Wednesday, November 17, 2010

ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကို ပြန်လည်သုံးသပ်ကြည့်ခြင်း

ထွန်းအောင်ကျော်
(ရေးသူ၏ အာဘော်သာဖြစ်သည်)

အစွန်းရောက် အတွေးအခေါ်များ

ဗိုလ်နေဝင်း၏ စစ်အာဏာစက်အား ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီးဖြင့် တိုက်ချလိုက်စဉ်က ဦးဆောင်သူများ မှာ အတွေ့အကြုံနုနယ်သည့် ကျောင်းသားများက အများစုဖြစ်ခြင်း၊ နိုင်ငံရေးတိုက်ကွက်ထက် ပုဂ္ဂိုလ်ရေး ကျော်ကြားမှု Heroism ကို ဦးစားပေးခဲ့ကြခြင်း၊ အတွေ့အကြုံရှိသော လူကြီးများက ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး သူ အိမ်ရှေ့ကဝင်ရင် ငါ နောက်ဖေးက ထွက်မည်ဟု မာန်မာန အာဃာတကြီးမားခြင်းတို့ကြောင့် လက်တ ကမ်းအလို ပြည်သူလိုလားသည့် အစိုးရဖွဲ့စည်းနိုင်ခြေမှ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

တဖန် ၁၉၉၀ ရွေးကောက်ပွဲသည် ညစ်ပတ်မှုများကြားမှ NLD အနိုင်ရလာသည့် အခါတွင်လည်း လက်နက်မဲ့ ပြည်သူအင်အားကို တဖက်သတ် အားကိုး၍ တင်းမာရေးလမ်းစဉ်ကို လိုက်ပါခဲ့ကြပြန်သည်။ ဦးကြည်မောင်၏ (Off the record) ထုတ်ပြန်ရန် ခွင့်မပြုသော ပြောကြားချက်ဖြစ်သည်၊ “အကယ်၍ အစိုးရဖွဲ့ပြီးလျှင် စစ်ခေါင်း ဆောင်များကို နုရင်ဘတ်ခုံရုံးကဲ့သို့ စစ်ခုံရုံးတင်၍ စစ်ဆေးမည်” ဆိုသည့် စကားကို သတင်းထောက် ဒိုမီနစ် ဖေါ်ဒါက စည်းကမ်းဖောက်၍ ရေးသားခဲ့ခြင်းကြောင့် တပ်ခေါင်းဆောင်များက NLD ကို အာဏာလွှဲပြောင်းမ ပေးချင်မှုအပေါ် အသုံးချရန်အတွက် အကြောင်းပြချက်ရရှိသွားခဲ့ပြီး အာဏာလွှဲပြောင်းပေးချင်သော တပ်တွင်း ရှိ Moderate (အလယ်အလတ်ပျော့ပြောင်းသူ) စစ်ခေါင်းဆောင်များကို Radical (တင်းမာသူများ) ဘက်သို့ ကူးပြောင်းထောက်ခံစေခဲ့သည်။

တဖန် ဦးနေဝင်း ဝင်ရောက်ဖြန်ဖြေပေးလျှင် တပ်နှင့် NLD ကြားတွင် တင်းမာနေမှုကို အဆုံးသတ်နိုင်သည်ဟု ဆိုသော ကျွန်ုပ်၏ အမျိုးသားရင်ကြားစေ့ရေးစာတမ်း Charter 97 ကို လက်မှတ်ထိုးပြီးမှ ၎င်းတို့၏ လက်မှတ် များကို လိမ်ယူပါသည်ဟု ပြည်ပခေါင်းဆောင်အချို့မှ ဆိုကြသည်။ အကြောင်းမှာ သတင်းဋ္ဌာနတခုမှ ဒီစာ တမ်းဟာ ဦးနေဝင်းကို ဖားနေတာဟု သွေးထိုးလိုက်သဖြင့် ခေါင်းဆောင်ကြီးဆိုသူများက ကြောက်အားလန့် အားနှင့် သူတို့လက်မှတ်ကို ညာယူပါသည်ဟု ဗြောင်လိမ်ကြသည်။ ထောင်ကျဘက်တဦးကလည်း “နေဝင်း ပေးမှ ဒီမိုကရေစီရရင် မယူဘူးကွ” ဟု ရန်တွေ့တာ ခံရဖူးသည်။ ကျနော့်အနေနှင့် ယမမင်းက ဒီမိုကရေစီပေး ရင်လည်း ယူရမှာပဲ၊ ရဖို့လုပ်တာမဟုတ်လား၊ ဘယ်သူပေးပေးပေါ့။

ထိုအချိန်က ဦးနေဝင်းသည် အနားယူနေသော်လည်း တပ်တွင်း၌ သူ၏ သြဇာ ရှိနေသေးသည်။ NLD လူငယ် များ အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးနေဝင်းကို ဒေါ်စုခွင့်ပြုချက်ဖြင့် ဖိတ်ကြားဖူးသည်ကို ဖတ်ရတော့ ပြုံးမိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ NLD လူငယ်များကို ဝေဖန်မှုများ ဒီမိုကရေစီအင်အားစုများအတွင်း၌ ပေါ်ထွက်ခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် ဒေါ်စုခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်၍ ထိုလူငယ်များ ပြဿနာ မတက်ခဲ့ပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို အခြေခံ၍ စဉ်းစားသော အစွန်းရောက် အတွေးအခေါ်များသည် မှန်ကန် သော ဆုံးဖြတ်ချက် ပေးလေ့မရှိပါ။ ခါးသည်းမှု၊ မုန်းတီးမှုတို့ဖြင့်သာ တန်ပြန်သက်ရောက်မှု ရှိတတ်သည်ကို သတိပြုမိကြဖို့လိုပါသည်။

ယနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်သူတို့က ဝင်ကြသည်။ ကန့်ကွက်သူတို့က ကန့်ကွက်၍ သပိတ်မှောက်သူ တို့က သပိတ်မှောက်ကြသည်။ ကျနော်သည် ၂၀၁၀ ကို လုံးဝဆန့်ကျင်ကန့်ကွက်သူဖြစ်သည်။ သို့ရာတွင် ရွေး ကောက်ပွဲသည် တရားမျှတမှုမရှိခြင်း၊ မဲလိမ်မဲခိုးခြင်း၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်အနိုင်ရသူတို့အား ဗြောင်ကျ ကျ မဲလိမ်၍ ကြံ့ဖွတ်ပါတီမှ တဖက်သတ် အနိုင်ရပါသည်ဟု ကြေညာခြင်းတို့ကြောင့် အတိုက်အခံ နိုင်ငံရေးပါ တီများက ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် ၎င်းတို့အနေဖြင့် အသိအမှတ်မပြုကြောင်း လက်မှတ်မ ထိုးနိုင်ဟု တညီတညွတ်တည်း ဆိုလာခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်ကိုယ်တိုင် ဆန့်ကျင်သော် လည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းမှ အမြတ်ထွက်မှုများရှိကြောင်းကိုတော့ ရဲရဲဝန်ခံနိုင်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲမှ အမြတ်ထွက်ခြင်း

(၁) “ဘာတွေများ မြတ်လို့လဲဗျ” ဟု မေးလာလျှင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ရေငုံနှုတ်ပိတ်နေခဲ့ကြရသော နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဥပဒေကြောင့် ဖွဲ့စည်းခွင့်ရရှိပေါ်ပေါက်လာသော နိုင်ငံရေးပါတီအသစ်များ၊ တိုင်းရင်းသားပါတီသစ်များ ပေါ်ထွက်လာခြင်းသည် ပထမရရှိသော အမြတ်ဖြစ်သည်။

(၂) ထိုနိုင်ငံရေးပါတီများက လူထုကြားတွင် ထိုးဖောက်စည်းရုံးခွင့်ရရှိလာခြင်း၊ ပြည်သူတို့ ၎င်းတို့၏ အတွေး အခေါ်ဝါဒများကို ကန့်သတ်မှုများကြားမှ ထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်ရခြင်းသည် ဒုတိယအမြတ်ဖြစ်သည်။ ထို့အ ပြင် ထိုနိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို တရားမျှတမှုမရှိသဖြင့် အသိအမှတ်မပြုနိုင်ပါဟု ကန့်ကွက်လာ သော်လည်း ၎င်းပါတီများကို ထိုကန့်ကွက်ခြင်းကြောင့် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းကို အစိုးရတွင် ပြု လုပ်ပိုင်ခွင့် မရှိချေ။ ထိုအချက်သည် နိုင်ငံရေးပါတီများအတွက် အားသာချက်တရပ်အဖြစ် ကျန်ရစ်ခဲ့သည်။

(၃) တတိယအမြတ်မှာ ရွေးကောက်ပွဲတွင် ညစ်ပတ်မှုကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ စည်းလုံး သွားခြင်းသည် အရေးကြီးဆုံးသော အမြတ်ဖြစ်သည်။

NLD ၏ အခန်းကဏ္ဍ

NLD ပါတီသည် ရွေးကောက်ပွဲကို မယုံကြည်၊ ၂၀၀၈ အခြေခံဥပေဒကို လက်မခံနိုင်သဖြင့် ရွေးကောက်ပွဲကို ပြတ်သားစွာ သပိတ်မှောက်ခဲ့သည်။ ထိုကြောင့် ရွေးကောက်ပွဲလွန်ကာလတွင် ၎င်းတို့ ဆုံးဖြတ်ချက်မှန်ကန် ကြောင်းကို သက်သေပြနိုင်ခဲ့သည်။ တပြိုင်နက်တည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့သည့်အ ပေါ် ပြည်သူလူထုကြီးမှ လွန်စွာအားတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တဘက်မှလည်း ရွေးကောက်ပွဲဝင်ခဲ့ပြီး မြန် မာ့သမိုင်းတွင် စံတင်လောက်သည့် အရှက်ကင်းမဲ့သော မဲလိမ်မဲခိုးမှုကြောင့် စုစည်းလာသည့် နိုင်ငံရေးပါတီ များအားလုံးကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး သဘောထားကြီးကြီးဖြင့် ကမ်းလှမ်းပူးပေါင်းသင့်သည် ဟု မြင်သည်။ NDFသည် ဖောက်ပြန်သည့် အင်အားစုမဟုတ်၊ NLD ၏ အင်အားစု အစိတ်အပိုင်းအနေဖြင့် မှတ်ယူသင့်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

ဗိုလ်နေဝင်းလက်ထက် အာဏာသိမ်းခြင်း၏ အကြောင်းရင်းခံမှာ ပြည်ထောင်စုကြီး ပြိုကွဲသွားမည် စိုးသည့်အ တွက်ကြောင့်ဟု အကြောင်းပြခဲ့သည်။ ထိုကြောင့် ဖယ်ဒရယ်ဆိုလျှင် တိုင်းပြည်ပြိုကွဲအောင် ပြုလုပ်မည့် စနစ် ဟု လူထုကို လှည့်ဖြားခြိမ်းခြောက်ထားခဲ့သည်။

ဗိုလ်နေဝင်းလက်ထက်တွင် ပြည်တွင်းစစ် မငြိမ်းခဲ့ပါ။ ယနေ့ ဗိုလ်သန်းရွှေလက်ထက်တွင် ငြိမ်းချမ်းရေးယူထား သည့် အဖွဲ့ကြီးများနှင့် ငြိမ်းချမ်းရေးပြိုကွဲရန် တာစူလျက်ရှိနေပြီဖြစ်သည်။ DKBA နှင့် မြဝတီ၊ ဘုရားသုံးဆူ တိုက်ပွဲတို့က ပြည်တွင်းစစ်အရှိန်နှင့် တောက်လောင်တော့မည်ဟု မီးနီပြနေပြီဖြစ်သည်။

၈၈ ကျောင်းသားများ တောခိုလာပြီးနောက် ဖယ်ဒရယ်မူကို အများပြည်သူ သိရှိနားလည်လာရန် တဆင့်ဖြန့် ဖြူးနိုင်ခဲ့သလို တိုင်းရင်းသားအစွန်းရောက် မျိုးချစ်များကိုလည်း သီးခြားနိုင်ငံထူထောင်လိုမှုကို ရုပ်သိမ်းစေရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယနေ့ပြည်တွင်းရှိ အဓိကပါတီ NLD က ဖယ်ဒရယ်မူကို လက်ခံစကားပြောလာသ ဖြင့် တိုင်းရင်းသားခေါင်း ဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားလာခဲ့ကြသည်မှာ အား တက်စရာပင်ဖြစ်သည်။

ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာမှ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ပင်လုံဒုတိယညီလာခံ ပြုလုပ်မှာကို ထောက်ခံကြောင်း ဆိုခဲ့သလို ရှမ်းတောင်ပိုင်း SSA ခေါင်းဆောင်ကလည်း ယုံကြည်ကိုးစား ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ထို့အတူ ဝ ခေါင်းဆောင်များကလည်း NLD ကို ယုံကြည်ကြောင်း ပြောကြားဖူးသည်။ KNU နှင့် မွန်ခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တမျိုးသားလုံးကို စည်းရုံးပေးနိုင်မည့် ခေါင်းဆောင်အဖြစ် မြင်ကြသည်။ ထို့အတူ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ပြည်ထောင်စုစိတ်ဓာတ်တွေ နိုးထလာတယ်။ ဇီုမီးအမျိုးသားကောင်စီဥက္ကဋ္ဌ ဦးဖုကျင့်ရှင်းထန်က ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်တွေ ဒေါ်အောင် ဆန်းစုကြည်ဆီမှာရှိတယ်ဟု ပြောခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက လည်း ပြည်ထောင်စုဖော်ဆောင်ရေးအတွက် အကောင်းမြင်တယ်လို့ ဆိုခဲ့တယ်။ KIO ဗိုလ်မှုးချုပ် ဂွမ်မော်က လည်း ရှေ့မှာ တယောက်နဲ့တယောက် ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ ထပ်မဖြစ်အောင် ကြိုးစားဖို့လိုတယ်လို့ ဆိုခဲ့ပြီး ကရင်နီအမျီုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခူးထယ်ဗူးတယ်က ကရင်နီအနေနဲ့ ဒေါ်အောင်ဆန်းစု ကြည် လွတ်လာတာကို ကြိုဆိုတယ်၊ ဖယ်ဒရယ်ကို အားပေးမယ်၊ ထောက်ခံမယ်လို့လည်း ယုံကြည်တယ်လို့ ဆိုခဲ့တယ်။ ထိုကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများကရော၊ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်း ဆောင်များကပါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရရော သူမ၏ လုပ်ရပ်အရပါ ယုံကြည်မှု ရှိနေ ကြောင်းကို ဖော်ထုတ်ပြသခဲ့ကြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ တောက် လောင်နေခဲ့သော ပြည်တွင်းစစ်ကို ငြိမ်းအေးအောင် လုပ်ဆောင်ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်အဖြစ် မြင်သည်။

တပ်မတော်သားများဘဝ

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တပ်မတော်သားများက ထိပ်တန်းမှ ပါဝင်ခဲ့ကြသည်။ ပါလီမန်ဒီမိုကရေစီ ခေတ်တွင် တပ်မတော်သားများ ရိက္ခာဖူလုံစွာ ရရှိခဲ့ကြသည်။ သာမန်စစ်သားများအတွက် အထူးဆိုင်များမှ လျော့ဈေးဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကြသည်။ ရုပ်ရှင်ရုံတွင် ကြည့်လျှင် တဝက်ဈေးနှင့် ကြည့်ခွင့်ရကြသည်။ သို့ရာ တွင် ပြည်တွင်းစစ်တွင် မြန်မာ့တပ်မတော်သားများ၏ အသက်ပေါင်းများစွာကို ပေးလှူခဲ့ကြရသည်။

မဆလခေတ်တွင် တပ်သားများ အခွင့်အရေးများ မရှိတော့ချေ။ သို့ရာတွင် ထိပ်ပိုင်း စစ်ခေါင်းဆောင်များအ တွက် ပဒုမ္မာပြခန်းဆိုသည့် အထူးဆိုင်များ၊ သီးသန့်ရုပ်ရှင်ရုံများ ပေါ်ပေါက်လာခဲ့ရပြီး တပ်မတော်သားများ ဘဝများစွာ နိမ့်ကျသွားခဲ့ရသည်။ ယနေ့နအဖခေတ်တွင် မိမိစုငွေကိုပင် မိမိပြန်မရနိုင်သည့် ဘဝသို့ ရောက်နေ ရသည့် အခြေအနေ ဖြစ်သည်။

ပြည်တွင်းစစ်

ပြည်တွင်းစစ်ရှိနေသမျှ မြန်မာပြည်ကြီး တိုးတက်ဖွံ့ဖြိုးမှုဖြစ်မလာနိုင်ပါ။ ပြည်တွင်းစစ်ကြောင့် တပ်မတော်သား များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်သားများ အများအပြား သေကြေပျက်စီးကြသလို ပြည်သူ အသက် ပေါင်းများစွာ မြေဇာပင်ဖြစ်ခဲ့ကြရသည်။

ယနေ့ခေတ်အထိ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်တွင် လူတသန်း အနည်းဆုံး သေဆုံးခဲ့မည်ဟု မှန်းဆနိုင်ပါ သည်။ ဘယ်အရာနှင့်မှ မလဲနိုင်သော လူ့အသက်ပေါင်းများစွာ ပြည်တွင်းစစ်တွင် စတေးခဲ့ရသည်။ ၎င်းပြည် တွင်းစစ်ကို လက်ရှိတပ်မတော်မှ ခေါင်းဆောင်များက အမှန်တကယ် အဆုံးသတ်စေချင်ပါက တိုင်းပြည်ရှိ ပြည်သူလူထုက ချစ်ခင်လေးစားသော ဒေါ်စုနှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ၎င်းတို့ ကိုယ်တိုင်ပါဝင်၍ ပြုလုပ်သင့်ပေသည်။ နအဖခေါင်းဆောင်များ ပြည်တွင်းစစ်ကို အဆုံးသတ်ချင်သောသူများ ဖြစ်သလော၊ ပြည်တွင်းစစ်ကို မီးမွှေးနေသူများဖြစ်သလော အဖြေထုတ်ရန် အချိန်ကျပြီဟု မြင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ

ယနေ့မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်လောက် လူချစ်လူခင်များသောသူ တဦးမှ မရှိကြောင်း သူမ လွတ်လာသောနေ့နှင့် မိန့်ခွန်းပြောသောနေ့တို့တွင် သိနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို ခံရသလို တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသည့်အတွက် ပြည်တွင်းစစ်ရပ်စဲရေး၊ တိုင်းပြည်ထူထောင်ရေးကို ဦးဆောင်ခွင့်ရ မည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ပြန်လည်ဦးမော့လာနိုင်ပါသည်။ ထိုကြောင့် ထိုကဲ့သို့ ရှားရှားပါးပါး ပြည်သူထောက်ခံမှုရရှိထားည့် ခေါင်းဆောင်ကို ဘာလုပ်ပါ၊ ညာလုပ်ပါ ဆိုတာမျိုးထက် သူမသိ ရန်လိုသည့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ကူညီရိုင်းပင်းခြင်းတို့ဖြင့်သာ ဝန်းရံဖို့လိုပါသည်။ အခြေ အနေအရပ်ရပ်ကို ဘက်စုံမှ တင်ပြကြ၍ ဆုံးဖြတ်ပိုင်းဖြတ်မှုကို သူမဘာသာ ပြုလုပ်စေခြင်းဖြင့် သူမ၏ အခန်း ကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ NLD ပါတီအနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို အ ကောင်အထည်ဖော်ရာ၌ မိမိအတွင်းစည်း ဒီမိုကရေစီအင်အားစုများကြားတွင် သဘောထားကြီးကြီးထား၍ စည်းရုံးခြင်းဖြင့် စတင်သင့်သည်ဟု မြင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုကြီးကို ဦးဆောင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို ဦးဝင်းတင်က ဒေါ်စုနဲ့ ပြည်သူတွေနိုင်တယ်၊ ဘီဘီစီက ဒေါ်တင်ထားဆွေကလည်း ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကနိုင်ပြီး စစ်အစိုးရက ရှုံးတယ်လို့ သုံးသပ်သွားပါသည်။ ဒေါ်တင်ထားဆွေက ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးခြင်းဟာ အစိုးရလုပ်ရပ်ကို အယုံအကြည်မရှိဘူးဆိုတာကို ပြသလိုက်တာ ဖြစ်ပြီး ပြည်သူတွေ ယုံကြည်မှုမရှိတဲ့ ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ မပြောနိုင်ဘူး။ မဲမသမာမှု လုပ်ရပ် တွေကြောင့် ပြည်သူတွေကို နာကြည်းမှုဖြစ်စေနိုင်တယ်။ ရွေးကောက်ပွဲဟာ တရားဝင်အုပ်ချုပ်ခွင့်ရဖို့ လုပ်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် တရားဝင်မှု Legitimacy လည်း အားနည်းတယ်။ မဲလိမ်တဲ့ကိစ္စဟာ နိုင်ငံတကာအ သိုင်းအဝိုင်းမှာ အစိုးရကို ဂုဏ်သိက္ခာကျစေခဲ့တယ်။ ထို့အတူ ဝင်ရောက်မဲရွေးခဲ့ကြတဲ့ ကိုယ်စားတွေကလည်း စစ်အစိုးရအပေါ် ယုံကြည်မှုကို ကင်းမဲ့စေခဲ့တယ်။ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့် နိုင်ငံတကာဖိအားတွေ ကလည်း မပျောက်ကွယ်ဘဲ ဆက်လက်တည်ရှိနေမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲသာလုပ်လိုက်ရတယ်၊ စစ် အစိုးရ အမြတ်မထွက်ဘဲ အရှုံးကြီးရှုံးသွားပြီး ပြည်သူတွေက အနိုင်ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ကျနော့်အနေနဲ့ကတော့ စစ်အစိုးရ တကယ်ရှုံးတယ် မရှုံးဘူးဆိုတာထက် အရှုံးအမြတ်ကို တခဏချင်းလုပ်ရပ် နဲ့ တိုင်းတာလို့ မရဘူးလို့ ထင်ပါသည်။ အမြတ်ထွက်တဲ့ ကိစ္စတွေ အတိုက်အခံဘက်မှာ ရှိသလို စစ်အစိုးရ ဘက်မှာ ရှိတယ်လို့ မြင်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပါသည်။ စစ်အစိုးရ ခွက်ခွက်လန်အောင် ရှုံးပါသည်။ ဒါပေမယ့် ရေရှည်မှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို NLD က အကောင်အထည်မဖော်နိုင်၊ ဖော်ခွင့် လည်းမရတဲ့အတွက် ရေရှည်မှာ NLD ရှုံးတယ်လို့ ပြောရမှာ ဖြစ်ပါသည်။

ယခုလည်း မဲလိမ်မဲခိုးမှုတွေကြောင့်၊ လူတွေ စိတ်ဝင်စားမှု နည်းတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ မရှိတဲ့ ရွေးကောက်ပွဲကြောင့် ရှုံးတယ်ဆိုရင် နအဖဟာ ရွေးကောက်ပွဲကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကိုဖမ်းပြီး ပြုလုပ်ခဲ့သော်လည်း အာဆီယံကလည်း ရွေးကောက် ပွဲ ညစ်ပတ်မှုတွေကို ထုတ်မပြောဘဲ ကြိုဆိုပြီး ထောက်ခံလိုက်ပါသည်။ တရုတ်၊ အိန္ဒိယမှလည်း လက်ခံလိုက် ပါသည်။ ဥရောပမှ အစိုးရများကလည်း တက်လာတဲ့ အစိုးရနဲ့ ဆက်လက်ညှိုနှိုင်း သွားမယ်လို့ ဆိုခဲ့ပါသည်။ နိုင်ငံတကာက ဒီလိုညစ်ပတ်စုတ်ပြတ်နေတဲ့ မသမာတဲ့ ရွေးကောက်ပွဲကြီးကို သိပင်သိငြားသော်လည်း ဒီရွေး ကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်း ၎င်းရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကိုလည်း အသိအမှတ် မပြုကြောင်းကို ဘယ်နိုင်ငံကမှ မပြောခဲ့ကြတာကို သိကြဖို့ကောင်းပါသည်။

ထိုအချက်က စစ်အစိုးရသည် မည်ကဲ့သို့ ညစ်ပတ်စွာ လုပ်ခဲ့လုပ်ခဲ့ နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံနေ ဦးမည်ဆိုတာ သတိပြုမိဖို့လိုပါသည်။ ထို့ကြောင့် ပြည်တွင်းမှာ ပလူပျံအောင် ကန့်ကွက်နေသော်ငြားလည်း အ မေရိကန်နိုင်ငံအပါအဝင် တရုတ်နိုင်ငံအဆုံး စစ်အစိုးရက လက်ပြောင်းတင်လိုက်တဲ့ အစိုးရသစ်ကို ကန့်ကွက် ဖို့မရှိဘူး။ ဆက်လက်ဆက်ဆံသွားဖို့သာရှိပါသည်။

အချုပ်အားဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံးသွားသော်လည်း နအဖသည် အာဏာကို ဆက်လက်ယူထားနိုင် သလို ယခု ၂၀၁၀ တွင်လည်း ညစ်ပြီး နိုင်သွားသည့်အခါ အာဏာဆက်လက်ယူထားခြင်းကိုလည်း နိုင်ငံတ ကာက မည်သို့မျှ ကန့်ကွက်သွားလိမ့်မည်မဟုတ်။ ထိုကဲ့သို့ အနိုင်ယူထားခြင်းကို ဒီမိုကရေစီအင်အားစုများက မတိုက်နိုင်လျှင် ဒုတိယမ္ပိအရှုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။

အနာဂတ်တိုက်ပွဲ

ကဲ ... ဒါဖြင့် ဘယ်လို လုပ်ကြမလဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တ ဘက်မှ ပြောနေသလို နအဖကို တရားစွဲဖို့လည်း လုပ်နေတာတွေ့ရသည့်အခါ အမျိုးသားပြန်လည်သင့်မြတ် ရေးလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်လို့ မြင်ပါသည်။ နောက်တခုက နအဖခန့်ထားတဲ့ တရားသူကြီး နအဖ ဖွဲ့စည်း ပေးထားသည့် တရားရုံးတွင် နအဖကို တရားစွဲမည်ဟူသည်က အမှန်တကယ်တော့ အချိန်ကုန်လူပန်း လုပ်ရပ် ဖြစ်ပြီး အဓိပ္ပါယ်လည်း မရှိဘူးဟု သုံးသပ်ပါသည်။ တင်းမာရေးလမ်းစဉ်ကို ပြန်သွားနေတယ်လို့ နအဖက စွပ်စွဲ မှာ မလွဲပါဘူး။ ထိုလုပ်ရပ်သည် ဒီမိုကရေစီထွန်းကားပြီး လူ့အခွင့်အရေးကို အခိုင်အမာ ပြဋ္ဌာန်းထားသည့် နိုင် ငံတွေမှာ ပြည်သူအများက သူတို့ကို အစိုးရက မတရားပြုကျင့်ရင် အခြေခံဥပဒေထဲမှာပါတဲ့ သူတို့ရဲ့ ခုခံပိုင်ခွင့် အရ အစိုးရကို တရားရုံးမှာ တရားစွဲပိုင်ခွင့်ရှိပါသည်။ တရားရုံးများကလည်း အုပ်ချုပ်သူအစိုးရ၏ အာဏာစက် မှ သီးခြားကင်းလွတ်သည့် တရားရုံးများဖြစ်တဲ့အတွက် တင်လာတဲ့ အမှုများကို သမာသမတ်ကျကျ စိစစ်ပြီး အစိုးရက ဥပဒေမဲ့ပြုကျင့်မှု လုပ်သည်ဆိုတာကို ထင်ရှားခဲ့ရင် တရားစွဲသူ ပြည်သူကို အနိုင်ပေးပါသည်။ ထိုကဲ့ သို့ အစဉ်အလာ မြန်မာ့တရားစီရင်ရေးတွင် မရှိသေးပါ၊ မပေါ်ထွန်းသေးပါ။

NLD ပါတီအနေဖြင့် ထို့ထက်အရေးကြီးသော အကြောင်းအရာတွေ လုပ်ရန် အများကြီးရှိပါသည်။ ပြည်သူ ထောက်ခံမှု တခဲနက်ရနေသော ဒေါ်စုအနေဖြင့် ပြည်သူများ ပူနွေးတက်ကြွနေသော အချိန်တွင် ရန်ကုန်တိုင်း အတွင်း မည်သည့်နေရာ မည်သည့်နေ့ရက်တွင် တရားပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီး အနာဂတ်မြန်မာ ပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်ကို မည်ကဲ့သို့ ပျိုးထောင်မည်ဟု ဟောပြောပွဲများ ပြုလုပ်သင့်ပါ သည်။ နအဖကို ပုတ်ခတ်ပြောဆိုမှုမလုပ်ဘဲ မိမိတိုင်းပြည်အပေါ် ဖြစ်စေချင်သောဆန္ဒကို ထုတ်ဖော်ခြင်း၊ လတ်တလော ဒုက္ခရောက်နေသော ရခိုင်လေဘေးဒုက္ခသည်များနှင့် နာဂစ်လေးဘေးဒုက္ခသည်များကို ကူညီ ရိုင်းပင်းရန်အတွက် ဖောင်ဒေရှင်းများ တည်ထောင်ခြင်း စသည်တို့ကို စဉ်းစားသင့်ပါသည်။

ပြည်သူအများ ပါဝင်လာနိုင်သည့် အလုပ်များ၊ လမ်းစဉ်များကို ချပြ၍ Grass Root အောက်ခြေလူထု၏ (ကိုယ် ထူကိုယ်ထ) မီစံကိန်းများကို ဦးစီးပြုလုပ်ပေးခြင်းဖြင့် NLD နှင့် လူထုအကြား တသားတည်းဖြစ်စေမည့် အခြေ အနေကို ဖန်တီးသင့်ပါသည်။ လူထုသည် တရားပွဲ နားထောင်၍ ပြန်သွားသည့် အနေအထားမျိုး မဟုတ်ဘဲ NLD နှင့် ပေါင်းစပ်လက်တွဲလုပ်နိုင်သည့် လုပ်ကွက်များကို ဖန်တီး၍ ဦးဆောင်မှုပြုရန် လိုပါသည်။ ထို့အတူ ဒီ မိုကရေစီအင်အားစုများနှင့် ညှိုနှိုင်းပြီး တူသည့်အရာများကို လက်တွဲလုပ်ခြင်းဖြင့် ပြည်သူ့အကျိုးကို လက်တွေ့ ကျကျ ကွင်းဆင်း အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ နအဖ မလုပ်ပေးသော၊ မလုပ်နိုင်သော အလုပ် များကို Civic အဖွဲ့အစည်းများ ဖွဲ့၍ ပြုလုပ်နိုင်ရန်နှင့် အရေးကြီးဆုံးမှာ Civil Society လွတ်လပ်သော လူ့ ဘောင် အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို အားပေးကူညီခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တောင်သူလယ်သမား ၇၅ % ရှိသည့်အတွက် တောင်သူလယ်သမားအစည်းအရုံးများ၊ သမဂ္ဂ များ ပေါ်ထွက်လာရန် အားပေးကူညီခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခြင်းကို အားပေးခြင်း၊ အလုပ်သမား သမဂ္ဂများ ပျိုးထောင်ရာတွင် ကူညီခြင်း ထောက်ခံပံ့ပိုးခြင်းတို့သည် ယနေ့ NLD ပါတီ ဦးစားပေးလုပ်ရမည့် အ လုပ်များ ဖြစ်လာနိုင်ပါသည်။ ဖြစ်လျှင် အလွန်ကောင်းမည်ဟု ယူဆပါသည်။

တပ်မတော်

တပ်မတော်တွင် လူအင်အားကို တိုးချဲ့၍ စစ်ဗိုလ်ချုပ်များ နအဖလက်ထက်တွင် မှိုလိုပေါက်လာခဲ့သော်လည်း သာမန်စစ်သားများ၏ ဘဝသည် ဒုံရင်းဒုံရင်းဘဝမှ မတက်ဘဲ စားဝတ်နေရေးအခက်အခဲကြောင့် ၎င်းတို့၏ သ မီးမယားများ မကောင်းသည့်အလုပ် လုပ်စားရသည့် အနေအထားသို့ပင် အချို့မိသားစုများ ရောက်ရှိနေခဲ့ကြပါ သည်။ နိုင်ငံတကာရှိ တပ်မတော်သားများဘဝနှင့် နှိုင်းယှဉ်၍ မြန်မာ့တပ်မတော်သားများဘဝ မြှင့်တင်လာရေး ကိုလည်း ဒီမိုကရေစီအင်အားစုများက အခွင့်သင့်လျှင် သင့်သလို ထုတ်ဖော်ပြောဆိုကြဖို့ လိုပါသည်။ ကုလ သမဂ္ဂ ငြိမ်းချမ်းရေးတပ်တွင် မြန်မာစစ်ဗိုလ်စစ်သားများ အဘယ်ကြောင့် ပါဝင်ခွင့်မရသနည်း၊ မပါဝင်ခဲ့သနည်း စသည်မေးခွန်းများကို ဖြေဆိုသင့်ပါသည်။ တခြားနိုင်ငံရှိ တပ်များ၊ ကုလသမဂ္ဂ အလံတော်အောက်တွင် ငြိမ်း ချမ်းရေးဖော်ဆောင်သော တပ်များအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်နေကြသလို မြန်မာတပ်များ အဘယ့်ကြောင့် တာဝန်ထမ်းဆောင်ခွင့်မရသနည်း။ ထိုခဲ့သို့ တာဝန်ထမ်းဆောင်ခွင့် ရရှိပါက ကမ္ဘာအရပ်ရပ် တွင် လှည့်လည်သွားလာနိုင်၍ ပညာဗဟုသုတ ရရှိနိုင်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကူညီစောင့်ရှောက် နေသော တပ်မတော်သားများအဖြစ် ဂုဏ်ယူနိုင်ခွင့်ရရှိကြမည် ဖြစ်ပါသည်။

ပြည်တွင်းစစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို တပ်မတော်သားများကလည်း လိုလားကြမည်ဟု ယုံကြည်မိပါသည်။ ကိုယ့်တ မြေတည်းနေ တရေတည်းသောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် သတ်ဖြတ်နေရသော အလုပ်ကို မည်သည့် မျိုးချစ်စိတ်ရှိသောသူကမျှ လိုလိုလားလား ထောက်ခံအားပေးလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ပြည် တွင်းစစ်ကို အဆုံးသတ်ရန်အတွက် တိုင်းရင်းသားအင်အားစုများနှင့် အများသဘောတူသည့် အချက်အလက် များကို ဆွေးနွေးညှိုနှိုင်းအတည်ပြုရန်အတွက် ပင်လုံညီလာခံကဲ့သို့သော ညီလာခံကြီးကို ခေါ်ယူဖို့ NLD က ဦးစားပေးဆောင်ရွက်ဖို့လိုသည်။ ညီလာခံ ခေါ်ယူမည်ဆိုသည့် အတွေးအခေါ်သည် အလွန်ကောင်းမွန်သော၊ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး တိုးတက်ကြွယ်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် အလွန်အရေးကြီးသဖြင့် ထောက်ခံပါသည်။ အထူးလုပ်သင့်လုပ်ထိုက်သော အလုပ်လည်း ဖြစ်ပါသည်။

ပြည်တွင်းစစ်အဆုံးသတ်ရေး ဦးတည်ချက်ကြောင့် တပ်မတော်တွင်းရှိ ကိုယ့်အချင်းချင်း သတ်ဖြတ်နေရမှုကို မနှစ်မြို့သော မျိုးချစ်တပ်မှုးများနှင့် အောက်ခြေထု တပ်မတော်သားများ၏ ထောက်ခံမှုကို မလွဲမသွေ ရရှိနိုင် မည်ဟု ယူဆပါသည်။ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကိစ္စကို နောက်တပိုင်းတွင် ဆက်လက်ဖော် ပြသွားပါမည်။

ထွန်းအောင်ကျော်
၁၆၊ ၁၁၊ ၂၀၁၀

14 comments:

Unknown said...

အကိုရေ အပြည်အစုံ ဆိုတာကိုနှိတ်လဲဘာမှမလာဘူး ကူညီပါအုံးနော်အကို အကိုတယောက်ကျန်းမာပါစေ

Mya Thinzali Nwe said...

Extremely Excellent! I would like to know who is the author " Htun Aung Kyaw" as I want to pay great respect to him personally. We need such kind of person who possess visionary in our revolution to Democracy. I totally agree with his idea as I felt the same with most of them. I wish Daw Su see this article. Dear sir, pls send your article and other necessary advices to Daw Su directly, so that she can take account of these in her decision process and strategy formulation.You should also serve as an internal advisor to Daw Su.

said...

အပေါ်က ခေါင်းစဉ် ကို နှိပ်လိုက်ပါ... အပြည့်အစုံကို နိပ်၇င် မပေါ်ပါဘူး.....

Anonymous said...

ပြည့်စုံကောင်းမွန်တဲ့ ဆောင်းပါးပါ။

ပြောစရာ တခုပဲ ရှိပါတယ်။ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာ ဘယ်လိုပဲ အသိအမှတ်ပြုပြု ပြည်တွင်းက အသိအမှတ်မပြုရင် ဒါကို အတည်ယူလို့မရပါဘူး။

မြန်မာပြည်အတွက် အဓိက လိုအပ်နေတာက-
၁) တိုင်းပြည်ကောင်းစားရန်အတွက် အမှန်စိတ်ရင်း စေတနာရှိသူ
၂) အပြောမဟုတ် လက်တွေ့ ရဲရဲဝံ့ဝံ့ လုပ်နိုင်သူ
၃) ရိုးသားဖြောင့်မတ်ပြီး ကိုယ်ကျိုးစွန့်ဝံ့သူ

ဒီသုံးချက်နဲ့ ညီသူ မည်သူမဆို ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။

တိုင်းပြည်ကို ဦးမဆောင်နိုင်ရုံမက တိုင်းပြည်ဖျက်ဖို့အထိ လုပ်ဆောင်နေသူများ များပြားလာသောကြောင့်သာ တိုင်းပြည်အခြေအနေ တနေ့တခြား ဆိုးဝါးလာနေခြင်းဖြစ်ပါတယ်။

တပ်မတော်အတွင်းမှာလည်း ပြည်သူ့အကျိုးကို တကယ်လိုလားသူ မျိုးချစ်တပ်မတော်သားတွေ အများအပြားရှိနေပါတယ်။ သူတို့ တကယ်ယုံကြည်ရမည့်သူ ပေါ်ပေါက်လာလျှင် ပူးပေါင်းဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ လက်တဆုပ်စာ ဆိုးသွမ်းသူများကြောင့် နံမည်ပျက်ဖြစ်နေရသော တပ်မတော်ကို ပြန်လည် တည်ဆောက်ဖို့လိုလားသော မျိုးချစ်ရဲဘော်များကို လက်ကမ်းကြိုဆိုဖို့ လိုအပ်နေပါပြီ။

ပြည်တွင်းသာမက ပြည်ပရှိ တိုင်းပြည်ကောင်းကျိုး အမှန်တကယ်လိုလားသူများ သစ္စာရှိရှိ စည်းလုံးညီညွတ်စွာ ပူးပေါင်းကြဖို့လိုအပ်နေပါပြီ။ မိမိကိုယ်ကျိုး မိမိနံမည်ရဖို့ ထက် အများကောင်းကျိုးကို အလေးထားဖို့ အချိန်တန်နေပါပြီ။

Unknown said...

ပြည့်စုံကောင်းမွန်တဲ့ ဆောင်းပါးတော့ဟုတ်ပါရဲ့ ... တစ်ပိုဒ်မှာ ဒေါ်စု ကို ဆရာမလုပ်ဖို့ ..လက်ရှိအခြေအနေကိုတင်ပြဖို့ ..နဲ့ ဝိုင်းရံပြီး ဒေါ်စု ရဲ့  အခန်းကဏ္ဍ ကို မြှင့်တင်ဖို့ ပြော ပီး နောက်တစ်ပိုဒ်ကြတော့ ဒေါ်စု ကို ခုချိန်မှာ ရန်ကုန်တိုင်း အတွင်းလှည့်လည်ပြီး တရားပွဲ တွေ လုပ်ဖို့  ဘာညာလုပ်ဖို့ ဆိုပြီး ဆရာ ပြန်လုပ်ပြန်ရော...ဟင်း.....(သက်ပြင်းချတာ) တော်ပြီ ဆရာမလုတ်ချင်တော့ဘူး..ဒါပဲ

Unknown said...

ပြည့်စုံကောင်းမွန်တဲ့ ဆောင်းပါးတော့ဟုတ်ပါရဲ့ ... တစ်ပိုဒ်မှာ ဒေါ်စု ကို ဆရာမလုပ်ဖို့ ..လက်ရှိအခြေအနေကိုတင်ပြဖို့ ..နဲ့ ဝိုင်းရံပြီး ဒေါ်စု ရဲ့  အခန်းကဏ္ဍ ကို မြှင့်တင်ဖို့ ပြော ပီး နောက်တစ်ပိုဒ်ကြတော့ ဒေါ်စု ကို ခုချိန်မှာ ရန်ကုန်တိုင်း အတွင်းလှည့်လည်ပြီး တရားပွဲ တွေ လုပ်ဖို့  ဘာညာလုပ်ဖို့ ဆိုပြီး ဆရာ ပြန်လုပ်ပြန်ရော...ဟင်း.....

Taw Lu Thit said...

နအဖ ခန့်အပ်ထားတဲ့ တရားရုံးတွေမှာ နအဖကို တရားစွဲဆိုသော်လဲ မထူးပါ တင်းမာရေးလမ်းစဉ်သာဖြစ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ပါသည် ဆိုသည်ကို ပြောချင်သည်မှာ နအဖခန့် တရားရေးဝန်ထမ်းများဖြစ်၍ နအဖဘက်ကိုပဲ ဘက်လိုက်မည်ဆိုသည်မှာလဲ ဟုတ်ပါသည် သို့သော် တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ ဘာညာနှင့်လေပေါထားသော သူများကို သိသာစေရန် တော့ တရားစွဲဆိုခြင်းလုပ်ရပါမည် တရားစွဲဆိုခြင်း၏ နောက်ဆုံးအဖြေမှာ ရှုံးသည်ဖြစ်ပါစေ အရှုံးကို သက်သေအဖြစ်ရပါသည်။ နအဖလက်ထက် တရားစီရင်ရေးပြယုဂ်သက်သေအဖြစ် မှတ်တမ်းတင်နိုင်သလို လွယ်လင့်တကူ လေပေါသောအကျင့် ကိုလဲ လက်တွေ့ကျကျပြောလာစေရန် ထောက်ကူပေးပါသည်။ တင်းမာသည်ကတော့ အန်အယ်ဒီက လျှော့ထားလဲ တင်းမာတာက တင်းမာနေတာပါပဲ ထိုကဲ့သို့ ထပ်တင်းမာမည်ကို ကြောက်ရွံ၍ အမှန်တရားကို ရရာ တရားဥပဒေဘောင်သို မတင်ပြလျှင် ဘယ်ကိုတင်ပြရပါမည်နည်း။ အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်စုလုပ်ဆောင်သင့်သည်များကို အကြံဥာဏ်ပေးသော ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတဦးအနေဖြင့်လဲ မိမိကို မိမိပြန်လည်သုံးသပ်ပြီး မိမိအဖွဲ့စည်းဝင်ဟောင်းများနှင့် အဖွဲ့ဝင်ဟောင်းများ ပြန်လည်ရင်ကြားစေ့ရေးကို ပိုမိုလုပ်ဆောင်သင့်ပေသည် ဒေါ်စုကိုထိ၍ မချိအောင်နာသောသူများဥ ကျွန်ပ် မပါဝင်ပါချေ ပြည်တွင်းစစ်ရပ်စဲရေး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပြန်လည်မသင့်မြတ်ခင် မိမိတို့ အဖွဲ့သားအခြင်းခြင်း ပြန်လည်သင့်မြတ်ကြရလေသော် ကောင်းလေစွ

Anonymous said...

ခေါင်းစဉ်နဲ့ နောက်ပိုင်းက စာတွေနဲ့ သိပ်မကိုက်ဘူး။ အစပိုင်း ကောင်းမလိုလိုနဲ့ နောက်ပိုင်းမှာ အတော်လေး ချောနေတယ်။ ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကို ပြန် မသုံးသပ်ခင် ကိုယ့်စာလေးကို ကိုယ်ပြန် သုံးသပ်ကြည့်ပါအုံးလို့ အကြံပေးပါရစေ။

ဝါခေါင် said...

ကိုထွန်းအောင်ကျော် ရေ
ပွင့်ပွင့်လင်းလင်း ပြောရရင် အကို့ ရဲ့ အရင်ဆောင်းပါးတွေဖတ်ပြီး ဒီတစ်ပုဒ်လည်း အရေမရအဖတ်မရတွေပဲ လာဦးမယ်ထင်ထားတာ ။ ကိုမြင်တာကိုမြင်တဲ့အတိုင်း အဂတိ ကင်းကင်းနဲ့တင်ပြ ပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျား ။ ဒီမိုကရေစီ ကို ချစ်မြတ်နိုး ကြတဲ့ အုပ်စု တွေထဲမှာ လူမုန်းခံရမှာကြောက်ကြ တဲ့အတွက် အန်တီစု ကို ဝေဖန်ရဲတဲ့သူ မရှိသလောက်ပါပဲ ။စစ်တပ် အကြောင်းပြောရင်လဲ မုန်းတီးစက်ဆုပ် တဲ့ ခံစားချက်ကြောင့် စကားလုံး ကြမ်းကြမ်း တွေသုံးကြပါတယ်။ ပြသနာ တစ်ခု ကိုချဉ်းကပ် တဲ့အခါ ချစ်တာတွေ မုန်းတာတွေ ကိုဘေးဖယ်ပြီး ချဉ်းကပ်မှ တကယ့် အမှန်တရား ကိုထိုးထွင်း မြင်နိုင် လိမ့်မယ် လို့ ကျွန်တော် သေသေချာချာ ယုံကြည်ပါတယ် ။ အန်တီစု ကို ကျွန်တော်တို့ ရင်ထဲအသဲထဲ ကချစ်ကြ ပေမယ့် လဲ ထောက်ပြစရာရှိ ရင် ရဲရဲဝံ့ဝံ့ ထောက်ပြရဲတဲ့ သတ္တိ လည်းရှိဖို့ လိုပါတယ် ။ အန်တီစု ကိုယ်တိုင် အကို့ ဆောင်းပါး ကိုဖတ် ဖြစ်ရင် လည်း လိုလို လားလား နဲ့ ကြိုဆိုမှာပါ ။ ပြီးတော့ စစ်တပ် အကြောင်း ပြောရင် လည်း မုန်းတာတွေ ခဏဘေးချိတ် ပြီး ပြောမှ အမှန်တရားနဲ့ ပိုနီးစပ် မယ်လို့ ထင်ပါတယ် ။ အကိုပြောသလိုပဲ စစ်တပ်ထဲမှာ လည်း ပြည်သူလူထုရဲ့ ဒုက္ခ တွေကို စာနာ နား လည် ပြီး စစ်တပ်ရဲ့ တကယ့် professional ( ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ကို ကာကွယ် တဲ့ ) အလုပ်ကိုပဲ လုပ်ချင်တဲ့၊ သူရသတ္တိ နဲ့ ဉာဏ်ပညာ (wisdom) နှစ်မျိုးစလုံးနဲ့ ပြည့်စုံတဲ့ တပ်မှူးတွေ ရှိမှာပါ ။ စစ်တပ်တစ်ခု လုံး သရဲဘော နဲ့ အီးပေါလော ချည်းပဲ ရှိမယ်မထင်ပါ ။ အောက်ခြေ စစ်သားတွေရဲ့ ဘဝကို တော့တော်တော်များများ သိကြမှာပါ ။ ကျန်ခဲ့တဲ့အပတ်က မြဝတီတိုက်ပွဲသတင်းအောက်က (comment) တစ်ခုမှာ ကျွန်တော်ဖတ်လိုက်ရတယ် ။ စစ်တိုက်ဖူးတဲ့ သူတွေက စစ်ရဲ့ဆိုးကျိုးကို ပိုပြီး နီးနီးကပ်ကပ် တွေ့ရ လို့ သူတို့တွေက သာမန် အရပ်သားတွေ ထက်တောင်မှ ငြိမ်းချမ်းရေး ကိုပိုလိုလား ကြပါတယ် တဲ့ ။ အန်တီစုကလည်း စစ်တပ်ပေါ်မှာ အာဃာတတွေ မရှိပါဘူးတဲ့ ။ ကိုယ့် အလုပ် ကိုယ်လုပ် တဲ့ ၊ သိက္ခာရှိတဲ့ စစ်တပ် ပဲ ဖြစ်စေချင်တာပါတဲ့ ။နောက်မှဆက်ဦးမယ် ဗျာ ။
ကိုထွန်းအောင်ကျော် ကျန်းမာပါစေ ။
လေးစားစွာဖြင့်

Unknown said...

အမှန်ကတော့ ဆောင်းပါးကိုပထမပိုင်းအပိုဒ်တစ်ချို့စဖတ်ကတည်းကကို တော်တော်ထောက်ခံမိတယ်။ ပြီးသလောက်ကိုဖတ်ပြီးတော့ ပိုထောက်ခံမိတယ်။ အထူးသဖြင့် ဒီလိုဆောင်းပါးမျိုး အခုလပိုင်း၊ ရက်ပိုင်းအတွင်း ဘယ်သူပဲဖြစ်ဖြစ် ကြိုးစားပမ်းစားရေးနိုင်ရင် အကောင်းဆုံးလို့ခံစားမိတယ်။ အရမ်းကောင်းကြောင်းကို အချက်အလက်တွေနဲ့ထောက်ခံချင်ပေမယ့် ရှေ့လူတွေချီးမွမ်းထားတာ တော်တော်များနေလို့ ဒီနေရာမှာမရေးတော့ပါဘူး ဒီလိုမှန်ကန်တဲ့ ယေဘူယျကျတဲ့သဘောတရားတွေကို ခေါင်းဆောင်ပိုင်းတွေလည်း သိသင့်သလို၊ အဓိကကတော့ မြန်မာပြည်သူတွေပိုသိစေချင်တယ်။ လူကြီးတွေအတွက် ဒီသဘောတရားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပေမယ့် နိုင်ငံရေးအယူအဆ မပွင့်လန်းတဲ့မြန်မာပြည်သူတွေအတွက် ဒီလိုသီအိုရီတွေ သိနေဖို့လိုတယ်။ ဒါမှသာ နောင်ဖြစ်ပေါ်လာမယ့် နိုင်ငံရဲ့အခြေအနေတွေကိုသုံးသပ်တဲ့နေရာမှာ ပိုအားကောင်းလာမယ်။ နောင်ဆက်လက်တည်ရှိနေဦးမယ့် နိုင်ငံရေးပါတီတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အကဲဖြတ်နိုင်စွမ်းတွေတက်လာမယ်။ ဒီအချက်က ရေရှည်မြန်မာပြည်အတွက်ပိုကောင်းမယ်လို့ယူဆပါတယ်။ နောက်ပြီး အခုလို လူအများ ထောက်ခံတဲ့ ဆောင်းပါးမျိုးတွေကိုသီးသန့်စုစည်းပြီး တစ်နေရာထဲမှာ ဖတ်နိုင်အောင် သီးခြားလုပ်ပေးနိုင်စွမ်းရှိတဲ့ကျွမ်းကျင်သူတွေက စီစဉ်ပေးရင် အခုမဖတ်လိုက်ရတဲ့၊ ဖတ်ခွင့်မကြုံတဲ့သူတွေ ပြန်ဖတ်နိုင်မယ့်လို့ယူဆပါတယ်။

ဒုဋ္ဌဂါမဏိ said...

ဘေးကနေ ဝေဖန်ရင် အများကြီးဝေဖန်လို့ရတယ်
ရေးတဲ့သူက ဘာလက်တွေ့လုပ်ခဲ့လို့လည်း ဒေါ်စုမှာ ခင်ဗျားလောက် ခပ်ညံ့ညံ့ အတွေးအခေါ်တောင်မှ မရှိဘူးလို့ထင်လို့ ဆရာကြီးလုပ်နေတာလား?
သုံးသပ်ရုံသုံးသပ်နေတဲ့ ခင်ဗျားလိုလူတွေများနေလို့ တိုင်းပြည်က နာသထက်နာနေတာ။
ခင်ဗျားက ဘာများလုပ်ဆောင်ချက်တွေရှိနေလို့လည်း
သိပ်အာတွေများမနေနဲ့ ကြည့်ရတာ ဒီလောက်ရေးချိန်ရနေတာကိုက အရမ်းကို အားနေလို့ထင်တယ် ဆန်ကုန်မြေလေးပဲ .......

Unknown said...

Daw Aung San Su Kyi said there will be pain to get freedom. It is right. Burma got independence from Japan during World War II but it is fake one because Japanese did not want to give independence. Military junta cheated in election because they did not want to give freedom. People are suffering under brutal rulers same as Japanese era. Military junta try to give fake democracy and want to hold on power. Freedom can not get just asking from them. We need Pinlon convention and discuss with all democratic and ethnic leaders to form the new government. All people must support and unite with forces from ethnic groups to prevent from crushing by military junta. There will be certain measure of value to sacrifice for freedom.

Remember!!! " NO PAIN, NO GAIN "

ABC said...

ဒုဋ္ဌဂါမဏိ သို. ...

ခင်ဗျားကတော့ သူများကိုပထမဦးဆုံး အပြစ်တင်တော့တာပဲ ဘာပဲဖြစ်ဖြစ် သူထင်မြင်ချက်ကို သူတင်ပြတာ ကောင်းရင်ယူသုံး မကောင်းရင်ပယ်ဖို.ပဲ ရှိပါတယ် ၊ ဘယ်အဖွဲ. အစည်းကိုဖြစ်ဖြစ် အပြုသဘောမျိုး ဝေဖန်တာကို လက်ခံရမယ် ၊ ဒီမိုကရေစီကိုမြတ်နိုးပြီး လက်ခံကျင့်သုံးချင်တယ်ဆိုရင်ပေါ့

ခင်ဗျားအနေနဲ. ကိုထွန်းအောင်ကျော်လိုပဲ အချက်အလက်တွေနဲ. ပို.စ်တစ်ခုအဖြစ် ဝေေ၀ဆာဆာရေး နိုင်အောင် ကြိုးစားပါဦး ၊ ခင်ဗျားလိုဘေးက ၀င်အာနေတာက ပို.စ်ရေး တာထက်တော့ ပိုလွယ်ပါတယ် ၊

ခင်ဗျားလို လေလုံးမိုးလုံးတွေနဲ. လူတွေများနေလို. ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို. နောက်ထပ်အနှစ် (၄၀)လောက် စောင့်လိုက်ပါဦး ၊

Khin said...

Thanks for your cetanar filled genuine advice to ASSK. I agree that she shall help in building civic society in our country.