Sunday, May 15, 2011

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ထားဝယ်အသင်းအဖွဲ့များရဲ့တာဝန်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ထားဝယ်အသင်းအဖွဲ့များရဲ့တာဝန်
ထက်အောင်ကျော်

စီမံကိန်းအစ အမိုက ...

အခုတလော သတင်းတွေမှာ နေရာယူလာနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအစဟာ ၁၉၉၇ မင်းသ မီးစခန်း ထိုးစစ်မတိုင်မီကတည်းကပါ။ အဲဒီကာလက ကျနော်ဟာ ABSDF တောင်ပိုင်းဒေသ မင်းသမီးစခန်း ပြန်ကြားရေးဌာနမှာ တာဝန်ယူနေရပြီး တဘက်ကလည်း နယ်စပ်က ထူးခြားသတင်းတွေကို နော်ဝေးအခြေ စိုက် ဒီဗွီဘီသတင်းဌာနဆီ စာတိုက်ကတဆင့် ပို့ပေးနေတဲ့အချိန် ...။ ကျနော့်အထင် မင်းသမီးစခန်းမကျမီ ၁၉၉၆ နိုဝင်ဘာလောက်မှာလို့ထင်ပါတယ်။ အမိုရွာရှိ ကော်သူးလေ အကထကျောင်းက ဆရာတွေဆီ သွား လည်ရင်းနဲ့ ထိုင်းနယ်စပ် ဘောတီကနေ အမို၊ အမိုကနေ ဆင်ဖြူတိုင်-အိုင်ဝိုင်း-မေတ္တာကတဆင့် ထားဝယ် မြို့ဆီ အဝေးပြေးကားလမ်းဖောက်ဖို့ ပြင်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။

ဒါနဲ့ သွားလေရာ ကင်မရာပါလေ့ရှိတဲ့ ကျနော်ဟာ ကျောင်းဆရာရဲ့ ဘော်ဒါတယောက်ကို ဆိုင်ကယ်အကူညီ တောင်း၊ ဖုန်တွေတပေလောက်အထူရှိနေတဲ့ အမိုကနေ ဘောတီဘက်သွားတဲ့ သစ်မှောင်ခိုသယ်တဲ့ မြေနီ ကားလမ်းဆီ ကိုယ်တိုင်သွားကြည့်ခဲ့ပါတယ်။ သေချာပါတယ်။ အမိုရွာ အထွက်ကစပြီး ဘောတီဘက်သွားတဲ့ ကားလမ်းဘေး ၀ဲယာမှာ ထိုင်းစာ အမှတ်အသားပါတဲ့ အနီ-အဖြူရောင် ၀ါးတိုင်လေးတွေ ဓာတ်မီးတိုင်စိုက်သ လိုမျိုး တန်းစီစိုက်ထားတာ တွေ့ခဲ့ရပါတယ်။

အမိုရွာဟာ ကေအန်ယူအုပ်ချုပ်ရေး အခိုင်အမာချထားတဲ့ တနင်္သာရီချောင်းအရှေ့ဘက်ကမ်းက ကျေးရွာကြီး တခုဖြစ်ပြီး အထက၊ ဆေးရုံဆေးခန်း၊ ဈေးဆိုင်တွေနဲ့ အတော်စည်ကားတဲ့ ရွာကြီးတရွာပါ။ ဒါ့အပြင် ထိုင်း- မြန်မာနယ်စပ် ဘောတီနဲ့လည်း ကုန်သွယ်ရေးကားလမ်းကြီးဖောက်ထားပြီး သစ်မှောင်ခိုနဲ့ အခြားပစ္စည်းတွေ ထိုင်းဘက်ထုတ်ရာ စခန်းထောက်လည်း ဖြစ်ပါတယ်။ ကျနော်တို့စခန်းကနေ စက်လှေနဲ့ (၁) နာရီခွဲလောက် မောင်းရတဲ့အတွက် (၅) မိုင် (၆) မိုင်လောက် ဝေးမယ်လို့ ယူဆရပါတယ်။ အမိုရဲ့အပေါ်မှာ ကေအန်ယူ တပ် ရင်း (၁၀) အခြေစိုက်တဲ့နေရာ၊ အဲဒီရဲ့အပေါ်မှာ ဆင်ဖြူတိုင်၊ ဆက်သွားရင် အိုင်ဝိုင်းကနေ မေတ္တာမြို့နယ်ခွဲ အထိ ရောက်နိုင်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ကျနော်တို့ ကျောင်းသားစခန်းအခြေစိုက်ရာ အမရာ သို့မဟုတ် အများ (အမ္လား) သွားတောင်ကြားလမ်းကနေ ဒုတိယကမ္ဘာစစ်အတွင်းက ရဲဘော်သုံးကျိပ် ၀င်တွေ ဘန်ကောက်ကနေ ထားဝယ်မြို့ဆီ ချီတက်ရာလမ်းအတိုင်း အခု ကားလမ်းဖောက်ဖို့ ပြင်နေတာဖြစ် ပါတယ်။
နအဖစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ပြေးလွှားနေကြရတဲ့ ဒေသခံပြည်သူတွေ
ဒါပေမယ့် အဲဒီစီမံကိန်းကို အသေအချာလေ့လာဖို့တောင် အချိန်မရလိုက်။ ၁၉၉၇ ဖေဖော်ဝါရီလဆန်းမှာ နအ ဖတပ်တွေက ကျနော်တို့မင်းသမီးဒေသဆီ ထိုးစစ်ဆင်လာတဲ့အတွက် ဖေဖော်ဝါရီလလယ်လောက်မှာ မင်း သမီးဒေသကနေ ခွာစစ်ဆင်ခဲ့ရပြီး အခု (၁၀) နှစ်ကျော်ကြာမှ အဲဒီစီမံကိန်းက တကယ်အသက်ဝင်လာတာကို တွေ့ရပါတယ်။

အဲဒီကာလအတွင်း ထူးခြားချက်တခုကတော့ နအဖတပ်က ကျနော်တို့မင်းသမီးစခန်းဆီ ထိုးစစ်ဆင်ချိန်မှာ ထိုင်းစီးပွားရေးသမားတွေက အမို-ဘောတီ-ဆင်ဖြူတိုင် ကားလမ်းကို မြေတိုင်းလို့ ကောင်းနေဆဲ။ ကေအန် ယူဘက်ကလည်း ဗဟိုက ရောက်လာပြီး အမိုနဲ့ တပ်ရင်း (၁၀) ဌာနချုပ်တွေရဲ့ အရှေ့ဘက် လအော်မှာ တပ် စွဲထားတဲ့ ဗိုလ်မှူးရောဘဇန်ရဲ့တပ်ကလွဲရင် ဒီထိုးစစ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်တာ ကျနော်တို့ မတွေ့ရ သေး။ အဲဒီကာလ ကျနော်တို့ကြားထွက်ခဲ့တဲ့ ကောလဟာလသတင်းကတော့ နအဖ-ကေအန်ယူ-ထိုင်း သုံး ဘက်သဘောတူညီမှုတခု လုပ်ထားတယ်။ အဲဒါကြောင့် ကေအန်ယူက သိပ်မလှုပ်ရှားတာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက်က ဘာလဲဆိုတော့ နအဖဟာ မေတ္တာကနေ အမိုလောက်အထိပဲ တနသာင်္ရီမြစ် အရှေ့ ဘက်ကမ်းတလျှောက် ထိုးစစ်ပြ ဆင်းလာမှာဖြစ်ပြီး အမို-ဘောတီ-ကားလမ်းလောက်ပဲ ထိန်းထားမယ်။ အမို အောက်ပိုင်းတခုလုံးမှာ ကေအန်ယူက နေမြဲအတိုင်း ဆက်နေခွင့်ရမယ် ဆိုတဲ့သတင်းပါ။ ဒီသတင်း ဘယ်က နေ ဘယ်လိုထွက်လာသလဲဆိုတာကို ကျနော်လည်း မမှတ်မိတော့ပါဘူး။

ဒါပေမယ့် တကယ်တမ်း နအဖက ထိုးစစ်ဆင်တဲ့အခါမှာတော့ အဲဒီသဘောတူညီချက်တွေကို ဘာမှလိုက်နာပုံ မရပါဘူး။ ဒါမှမဟုတ် အဲဒီသဘောတူညီချက်ဟာ တကယ်ရှိမဟုတ်ဘဲ ကောလဟလသက်သက်လည်း ဖြစ် နိုင်ပါတယ်။ နအဖဟာ မေတ္တာဘက်ကနေ တနင်္သာရီချောင်းရိုးတလျှောက် ဗျုဟာ (၃) ခုပါတဲ့ စစ်ကြောင်း ကြီးနဲ့ ဆင်းလာတဲ့အပြင် ဘန်းချောင်းဘက်ကနေလည်း နောက်ထပ် ဗျုဟာ (၃) ခုလောက်ပါတဲ့ စစ်ကြောင်း တခုဆင်းလာပြီး ကေအန်ယူရဲ့ ထီးထာကျေးရွာနဲ့ ကျနော်တို့ကျောင်းသားတွေ အခြေစိုက်ရာ အမရာစခန်း တွေဆီ နောက်ကျောကနေ ရုတ်တရက် ရောက်လာတဲ့အတွက် ခွာစစ်ကိုတောင် မနည်းပြင်ပြီး ဆုတ်ပြေးရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

လမ်းကြောင်းအပြောင်းအလဲ၊ ကေအန်ယူနဲ့ အတိုက်အခံတွေရဲ့အသံ

ကျနော် ဓာတ်ပုံရိုက်ခဲ့ဖူးတဲ့ အဲဒီကာလက လမ်းကြောင်းအတိုင်းဆိုရင်တော့ ကန်ချနပူရီကနေ စိုင်ယွတ်၊ စိုင် ယွတ်ကနေ ဘောတီနယ်စပ်၊ အဲဒီကနေ အမို၊ အမိုကတဆင့် မေတ္တာကနေ ထားဝယ်မြို့ကို ၀င်မှာ ဖြစ်ပါ တယ်။ ဒါပေမယ့် အခုနောက်ဆုံး ၂၀၁၁ မတ်လအတွင်း ရရှိတဲ့ သတင်းတွေအရနဲ့ အဲဒီဒေသအတွင်း အခြေ စိုက်လှုပ်ရှားနေဆဲဖြစ်တဲ့ ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးဌာနမှ စောဝင်းလှိုင်ရဲ့ အပြောတိုင်း ဆိုရင် လမ်းကြောင်းဟာ ဘောတီ-အမို-လမ်းအစား ကန်ချနပူရီနဲ့ ပိုနီးတဲ့ အရင် ကေအန်ယူ တပ်မဟာ (၄) ဌာနချုပ်စခန်းဆီဝင်ရာ ဟွေးနန်းခေါင်-ဖူးနန်းလွန်ကနေ အလယ်စတိုကို ဖြတ်ပြီး အမိုဆီ တခါတည်း တန်း ဖောက်မယ်လို့ သိရပါတယ်။
ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ၀ါးတောလမ်းဖောက်လုပ်ရေးစခန်း
(၎င်းဝါးတောစခန်းသည် မေတ္တာမြို့နယ်ခွဲ အမိုကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာအကြားတွင် ရှိသည်)
ဒါအပြင် အရင်က ဆွဲထားတဲ့ မေတ္တာကနေ တောင်သုံးလုံး၊ ပကာရီ၊ ထားဝယ်မြို့လမ်းတွေအစား တောင်သုံး လုံးကနေ မြေးခံဘော်မိုင်း၊ မြေးခံဘော်ကနေ ဟာမြင်းကြီးမိုင်း၊ ဟာမြင်းကြီးကနေ ကလုံးထာမိုင်း၊ ကလုံးထာ မိုင်းကနေ ရေဖြူမြို့ဆီ ဆင်းပြီး အဲဒီကနေ ထားဝယ်မြစ်ကို ဖြတ်ကာ နဘုလယ်ကို သွားမှာဖြစ်တယ်လို့ စော ၀င်းလှိုင်က ပြောပါတယ်။

“ဒီစီမံကိန်းကတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နဘု လယ်ဘက်မှာ ဒီစီမံကိန်းအတွက် လယ်မြေဥယျာဉ်တွေအသိမ်းခံနေရသလို အဝေးပြေးကားလမ်းတလျှောက် မှာလည်း မြေသိမ်းမှုတွေ ဖြစ်နေတယ်” လို့ စောဝင်းလှိုင်က ထောက်ပြပါတယ်။ ဒါ့အပြင် စစ်ဆင်ရေးကာလ အတွင်းက ထွက်ပြေးလာရတဲ့ ဒေသခံထားဝယ်နဲ့ ကရင်ဒုက္ခသည် (၂) သောင်းနီးပါး ခိုလှုံနေရဆဲဖြစ်တဲ့ ထန်းဟင်နဲ့ ဘန်တုံယန်းစခန်းတွေကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနင်္သာရီတိုင်း ဥက္ကဌ ဦးလှမင်းကလည်း အလားတူ စိုးရိမ်မှုရှိနေပြီး “ပြောင်း ရွှေ့ခံရမယ့်ရွာတွေက ရွာသားတွေရဲ့ နစ်နာချက်တွေ၊ သူတို့ရဲ့ဆန္ဒတွေကို အန်ကယ်တို့ လေ့လာစုဆောင်း နေပါတယ်။ ပြီးရင် အားလုံးသိအောင် အန်ကယ်တို့ တင်ပြမှာပါ” လို့ ဦးလှမင်းက ပြောပါတယ်။ ဒါပေမယ့် ထားဝယ်မဲဆန္ဒနယ် ပြည့်သူ့လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်သူ အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ဦးတိုးပိုကတော့ ရေဖြူဘက်မှာ ဥယျာဉ်ခြံတွေ၊ ရော်ဘာခြံ၊ အုန်း-ကွမ်းခြံတွေ သိမ်းနေတယ်လို့တော့ ကြား ရတယ်။ လျော်ကြေးပေးဖို့ တိုင်းထွာမှုတွေလုပ်နေတယ်လို့လည်း ကြားရတယ်။ အစိုးရဘက်ကလည်း သဘာ ၀ပတ်ဝန်းကျင်ကိစ္စအတွက် အဖွဲ့တခုဖွဲ့မယ်လို့လည်း သိထားရပါတယ်။ “လောလောဆယ်ကတော့ ဒီအပေါ် လူထုက သိပ်ဘ၀င်မကျဘူး။ ဒါပေမယ့် စီမံကိန်းပြီးသွားရင်တော့ အခြေအနေတွေ တဖြေးဖြေး ကောင်းလာ မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

စီးပွားရေးပညာရှင်တဦးဖြစ်သူ ဗဟုအဖွဲ့မှ ဒေါက်တာဇော်ဦးကတော့ ဒီရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အရင် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းထက် ဒေသခံလူထုကို ပိုအကျိုးရှိစေမှာဖြစ်တယ်။ ဒေသတွင်း ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံတကာကို ဆက်စပ်ပေးနိုင်မှာဖြစ်တဲ့အတွက် စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်လာနိုင်တယ်လို့ ပြော ပါတယ်။ “ဒါပေမယ့် ဒီလိုအခွင့်ခါကောင်းတွေကို ဥပဒေနဲ့အညီ ဘယ်လို ကာကွယ်ပေးမလဲဆိုတာကို အသစ် တက်လာတဲ့ အစိုးရက အသေအချာ ပြင်ထားဖို့ လိုပါတယ်။ နို့မဟုတ်ရင်တော့ မြေနေရာငှားစားတာထက် ဘာမှမပိုဘဲ လာငှားတဲ့ ပြင်ပနိုင်ငံကသာ အကျိုးအမြတ်ရသွားမှာဖြစ်တယ်” လို့ ထောက်ပြခဲ့ပါတယ်။
(http://burmese.dvb.no/news.php?id=13326)

ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်းပေါ်ရှိ အမိုကျေးရွာ-ထီးထာကျေးရွာနှင့် ပွိုင့် (၂၅၆၆) ဘုံတီးနယ်စပ်သို့ သွားနိုင်သည့် လမ်းဆုံ (၎င်းဝါးတောစခန်းသည် မေတ္တာမြို့နယ်ခွဲ အမိုကျေးရွာ၌ တည်ရှိသည်)

ရတနာဂက်စ်ပိုက်လိုင်းစီမံကိန်းနဲ့ ထားဝယ်ဆိပ်ကမ်းစီမံကိန်း ဘာတွေတူပြီး ဘာတွေကွာသလဲ

လွန်ခဲ့တဲ့ (၁၅) နှစ် ၁၉၉၅ ၀န်းကျင်းက ဒီဒေသနဲ့ သိပ်မဝေးတဲ့ နဘုလယ်ရွာအပေါ်ဘက်နားက ကံပေါက်ဒေ သမှာ ဖောက်လုပ်ခဲ့တဲ့ ရတနာဂက်စ်ပိုက်လိုင်းစီမံကိန်းနဲ့ အခု ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဘာတွေ ကွာခြားသလဲဆိုပြီး ကျနော်လေ့လာကြည့်တော့ စစ်ပွဲနဲ့ စီမံကိန်း ဆက်စပ်မှုရှိမရှိ ဒါမှမဟုတ် စစ်ပွဲနဲ့ စီမံကိန်း ကာလ ကွာခြားမှုရှိမရှိ ဆိုတာကို ပထမအချက်အဖြစ် သတိထားမိပါတယ်။

ရတနာပိုက်လိုင်းစီမံကိန်းတုန်းကဆိုရင် ပိုက်လိုင်းဖောက်ဖို့ သတင်းတွေထွက်တာက ၁၉၉၁ နှောင်းပိုင်း၊ ပိုက် လိုင်းဖြတ်မယ့် (ကေအန်ယူနဲ့ ABSDF ကျောင်းသားတွေ အခြေစိုက်ရာ) နတ်အိမ်တောင်စခန်းကို နအဖက ထိုးစစ်ဆင်တာကက ၁၉၉၂ အစောပိုင်း၊ ပိုက်လိုင်းစီမံကိန်း တကယ်စတာက ၉၃-၉၄ မှာဆိုတော့ စစ်ပွဲနဲ့ စီမံကိန်းက ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒီစီမံကိန်းအတွက် ဒီထိုးစစ်ကို လုပ်တာဖြစ်တယ်။ ဒီအတွက် ဒုက္ခ သည်တသောင်းလောက် နတ်အိမ်တောင်ဒေသကနေ အခု ဘန်တောင်ယန်းစခန်းဆီ ရောက်နေရတယ် ဆို တာကို အများအမြင်မှာ သိသာနိုင်ပါတယ်။

ဒါပေမယ့် အခုထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာကျတော့ ထိုးစစ်ဆင်တာက ၁၉၉၇ အစောပိုင်း၊ စီမံကိန်း တကယ်စတာက ၂၀၁၁ အစောပိုင်းဆိုတော့ ၁၄ နှစ်လောက်တောင် အချိန်က ကွာနေတဲ့အတွက် ဒီစီမံကိန်း ကြောင့် မင်းသမီးစခန်းကို ထိုးစစ်ဆင်တယ်၊ ဒီထိုးစစ်ကြောင့် ကရင်နဲ့ ထားဝယ် ဒုက္ခသည်တသောင်းနီးပါး ရတ်ချပူရီခရိုင်တွင်းက ထန်းဟင်စခန်းမှာ အခုချိန်ထိ ခိုလှုံနေရဆဲဖြစ်တယ် ဆိုတာကို လူအများစုက သတိ ထားမိဖို့မလွယ်လောက်အောင် ဖြစ်သွားစေပါတယ်။ တနည်းအားဖြင့် ဒီစီမံကိန်းက အရင်ပိုက်လိုင်းစီမံကိန်း လောက် လူ့အခွင့်ရေးချိုးဖောက်မှုမရှိသလိုမျိုး အများက မြင်လာအောင် နှစ်ဘက်နိုင်ငံ အစိုးရတွေနဲ့ ကုမ္ပဏီ တွေက စီစဉ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ကျနော်တွေ့ရတဲ့ ဒုတိယကွာခြားချက်ကတော့ ရတနာပိုက်လိုင်းစီမံကိန်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေထဲမှာ အမေ ရိကန်က ယူနိုကယ်တို့၊ ပြင်သစ်က တိုတယ်တို့ ... စသဖြင့် ကမ္ဘာသိ ကုမ္ပဏီတွေ ပါနေတဲ့အတွက် အနောက် နိုင်ငံတွေရဲ့ မျက်လုံးဒေါက်ထောက်ကြည့်မှုကို ခံရပြီး လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေရဲ့ အာ ရုံစိုက်မှုကို ပိုခံခဲ့ရတယ်လို့ ထင်ပါတယ်။ အခု ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာတော့ အီတလီ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီတခုကလွဲပြီး လူ့အခွင့်ရေးကို လေးစားတဲ့ နာမည်ကြီး အနောက်နိုင်ငံက ကုမ္ပဏီတခု ကိုမှ ကျနော်မတွေ့ရသေး။ ဒါကြောင့် ဒီကားလမ်းတလျှောက် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ချိုး ဖောက်ခံရမှုကို နိုင်ငံတကာဘက်က အာရုံစိုက်မှုနည်းနေတာလည်း ဖြစ်နေနိုင်ပါတယ်။

ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ၀ါးတောလမ်းဖောက်လုပ်ရေးစခန်း
(၎င်းဝါးတောစခန်းသည် မေတ္တာမြို့နယ်ခွဲ အမိုကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာအကြားတွင် ရှိသည်)
တတိယကွာခြားချက်အဖြစ် ကျနော် သတိထားမိတာကတော့ ထိုင်းဘက်က လူ့အခွင့်ရေးနဲ့ သဘာဝပတ်ဝန်း ကျင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုလို့ ထင်ပါတယ်။ ကီလိုမီတာ (၇၀၀) အရှည်ရှိတဲ့ ရတနာပိုက်လိုင်းဟာ နတ်အိမ် တောင်စခန်းကနေ ထိုင်းနိုင်ငံပင်လယ်ဆိပ်ကမ်းတခုဖြစ်တဲ့ ရတ်ချပူရီအထိ တောတွေတောင်တွေကို ဖြတ် ဖောက်တဲ့အတွက် သစ်တောနဲ့ ဘေးမဲ့သတ္တ၀ါတွေ ထိခိုက်ပျက်စီးနိုင်တယ်။ ဓာတ်ငွေ့တွေ ယိုစိမ့်ရင် ဒေသခံ ထိုင်းလူထု ဒုက္ခရောက်နိုင်တယ်ဆိုပြီး အာကျန်ဆူလတ် (Sulak Sivaraksa) ခေါင်းဆောင်တဲ့ ထိုင်းလူ့အခွင့် ရေးအဖွဲ့တွေက လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး လနဲ့ချီ ဆန္ဒပြတဲ့အထိ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ ဒါ ပေမယ့် အခု ထားဝယ်-ကန်ချနပူရီ ကားလမ်းကိစ္စမှာကတော့ ဒီလိုဆန္ဒပြတာမျိုးကို အခုထိ မတွေ့ရသေးသ လို ဆန္ဒပြမယ့် အရိပ်အယောင်ကိုလည်း အခုထိ မမြင်ရသေးပါဘူး။ ဒါကလည်း အခု ဖောက်မယ့် ကန်ချနပူ ရီ-ထားဝယ်ကားလမ်း ထိုင်းဘက်ထွက်လာမယ့် ဘောတီပဲဖြစ်ဖြစ်၊ ဟွေးနန်းမလွန်ပဲဖြစ်ဖြစ် နှစ်နေရာစလုံးက နေ ကန်ချနပူရီကို (၂) နာရီလောက်အတွင်းရောက်နိုင်တဲ့ အဝေးပြေးကားလမ်းတွေ ရှိပြီးသားဖြစ်နေလို့ လမ်း သစ်ဖောက်စရာ တနည်းအားဖြင့် ရတနာပိုက်လိုင်းစီမံကိန်းတုန်းကလို ဘေးမဲ့တောတွေ၊ သဘာဝပတ်ဝန်း ကျင်တွေကို ဖျက်ဆီးပြီး အသစ်ထပ်ဖောက်စရာ မရှိတော့တဲ့အတွက် ဆန္ဒပြစရာမလိုတော့တဲ့ သဘောမျိုး လည်း ဖြစ်နေနိုင်ပါတယ်။

အဲ ... တူညီချက်တွေအဖြစ် ကျနော် သတိထားမိတာကတော့ ဒီစီမံကိန်းနှစ်ခုစလုံးဟာ အိမ်ရှင် မြန်မာနိုင်ငံ ထက် လာငှားသူ ထိုင်းနိုင်ငံကိုသာ ပိုအကျိုးရှိစေတဲ့အချက် ဖြစ်ပါတယ်။ နောက်ထပ် တူညီချက်တခုကတော့ ဒီစီမံကိန်းနှစ်ခုစလုံးရဲ့ လမ်းကြောင်းဟာ ကေအန်ယူ တပ်မဟာ (၄) ဒေသ ထိန်းချုပ်နယ်မြေတွေကို ဖြတ် သွားတဲ့အချက်ဖြစ်ပါတယ်။ ၁၉၉၅ ရတနာပိုက်လိုင်းစီမံကိန်းကာလမှာတော့ ကေအန်ယူနဲ့ ABSDF ဟာ အင် အားကောင်းဆဲအခြေအနေမှာ ရှိနေပြီး ရတနာပိုက်လိုက်စီမံကိန်းအခြေစိုက်ရာ ကံပေါက်ဒေသက ကမ်းခြေ ရွာတခုဖြစ်တဲ့ ဒမင်းဆိပ်အနီးအထိ ၀င်ပြီး ကေအန်ယူက ၀င်ရောက်တိုက်ခိုက်တာမျိုးတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု (၁၅) နှစ်ကြာပြီးတဲ့အချိန်မှာ ကေအန်ယူစခန်းအတော်များများကို နအဖက ထိန်းချုပ်ထားပြီး ဖြစ်တဲ့အတွက် ကေအန်ယူရဲ့လှုပ်ရှားနိုင်မှုစွမ်းအား အရင်လောက် ရှိမရှိဆိုတာ မသေချာတော့ပါဘူး။ ဒါပေ မယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီစီမံကိန်းကို ဆောင်ရွက်သူတွေအနေနဲ့ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံ ရေးအဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ ဒေသခံလူထုတွေရဲ့ အမြင်သဘေဘထားတွေကို ကြိုတင်လေ့ လာသင့်တာကတော့ အမှန်ပဲဖြစ်ပါတယ်။

ဒေသခံလူထုရဲ့ အသိပညာနိုးကြားမှုနဲ့ မူလအခွင့်အရေးအတွက် နားလည်နိုင်မှု

ရတနာဓာတ်ငွေ့စီမံကိန်းလို၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလို နိုင်ငံတကာအဆင့် စီမံကိန်းတွေဟာ ဒေ သခံလူထုရဲ့အကျိုးစီးပွားကို ကြီးကြီးမားမား ဖြစ်ထွန်းစေနိုင်သလို အခြားတဘက်မှာလည်း လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အကြီးအကျယ် ထိခိုက်နိုင်တဲ့အတွက် ဒီကိစ္စအပေါ် ဒေသခံလူထုက ဘယ် လိုတုန့်ပြန်မလဲ။ ဒေသခံလူထူအတွက် ပညာပေးရေးကိစ္စ ဘယ်လိုဆောင်ရွက်မလဲ။ ဘယ်သူတွေက ဆောင် ရွက်ပေးမလဲ ဆိုတာဟာ ဒီနေ့ မေးစရာမေးခွန်းဖြစ်လာနေပါတယ်။ ဒီကိစ္စဟာ လူ့အခွင့်ရေးအဖွဲ့တွေမှာတင် တာဝန်ရှိတာမဟုတ်ဘဲ သက်ဆိုင်ရာအစိုးရတွေ၊ ကုမ္ပဏီတွေမှာပါ တာဝန်ရှိတယ်လို့ ကျနော်က မြင်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းနှစ်ခုစလုံးရဲ့ တာဝန်ရှိသူတွေဟာ အဲဒီအချက်ကို အသေချာထည့်သွင်း စဉ်းစားခဲ့ပုံမရပါ ဘူး။

လွန်ခဲ့တဲ့ (၁၅) နှစ်က စတင်ခဲ့တဲ့ ရတနာစီမံကိန်း မစတင်မီ ၁၉၉၁ အထိ ထားဝယ်ခရိုင် (၄) မြို့နယ်စလုံးမှာ နအဖတပ်ရင်း (၂) ရင်းပဲ ရှိပါတယ်။ ထားဝယ်မြို့အခြေစိုက် ခလရ (၂၅) နဲ့ မောင်းမကန်ကမ်းခြေအနီး တော ရှည်အခြေစိုက် ခလရ (၁၀၄)။ ဒါပေမယ့် ပိုက်လိုင်းစီမံကိန်းလည်း စရော၊ တိုးလာလိုက်တဲ့ တပ်တွေက တဒါ ဇင်ကျော်ပါတယ်။ အဲဒီထဲမှာ ပိုက်လိုင်းလုံခြုံရေးတပ်တွေဖြစ်တဲ့ ခလရ (၂၇၃) နဲ့ (၂၈၈)။ နောက်တခါ ပိုက် လိုင်းနဲ့ ရေး-ထားဝယ်ရထားလမ်း လုံခြုံရေးအတွက်ဆိုပြီး ရောက်လာတဲ့ ခမရ (၄၀၁) ကနေ (၄၁၀) အထိ တပ်ရင်း (၁၀) ကျော်ပါဝင်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တခု။ နောက် သိပ်မကြာပါဘူး၊ နောက်ထပ် (၁၀) ရင်းမက ထပ်တိုးပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဆိုပြီး စစ်တိုင်းဌာနချုပ်အသစ်တခု ထပ်ပေါ်လာပြန် ပါတယ် (အရင်ကတော့ တနင်္သာရီတိုင်းကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ ကွပ် ကဲနေတာဖြစ်ပါတယ်)။
ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ၀ါးတောလမ်းဖောက်လုပ်ရေးစခန်း ပတ်ဝန်းကျင်၌ 
လုံခြုံရေးတာဝန်ယူနေသော စကခ (၁၃) ကွပ်ကဲမှုအောက် ခမရ (၅၅၇) စက (၂) မှ တပ်ဖွဲ့တဖွဲ့ပုံဖြစ်သည်။
(၎င်းဝါးတောစခန်းသည် မေတ္တာမြို့နယ်ခွဲ အမိုကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာအကြားတွင် ရှိသည်)
ဒီလို တပ်တွေတိုးလာလို့ ဒေသခံလူထု ပိုလုံခြုံလာသလားဆိုတာ မသေချာသေးပေမယ့် တပ်စခန်းသစ်တွေ အတွက် ဒေသခံလူထုရဲ့လယ်ယာဥယျာဉ်ခြံတွေ သိမ်းတာ၊ ဘားတိုက်ဆောက်ဖို့၊ ကင်းစောင့်ဖို့ လုပ်အားပေး ခိုင်းတာတွေ၊ လမ်းကြောင်းရှင်း စစ်ကြောင်းအတွက် ပေါ်တာဖမ်းတာတွေကတော့ သေချာပေါက်ဖြစ်ပွားခဲ့ပါ တယ်။ နောက်တခါ ဒီစီမံကိန်းလုံခြုံရေးအတွက် ရွာနီးခြုံစပ်က ရွာတွေကို နေရာအတင်းအကျပ် ပြောင်းရွှေ့ ခိုင်း၊ စုစည်းရွာတွေအဖြစ် ကားလမ်းမှာ စုခိုင်းတာတွေလည်း ကြီးကြီးမားမား ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ရတနာပိုက်လိုင်းကို ကေအန်ယူက ၀င်တိုက်ပြီးနောက်ပိုင်း ကံပေါက်ဒေသရှိ အိန်ဒရာဇာ ဆိုတဲ့ ကရင်ရွာက လူတဒါဇင်လောက်ကို နအဖတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကို ဖျက်ဆီးလိုက်တာမျိုးတွေဟာ ငြင်းမရနိုင်တဲ့ သာဓကတွေ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတကာကုမ္ပဏီတွေမှာလည်း တာဝန်ရှိတယ်လို့ လူ့အခွင့်ရေးအဖွဲ့ တွေက ထောက်ပြပေမယ့် ကုမ္ပဏီတွေကတော့ ဒါဟာ သူတို့နဲ့ မဆိုင်ကြောင်း၊ သူတို့ကတော့ ကံပေါက်ဒေသ (၁၂) ရွာ အထူးဖွံ့ဖြိုးရေးစီမံကိန်းအတွက် လမ်းတွေဖောက်၊ ကျောင်းတွေဆောက်၊ ဆေးရုံတွေဆောက်၊ ရေ-မီးတွေ ရအောင်လုပ်ပေးပြီး ဒေသခံလူထု လူနေမှုအဆင့်မြင့်လာအောင် ကူညီပေးခဲ့တာတွေကို ထောက် ပြလေ့ရှိပါတယ်။

ပညာလည်းပေး၊ ပစ်မှတ်ကို ထိ-မထိလည်း လေ့လာဖို့လို

ဒီအခြေနေတွေတစုံလုံးကိုခြုံပြီး ဒေသခံလူထုက မြင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဒေသတွင်းရှိ လူ့အ ခွင့်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ ကုမ္ပဏီတွေက လူထုပညာပေးမှုတွေလုပ်ဖို့ လိုနေတယ်ဆိုတာ ထင်ရှားနေပါ တယ်။ ဒါပေမယ့် အရင်က လုပ်ခဲ့ဖူးတဲ့ ပညာပေးလုပ်ငန်းတွေ ပစ်မှတ်ကို တကယ်ထိမထိ ဆိုတာကလည်း ကျနော့်အတွက် မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်ပါတယ်။

ဥပမာအားဖြင့် ၁၉၉၅ နှောင်းပိုင်းမှာ ရတနာပိုက်လိုင်းစီမံကိန်းဖြတ်သွားမယ့် မြန်မာနယ်စပ် နတ်အိမ်တောင် နဲ့ ကန်ချနပူရီခရိုင် ထုံပါဖုံမြို့နယ်အကြားရှိ ဟွေးခရိုင်ဒေသ အခြေစိုက် အာကျန်ဆူလတ်နဲ့ အဖွဲ့ရဲ့ ဆန္ဒပြစ ခန်းကို ကျနော် (၄-၅) ခေါက်လောက် ရောက်ခဲ့ဖူးပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်နေသူ အာကျန်ဆူလတ်နဲ့ ကန်ချနပူရီမြို့အခြေစိုက် မူလဒေသထိန်းသိမ်းရေးဌာနနဲ့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေ၊ နောက် စနေ-တနင်္ဂနွေမှာ ဒီအဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းဆန္ဒပြကြတဲ့ ဘန်ကောက်နဲ့ ကန်ချနပူရီက တက္ကသိုလ် ကျောင်းသူ/သားတွေနဲ့လည်း ကျနော် အများကြီး စကားပြော၊ အင်တာဗျုးတွေ လုပ်ခဲ့ဖူးပါတယ်။

ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ၀ါးတောလမ်းဖောက်လုပ်ရေးစခန်းမှ မေဖလားဝါးကုမ္ပဏီပိုင် ကားဖြစ်သည်
(၎င်းဝါးတောစခန်းသည် မေတ္တာမြို့နယ်ခွဲ အမိုကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာအကြားတွင် ရှိသည်)
ဒါပေမယ့် ပြဿနာက အင်တာဗျုးလုပ်နေတဲ့ မီဒီယာသမား ကျနော်ကိုယ်တိုင်ကလည်း သဘာဝပတ်ဝန်း ကျင်ကိစ္စကို အသေအချာ လေ့လာထားသူမဟုတ်။ တောထဲကနေ ထွက်လာကာစ သူပုန်လူထွက် သတင်း ထောက်ပေါက်စဆိုတော့ သစ်ပင်ခုတ်တာ၊ တောင်ကောင်တွေကို ဖမ်းပြီး သတ်စားတာတွေဟာ သဘာဝပတ် ၀န်းကျင်ကို ချိုးဖောက်တဲ့အလုပ်တွေ ဖြစ်တယ်ဆိုတာကို အဲဒီအင်တာဗျုးတွေ မလုပ်မီအထိ ကျနော်က နားမ လည်သေး။ အဲဒီကာလက ကျနော် မေးခဲ့ဖူးတာနဲ့ အာကျန်ဆူလတ် ပြန်ဖြေတာတွေကိုလည်း နားထောင်ကြည့် ပါဦး။

ဘာကြောင့် ဒီမှာ ဆန္ဒပြနေတာလဲဆိုပြီး ကျနော်က မေးတော့ “ဒီတောတန်းကိုသာ ပိုက်လိုင်းဖြတ်ဖောက်ရင် ဒီမှာ ကျက်စားနေတဲ့ တောဆင်ရိုင်းတွေ နေရာပြောင်းရမယ်။ ရေစီး-ရေလွဲတွေ ပျက်စီးသွားနိုင်တယ်။ အထူး သဖြင့် ဒီဓာတ်ပုံထဲမှာ ခင်ဗျားမြင်နေရတဲ့ ရောင်စုံဂဏန်းလေးတွေ ရှားပါးကုန်ပြီး မျိုးတုံးသွားနိုင်တယ်။ ဒါ ကြောင့် လမ်းကြောင်းပြောင်းပေးဖို့ ကျနော်တို့ ဆန္ဒပြနေတာဖြစ်ပါတယ်” တဲ့။

ဒီအဖြေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို နားလည်သူတွေအတွက် လုံလောက်တဲ့ အဖြေဖြစ်ပေ မယ့် ကျနော်လို တောထဲကနေ ထွက်လာသူ၊ ဂဏန်းတင်မက စားလို့ရသမျှ အကောင်ပလောင် အားလုံးကို ဖမ်းဆီးသတ်ဖြတ် စားသုံးလာခဲ့ဖူးသူတဦးအဖို့တော့ ဒီအဖြေကို ဘယ်လိုမှ နားလည်နိုင်ဖွယ်မရှိ။ ဒါဆိုရင် ကံ ပေါက်ဒေသကနေ ထွက်ပြေးလာပြီး အဲဒီဝေးခရိုင်ဝန်းကျင်မှာ ပုန်းအောင်းနေထိုင် ရရာအလုပ်နဲ့ ရှာဖွေစား သောက်နေကြတဲ့ ဒေသခံထားဝယ်သားတွေလည်း ဒီအဖြေအပေါ် နားလည်မယ်လို့ ကျနော်မထင်။ ဒါပေမယ့် ဆန္ဒပြနေတဲ့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေကတော့ ဒေသခံလူထု နားလည်ဖို့ထက် အစိုးရ နဲ့ ကုမ္ပဏီပိုင်းတာဝန်ရှိသူတွေ နားလည်ဖို့ကိုသာ အဓိကပစ်မှတ်ထား လုပ်ခဲ့ပုံရပါတယ်။ နောက်ဆုံးမှာတော့ အာကျန်ဆူလတ်ကို ဖမ်းဆီး၊ ဆန္ဒပြစခန်းတွေကို ဖယ်ရှားပြီး အဲဒီစီမံကိန်းမဖြစ်ဖြစ်အောင် ထိုင်းအာဏာပိုင် တွေနဲ့ PTT ကုမ္ပဏီတွေက လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ကဲ ... အခု ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာကော ဒေသခံလူထုပညာပေးရေးအတွက် ကျနော်တို့ ဘာ လုပ်ကြမလဲ။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ဒီစီမံကိန်းဟာ ထိုင်းနယ်မြေအတွင်း ဘာမှပြဿနာရှိပုံမရတဲ့အတွက် ထိုင်းလူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေကတော့ ဒီပညာပေးမှုကို ဦးဆောင်လုပ်မယ့်အ လားအလာ မတွေ့ရသေးပါဘူး။ ဒါဆိုရင် မြန်မာအဖွဲ့တွေကကော ဒီပညာပေးလုပ်ငန်းကို ဘယ်လောက်အထိ လုပ်နေကြပြီလဲ။ ကျနော်သိသလောက်ဆိုရင် စန်ခရပူရီအခြေစိုက် မွန်လူ့အခွင့်အရေးအဖွဲ့ (http://rehmon nya.org) က ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ၊ အစီရင်ခံစာတွေကလွဲပြီး ဘယ်ထားဝယ်အဖွဲ့အစည်းကမှ ဒီစီမံကိန်းအကြောင်း စနစ်တကျ လေ့လာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ၀ါးတောလမ်းဖောက်လုပ်ရေးစခန်း
(၎င်းဝါးတောစခန်းသည် မေတ္တာမြို့နယ်ခွဲ အမိုကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာအကြားတွင် ရှိသည်)

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပညာပေးရေးအတွက် ထားဝယ်အဖွဲ့တွေ လိုနေသလား

ဒီတခေါက် ထိုင်းခရီးစဉ်အတွင်း အန်ဂျီအိုသူငယ်ချင်းတွေက ကျနော်ကို ဒီမေးခွန်းမေးကြပါတယ်။ ကျနော် လည်း ဒီကိစ္စကို သတင်းအနေနဲ့ လုပ်ခဲ့ဖူးပေမယ့် ဒေသခံ ထားဝယ်သားတဦးအနေနဲ့ ကိုယ်တိုင် ပါဝင်လှုပ် ရှားဖို့ စိတ်ကူးထားတာမျိုး မရှိသေးတော့ သူတို့ရဲ့မေးခွန်းတွေကို အတိအကျ မဖြေနိုင်ခဲ့ပါဘူး။ “ရခိုင်ဘက် မှာဆိုရင် ‘ရွှေဂက်စ်’ လိုမျိုးအဖွဲ့တွေ ရှိတယ်။ ထိုင်းနယ်စပ်တကြောမှာလည်း တခြားတိုင်းရင်းသားအဖွဲ့တွေ၊ အန်ဂျီအိုတွေ ရှိတယ်၊ ဒါပေမယ့် ထားဝယ်စီမံကိန်းကျတော့ ဘာအဖွဲ့မှမရှိလို့ ကျနော်တို့ တွဲလုပ်ဖို့ အတော် ခက်နေတယ်” လို့ ဘန်ကောက်အခြေစိုက် TACDB ခေါ် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော် မီတီမှ ကိုမြင့်ဝေက ကျနော့်ကို ပြောပါတယ်။

နောက်တခါ ဖန်င အခြေစိုက် Foundation for Education and Development အဖွဲ့မှ ကိုထူးချစ်ကလည်း အလားတူ မေးခွန်းမျိုး ကျနော့်ကို မေးပြီး “ခင်ဗျားကိုယ်တိုင် ဦးစီးပြီး တခုခုဝင်လုပ်ပါလား” လို့ တိုက်တွန်းခဲ့ ပါတယ်။ မီးပုံးပျံဦးကျော်ရင်လို ထူးခြားတဲ့ပုဂ္ဂိုလ်တွေ၊ နောက်တခါ လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်မှူးဗထူး လိုပုဂ္ဂိုလ်တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်ဘသိန်းတင်လို ပုဂ္ဂိုလ်တွေ၊ ဖဆပလခေတ်မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ကျားကြီးဗဆွေလိုပုဂ္ဂိုလ်တွေ ထွက်ခဲ့တဲ့ ထားဝယ်ဒေသမှာ အခု ဘာလို့ငြိမ်နေတာလဲဆို ပြီး သူက မေးခွန်းထပ်ထုတ်ခဲ့ပါသေးတယ်။ ရနောင်းမှာ ကျနော်တွေ့ခဲ့တဲ့ ထားဝယ်သား ကျောင်းအုပ်ဆရာ တယောက်ကဆိုရင် ထားဝယ်နဲ့ နီးစပ်တဲ့ ဒါမှမဟုတ် ထားဝယ်ကနေ ဆင်းသက်လာတယ်လို့ ယူဆရတဲ့ အင်းသားတွေတောင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်၊ သူတို့အမျိုးသားရေးအတွက် လှုပ်ရှားနေချိန်မှာ ကျ နော်တို့ထားဝယ်တွေက ဘာလို့ ဒီလောက်ငြိမ်နေသလဲဆိုပြီး ကျနော့်ကို မေးခွန်းထုတ်ဖူးပါတယ်။

သူတို့ပြောမယ်ဆိုလည်း ပြောစရာပါဘဲ့။ သူတို့ရုံးတွေအခြေစိုက်တဲ့ ပူးခက်၊ ဖန်င၊ ရနောင်းဒေသက မြန်မာအ လုပ်သမားအများစုဟာ ထားဝယ်သားတွေဖြစ်ပေမယ့် အဲဒီအတွက် တာဝန်ယူဆောင်ရွက်ပေးနိုင်တဲ့ ထား ၀ယ်အဖွဲ့အစည်း တခုမှမရှိသေး။ ဒီကိစ္စကို သူတို့အဖွဲ့တွေက တစုံတရာ တာဝန်ယူလုပ်ပေးထားနိုင်ပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းလိုကိစ္စမျိုးကျတော့ ထားဝယ်အဖွဲ့အစည်းတခုခုက ဦးဆောင်လုပ်ပေးနိုင်မှ သဘာ ၀ကျပြီး ပိုအလုပ်ဖြစ်နိုင်မယ့်သဘောမျိုးဖြစ်တယ်လို့ ကိုထူးချစ်၊ ကိုမြင့်ဝေနဲ့ အဲဒီကျောင်းဆရာတို့က ကျနော့် ကို ထောက်ပြဆွေးနွေးခဲ့ပါတယ်။
ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ၀ါးတောလမ်းဖောက်လုပ်ရေးစခန်း
(၎င်းဝါးတောစခန်းသည် မေတ္တာမြို့နယ်ခွဲ အမိုကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာအကြားတွင် ရှိသည်)
သူတို့ (၃) ဦးရဲ့ တိုက်တွန်းချက်ကို ကြားရတော့မှပဲ ကျနော့်လည်း ငါတို့ထားဝယ်တွေမှာ အဖွဲ့အစည်း မရှိဘူး လားဆိုပြီး ပြန်ဆန်းစစ်မိပါတယ်။ ကျနော် မှတ်မိသလောက်ကတော့ ရန်ကုန်မှာ ဖွဲ့ထားတဲ့ ထားဝယ်အသင်း ဆိုတာမျိုး၊ နောက် ကျနော်တို့ တက္ကသိုလ်တက်စဉ်က ဖွဲ့ခဲ့ဖူးတဲ့ ထားဝယ်အသင်းဆိုတာမျိုး သာရေးနာရေးအ သင်းထက် ပိုပြီးလုပ်နိုင်တဲ့ အဖွဲ့မျိုး မတွေ့ဘူးသေး။ ၈ လေးလုံး အရေးတော်ပုံကာလအတွင်းကတော့ ထား ၀ယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဆိုတာကို ဖွဲ့ခဲ့ဖူးပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီအဖွဲ့ကို လည်း ဘယ်သူမှ ဆက်ပြီးမလုပ်နိုင်တော့။

ဒီလိုနဲ့ ၈ လေးလုံးအရေးတော်ပုံနောက်ပိုင်း ကျနော်တို့တောထဲရောက်တော့ ဗိုလ်စိုးသိန်း ဦးဆောင်တဲ့ ထား ၀ယ်သားတပ် ဆိုတာကို တွေ့ဖူးပါတယ်။ နောက် ဗိုလ်စိုးမြင့်တပ်၊ ဒါပေမယ့် ဒီတပ် (၂) ခုစလုံးဟာ ထားဝယ် အမျိုးသားရေးကို အခြေခံပြီး စနစ်တကျ ဖွဲ့ထားတဲ့ အဖွဲ့တွေမဟုတ်ဘဲ ကေအန်ယူတပ်မဟာ (၄) နယ်မြေ ရောက် ထားဝယ်သားတွေကို ကေအန်ယူက စုဖွဲ့ပေးထားတဲ့ ထားဝယ်သား အမည်ခံ ကေအန်ယူ လက် အောက်ခံတပ်တွေ ဖြစ်နေတာကိုသာ တွေ့ရဖူးပါတယ်။ နောက် ၁၉၉၀ ၀န်းကျင်မှာ တရုတ်-မြန်မာနယ်စပ် ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်အတွင်း ပဋိပက္ခတွေဖြစ်ပြီး လူမျိုးစုတွေက အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ တနသာင်္ရီတိုင်း ဗကပ ကလည်း သူတို့ရဲ့ပါတီနဲ့ လက်နက်ကိုင်တပ်ကို မြိတ်-ထားဝယ် ညီညွတ်ရေး တပ်ဦး ဆိုပြီး အသွင်းပြောင်းခဲ့တဲ့အတွက် နောက်ထပ် ထားဝယ်သားတပ်ဖွဲ့တခုကို ထပ်တွေ့ခဲ့ဖူးပါတယ်။ အဲ ဒီကတဆင့် ထားဝယ်အမျိုးသမီးသမဂ္ဂတို့၊ ထားဝယ်လူငယ်အစည်းအရုံးတို့ ဆိုတာတွေကို ကြားခဲ့ဖူးပေမယ့် အခုချိန်အထိတော့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ဒီအဖွဲ့တွေရဲ့လှုပ်ရှားမှု ဘာမှမမြင်ရသေး။

ဆိုတော့ ထားဝယ်ရေနက်ဆိပ်ကမ်းဒီစီမံကိန်းအတွက် လူထုပညာပေးအလုပ်တွေ အချိန်မီ ဆောင်ရွက်နိုင်ဖို့ ထားဝယ်အဖွဲ့အစည်းတခုခုလိုနေတာ အသေအချာပါပဲ။ ဒီလိုအချိန်မျိုးမှာ အားလုံးအတွက် စွန့်လွှတ်အနစ်နာ ခံပြီး အလုပ်လုပ်နေပါတယ်ဆိုတဲ့ ကျနော်က ဘာကြောင့်ကိုယ်တိုင်ဦးစီးပြီး ၀င်မလုပ်နိုင်သေးတာလဲ။ တခြား ထားဝယ်တွေကော ဘာကြောင့် ထ မလုပ်နိုင်သေး၊ မလုပ်ကြသေးတာလဲ။ ကိုယ်ဘာသာ မေးခွန်းထုတ်ရင်း ကိုမြင့်ဝေတို့ရဲ့ TACDB ရုံးခန်းကနေ ထွက်၊ မိုးပျံရထားကို စီး၊ လေယာဉ်ကွင်းရထား Airport Link ကို အမီပြေးရင်း သုဝဏ္ဏဘူမိလေယာဉ်ကွင်းဆီ ကျနော်ထွက်လာခဲ့ပါတယ်။ ။

ထက်အောင်ကျော်
(၀၆-၀၅-၁၁)

No comments: