Monday, December 13, 2010
ပန်းဖျက် မုဆိုး
ဆူးကိုသာ အပြစ်မြင်နေတတ်ရင်
သင်ဟာ ရနံ့နဲ့ ထာဝရ ဝေးနေလိမ့်မယ်။
ပန်းပွင့်ကလေးတွေရဲ့
အကြောင်းရင်းခံကို သိချင်၊ ပြောချင်၊ မျှဝေချင်တယ်ဆိုပါစို့
သင်ဟာ …
သမိုင်းလည်း ကျေရမယ်
မြေကြီးကို ကိုယ်တိုင်ထွန်ယက်
တကယ်ချစ်တတ်ဖို့လည်း လိုမယ်
ပန်းကလေးတွေရဲ့ ရန်သူစစ်စစ်ကိုလည်း သိရမယ်။
ရောင်းဈေးတင်တတ်တဲ့ ဦးနှောက်မှာ
တန်ဖိုးထားတတ်တဲ့ နှလုံးသားအတွက်
ဘယ်လိုမှ နေရာမရှိနိုင်ပါဘူး
ဒီတော့ …
ဆူးကလေးတွေကို အပြစ်မြင်နေတာလည်း မဆန်းဘူး။
ဝယ်သူက
သူ့အတ္တကို အလှဆင်ဖို့ရာ
ဆူးကလေးတွေဟာ ကြီးမားတဲ့ အနှောက်အယှက်ပဲ …
သင်က
လက်ရဲဇက်ရဲ ဆူးကလေးတွေကို ကိုက်ဖြတ်နေတယ်
ဆတ်ဆတ်ခါ နာကျင်သွားတဲ့
ပင်စည်ကိုလည်း သင်မမှုဘူး
ကိုင်းဆက်ကိုလည်း မစာနာခဲ့ဘူး
ပန်းကလေးတွေခမျာမယ်
သူတို့ဘ၀ မလုံခြုံနိုင်တော့ဘူး
တမြေ့မြေ့ … ကြွေ။
သင်ဟာ …
အနာဂတ်ကို ဖျက်ဆီးနေသူပဲ
တန်ဖိုးမသိ
ရနံ့မသိ
ပကတိ … လူ့အန္ဓ။ ။
ကမာပုလဲ
၁၂-၁၂-၂၀၁၀
ဝန်ခံချက် ။ ။ ကလေးများအား လူကုန်ကူးသန်းရောင်းဝယ်နေမှုအပေါ် ဆန့်ကျင်ခံစားရေးဖွဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment