ကိုသီလနှင့် သူ့ကလေးများ၏ စာစီစာကုံးများ
ကမာပုလဲ
ကမာပုလဲ
ရှေ့မှာ ပြောခဲ့သလို ကိုသီလဆိုတဲ့ မိုင့်ဂရင့် ကျောင်းဆရာလေးရဲ့ ဇာတ်လမ်းတွေက ထူးပေမယ့် မဆန်းတဲ့ ဇာတ်လမ်းတွေပါပဲ။ မဆန်းရင်လည်း ဘာလို့ ရေးပြ၊ ပြောပြနေသလဲလို့ အမနာပ ချီးမွမ်းကဲ့ရဲ့ရင်လည်း ခံရမှာ ပါပဲ။ အဖြေကတော့ ရှင်းပါတယ်။ ကိုသီလက သူ့အတွေ့အကြုံတွေထဲကနေ သိပ်ပြောပြချင်တဲ့ ဇာတ်လမ်းက လေးတွေကို မမျိုနိုင်၊ မသိပ်နိုင်လွန်းလို့ ခုလို ပေထက်အက္ခရာတင် ပြောဖြစ်နေတာပါ။ ခုပြောမယ့် ဇာတ်လမ်း ကလေးကလည်း ကိုသီလရဲ့ မြန်မာစာ စာသင်ခန်းထဲက ကလေးတွေရဲ့ စာစီစာကုံးကလေးတွေကို ဖတ်ရှုအ ကဲခတ်ရင်း ကိုသီလရဲ့ရင်ထဲမှာ နင့်ကနဲ၊ လှိုက်ကနဲ၊ လွမ်းမောဖွယ်၊ ကြည်နူးဖွယ်၊ အလှတရား ... စတဲ့ ခံစား မှုရသတွေကို မပြောရရင် မနေနိုင်လွန်းလို့ ခုလိုပြောပြဖို့ ကြိုးစားခဲ့တာပါ။ စာနာနားလည် ခံစားတတ်တဲ့ နှလုံး သားနဲ့ နာပါလေ …။
၂၀၁၀၊ အောက်တိုဘာလထဲ ကိုသီလ အလုပ်လုပ်တဲ့ မိုင့်ဂရင့် စာသင်ကျောင်းမှာ ပထမအစမ်းစာမေးပွဲစစ်ဖြစ် တယ်။ ကိုသီလက ခုနှစ်တန်းနဲ့ ရှစ်တန်းကို မြန်မာစာနဲ့ အင်္ဂလိပ်စာ နှစ်ဘာသာ သင်ကြားနေသူဖြစ်တယ်။ ကျောင်းဖွင့်ကတည်းက ကိုသီလခမျာ သူ တာဝန်ယူထားတဲ့ အတန်းတွေကို မြန်မာစာလည်း သင်၊ အင်္ဂလိပ် စာလည်း သင်ခဲ့ရတယ်။ မြန်မာစာဆိုရင် ခုနှစ်တန်းမှာ ဘုရားလောင်း ဇာတက ၀တ္ထုတွေကို သင်ရတယ်။ က ဗျာနဲ့ သဒ္ဒါလည်း ပါသပေါ့။ ရှစ်တန်းကိုလည်း ကဗျာ၊ သဒ္ဒါနဲ့ မဟော်သဓာဇာတ်တော်ကြီးကို သင်ရတယ်။
သင်ရိုးညွှန်းတန်းက ပြည်တွင်းသင်ရိုးညွှန်းတန်းကို သင်ရတာပါ။ ကိုသီလ ရောက်နေတဲ့အရပ်က သူတပါးနိုင် ငံ နယ်စပ်ဆိုတော့ စာအုပ်စာတန်းတွေကလည်း ရှားပါးတယ်။ ပြည်တွင်းသင်ရိုးကို စေ့ငုကြည့်တော့ ၂၀၀၀ ခု နှစ်မှာ အသစ်ပြဌာန်းလိုက်တာ ဖြစ်နေတယ်။ ကိုသီလတို့ အလယ်တန်း၊ အထက်တန်းကျောင်းသားဘ၀က သင်ခဲ့ရတဲ့ သင်ရိုးတွေ မဟုတ်တော့ဘူး။ ကိုသီလခမျာမှာလည်း ဒီနှစ်မှ ကျောင်းရဲ့လိုအပ်ချက်အရ မြန်မာစာ ကို စတင်သင်ပေးရတာဆိုတော့ သင်ရင်းနဲ့ သင်ရိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေရတာဖြစ်တယ်။
ဒီမှာတင် ကိုသီလနဲ့ မြန်မာစာသင်ရိုး ကွိုင်တွေတက်တော့တာပေါ့။ မဟော်သဓာ ရေးသားသူ မင်းပူး ဦးသြ ဘာသနဲ့ ကိုသီလတို့ရဲ့ ပြဿနာကိုလည်း ရှေ့မှာ ရေးပြခဲ့ပြီးပြီ။ ကဗျာဆိုလည်း ပြဿနာတွေက ရှိနေတယ်။ ဆိုချင်တာက ၂၀၀၀ ခုနှစ်လောက်မှာ အသစ်ပြဌာန်းလိုက်တဲ့ အလယ်တန်း မြန်မာစာသင်ရိုးဟာ ပဒေသရာဇ် ခေတ်ထဲ ကလေးတွေကို အဓမ္မ ခေါ်သွားတာဖြစ်နေတယ်။ ခေတ်စမ်းစာဆိုရင် အတော့်ကို နည်းတယ်။ နည်း တာမှ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မပါဘူး၊ ဇော်ဂျီ မပါဘူး၊ မင်းသုဝဏ် မပါဘူး၊ ဒဂုန်တာရာဆိုရင် ဝေလာ ဝေးပေါ့။ ဆိုတော့ ကလေးတွေခမျာ ပဒေသရာဇ်ခေတ်ရဲ့နန်းတော်ထဲ ရောက်သွားပြီး ထီးသုံး၊ နန်းသုံးစာတွေ၊ ဘုန်းတော်ဖွဲ့တွေ၊ ဆင်စွယ်နန်းထက်က ပြိုးပြိုးပြက်ပြက် လျှပ်ပေါ်လော်လီ ပဉ္စလက်ဝင်္ကပါထဲမှာ ဘုမသိ၊ ဘ မသိ အဖြစ်တွေနဲ့ ပိတ်မိနေတော့တာပေါ့။
ဗမာပြည်ရဲ့ လက်ရှိပညာရေးအခြေအနေကို ပြောမယ်ဆိုရင်တော့ တကယ့်ကို ရှည်ရှည်ဝေးဝေး ပြောရမှာပါ။ ကောင်းတာဆိုလို့ ဆရာဒဂုန်တာရာရဲ့ ‘မေ’ ၀တ္ထုဇာတ်သိမ်းမှာ ပြောခဲ့သလို “အကောင်းကို ရှာသည်။ အ ကောင်းကား မတွေ့” ဟု ပြောရမှာပါ။ ကလေးတွေရဲ့ ပခုံးပေါ် မနိုင်ဝန်တင်ပေးလိုက်တော့ ခါးကျိုးသွားတာ သာ အဖတ်တင်သလိုမျိုးပေါ့။ ပဒေသရာဇ် အသုံးအနှုန်းတွေကလည်း ကလေးတွေအတွက် ခေတ်နဲ့လျော်ညီ စွာ အမြိုက်မဖြစ်၊ အဆိပ်သာဖြစ်နေတာကို ကိုသီလခမျာ ရင်မောစိတ်နာနဲ့ ခံစားဖြတ်သန်းခဲ့ရတယ်ပေါ့ဗျာ။
ထားပါလေ။ ဒီဇာတ်လမ်းရဲ့ လိုရင်းကို ဆက်ရအောင်ပါ။ ကိုသီလ တာဝန်ယူထားတဲ့ အလယ်တန်းအဆင့်မှာ မြန်မာစာရော အင်္ဂလိပ်စာမှာပါ စာစီစာကုံးက မသင်မဖြစ်သင်ရတယ်။ စာစီစာကုံးဆိုတာက တချို့က ရသစာ တန်းလို့လည်း ပြောကြတယ်။ အင်္ဂလိပ်ကတော့ ရှင်းပါတယ်။ အက်ဆေးပေါ့။ နိဒါန်း၊ စာကိုယ်၊ နိဂုံးဆိုတဲ့ ဖော် မက်ကြီးကိုတော့ မဖြစ်မနေ မိတ်ဆက်ပေးရတာပေါ့။ ဒါပေသည့် အဲဒီဖော်မက်ကြီးထဲကနေ ကလေးတွေကို ရေးတတ်၊ ရေးနိုင်အောင် ကိုသီဟက ကြောင်းပေးတယ်။ ဇာတ်ကောင်စရိုက်တို့၊ အဖွဲ့အနွဲ့အလှတို့၊ အဖြစ်အ ပျက်တွေအပေါ်မှာ ခွဲခြမ်းစိတ်ဖြာခံစားမှုတို့၊ ဇာတ်လမ်းအဖြစ်အပျက်ပေါ်မှာ အဘိဓမ္မာအတွေးအခေါ်ကို ထုတ် ယူဆင်ခြင်တင်ပြမှုတွေနဲ့ ကလေးတွေကို ဒုက္ခမပေးမိအောင် ရှောင်ရ ရှားရတာပေါ့လေ။
ကလေးတွေကိုတော့ ကိုသီလက စာများများ ဖတ်ခိုင်းတယ်။ အတန်းထဲမှာ စာစီစာကုံးတွေကိုလည်း ခေါင်းစဉ် တွေပေးပြီး များများ ရေးခိုင်းတယ်။ “ချစ်သော မေမေ (သို့) ချစ်သော ဖေဖေ”၊ “ငယ်ဘ၀ စာသင်ကျောင်းက လေး”၊ “အခင်မင်ရဆုံး သူငယ်ချင်း” ... စသဖြင့် ကလေးတွေအနေနဲ့ သူတို့နိုင်ရာ အကြောင်းအရာတွေကို ရေးခိုင်းခဲ့တယ်။ ပထမတော့ ကလေးတွေခမျာ စာကို ဘယ်ကစရေးရမှန်းမသိအောင် အခက်တွေ့နေကြတယ် ပေါ့။ ကိုသီလကလည်း ကမ္ဘာကျော် စာရေးဆရာကြီးတဦးရဲ့ အဆိုအမိန့်တခုကို ကလေးတွေကို မိတ်ဆက် ပေးလိုက်တယ်။ ဘာမျှမရေးရသေးတဲ့ စာရွက်ပေါ်မှာ ပထမဆုံး စာတကြောင်းကို ခေါင်းစဉ်နဲ့ကိုက်အောင် ချ ရေးလိုက်ပါ။ ပြီးရင် အဲဒီစာကြောင်းရဲ့ စေ့ဆော်ရာအတိုင်း ကြောင်းကျိုးဆက်စပ်ရေးဖွဲ့သွားဖို့ပါပဲ။ မုဆိုးကို စိုင် က အမဲလိုက်ရင်း သင်ပေးသွားလိမ့်မယ်ပေါ့လေ။
အဲဒီလိုနဲ့ ပထမအစမ်းစာမေးပွဲ မဖြေမီ ကိုသီလရဲ့ ခုနှစ်တန်း၊ ရှစ်တန်းကလေးတွေ အနည်းဆုံး စာစီစာကုံး လေးပုဒ်စီ ရေးဖြစ်ခဲ့တယ်။ စာမေးပွဲမှာလည်း ကိုသီလက စာသင်ခန်းထဲမှာ သင်ခဲ့တဲ့ စာစီစာကုံးခေါင်းစဉ်တွေ ကိုပဲ ချွိုက်စ်ပေးပြီး ရွေးချယ်ခွင့်ပေး ဖြေဆိုခိုင်းခဲ့တယ်။ တချို့ကလေးတွေဆိုရင် မြန်မာစာစာစီစာကုံးကို လေး မျက်နှာလောက် ရေးထားတာကို ကိုသီလ အမှတ်ခြစ်ရင်း အံ့သြ၀မ်းသာ တွေ့ရှိခဲ့ရတယ်။
ခုနှစ်တန်းရော ရှစ်တန်းမှာပါ ပါတဲ့ စာစီစာကုံးကလေးတပုဒ်က “ငယ်ဘ၀ စာသင်ကျောင်းကလေး” ဖြစ်တယ်။ ကလေးတွေဆိုပေမယ့် အရွယ်ရောက်စ ကလေးတွေ ဖြစ်နေတာမို့ ကလေးတိုင်းမှာ ငယ်ဘ၀ကိုယ်စီ ရှိနေကြ တယ်။ လက်ရှိကျောင်းကလည်း သူတပါးနိုင်ငံနယ်စပ်က မိုင့်ဂရင့် ကျောင်းဆိုတော့ ပြည်တွင်းမှာ နေခဲ့ရတဲ့ ငယ်ဘ၀ ကျောင်းကလေးတွေ ကိုယ်စီရှိခဲ့ကြတယ်ပေါ့လေ။ တချို့က ဇာတိမြေက ကျောင်းကလေးတွေ အ ကြောင်းကို ရေးကြတယ်။ တချို့က ဒုက္ခသည်စခန်းထဲက ၀ါးနဲ့အတိပြီးတဲ့ စာသင်ကျောင်းကလေးတွေ အ ကြောင်းကို ဖွဲနွဲ့ကြတယ်ပေါ့။ ထူးခြားတာက သူတို့ခံစားမှုကို ရိုးဂုဏ်အပြည့်နဲ့ ရေးဖွဲ့ထားမှုတွေပါပဲ။ ကိုသီလခ မျာ စာစစ်နေရင်းက သူတို့ဇာတိကျောင်းကလေးတွေထဲ ရောက်သွားလိုက်၊ ဒုက္ခသည်စခန်းထဲက ၀ါးနဲ့အတိ ပြီးတဲ့ စာသင်ကျောင်းကလေးတွေထဲ ရောက်သွားလိုက်။ သူတို့နဲ့အတူ စာအံလိုက်၊ နိုင်ငံတော်သီချင်း ဆို လိုက်၊ သန့်ရှင်းရေးလုပ်လိုက်၊ လက်ပိုက်လိုက်နဲ့ပေါ့ဗျာ။
အဲ … နောက်အများဆုံး ရေးကြတဲ့ တပုဒ်က “ချစ်သော မေမေ (သို့) ချစ်သော ဖေဖေ” ဆိုတဲ့ စာစီစာကုံးပါပဲ။ အဲ ... အဲဒီစာစီစာကုံးကျတော့ ကိုသီလခမျာ ငယ်ဘ၀စာစီစာကုံးကလို ကြည်နူးမှုတွေ၊ ပီတိတွေမရတော့ဘူး။ ဘယ်လိုခံစားချက်တွေ ရလိုက်သလဲဆိုတော့ …
“အမေရှိသော်ငြား အဖေမရှိဘဲနဲ့ သားသမီးများကို မမွေးဖွားနိုင်ပါ”
ကိုသီလရဲ့ အပြုံးဟာ အတွေးထဲမှာ ပျောက်ဆုံးသွားပါတယ်။ ဆက်ဖတ်တော့ …
“အမေ မရှိတဲ့နောက် အဖေသည် သားသမီးများအတွက် စီးပွားရေးကို နေပူမရှောင် မိုးရွာမရှောင် ကုန်းရုန်းရှာ ခဲ့ပါသည်။ အဖေက သမီး ဘယ်ကိုမှ မသွားပါနဲ့၊ အဖေတို့နဲ့ပဲ နေပါ။ သမီးတို့ မိန်းကလေးတွေဟာ ဘယ်နေရာကို ရောက်ရောက် ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ထိန်းသိမ်းတတ်ဖို့ လိုတယ်သမီး”
ကလေးတယောက်ရဲ့ သူ့ဘ၀၊ သူ့အတွေ့အကြုံတွေထဲက သင်ကြားချက်၊ အဘိဓမ္မာ။
“ကျမ အဖေ တားနေသည့်ကြားမှ အဖေ့ကို လမ်းခွဲခဲ့သည်မှာ ခုဆို ဆယ်နှစ်ကျော်ခဲ့ပြီ။ အဖေက သမီးကို လိုက်ရှာခဲ့သည်။ အဖေ၏ဘ၀နောက်ဆုံးအချိန်တွင် သမီးကို တွေ့ခွင့်ရပါရစေဟု တောင်းဆိုကြောင်း အဖေ့၏ နောက်မိန်းမဖြစ်သူက ကျမကို လာပြောပါသည်။ သမီးဖြစ်သူ ကျမက အဖေ့ကို တွေ့ဆုံခွင့်ပေးခဲ့ပါသည်။ ဒါကို အဖေသိသွားခဲ့ပါသည်။ သို့သော် ….”
နောက်တပုဒ်က ...
“အဖေ့ကို မမြင်မတွေ့ဖူးခဲ့သော အဖေမရှိတော့တဲ့ သမီးရဲ့ဘ၀မှာ အမေဟာ အမေလည်းဖြစ်၊ အဖေလည်းဖြစ် ခဲ့သည်။ သမီးတို့ မောင်နှမနှစ်ယောက်ကို ကျွေးမွေးဖို့၊ ပညာသင်ကြားပေးဖို့ အမေသည် နေပူစပ်ခါးမရှောင် ဈေးဗန်းခေါင်းရွက် တလမ်းဝင် တလမ်းထွက် ဈေးရောင်းခဲ့ပါသည်။ သမီးတို့နေသည့် အိမ်ကလေး ယိုင်နဲ့ပြိုလဲ သွားသောအခါ အဘိုးဖြစ်သူက သူတပါးတွင် အတိုးချပြီး အိမ်ကို ပြင်ပေးခဲ့ရသည်။ အမေက ဈေးဗန်း ခေါင်း ရွက်ဘ၀ဖြင့် အဆင်မပြေသောအခါ ကယ်ရီ၏ အကူအညီဖြင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ရန် စွန့်စားထွက်ခွာခဲ့ ပါသည်။ ထိုင်းရောက်တော့ အမေ့ကို ကယ်ရီက လိမ်ညာရောင်းစားခဲ့ပါသည်။ ခုထိ အမေနှင့် ပြန်လည်မဆုံ တွေ့နိုင်သေးပါ …”
ဒါပါပဲ … ကိုသီလရဲ့ ကလေးတွေရေးတဲ့ စာစီစာကုံးတွေက ရိုးဂုဏ်အပြည့်၊ ဘ၀အနာတွေ အပြည့်၊ အားမာန် တွေအပြည့်နဲ့ပါ။ ကိုသီလက ကဗျာတို ကဗျာစ၊ စာတို စာစ ရေးဖွဲ့ခံစားတတ်သူ ဖြစ်လေတော့ ကလေးတွေရဲ့ စာစီစာကုံးတွေကို စစ်ဆေးခံစားနေရင်းက တခါတခါ ကိုသီလရဲ့ မျက်နှာမှာ အပြုံး၊ တခါတလေ ကိုသီလရဲ့ ရင်ထဲက သက်ပြင်းမော၊ တခါတရံ ကိုသီလရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနှင့် …။ ။
ကမာပုလဲ
၂၈၊ ၁၀၊ ၂၀၁၀
1 comment:
ကိုသီလရယ်.စာနာတတ်သူတွေအတွက် ၀မ်းနည်းကြေကွဲဖွယ်ရာတွေ ခံစားရသလို အဲ့ဒီအထဲက ကြည်နူးဝမ်းသာစရာတွေလဲ ခံစားရမှာပါ။ အချို့သူတွေအတွက်တော့ စက်ရုပ်လို ဘ၀တွေကိုပဲ ရပါလိမ့်မယ် လူပီသစွာ နားလည်စာနာတတ်တဲ့ နားလည်စာနာနိုင်တဲ့ ဘ၀ကိုတော့ မရနိုင်ပါဘူးဗျာ။
Post a Comment