Saturday, November 20, 2010

ဝါရင့်နိုင်ငံရေးသမားကြီးများအား သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်

ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ အား ပူဇော်ကန်တော့သည့် သက်ကြီးပူဇော်ပွဲတရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေး သမားကြီး သခင်သိန်းဖေ၏ အိမ်တွင် ယနေ့ (၂၀-၁၁-၂၀၁၀) စနေနေ့ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ် သည်။

အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ (၆၂) မျိုးဆက်၊ (၇၄-၇၅-၇၆) မျိုးဆက်၊ (၈၈) မျိုး ဆက်ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ် ရှားသူများ စုစုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ကြသည့်အပြင် သတင်းထောက်များနှင့် လာရောက်ကြည့် ရှုအားပေးသူ ရာနှင့်ချီရှိခဲ့သည်။

ကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကန်တော့သူ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူ များနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း၊ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမား ကြီးများကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး နှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီ အစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက် ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲ အပ်ပေးပြီး နောက်ဆုံးအစီအစဉ်အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရစကား ပြန်လည်ပြောကြားခဲ့သည်။

ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီး (၂၈) ယောက်အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၂၀) ဦး တက်ရောက်အပူဇော်ခံကြသည်။

ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီး ဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌ ဦး အောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက် သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။

1 comment: