နိုင်ငံရေးပါတီတွေ စီးပွားရေး မလုပ်သင့်
ဇော်မင်း
ဗမာပြည်မှာ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပြီး လုပ်ကိုင်တော့မယ်တဲ့။ ဘာဖြစ်လို့တုန်း ဆိုတော့ ပါတီရန်ပုံငွေ လိုအပ်တယ်ဆိုတဲ့ အချက်ကနေ ဖြစ်ပေါ်လာတဲ့ စိတ်ကူးတွေလို့ ဆိုရင်လည်း မှား မယ်မထင်ပါဘူး။ ဒါက နဂိုကတည်းက ပါတီရန်ပုံငွေ အလုံအလောက်မရှိဘဲ ထူထောင်ထားတဲ့ ပါတီတွေရဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ ကြံ့ဖွံ့လို အတော်စောစောကတည်းက အခွင့်အရေးတွေ အမြောက်အမြား ရထား တဲ့ ပါတီမျိုးဟာ ပါတီရန်ပုံငွေအတွက် ပူစရာမလိုဘူးဆိုပေမယ့် ရေရှည်အတွက် သူတို့လည်း စီးပွားရေးလုပ် ငန်းတွေ ဆက်ပြီးလုပ်ကိုင်လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။
ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးတွေ ထူထောင်လုပ်ကိုင်ကြမလဲ။ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုဟာမျိုးတွေ လုပ်လာနိုင်ပါတယ်။ စက်မှုလက်မှုလုပ်ငန်းတွေလည်း ပါပါလိမ့်မယ်။ ကန်ထရိုက်စနစ်နဲ့ လုပ်တဲ့ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ချန်ထားမယ်လို့ မထင်ပါဘူး။ သတ္တုတူးဖော်ခွင့်တို့၊ သစ်ထုတ်ခွင့်တို့ရော ပါ လာနိုင်ပါသေးတယ်။ ပါတီအကြီးအသေးကိုလိုက်ပြီး စစ်တပ်က မျက်နှာသာပေးရင်ပေးသလို လုပ်ကြမယ်ဆို တာ တွက်ကြည့်လို့ ရပါတယ်။
ဒီနေရာမှာ မေးစရာ မေးခွန်းတွေ ပေါ်လာပါတယ်။ နိုင်ငံရေးပါတီတွေ ပါတီနာမည်ကို အသုံးပြုပြီး “စီးပွားရေး လုပ်ငန်း ထူထောင်သင့်သလား” ၊ “ထူထောင်ခွင့်ကော ရှိသလား” ဆိုတဲ့ မေးခွန်းတွေပါ။
အမေရိကန်နိုင်ငံမှာ အဓိကပါတီကြီး (၂) ခုရှိပါတယ်။ ရီပတ်ဗလီကင်နဲ့ ဒီမိုကရက်ပါတီတို့ ဖြစ်ပါတယ်။ အဆို ပါ နိုင်ငံရေးပါတီကြီး (၂) ခုဟာ ပါတီနာမည်ကို အခြေခံထားတဲ့ ပါတီကို ကိုယ်စားပြုတဲ့ စီးပွားရေးလုပ်ငန်းဆို တာ မလုပ်ကြပါဘူး။ အမေရိကန်ဥပဒေအရလည်း လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါဆိုရင် သူတို့ ပါတီလည်ပတ်ဖို့ ဘယ်က ပိုက်ဆံရသလဲဆိုတာ လေ့လာကြည့်ဖို့ လိုလာပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း အခုဆိုရင် အဓိကပါတီ ကြီး (၃) ခု ရှိလာပါတယ်။ ကွန်ဆာဗေးတစ်ရယ်၊ လေဘာရယ်၊ လစ်ဘရယ်ဒီမိုကရက်တို့ ဖြစ်ကြပါတယ်။ အဲ ဒီ့နိုင်ငံမှာလည်း နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးသာ လုပ်ကိုင်ခွင့်ရပါတယ်။ ပါတီကို မှီပြီး ပါတီနာမည်ခံပြီး စီး ပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာမျိုး လုပ်ခွင့်မရှိပါဘူး။ ဒါဖြင့်ရင် သူတို့လည်း သူတို့ပါတီတွေ လည်ပတ်ဖို့ ဘယ်ကနေ ပိုက်ဆံရသလဲ။
သူတို့ရဲ့ ပါတီဝင်တွေဆီကနေ ပထမအဆင့် နှစ်စဉ် ပါတီကြေး ကောက်ခံရာကနေ အခြေခံပါတယ်။ ပါတီဝင် တဦးချင်းစီက သူတို့ရဲ့ ဓနကြွယ်ဝမှုကို လိုက်ပြီး လှူဒါန်းတာတွေလည်း ရှိပါတယ်။ နောက်တဆင့်ကတော့ ပါတီဝင်မဟုတ်တဲ့ ပါတီကို ထောက်ခံသူများထံကလည်း လှူဒါန်းငွေတွေ ရရှိပါတယ်။ အဲသလို ငွေကြေး အ မြောက်အမြား လှူဒါန်းနိုင်တဲ့သူတွေက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီကြီးတွေက လူတွေ ဖြစ်ပါတယ်။ သူတို့က ဘာဖြစ်လို့ လှူသလဲ။ အတိုင်းအတာတခုအထိ အကျိုးရှိလို့ လှူတာဖြစ်ပါတယ်။ ဘယ်လိုအကျိုးရှိ သလဲဆိုတာ ပြန်ကြည့်ရင် ကိုယ်လှူဒါန်းတဲ့ ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖြစ်ရင် ကိုယ့်ရဲ့စီးပွား ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အာဏာရ အစိုးရက သက်ဆိုင်ရာ ဥပဒေဘောင်အတွင်းကနေ ခွင့်ပြုထားတဲ့ အတိုင်းအတာအရ စီးပွားရေးမျက်နှာသာပေးတာမျိုးကို ရရှိနိုင်လို့ ဖြစ်ပါတယ်။
ဥပမာတခုလောက်ပေးရမယ်ဆိုရင် ကိုယ်ထောက်ခံလှူဒါန်းထားတဲ့ ပါတီက အာဏာရလာပြီ ဆိုပါစို့၊ အဲဒီ့အ စိုးရက ခေါင်းဆောင်တွေ နိုင်ငံရပ်ခြားကို ခရီးသွားတဲ့အခါမျိုးမှာ ငွေလှူထားတဲ့ ကုမ္ပဏီတွေက အဆင့်မြင့် အရာရှိတွေကိုပါ အုပ်စုလိုက် ခေါ်ဆောင်သွားပြီး ရောက်တဲ့ နိုင်ငံက အစိုးရတွေနဲ့ စီးပွားရေးလုပ်ကိုင်နိုင် အောင် ဆက်စပ်ပေးပါတယ်။ တဘက်နိုင်ငံက ယုံကြည်လက်ခံပြီး အလုပ်လုပ်ချင်လာအောင် ကြားဝင်ပေးပါ တယ်။ ဒီလိုမျိုး ဆက်စပ်နေတဲ့ လုပ်ငန်းပေါင်းများစွာ ရှိနေပါသေးတယ်။ ဥပမာတခုကိုသာ မြင်သာအောင် တင်ပြခြင်းဖြစ်ပါတယ်။
တခါ အဲသလို စီးပွားရေးအုပ်စုတွေ ပိုပြီး အလုပ်ဖြစ်လာတဲ့အခါမှာ ပိုပြီး ဝင်ငွေများလာပါတယ်။ ဝင်ငွေများ လာတဲ့ အကျိုးဆက်အဖြစ် အစိုးရမှာလည်း အခွန်ငွေတွေ ပိုပြီး ဝင်လာပါတယ်။ အလားတူပါပဲ အဲသလို စီး ပွားရေးအုပ်စုတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံသားတဦးချင်းဆီကလည်း အစိုးရဟာ အခွန်ငွေ တွေ ရရှိပါသေးတယ်။
နောက်တခုကတော့ သမ္မတလောင်း (သို့) ဝန်ကြီးချုပ်လောင်းများက သူတို့ရဲ့ထင်ပေါ်မှုကို ရောင်းချရင်းနဲ့ ပါ တီရန်ပုံငွေကို ရှာဖွေခြင်းဖြစ်ပါတယ်။ ဘယ်လိုတုန်းဆိုတော့ ရီပတ်ဗလီကင်ပါတီက ညစာစားပွဲ တခုကျင်းပ တယ် ဆိုပါစို့။ အဲဒီ့ညစာစားပွဲကို သမ္မတလောင်းကလည်း လာတက်ပါတယ်။ သမ္မတလောင်းကို လူကိုယ် တိုင် တွေ့ဆုံလိုပြီး ညစာစားပွဲကို တက်လိုတဲ့ ငွေကြေးတတ်နိုင်သူများက ညစာစားပွဲတနေရာအတွက် ဒေါ် လာတသောင်း ပေးဝယ်ပြီး (လှူဒါန်းတယ်လို့လည်း ဆိုနိုင်) တက်ရောက်ပါတယ်။ သမ္မတလောင်းနဲ့ ဓာတ်ပုံ တွေ ဘာတွေ တွဲရိုက်ပါတယ်။ ဆိုတော့ကာ အဲသလို ညစာစားပွဲကို လူပေါင်း (၂ဝဝ) လောက် လာတက် တယ်ဆိုရင် ရီပတ်ဗလီကင်ပါတီဟာ တညတည်းနဲ့ ဒေါ်လာ (၂) သန်း ရန်ပုံငွေ ရလိုက်ပါတယ်။ ဒါဟာ ဥပ ဒေဘောင်အတွင်းက ခွင့်ပြုထားတဲ့ ပါတီရန်ပုံငွေ ရှာဖွေတဲ့ နည်းနာပေါင်း မြောက်မြားစွာထဲက တခုနှစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါတယ်။
အထက်က နမူနာပေးထားတဲ့ နိုင်ငံနှစ်နိုင်ငံက ပါတီခေါင်းဆောင်တွေဟာ သူတိုဏ္ဍပါတီကို လူတွေလှူဒါန်း ချင်လာအောင် သူတို့ရဲ့ ခေါင်းဆောင်မှုဟာ ဘယ်လောက်ရိုးသားဖြောင့်မတ်တယ်။ ဘယ်လောက်ထက်မြက် တယ် ဆိုတာတွေအတွက် အမြဲတမ်း ယှဉ်ပြိုင်ပြသနေရပါတယ်။ လူထုအကျိုးအတွက် ဘာတွေလုပ်မယ်၊ ဘယ်ကဏ္ဍတွေကို မြှင့်တင်မယ် ... အစရှိသဖြင့်လည်း စနစ်တကျ တင်ပြနေရပါတယ်။ ပါတီပိုင် စီးပွားရေး လုပ်ငန်းတွေကို ဘယ်လိုလုပ်မယ်ဆိုတာမျိုးတော့ ပြောသံ တခါမှ မကြားဖူးပါဘူး။
နောက်တခုကတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက အကြောင်းကို ပြောလိုပါတယ်။ တချိန် က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဝန်ကြီးချုပ် တပ်စင်ရှီနာဝပ်ဟာ အလွန်အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားကြီး ဖြစ် ပါတယ်။ သူဟာ သန်းကြွယ်သူဌေးအဆင့်ကို ကျော်လွန်ပြီး ကုဋေကြွယ်သူဌေးကြီးအဖြစ် ရောက်ရှိလာသူ လည်း ဖြစ်ပါတယ်။ သူ့ရဲ့ပါတီက “ထိုင်းရပ်ထိုင်း” လို့ ခေါ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ အမေရိကန် လို အင်္ဂလန်လို မရင့်မာသေးပါဘူး။ သို့သော်လည်း ထိုင်းရပ်ထိုင်းပါတီနာမည်နဲ့ တိုက်ရိုက်လုပ်ကိုင်တဲ့ စီးပွား ရေးလုပ်ငန်းဆိုတာ မရှိခဲ့ပါဘူး။ တဘက်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးကိုယ်တိုင်က ဝန်ကြီးချုပ် ဖြစ်နေပြီ ဆိုတော့ ပါတီနာမည်သုံးပြီး စီးပွားရေးလုပ်ဖို့ မလိုတာလည်း ပါကောင်းပါနိုင်တယ်။ သို့သော်လည်း ဥပဒေအ ရတော့ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးပါတီတွေဟာ ပါတီနာမည်သုံးပြီး စီးပွားလုပ်ငန်းတွေ ထူထောင်လို့မရပါ ဘူး။
အခု မြန်မာပြည်က အခြေအနေတွေကို ပြန်ကြည့်လိုက်တော့ ကြံ့ဖွံ့အပါအဝင် ရွေးကောက်ပွဲဝင်ရောက်ခဲ့တဲ့ အခြားသော နိုင်ငံရေးပါတီတွေဟာ မြန်မာနိုင်ငံသားတွေ သက်သာချောင်ချိအောင် ဘယ်လိုဆောင်ရွက်မယ်၊ ပညာရေး, ကျန်းမာရေးကိစ္စတွေ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်၊ လယ်သမားတွေကို ဘယ်လို အကူ အညီပေးမယ် ... စသဖြင့် ဘာတခုမှ မပြောနိုင်ဘဲ ပါတီပိုင် စီးပွားရေးလုပ်ငန်းလုပ်ကြဖို့သာ စိုင်းပြင်းနေတာ ကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
ဒီအတိုင်းသာဆို နောင်မှာ ဆင်းရဲတဲ့ မြန်မာပြည်မှာ “အလုပ်လိုချင်ရင် ကျုပ်တို့ပါတီကို ဝင်” ဆိုတဲ့ အခြေအ နေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပါတီက တိုင်းပြည်အရေးမလုပ်ဘဲ ပါတီရဲ့စီးပွားရေးသာ လုပ်နေတော့မှာကိုး။ တဘက်မှာ အလုပ်ရှင်သူဌေးဆိုတာလည်း ဒီပါတီခေါင်းဆောင်တွေ၊ အစိုးရဆိုတာလည်း ဒီပါတီခေါင်းဆောင် တွေ ဆိုတာလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် ပါတီတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာဟာ ပါတီအာ ဏာရဖို့အတွက်သာ ဖြစ်နေနိုင်ပြီး အာဏာရလာပြန်ရင်လည်း ပါတီစီးပွားရေး ပိုပြီး ကောင်းသထက်ကောင်း အောင် လုပ်ဦးမှာမို့ လူများစု ပြည်သူတွေ သက်သာချောင်ချိရာ ဖြစ်ဖို့ကတော့ ဝေးနေပါလိမ့်ဦးမယ်။
ပါတီတရပ်ဟာ အစိုးရဖြစ်လာပြီဆိုရင် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်တော်ငွေတွေနဲ့ တိုင်းပြည် အတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရပါတယ်။ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါ ရလာတဲ့ အမြတ်ငွေတွေအပေါ်ကနေ နိုင်ငံတော်အတွက် မှန်မှန်ကန်ကန် အခွန်တော်ငွေ ပေးမပေး ဆိုတာကလည်း နောက်ထပ်မေးရမယ့် မေးခွန်းတခု ဖြစ်လာပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ နိုင်ငံရေးပါတီတွေကို အာဏာရ အစိုးရက အဲသလောက် အခွင့်ရေးပေးထားမှ ဟိုပါတီ ဒီပါတီတွေဟာ ငြိမ်နေမှာကိုး။ နို့မဟုတ်ရင် သခွတ်ပင် က မီးတကျည်ကျည်ဖြစ်နေမှာကို အာဏာရအစိုးရကလည်း ဖြစ်ချင်လိမ့်မယ်လို့ မထင်ပါဘူး။ နောက်ဆုံး ပေါင်းလိုက်ရင် အာဏာရပါတီရော၊ အာဏာမရတဲ့ ပါတီ ကြီး ငယ် လတ်တွေကော အားလုံးဟာ ပုလင်းတူ ဘူးဆို့များသာ ဖြစ်ကြပါလိမ့်မယ်။
တကယ်တမ်း ဖြစ်သင့်တာက အမျိုးသားပိုင်၊ တိုင်းရင်းသားပိုင် လုပ်ငန်းကိုင်ငန်းတွေကို ဖွံ့ဖြိုးသထက် ဖွံ့ဖြိုး လာအောင် အစိုးရလုပ်တဲ့သူက ကူညီရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ဦးမော့လာအောင် လယ်သ မား အစစ်အမှန်တွေကို ကူညီဖို့လည်း လိုပါတယ်။ အစိုးရနဲ့ အလွမ်းသင့်သူတွေကို အခွင့်အရေးတွေ ချပေး နေတာကို ဆိုလိုတာမဟုတ်ပါ။ အစိုးရက ကူညီဖို့ ပျက်ကွက်တယ်ဆိုရင် အဲဒါကို အာဏာမရတဲ့ အတိုက်ခံပါ တီတွေက ထောက်ပြဝေဖန်ရမှာဖြစ်ပါတယ်။ အခုကတော့ အဲသလိုမဟုတ်ဘဲ ပါတီတွေအားလုံးဟာ စားဖား ညီညွတ်ရေးတည်ဆောက်နေသလို ဖြစ်နေပါတယ်။
နိုင်ငံရေးကစားကွက်ကတော့ ဟိုရှေးတုန်းနဲ့ အခုခေတ် အတူတူလို့ ဆိုရမှာပါပဲ။ ၁၉၈၉ က စလို့ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအားလုံးဟာ စီးပွားလုပ်ကိုင်ခွင့်တွေ အများအပြား ရထားပါတယ်။ အဲသလို လုပ်ပိုင်ခွင့်ပေးထားတာကလည်း အပစ်ရပ် ငြိမ်းအဖွဲ့တွေ နားပူနာဆာမလုပ်အောင် ငြိမ်ဆေးကျွေးထားတာ လို့ ဆိုနိုင်ပါတယ်။ အခုလည်း အလားတူပါပဲ။ နိုင်ငံရေးပါတီတွေ ဆူပွက်ဆူပွက်ဖြစ်မလာအောင် အခွင့်အရေး ပေးလိုက်တဲ့သဘော ပါနေသလို နောင်တက်လာမယ့် အာဏာရပါတီအတွက်လည်း ဆက်ပြီး စီးပွားရေးတွေ လုပ်နိုင်အောင် ကြိုတင်ပြီး လမ်းဖွင့်ထားတဲ့ သဘောလို့ ဆိုနိုင်ပါသေးတယ်။ နိုင်ငံသားတွေအတွက် ဖွံ့ဖြိုးတိုး တက်မှု ဆိုတာကတော့ အရိပ်အယောင်တောင် မမြင်ရသေးဘူးလို့ ပြောရင် လွန်မယ်မထင်ပါဘူး။
ဇော်မင်း
(၄) ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၁ ခုနှစ်
5 comments:
ကျနော်လည်း ကိုဇော်မင်းရေးတဲ့ ဆောင်းပါးကို ထောက်ခံပါတယ်။ ဘယ်နိုင်ငံရေးပါတီမှ ပါတီပိုင်စီးပွားရေးမလုပ်သင့်ပါ။ ခုတင်ကို စစ်တပ်အစိုးရနဲ့သူနဲ့နီးစပ်သူတွေ သူတို့ပိုင်ဦးစီးပီး စီးပွားရေးတွေလုပ်နေတာကို ကြည့်မရဖြစ်နေရတဲ့အထဲ။ နောင်လွှတ်တော်မှာဝင်လာကြမဲ့ ပါတီတွေအနေနဲ့ ခုလိုစစ်တပ်နဲ့ စစ်တပ်နဲ့နီးစပ်သူတွေလုပ်နေတဲ့ပုံမျိုးပဲဖြစ်လာမှာပါပဲ။ ဒါကြောင့် ဒီဆောင်းပါးရှင်ရဲ့ အာဘော်ကို ထောက်ခံကြိုဆိုပြီး ပါတီတွေ စီးပွားရေးလုပ်တာကို ရှုတ်ချပါတယ်။
ကျနော်လည်း ကိုဇော်မင်းရေးတဲ့ ဆောင်းပါးကို ထောက်ခံပါတယ်။
တော်တော်လေးကောင်းတဲ. ဆောင်းပါးလေးပါ။ အပြည်.အ၀ ထောက်ခံပါတယ်။
နိုင်ငံရေးပါတီတွေ စီးပွါးရေးလုပ်ခွင်.ပေးခြင်းဟာ ဆူပွက်ဆူပွက်ဖြစ်မလာအောင် အခွင့်အရေး ပေးလိုက်တဲ့သဘော ပါနေသလို နောင်တက်လာမယ့် အာဏာရပါတီအတွက်လည်း ဆက်ပြီး စီးပွားရေးတွေ လုပ်နိုင်အောင် ကြိုတင်ပြီး လမ်းဖွင့်ထားတဲ့ သဘော ဆိုတာ သေချာပါတယ်။
အာဏာရ အစိုးရနှင်. နီးစပ်သူများ ချမ်းသာရေးလမ်းစဉ်ကို ဆက်လက်လျှောက်လမ်း ဖို.ပြည်သူများကို မျက်လှည်.ပြ လိုက်ခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်းတွေကို လုပ်ခွင့်ပေး ထားတာဟာ လဒ်ထိုးခြင်းတစ်မျိုးပါ။ ဒီပါတီတွေဟာ သူတို့ရဲ့ အထက်မှာရှိတဲ့ စစ်ခေါင်းဆောင် တွေကို စီးပွား ရေးလုပ်လို့ရတဲ့ အမြတ်တွေနဲ့ ပြန်ပြီး လဒ်ထိုး ကြဦး မှာပါ။ လဒ်ထိုးစရာတောင် လိုမယ်မထင်ပါ။ စစ်ခေါင်းဆောင်တွေက စီးပွားရေးလုပ်ငန်းတွေ ရှိပြီးနေကြပြီ။ ပေါ်လစီ ကိုတော့ စစ်ခေါင်းဆောင်များ ကဘဲ ရေးပြီး ပေါ်ပေါက်လာတဲ့ ကြံ့ဖွံ့အစိုးရ ကို ခိုင်းမှာပါ။ ကြံ့ဖွံ့အစိုးရဟာ ရုပ်သေးအစိုးရဘဲ ဖြစ်မှာပါ။
နိုင်ငံရေးမှလွဲလျှင် ကိုယ်ကျိုး စီးပွား အပါအ၀င် အားလုံးလုပ်သော ရုပ်သေးအစိုးရဘဲ ဖြစ်မှာပါ။ သူတို့ခိုင်းတာ မလုပ်ရင် စစ်တပ်က အာဏာသိမ်းမှာပါ။
စစ်ခေါင်းဆောင်တွေဟာ သူတိုရဲ့ ဘ၀၊ အိုးအိမ်၊ စည်းစိမ်
ဝင်ငွေ တွေအတွက် စိတ်အချရဆုံးသော စနစ်တစ်ခုကို တည်ထွင်၍ အာဏာလွှဲပေးသယောင်ဆောင်ပြီး နောက်
ကွယ်က အာဏာကို ကြိုးကိုင်နေကြမှာပါ။
Post a Comment