Sunday, December 12, 2010

နိဂုံးရဲ့နိဒါန်း

နိဂုံးရဲ့နိဒါန်း
သုည

ကျနော် ဗိုလ်လောင်းသင်တန်း စတက်စအချိန်ပေါ့။ ရင်ထဲမှာလည်း ဘဝင်လေဟပ်နေတယ်။ အဲဒီအချိန်က ဗိုလ်သင်တန်းဆိုတာ တော်တန်ရုံလူ တက်နိုင်တာမဟုတ်ဘူး။ အမှတ်မီမှ တတ်နိုင်တာပါ။ အမှန်တကယ်တော့ ကျနော့်အမှတ်က မီရုံတင်မကဘူး၊ ကျော်တောင်နေသေးတယ်။ အများကြီး ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အဖွား က ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်လုပ်စေချင်တယ်။ အမေကတော့ အင်ဂျင်နီယာ လုပ်တဲ့။ အဖေကတော့ ဘာမှမပြောပါဘူး။ အဖေလည်း တပ်မတော်အငြိမ်းစားပဲ။ အဖေက ဘာကြောင့် စစ်ထဲဝင်ခဲ့လဲတော့ မသိဘူး။ ကျနော်ကတော့ စစ်ဗိုလ်ဖြစ်ချင်တာ တပိုင်းကိုသေရော။ ဆရာဝန်တို့၊ အင်ဂျင်နီယာတို့ဆိုတာ စစ်သား လောက် မမြင့်မြတ်ဘူးလို့ ထင်တယ်လေ။ ဒါကြောင့် အားလုံးကို (အဖေက လွဲပြီး) အတိုက်အခံလုပ်ပြီး ဗိုလ် သင်တန်းတက်ခဲ့တာပါ။ ပိုက်ဆံကတော့ ဘာကုန်သလဲမမေးနဲ့။

ကျနော် သင်တန်းဆင်းပြီး အရင်ထောက်လှမ်းရေး (၂၅) မှာ လုပ်တယ်။ မိုးကုတ်မှာ တာဝန်ကျတုန်းက (၁၅ဝ) လောက် စုမိတယ်။ အတော်လေးကို စားပေါက်ချောင်တာပဲ။ ဒါကလည်း ကျနော့်အတွက် နိဂုံးရဲ့နိဒါန်းပါပဲ။ ထားပါလေ။ ကျနော် အခု အဓိကပြောချင်တာက ဗိုလ်သင်တန်းကို စရောက်တဲ့နှစ်အကြောင်း ပြောချင်တာ။ အပြင်လောကမှာ လည်လည်ဝယ်ဝယ်ရှိသလောက် သင်တန်းလည်းရောက်ရော လူလည်ကျခဲ့သမျှ ပယ်ပယ် နယ်နယ်ကို အတွယ်ခံရတော့တာပါပဲ။

ကျနော်တို့ ဆေးစစ်ရပြီ။ ဆေးမအောင်ဘဲ အိမ်ပြန်ရမယ့်သူစာရင်းကို ကြေညာတဲ့သူရဲ့ မျက်နှာကို မရဲတရဲ ကြည့်ရင်းနဲ့ပေါ့။ ရင်တဒိတ်ဒိတ်ခုန်ရင်း စောင့်မျှော်ရတာ ပထမဦးဆုံး ရည်းစားရဲ့ ချစ်အဖြေကို စောင့်ရတာ ထက် ခံစားရခက်ပါတယ်။ တဖြည်းဖြည်းနဲ့ လန့်လာတယ်။ တကယ်လို့ “ဆေးမအောင်ရင်” ဆိုတဲ့ အတွေးက မောင်းထုတ်နေတဲ့ကြားက အလိုလိုဝင်လာတယ်။ ဆေးကျတဲ့သူတွေကလည်း ငိုယိုလို့ပေါ့။ သင်တန်းက လည်း ဆေးကျတဲ့သူတွေကို ဒီအတိုင်း ပြန်မလွတ်ဘူး။ သက်ဆိုင်ရာ အုပ်ထိန်းသူမိဘတွေကို ခေါ်ပြီးမှ အတူ ပြန်လွှတ်တာ။ မဟုတ်ရင် ဒီကောင်တွေ ကိုယ့်ကိုကိုယ် တခုခုလုပ်လိုက်မယ်ဆိုရင် သင်တန်းက တာဝန်ခံရ မယ်။ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဆေးကျတဲ့စာရင်းထဲမှာ မပါပါစေနဲ့လို့ ဆုတောင်းရတာ အမောပါပဲ။ ကိုယ်ကလည်း အပြင်မှာ လမ်းယူခဲ့တာမှ မဟုတ်တာ။ ပေါက်ကရ လျှောက်လုပ်ထားတာကိုး။ ဆေးမအောင် ရင် အိမ်ကို ဘယ်လိုမျက်နှာမျိုးနဲ့ ပြန်ရမလဲ။ ကျနော့်ဘဝတော့ သွားပြီပေါ့။ ဒီသင်တန်းကြီးကို အတိုက်အခံ လုပ်ခဲ့ပြီး၊ အများကြီး အကုန်ကျခံခဲ့ပြီး ငမ်းငမ်းတက်လိုချင်နေတာ။ အဲဒီတုန်းက ကျနော်စဉ်းစားတယ်။ ဆေး ကျလို့ကတော့ ကိုယ့်ကိုကိုယ် သတ်သေမယ်လို့။ အရှက်နဲ့အသက် လဲပစ်လိုက်မယ်။ ဘာမှတ်နေသလဲပေါ့။ ကံကောင်းစွာနဲ့ပဲ ကျနော် ဆေးအောင်ခဲ့ပါတယ်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ တကိုယ်လုံးကို ပေါ့သွားတာပဲ။ လှေကားထစ်တထစ်ကိုတော့ ကိုးရို့ကားယားနဲ့ ကျော်နင်းခဲ့ပြီးပြီလေ။

ဆေးအောင်ပြီးတဲ့ ကျနော်တို့ကို အနော်ရထာစစ်ကြောင်း တပ်ခွဲဘယ်လောက်၊ ကျန်စစ်သားစစ်ကြောင်း တပ် ခွဲဘယ်လောက် စသည်ဖြင့် ခွဲပေးကြပါတယ်။ ကျနော်က အနော်ရထာစစ်ကြောင်း တပ်ခွဲ (၆) မှာပါ။ တကယ် ပျော်တယ်။ မြူးကြွသွက်လက်လို့ပေါ့။ “မင်း တပ်ခွဲဘယ်လောက်လဲ ငါက ဘယ်တပ်ခွဲက” ဆိုပြီး စကားတွေ ဖောင်နေအောင် နှုတ်ဆက်ကြလို့ပေါ့။ ဒါမျိုးက သင်တန်းတက်ခါစ သင်တန်းသားတိုင်း ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ နောက် ကိုယ့်အထုပ်ကိုယ်ထမ်းပြီး သင်တန်းဆောင်ကို ကားနဲ့ ချီတက်ခဲ့ကြပါတော့တယ်။

ကျနော်တို့သင်တန်းသားသစ်တွေကို ဒုတိယနှစ်၊ တတိယနှစ် နောင်တော်ကြီးတွေက ကြိုဆိုနှုတ်ဆက်ပွဲလေး လုပ်ပေးမယ်ဆိုပြီး ခန်းမထဲမှာ စုရုံးခိုင်းထားတယ်ခင်ဗျ။ သြော် .. နောင်တော်ကြီးတွေက ကိုယ့်အပေါ်သိတတ် သားပဲ။ ဒီလောက်လည်းမလိုပါဘူး။ အားတောင်နာတယ်။ တကယ်ပါ။ ကျွေးမွေးရေးကတော့ ထွေထွေထူးထူး မရှိပါဘူး။ အာဟာရပြည့်ဝအောင်လို့ သာကူပြုတ်ကျွေးတယ်။ ခုံတန်းရှည်ကြီးရဲ့တဘက်တချက်စီမှာ ထိုင်ရင်း တဦးချင်းစီရဲ့မျက်နှာတွေမှာ အပြုံးရိပ်တွေနဲ့ပေါ့။

ညနေ (၆) နာရီထိုးပြီးတဲ့အထိ ပွဲကမစသေးဖူး။ ဗိုက်ကလည်း ဆာလာပြီ။ ကျနော်တို့နောက်မှာရော အခန်းအ ပြင်ဘက်မှာပါ စစ်ယူနီဖောင်းအပြည့်နဲ့ နောင်တော်ကြီးတွေက မတ်တပ်ရပ်စောင့်နေကြတယ်။ တကယ်ဆို ဗျာ။ ဒီသာကူပြုတ်တပန်းကန်စားတာများ ဒီလောက်လူအများကြီးနဲ့ ဂရုတစိုက် စောင့်ကြည့်နေတယ်ဆိုတော့ အားတော့နာသား။ အဲဒီအချိန်မှာ ကျနော်တို့ကို တဦးချင်းစီ မိတ်ဆက်စေပါတယ်။ သူ့အလှည့် ကိုယ့်အလှည့် မိတ်ဆက်ကြတာပေါ့။ ကျနော့်နာမည် ဘယ်သူ၊ ဘယ်မြို့က လာတယ် စသည်ဖြင့်ပေါ့လေ။ နောက် သူတို့က မေးသေးတယ်။ မင်းမှာ အမရှိလား၊ ရှိပါတယ်ခင်ဗျ။ အင်း ... အမက ချောလား ... ချောမှာပါလေ မင်းလည်း လူချောပဲ။ မင်းအမ ငါ့ကို ပေးမလား။ ဟုတ်ကဲ့ ပေးပါမယ်။ အဲဒီလိုပေါ့။ မေးလိုက် ဖြေလိုက် စလိုက်နောက် လိုက်နဲ့ အရမ်းပျော်ဖို့ကောင်းတယ်။

ခုနှစ်နာရီလောက်လည်း ကျရော လူတွေအားလုံး မိတ်ဆက်ပြီးသွားတယ်။ ဗိုက်ကလည်း အတော်ဆာနေပြီ။ ဒါနဲ့ စားကြတော့မယ်ပေါ့။ “ကဲကဲ ... စားတာတော့ အေးဆေးပေါ့နော် ခဏနေရင် စားကြတော့မှာပါ .. ခုတော့ ...” ဆိုပြီး ခေါင်းငဲ့ပြလိုက်တာကို တွေ့လိုက်ရတယ်။ ကျနော့်ရဲ့မသိစိတ်ထဲမှာ တခုခုဖြစ်တော့မယ်ဆိုတာ သိ လိုက်တယ်။ အဖေ ပြောပြထားဖူးလို့လည်း နည်းနည်းပါးပါး ကြားဖူးထားတယ်လေ။ “ဖြုန်း” ဆို အခန်းတခုလုံး မီးအမှောင်ကျသွားတယ်။ ချက်ချင်းပဲ ကျနော်လည်း ခုံအောက်ထဲ လှိမ့်ဝင်လိုက်တယ်။ လား ... လား ခုနက စစ်ယူနီဖောင်းအပြည့်နဲ့ ကျနော်တို့ပတ်လည်မှာ ရှိနေတဲ့သူတွေက ဝိုင်းပြီးကြိုဆိုကြတာ။ တဖုန်းဖုန်း၊ တဒိုင်း ဒိုင်းနဲ့ ကြားရတာ ကျောချမ်းစရာပါပဲ။ အားပါးပါး ... ငိုသံပါ ကြားရပါတယ်ဆို။

ရုတ်တရက် မီးပြန်လင်းလာတယ်။ လဲတဲ့သူတွေက လဲ၊ ကွဲတဲ့သူတွေကလည်း အားလုံးလိုလိုပါပဲ။ မျက်ဝန်းထဲ မှာလည်း မျက်ရည်စတွေ၊ မယုံနိုင်ခြင်း၊ နာကြဉ်းခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျနော်လည်း ခုံအောက်က ထွက်ရမလို၊ ဒီအတိုင်းပဲ ဆက်ပုန်းနေရမလိုဖြစ်နေတဲ့အချိန်မှာ “ဟာ ဟိုကောင် ... အဲဒီကောင် လူလည် ... အဲဒီကောင်ကို ချ” ဆိုပြီးတော့ ကျနော့်ကို ခုံအောက်က ဝိုင်းဆွဲထုတ်ပြီး ဆော်ပလော်တီးကြတာ။ ဘာပြော ကောင်းမလဲဗျာ။ ဘာမှကို ပြောလို့မကောင်းတော့ဘူး။ မျက်နှာကို လက်နှစ်ဘက်နဲ့ကာပြီး ကြမ်းပြင်ပေါ်မှာ ကွေးကွေးလေးနဲ့ အတော်အီသွားတယ်။ ခုချိန်မှာ ပြန်တွေးမိရင် ကျောက အောင့်သလိုလို၊ ရင်ဝက နာသလို လိုပါပဲ။ ခဏနေတော့ အားလုံး လက်စွမ်းပြတာ ရပ်လိုက်ကြတယ်။

“မင်းတို့ကို ဒီလိုလုပ်ရတာ မိမိရဲ့ အထက်အရာရှိကို လေးစားတတ်အောင်၊ အမိန့်နာခံတတ်အောင်၊ ကိုယ့်အ ထက်အရာရှိကို ပြန်ပြီး မလွန်ဆန်ရဘူးဆိုတာ သိအောင် ဆုံးမတာပါ”

စကားလုံးနဲ့ ဆုံးမလို့ ရရဲ့သားနဲ့။ ခုတော့ဗျာ ... မတရား အနိုင်ကျင့်နေတာ။ တဆိတ်မလွန်လွန်းဘူးလား။

“ကဲ ... ခုချိန်ကစပြီး စားသောက်နိုင်ပါပြီ”

ကဲ ... လုပ်ပုံက။ ဒီလောက် လူးလှိမ့်နေအောင် ခံထားရတာ ဘယ်သူက စားဝင်တော့မှာလဲ။ ကိုယ့်ရှေ့က ပုံစံ ခွက်ကို စိုက်ကြည့်ပြီး ဘယ်သူမှ မစားနိုင်ဘူး။ “စားလေ ညီလေးရဲ့ အားမနာနဲ့”။ ရွဲ့သလို၊ စောင်းသလို၊ လေ ဖြတ်သလိုနဲ့ ပြောတာ။ ဒီလိုပြောလေလေ ... မျက်ရည်ကျလေလေပါပဲ။ အဲဒီနေ့ကပေါ့ မျက်ရည်နဲ့ ရောနေတဲ့ သာကူပြုတ်တဇွန်းတော့ စားဖြစ်ခဲ့ပါတယ်။

သင်တန်းထဲမှာ ဒီလောက်ပုံစံပေးထားတာတောင် ကျနော်တို့ ရအောင်ပေတေခဲ့ပါသေးတယ်။ ဒဏ်ပေးခံရဆုံး သူတွေထဲမှာ ကျနော် ထိပ်ဆုံး။ စာသင်ခန်းထဲမှာ အိပ်ငိုက်တာလဲ ထုံးစံပဲ။ ဖဲဝိဇ္ဇာဆိုတဲ့ဘွဲ့လည်း ရခဲ့တယ်။ ပ ထမနှစ်မှာတင် တညလုံးမအိပ်ဘဲ မိုးလင်းပေါက် ဖဲခိုးရိုက်၊ ပြီးတော့ ရထားတဲ့ အပေါင်းဆုံး ပစ္စည်းတွေက နည်းမှမနည်းဘဲ (နောက်ပိုင်း တပည့်ခံသူတွေတောင် ရှိလာတယ်)။

ဖဲခိုးရိုက်ကောင်းလို့ ဒဏ်ပေးခံရတာလေး ပြောရဦးမယ်။ တညမှာ ဖဲခိုးရိုက်ကြတယ်။ နေရာကတော့ ရှားရှားပါး ပါး အိမ်သာထဲမှာပေါ့။ အရက်သောက်ရင်း ရိုက်ရင်းနဲ့ အတော်မူးသွားတယ်။(တပည့်ခံသူတွေကလည်း ဖဲရိုက် တတ်မတတ်တော့မသိဘူး၊ အရက်တော့ ကောင်းကောင်းငှဲ့တတ်သွားတယ်) ရုတ်တရက် ဝင်ဖမ်းပါလေရော။ ကံကောင်းချင်တော့ သင်တန်းသားတယောက်က ပြေးပြောလို့ ဝိုင်းမှာ ရှိသူအားလုံး ကြိုပြေးကြတာ။ လွတ် သွားတာပေါ့ဗျာ။ အဲ ... ကံဆိုးတာက ကျနော်။ ဖဲချပ်တွေ အရက်ပုလင်းတွေကြားမှာ ကားခနဲကို မိတာ။ သင် တန်းမှူးတွေကလည်း သဘောကောင်းပါတယ်။ မူးနေတဲ့ ကျနော့်ကို ဝိုင်းသမကြတာ။ မိုးလင်းမှသတိပြန် လည်လာတယ်။ သတိရတော့လည်း အေးဆေးမနေရသေးဘူး။ တယောက်ပြီးတယောက် ဝိုင်းစစ်ဆေးတာ။ ဘယ်သူတွေပါလဲ ဘာညာပေါ့။ ကျနော် မလိမ်ရဲပါဘူး။ ကျနော် တယောက်တည်းပါလို့ ဖြေပေးတယ်။ ဘယ် သူမှမယုံဘူး။ ဘယ်ယုံမလဲနော့်။ ဖဲဆိုတာ တယောက်တည်းမှ ကစားလို့မရတာ။ သက်မဲ့သက်သေတွေက လည်း ကျနော် တယောက်တည်းမဟုတ်ဘူးဆိုတာ ပြနေတယ်လေ။ ဘယ်လိုမှ စစ်လို့မရတော့ ဆူပူကြိမ်း မောင်းလိုက်တာ ခေါင်းတင်မကဘူး။ ဖင်ပါ ကြိမ်းတယ်ဗျို့ တကယ်။ နောက်ဆုံးတော့ ဒဏ်ခတ်တဲ့အနေနဲ့ ရေ ခပ်ခိုင်းတယ်။

ရေခပ်ခိုင်းတဲ့ ပုံကလည်း ရက်စက်လွန်းပါတယ်။ ဘယ်နိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေလည်းတော့မသိ ဘူး။ အဆောင်အပြင် ရေချိုးကန်က ရေကို မိုလာပုံးအဖုံးလေးနဲ့ သယ်ပြီး အိမ်သာထဲက ရေကန်ကို ဖြည့်ခိုင်း တာ။ ဘယ်လွယ်ပါ့မလဲ။ တခါတလေ တဆောင်လုံးကျွတ်ကို အဲဒီနည်းနဲ့ ဒဏ်ပေးတာ။ တချို့က ရေခွက်ကို အင်္ကျီအောက်ထဲ ဖွက်ပြီး သယ်ကြတယ်။ အကြိမ်များလာတော့ မိတာပေါ့။ မိတဲ့ကောင်တော့ ဆွေမျိုးမေ့ပဲ။ ပယ်ပယ်နယ်နယ်ကျွေးတာ။

ပထမနှစ်မှာ ကျနော်တို့ဟာ အမြဲတမ်း မအားလို့ အချိန်တိုင်းဆာနေတဲ့ “ဆာ” ဘွဲ့ကို ရထားတယ်။ ဆရာကြီး တယောက် ဒံပေါက် ရောင်းတယ်။ အနီ၊ အဝါရောင် ဒံပေါက်တွေကို ကျွတ်ကျွတ်အိတ်နဲ့ ထည့်ပြီး ရောင်းတာ။ ခိုးရောင်းတာပေါ့။ ကျနော်တို့လည်း ဝယ်စားတာပဲ။ အိမ်သာထဲမှာ ခိုးစားရတာ။ ငတ်နေပြီလေ မထူးဘူး။ အ မှန်တော့ စာသင်ဆောင်မှာ ဈေးရောင်းလို့ မရဘူး။ ဒါကတော့ ဆရာကြီးတွေ လုပ်စားတာပေါ့။ အိမ်သာနံ့နဲ့ ဒံ ပေါက်နံ့ရောနေတဲ့ အရသာလေးကို ခုထိမမေ့သေးဘူး။ အပြင်က ရောင်းတဲ့ ဒံပေါက်တောင် မစားဖြစ်တာ ခု ထိပဲ။

တဆက်တည်း လစာထုတ်တဲ့အကြောင်း ပြောရဦးမယ်။ လစာ ဘယ်လောက်ရလဲ မမှတ်မိတော့ဘူး။ လက် မှတ်ပဲထိုးပြီး လစာက လက်ထဲ မရောက်တာများတယ်။ တပ်ခွဲအဆောင်၊ အလှူငွေ၊ တပ်ရင်းအဆောင်၊ တပ် ခွဲအားကစား ... စတဲ့ ကိစ္စများစွာကို ဖြတ်ပစ်လိုက်တော့ တခါတလေ ကိုယ်ကတောင် ပြန်အမ်းရသေးတယ်။ တခါတုန်းက လစာထုတ်တဲ့နေ့မှာ ဘောပင်(လ်)နဲ့အတူ ပိုက်ဆံနှစ်ရာ ယူလာခိုင်းတယ်။ “ဘူမသိကိုးမသိ” နဲ့ နှစ်ရာတန်လေးကိုင်ပြီးသွားတာ လက်မှတ်ထိုးပြီး ပါတဲ့ ပိုက်ဆံနှစ်ရာပါ ပေးလိုက်ရတယ်။ အမှန်တော့ နောက် ဆုံးနှစ်သမားတွေနဲ့ တပ်ခွဲမှူးတွေ ဖြတ်စားလိုက်တာ။ အချင်းချင်း ခွက်စောင်းခုတ်ကြတာပေါ့။ ကျနော်တို့ နောက်ဆုံးနှစ်ရောက်တော့လည်း ပြန်ခုတ်တာပဲ။ အံမာ ... နောက်ဆုံးနှစ်မှာ ယူနီဖောင်းတွေများ ကော့နေတာ ပဲ။ အဲဒီလောက်ထိဆို။

အဲဒီလိုပေါ့ဗျာ။ ပြောရင်တော့ ဘယ်ကုန်နိုင်လိမ့်မလဲ။ ပျော်စရာ၊ ဝမ်းနည်းစရာ၊ နာကြဉ်းစရာတွေနဲ့ ဖြတ်သန်း ပြီးတော့ သင်တန်းဆင်းရောဆိုပါတော့။ သူများတွေ စားသလို စားရင်း၊ ဝါးရင်းနဲ့ နောက်ဆုံးတော့ ပြုတ်ပါလေ ရော။ အဲဒီတော့မှ ဗိုလ်သင်တန်း မတက်ဖို့ တားတဲ့ လူကြီးတွေရဲ့ စေတနာကို နားလည်မိတယ်။ စစ်ဗိုလ်ဆို တာ တပ်က ပြုတ်သွားပြီဆိုမှတော့ အပြင်မှာ ဘာလုပ်လို့ရမှာလဲ။ ဗိုလ်ပြုတ်ဆိုတဲ့ နာမည်ပဲ ကျန်တော့တာ ပေါ့။ ပိုဆိုးတာက (၂၅) ထောက်လှမ်းရေးထဲမှာ ပါနေတော့ (၂၅) လည်း ပြုတ် ကိုယ်လည်း ပြုတ်ပဲ။ ပြုတ်တာ နဲ့တပြိုင်တည်း ပိုင်ဆိုင်သမျှအားလုံး သိမ်းတော့တာပါပဲ။ ကောင်းကြသေးလားဗျာ။ အင်း ... ကိုယ့်ဒုက္ခကိုယ် ရှာမိတာကိုးဗျနော်။

သုည

2 comments:

ကိုချစ်ဖေ said...

..ကိုသုည ရဲ့ အတွေ့အကြုံတွေကို.ဆက်ရေးပါဦးဗျ

ဝါခေါင် said...

ကိုသုညရေ
အကို ထောက်လှမ်းရေး (၂၅) မှာတာဝန်ကျတုန်းက
တွေ့ကြုံခဲ့ရတဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေ ပြန်ပြောပြရင်
ပိုပြီးစိတ်ဝင်းစားဖို့ကောင်းသလို ပိုပြီးလည်းတန်ဖိုးရှိုမယ်
လို့ထင်ပါတယ် အကို ။

http://lungesakarwine.blogspot.com/