Monday, December 13, 2010

လားရှိုးသူတဦးရဲ့ ပေးစာ

မင်္ဂလာပါဆရာ ...

လားရှိုးမြို့က စည်ပင်အရာရှိတယောက်ရဲ့လုပ်ရပ်တွေကြောင့် ရိုးသားတဲ့ ပြည်သူလူထုတွေ စိတ်ရောကိုယ်ပါ ဆင်းရဲရတဲ့အကြောင်း တင်ပြလိုက်ရပါတယ်ရှင့်။

ဦးထွန်းလင်းမော်ဟာ လားရှိုးမြို့၊ စည်ပင်သာယာရေးဌာနရဲ့ အင်ဂျင်နီယာတဦးပါ။ ကျွန်မတို့နေထိုင်တဲ့ “စနိုး ၀ှိုက်လမ်း၊ ရပ်ကွက် (၁)၊ လားရှိုးမြို့မှာပဲ နေထိုင်ပါတယ်။ အဲဒီလမ်းထဲမှာ အိမ်ကြီးအိမ်ကောင်းနဲ့နေပြီး ကား၊ ဆိုင်ကယ်၊ ဖုန်း၊ ရွှေ အားလုံးပြည့်စုံချမ်းသာနေသူတဦးပါ။ ဒီလမ်းထဲမှာ သူက မြေကွက်လွတ် (၅) ကွက်ခန့် ထပ်ဝယ်ထားပါတယ်။ ဒီမြေကွက်တွေဟာ အလွတ်တွေဆိုပေမယ့် လူနေရပ်ကွက်ထဲမှာဖြစ်ပြီး ဘေးအိမ်တွေ က လူနေအိမ်တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် (၂) ပတ်လောက်ကစပြီး အဲ့ဒီမြေကွက်လွတ်တွေမှာ “တ၀ုန်းဝုန်း တဗြုန်းဗြုန်းနဲ့ အုတ်ရိုက်သံတွေဟာ မနက် (၃) နာရီလောက်ကစပြီး နားကွဲလုမတတ်ကြားရတာ ညနေ ၄-၅ နာရီထိအောင်ပါပဲ”။

ကျွန်မရဲ့ (၃) နှစ်အရွယ် သမီးလေးဟာ မနက် (၃) နာရီလောက်မှာ အဲ့ဒီအုတ်ရိုက်သံတွေကြောင့် လိပ်ပြာလွင့် မတတ် လန့်သွားပြီး ဆက်မအိပ်နိုင်တော့ဘဲ ငိုယိုနေခဲ့ပါတယ်။ ဘယ်လိုချော့ချော့ မရတော့ဘဲ “ဗုံးကွဲသလို တ၀ုန်းဝုန်း ထွက်နေတဲ့ အုတ်ရိုက်သံတွေကြောင့်” အိမ်တိုင်းက ကလေးတွေ လန့်နိုးပြီး အော်ငိုကြပါတယ်။ သက်ကြီးရွယ်အိုတွေခမျာ တညလုံး အိပ်မရဘဲ မနက်ကျမှ မှေးခနဲ အိပ်ပျော်ချိန်မှာ အားလုံး လန့်နိုးလာပြီး သွေးတွေတိုး၊ စိတ်တွေတိုပြီး ဂယောင်ချောက်ချားတွေ ဖြစ်ကုန်ကြပါတယ်။ အိမ်တအိမ်မှာဆို မွေးကင်းစက လေးတယောက်ရှိပါတယ်။ အဲ့ဒီ လူ (၅၀) လောက်က ၀ိုင်းရိုက်လိုက်တဲ့ အုတ်ရိုက်သံတွေကြောင့် နှလုံးကွဲပြီး သေသွားမှာကို သူ့မိခင်က အလွန်စိုးရိမ်နေပါတယ်။

ဒါဟာ လူနေရပ်ကွက်ထဲမှာဖြစ်ပြီး မနက် (၃) နာရီဆိုတာ ပြည်သူအများ အေးချမ်းစွာ အိပ်စက်ချိန်၊ နောက်ပြီး ဒီလို ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေမယ့် အလုပ်တွေဟာ မြို့ပြင်နဲ့သာ အပ်စပ်တယ်ဆိုတာ ဦးထွန်း လင်းမော် ကောင်းကောင်းသိပါတယ်။ သူကိုယ်တိုင် အရာရှိတဦးပဲ။ သူကျတော့ သူ့အုတ်ရိုက်ခြံနဲ့ ဝေးရာမှာ ဇိမ်နဲ့ အိပ်နေချိန် ကျွန်မတို့ ဆင်းရဲသားတွေမှာတော့ ဒုက္ခလှလှရောက်ရပါတယ်။ မနက် (၃) နာရီလောက်က နေ တနေကုန် အုတ်ရိုက်သံ တ၀ုန်းဝုန်းကြောင့် မအိပ်နိုင်၊ မစားနိုင်ဖြစ်၊ လူကြီးတွေ သွေးတိုး၊ ကလေးတွေ အ ထိတ်တလန့်ဖြစ်၊ ကျောင်းသားတွေ စာမကျက်နိုင် ... ဒုက္ခက ဒါတင်မကပါဘူး၊ ဦးထွန်းလင်းမော် ခေါ်ထားတဲ့ အုတ်ရိုက်သမားတွေဟာ ညနေ (၅) လောက်ဆိုရင် အုပ်စုဖွဲ့ပြီး လမ်းထဲက ကျောင်းသူလေးတွေကို နှမချင်း မ စာမနာ နောက်ပြောင်ကြပါတယ်။ ကျွန်မတို့ရဲ့သမီးတွေဟာ နေ့စဉ် မကြားဝံ့ မနာသာတွေ ကြားနေရပါတယ်။ တခါ ညမိုးချုပ်တော့လည်း အုပ်စုဖွဲ့ အရက်သောက်စား မူးယစ် ရန်ဖြစ်၊ ဂစ်တာတီး သီချင်းဆိုနဲ့ သောင်းကျန်း နေလိုက်တာ ကျွန်မတို့မှာ (၂၄) နာရီလုံးလုံး ခဏလေးမှ စိတ်ချမ်းသာရာမရပါဘူး။

ရပ်ကွက်ထဲက လူတွေ ဒီလောက်အများကြီးကို ပယ်ပယ်နယ်နယ် နှိပ်စက်နေတဲ့ ဦးထွန်းလင်းမော်ကြီးကို သွားရောက် မေတ္တာရပ်ခံတဲ့အခါ “ကိုယ့်အလုပ်ကိုယ်လုပ်နေတာ ... မင်းတို့က ဘာဖြစ်ချင်လဲ” “နားမခံနိုင်ရင် အိမ်ပြောင်း” “တိုင် ... ကြိုက်တဲ့နေရာတိုင် ... **** ဂရုမစိုက်ဘူး” စသဖြင့် ရိုင်းပျစွာ ပြောဆိုပြီး ခွေးမောင်း ထုတ်သလို မောင်းထုတ်ပါတယ်။

ဦးထွန်းလင်းမော်ဟာ အရင်ကလည်း ရေပေးမယ်ဆိုပြီး ပိုက်ဆံတွေ ကောက်ခဲ့ပါတယ်။ ရေကတော့ ရပါတယ်၊ မီတာကတော့ မရှိပါဘူး။ သူ့ဆီမှာပဲ ရေမီတာကြေး သွားဆောင်ရပါတယ်။ တခါ မီးရမယ်၊ တိုင်စိုက်ရမယ်ဆို ပြီး တအိမ်ကို (၃) သိန်းနှုန်းနဲ့ အိမ် (၇) အိမ်ကို ပိုက်ဆံကောက်ပါတယ်။ တိုင် (၃) တိုင် စိုက်ရပါတယ်။ တတိုင် ကို (၂) သိန်း ကျတယ်လို့ လျှပ်စစ်ဌာနက ပြောပါတယ်။ (၁၅) သိန်းလောက်ကတော့ သူ့အိတ်ထဲရောက်သွား ပါတယ်။

စည်ပင်က တာဝန်ယူဆောက်လုပ်ပေးရတဲ့ အစိုးရအိမ်များကနေလည်း လည်ရင်လည်သလို သူရနေပါတယ်။ မောင်မင်းကြီးသား ကြီးပွားပါစေ၊ ချမ်းသာပါစေ။ သို့သော် ကျွန်မတို့ရဲ့ လမ်းထဲမှာ အုတ်လာရိုက်နေတာကို တော့ ရပ်တန်းကရပ်ပေးစေလိုကြောင်း သက်ဆိုင်ရာ လူကြီးမင်းများ သိစေအပ်ပါတယ်ရှင့် ...။ ။

စနိုးဝှိုက်လမ်းနေ လားရှိုးသူတဦး

No comments: