမအရှင် အဖွဲ့သူအဖွဲ့သားတွေလို သိုးဆောင်းလို မမွှတ်သော် ငြား ... ယက်စ် ... ယက်စ်ဟု ၀ါသနာအရ မြည်တွန်တတ်ပြန်သည့် ဂုဏ်ပုဒ်ကိုလည်း ချန်လှပ်ထားသည့်သူမ ဟုတ်။

စာရေးသူသည် မြန်မာ့နိုင်ငံရေးနှင့် အလုံးစုံသော (all inclusive) အဖွဲ့အစည်း လူပညာရှိ ရဲရဲတောက်များအား အားကြီးစိတ်ပျက်သော်လည်း ယခုအချိန်အထိ ကြုံလျှင်ကြုံသလို စိတ်ကူးရလျှင် ရသလို ဘေးထိုင်ဘုပြော ခြင်းဖြင့် မတူရင် မတုနဲ့၊ မတူရင် မတုနဲ့လို့ဆို ... တုနဲ့နော် ... ... ဟု အော်ရင်း ဓမ္မတာလာသော ခွေးအိုမ၏ ယောနိလို ရဲရဲတောက် မိုက်ရိုင်းထွားကြိုင်းနေဆဲဖြစ်ပါ၏။

1 comment:

zawmt said...

Hey, i m ur friend Min MIn(Moe Moe Win's) friend. VISIT to miminA@facebook