Sunday, October 3, 2010

သမိုင်းစိမ်း

သမိုင်းစိမ်း
ကမာပုလဲ

အကျိုးစီးပွားဆိုတဲ့ မှတ်ကျောက်မှာ
လူတွေ ဆေးအကြိမ်အကြိမ် ကျနေကြတယ် မေမေ။

ကျောချင်းကပ်ခဲ့ကြတာတွေလည်း
ပေထက်အက္ခရာမတင်တော့တဲ့
ယုံတမ်းရာဇ၀င်တွေ ဖြစ်ခဲ့ပြီ။

တခါက ရဲဘော်ရဲဘက်စိတ်ဓာတ်ဆိုတာ
ခုခါမှာ သုံးစားမရတော့ဘူးလား
ကျနော်တို့ရဲ့ စွန့်လွှတ်ခဲ့မှုဟာ
ကလေးငယ်တွေရဲ့ ကစားပွဲတခုလို
ပြီးပြီးပျောက်ပျောက်လား
သူတို့ ခြေလက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတယ်
သူတို့ တကယ်ကျဆုံးခဲ့ကြတယ်။

မတူတဲ့ အကျိုးစီးပွားတွေက
မတူတဲ့ လူတန်းစားစရိုက်တွေကို ပြဌာန်းတယ်ဆိုရင်
တအိုးထဲ စားခဲ့တဲ့ ထမင်း
တပုဒ်ထဲ သံပြိုင်ဆိုခဲ့တဲ့ သီချင်းကို လွမ်းတယ်
အဲဒီလွမ်းတတ်တာကိုက
ဒီခေတ်မှာ
အရူးတယောက်ရဲ့
မိုက်မိုက်မဲမဲ စိတ်ဝေဒနာလို့
ပြောနေကြပြန်တယ် မေမေ။

ရုရှားစာရေးဆရာကြီး ဂျက်ကော့ဗ်ရဲ့
လူနာဆောင် အမှတ် (၆) ဟာ
လက်ရှိ ကျနော်ရောက်နေတဲ့ အရပ်ဖြစ်နေတယ်၊
ရန်သူက သွားကြားထိုးနေချိန်မှာ
အဲဒီအသားစအတွက်
ကျနော်တို့ရဲ့ တခါက အချင်းချင်းတွေ ရန်ဖြစ်နေကြတယ်၊
လူထုလက္ခဏာ မဆောင်နိုင်တော့တဲ့ လေထုဟာ
အရင်ကလို မနီစွေးတော့ဘူး
စိမ်းသွားခဲ့ပြီ။ ။

ကမာပုလဲ
၂၆၊ ၀၉၊ ၂၀၁၀

6 comments:

Khaing Minn Kyaw said...

ကောင်းလိုက်လေခြင်း။ အဖွဲ့ အနွဲ့ ရော၊ ခေတ်ကို ထင် ဟပ် စေတာ ရော တကယ့်ကို ကောင်းမှကောင်းပဲ

Unknown said...

ခံစားချက်ကို အင်မထုပါနဲ့ဗျာ ၊ ကဗျာရေးတတ်ဖွဲ့နွဲ့တတ်တိုင်း
ထင်ယောင်ထင်မှားခံစားချက် တွေကိုချမပြပါနဲ့၊
တကယ်စိတ်ပါရင် ခင်ဗျားရဲ့ ABSDF ကြီးမပျက်သေးပါဘူး၊ ABSDF ရဲ့ ရဲဘော်ဘ၀ ဘယ်နေရာက ဖြတ်ရဖြတ်ရ ပါဆိုတာမျိုးရှိရင်
ခုလဲ တောထဲမှာနေကျန်နေသေးတဲ့ ရဲဘော်တွေနဲ့
ကျောခြင်းကပ်လို့ရပါသေးတယ် ၊ ထမင်းတအိုးထဲ
စားလို့ရပါသေးတယ် ၊ တော်လှန်ရေးစိတ်အခြေခံမှန်ရင်ABSDF နဲ့မှမဟုတ်
ဘယ်အဖွဲ့ကနေဖြစ်ဖြစ် လက်ရှိတိုက်နေတဲ့တဖွဲ့ဖွဲ့ကနေ
လဲ တိုက်ရပါတယ် ၊ ကိုယ့်ကိုယ်ကိုယ်သာ ပြန်ပြန်မေးစမ်းပါ ၊ ကမာပုလဲ တိုက်ရဲသေးရဲ့လားလို့

Taw Lu Thit said...

ကမာပုလဲ

လက်နက်ကိုင်တော်လှန်ရေးလို့ ပြောရင်တောင် ပြတိုက်ထဲက ထွက်လာသလိုလို အလုပ်မဖြစ်တာကြီး လာပြောနေသယောင်ယောင် အခြေအနေကြီးမှာ ပုံစံသစ် ဒိုနာသစ်နဲ့ လူတွေကြားထဲမှာ ရဲဘော်နဲ့ ခေါင်းဆောင် အခြေအနေတွေကွာလာတာ
မဆန်းတော့ပါဘူးဗျာ ထမင်းတအိုးထဲ မစားနိုင်ကြတော့တဲ့ လူတွေကို မေ့လိုက်ပါတော့ဗျာ အရင်တုန်းကလဲ တအိုးထဲ စားချင်ယောင်ဆောင်ခဲ့ ကြတာနေပါလိမ့်မယ် အဓိကကတော့ အတင်းကြီး ကိုယ်မလုပ်ချင်တော့တာကြီးကို လုပ်နေရင် ပင်ပမ်းနေမယ်ထင်တယ် တကယ်ပဲ လက်နက်ကိုင်တော်လှန်ရေးဟာ ရှိနေဖို့ လိုသေးတယ်လို့ ယုံကြည်ရင်တော့ တကယ့် ရဲဘော်တွေ ရှိနေပါသေးတယ် တကယ်လို့ မလိုအပ်တော့ပါဘူး လုပ်နေကြတဲ့ ခေါင်းဆောင်ဆိုသူတွေကလဲ လုပ်စားတွေပါ ဆိုရင်တော့ လဲ ဒါလဲသူတို့အကြောင်းပါ ခုနေခါတော့ မသူတော်တွေ တွင်ကျယ်တဲ့ ခေတ်ကိုးဗျာ..ဒါမှမဟုတ် စိတ်ဓါတ်ကျပြီး ယခင်လက်နက်ကိုင် တော်လှန်ရေး ဒီရေတက်ချိန်ကို ပြန်လွမ်းပြီး တော်လှန်ရေးကို အရက်နဲ့ မြည်းချင်လဲမြည်းပေါ့ဗျာ..ရိုးသားဖို့ပဲလိုပါတယ်.
.ကျိန်းသေတာကတော့ တကယ့်စွန့်လွှတ်သွား ခဲ့ကြသူတွေရှိခဲ့တယ် နောင်လဲရှိနေပါဦးမယ် ရှိချင်ယောင်ဆောင်သူတွေဆိုတာလဲ ရှိနေပါဦးမယ်ဗျာ.

Unknown said...

ကိုယ်အသုံးမကျတာ,မကျတာပ။ဲ

တအိုးထဲ ရှိရင် တအိုးထဲ စားခဲ့မှာပါ။
ခုခါမှာ တအိုးထဲ မဟုတ်တော့ဘူး။
ကျောခြင်း ကပ်ရင် လည်းကျောချသွားလိမ့်မယ်။
"တခါက ရဲဘော်ရဲဘက်စိတ်ဓာတ်ဆိုတာ
ခုခါမှာ သုံးစားမရတော့ဘူးလား" ဆိုတာ ဂျက်ကော့ဗ်ပြန်မေး။

ခုခါမှ သုံးစားမရတော့မှ စွန့်လွှတ် ခံရတော့မှံအမေတတဲ့ ကမာ။

ကလိမ်ပုလဲ

Unknown said...

ကဗျာရေးတာပဲ .... ဘာမှမဖြစ်ပါဘူး.. သူဟာသူ ရေးပါစေ..

Unknown said...

မောင်ခရုကလဲကွာ

ငါတို့ကတော့ သေနတ်နဲ့ မတိုက်နိုင်တော့တာတောင် ကလောင်လက်နက်နဲ့ တရစပ်ပစ်ခတ်နေတာ မောင်ရင်လည်း သိသားနဲ့။ ပြီးခဲ့တာတွေကို လွမ်းမနေစမ်းပါနဲ့ မောင်ရာ။

ရေးဖော်ရေးဖက် -
မောင်ဆွေးဏီ