Thursday, April 7, 2011

ခွပ်လိုက်ကြစို့ သူငယ်ချင်း (၁/၂၀၁၁)

ခွပ်လိုက်ကြစို့ သူငယ်ချင်း (၁/၂၀၁၁)
ရွှေဗမာ

ဘွားဘွားဒေါ်စွာကျယ်နှင့် အင်တာဗျူးခြင်း

ကျွန်ုပ်တို့၏သတင်းစာဆရာ ကိုပြာယာသည် ပါပါရာဇီ (Paparazzi) လောကနှင့် ခဏတဖြုတ် ကင်းကွာသွား ပြီးနောက် နှစ်သစ်ကူးခါနီး အခါသမယ၌ လေးသောင်းကျော်တန် မော်တော်ဆိုင်ကယ်ကြီးကို အရစ်ကျ ပေး ၀ယ်ပြီးသကာလ စတိုင်ကျကျ စီးနင်းကာ ဘွားဘွားဒေါ်စွာကျယ်၏ အိမ်သို့ ဆိုက်ရောက်လာလေ၏။

ဘွားဘွားစွာကျယ် ။ ။ ဟလို မောင်ပြာယာ၊ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ ဘယ်သူ့ကို ဆော်ပလော်တီး ဦးမလို့လဲဟဲ့။

မောင်ပြာယာ ။ ။ အခု ကျနော် ချင်းမိုင်မှာ “သတင်းသမား အတင်းအပြောအရေး” သင်တန်းသွားတက်ပြီး ချေးချွတ် အရောင်တင် လောင်ဒရီလုပ်လိုက်လို့ ကိုယ်ရောင်ပြောင်လာတာ ဘွားဘွားရဲ့။ ဘွားဘွားလည်း မ လန်းပါလား၊ ဇာတ်ခေါင်းကွဲနေတဲ့ အမတ်တသင်းကို အုပ်ချုပ်ရတဲ့ ဇာတ်ဆရာဥက္ကဌ ဖြစ်သွားပြီကြားလို့ ကွန် ဂရက်ကျူလေးရှင်းလုပ်မလို့ လာတာပါ ဘွားဘွားရာ။

ဘွားဘွားစွာကျယ် ။ ။ ဟုတ်ပါတယ်ကွာ ကံအကြောင်းမလှလို့ ဆူနာမီမုန်တိုင်းလာခါနီး လှေစီးမိသလို၊ သေ မယ့်အပတ်မှ စစ်ထဲလိုက်မိသလို ဒို့လည်း ဥက္ကဌအဖြစ်နဲ့ အော်တိုမစ်တစ် ရောက်လာတာ မောင်ပြာယာရဲ့။

မောင်ပြာယာ ။ ။ ဟုတ်ကဲ့ အကျယ်လေး လင်းပေးပါဦး ဘွားဘွား၊ ကျနော် မောင်ပြာယာ နားတကယ်မရှင်း လို့ပါ။

ဘွားဘွားစွာကျယ် ။ ။ ဒီလိုလေ မောင်ပြာယာ၊ ဥက္ကဌကြီးက ကျန်းမာရေးမကောင်းလို့ အော်ဇီကို မြန်းတာ နှစ်အတော်ကြာပကောဟဲ့။ ဒါပေမယ့် ဒို့ ဥက္ကဌတက်ဖြစ်ရင် ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဖြစ်မှာ သေချာ တော့ အနှီဥက္ကဌကို ဘယ်သူမှဆက်သွယ်ပြီး အထွက်မခိုင်းဘူး။ ခွင့်လည်း ပေးမထားဘူး။ သူပဲ ဥက္ကဌပေါ့။ နောက် ၀န်ကြီးချုပ်က “လွှတ်တော်မပေါ်ရေး” ကင်ပိန်းမှာ လေးစားအပ်ပါသော ဥက္ကဌကြီး ရှင်းပေးပါလို့ တောင်းဆိုတော့ ဒို့ကလည်း “လေးစားအပ်ပါသော” လို့ ဆိုရင်တော့ ငါ့ပြောတာ မဖြစ်လောက်ဘူးဆိုပြီး ၀န် ကြီးချုပ်ရဲ့စာကို ဥက္ကဌဆီ ပို့လိုက်တယ်။ အဲဒီမှာ အဖျားတက်သွားပြီး ရောဂါကုဖို့ ဥက္ကဌရာထူးက အပြီးနှုတ် ထွက်သွားလို့ ဒို့က အော်တိုငုတ်တုတ် ဥက္ကဌဖြစ်သွားတာ၊ မှတ်ထားကွဲ့။

မောင်ပြာယာ ။ ။ ထားပါတော့၊ ထားပါတော့။ မှတ်သားစရာပါပဲဗျာ။ ဒါနဲ့ “လွှတ်တော်မပေါ်ရေး” ကင်ပိန်းဆို တာ ဘာကိုပြောတာလဲ အဘွား၊ ရှင်းပြပါဦး။

ဘွားဘွားစွာကျယ် ။ ။ လွှတ်တော်မပေါ်ရေးဆိုတာ တော်လှန်သော လွှတ်တော်၊ အခုတလော ရေပန်းစားနေ တဲ့ (၁၅) မိနစ်လွှတ်တော် မဟုတ်ဘူး။ ၂၀၁၀ နိုဝင်ဘာလ ပြည်တွင်းက ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား တွေနဲ့ ဖွဲ့လိုက်တဲ့ တော်လှန်သော လွှတ်တော်၊ တိုင်းရင်းသားတွေက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အတည်ပြုပြီးတော့ ဒို့လိုအမတ်တွေ နတ်သက်ကြွေခါနီး အသက်ဆက်ဖို့ လွှတ်တော်ဖွဲ့တာ။ လွှတ် တော်ဖွဲ့ပြီးမှ ညွန့်ပေါင်းအစိုးရကို တကယ်နယ်မြေလည်းရှိ၊ လူထုလည်းရှိ၊ တပ်လည်းရှိတဲ့ အစိုးရအင်္ဂါရပ်နဲ့ ညီ တဲ့ ပြည်ပရောက် တိုင်းရင်းသားအစိုးရတွေနဲ့ ပေါင်းပြီး တကယ့်ကို ညွန့်ပေါင်း၊ အားရှိတဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ ဖို့ပေါ့ကွာ။ မုန့်ပေါင်း အရောင်တင်လိုက်တာ။

မောင်ပြာယာ ။ ။ ဒါဆို ကောင်းသားပဲဗျာ။ ဒါနဲ့ လွှတ်တော်ဖွဲ့တာကို ဘာကြောင့် ၀န်ကြီးချုပ်က မကြိုက်ရတာ တုန်း ဘွားဘွားရဲ့။

ဘွားဘွားစွာကျယ် ။ ။ မကြိုက်ဆို၊ သူ့မွေးစားအမေ မဒမ်ဒိုနာက ပိုက်ဆံမပေးမှာစိုးလို့ပေါ့ဟဲ့။ ငါ့သား လက် နက်တွေ ဘာတွေနဲ့ ကစားပါနဲ့ကွာ။ အမေတို့ ပေါ်လစီနဲ့ မကိုက်ဘူးကွဲ့။ ငါ့သား မလုပ်၊ မရှုပ်၊ မပြုတ် အေး အေးနေပါ သားရယ်။ ဖွတ်ကလိဒင်္ဂါး သားစားဖို့ အမေ ပေးပါမယ်။ သား ၀န်ကြီးချုပ်ဆိုတဲ့ ခေါင်းပေါင်းနဲ့ နောင်ရေးအေးအောင် အိမ်လည်း ၀ယ်ထားပေးပြီ။ မင်းရဲ့ကလေးတွေလည်း ကျောင်းအကောင်းဆုံးမှာ ထား။ ငါ ပိုက်ဆံပေးထားတာ၊ ငါမကြိုက်တာ မလုပ်နဲ့လို့ မဒမ်ဒိုနာက ပြောလို့ မင်းတို့ မီဒီယာကို အသုံးပြု လွှတ် တော်ဖွဲ့တဲ့ လူတွေကို ဆဲလိုက်တာပေါ့ ၀န်ကြီးချုပ်က …။

မောင်ပြာယာ ။ ။ ဒီလိုဆိုလည်း လွှတ်တော်ဆိုတာ မွေးဖွားပြီး ရှင်သန်အောင် ဆက်မမွေးဘူးလား ဘွားဘွား။ လွှတ်တော် သေသွားပြီလား။

ဖွားဖွားစွာကျယ် ။ ။ သေသလား၊ ရှင်သလား မသိဘူး။ နို့မစို့ရလို့တော့ ငိုနေတာပေါ့။ ဒို့အမတ်တွေကိုလည်း တိုင်းရင်းသားတွေက “ဘကြီးအောင် ညာတယ်။ ခု မုန့်ဆီကြော်၊ ခု စာကလေး” တဲ့။ ၀န်ကြီးချုပ်ရဲ့ ကိုယ်စား လှယ်ဖြစ်တဲ့ ဘော်ဒါဝန်ကြီးက “၀န်ကြီးချုပ်က ထောက်ခံပါတယ်” လို့ ပြောလို့ လက်ခုပ်တောင် တီးပေးလိုက် သေး။ ခင်ဗျားတို့ဗမာတွေ ဗိုလ်ချုပ်အောင်ဆန်းကလွဲရင် ဘယ်သူမှ မယုံရဘူးတဲ့ကွာ။ ဒီလိုနဲ့ နန်းဘားမင်း တွေ စုပြီး ဒို့ပြည်ထောင်စု တည်မယ်၊ ညီစေနော်၊ ညီစေဆိုပြီး ဖက်ဒရယ်ကောင်စီပေါ်လာတာကို ဒို့က ကြိုဆို ဖို့ ဖြစ်လာတာပေါ့။ ဒို့ဗမာတွေတော့ နယ်စပ်မှာ တဦးနဲ့တဦး အပုပ်ချ၊ နောက်ကျော ဓားနဲ့ထိုးရင်း မျိုးတုံးမှာ မြင်ယောင်သေးတယ်ကွယ်။

မောင်ပြာယာ ။ ။ အို ဟိုး … ဒါကြောင့် ဘွားစွာကျယ် အာမကျယ်နိုင်၊ မလန်းနိုင်တာကိုး။ ထားပါတော့ ထားပါတော့။ ပြန်ပါဦးမယ် ပြန်ဦးမယ်ဗျာ။

နောက်ခံတီးလုံး - “ ... မဲဆောက်ထဲမှာ ဒီလိုပဲရှိတယ် ... ကျနော်တို့ မဲဆောက်ထဲမှာ ဒီလိုပဲ ... ”

ရွှေဗမာ

No comments: