မျိုးမြင့်ချို
“ကျနော် ညတုန်းက ဖျားလို့ဗျာ၊ အဲဒါ ဆေးမှူးက ထမင်းမစားနဲ့ဦး၊ ကော်ဖီလေး နို့လေးသောက်ဆိုလို့ အကိုတို့ ဝိုင်းမှာများ နို့မှုန့်လေး သကြားလေး ရှိဦးမလားလို့ ...”
ကျနော် စာခိုးဖတ်နေရင်း အသံကြားလို့ မော့ကြည့်လိုက်တော့ ကိုညီညီ။
“အင်း ... ရှိတယ် ကိုညီ ... ခဏလေး”
“ဆောရီးနော်၊ ကျနော်က အကို ဒီတိုင်း ထိုင်နေတာမှတ်လို့”
“ရပါတယ် ကိစ္စမရှိပါဘူး” ဟု ပြန်ဖြေရင်း အစားအသောက်ထည့်သည့် အိတ်များကို လှန်လှောပြီး ဟိုနှိုက် သည်နှိုက် လုပ်ရတော့သည်။ ကြွပ်ကြွပ်အိတ်တွေဆိုတော့ အသံက တကြွပ်ကြွပ်။ အနားတွင်ထိုင်ပြီး ပုတီးစိပ် နေသည့် ကိုအောင်ခိုင်က ကိုညီညီ လာပြောသည်ကိုရော ကျနော် လှုပ်လှုပ်လှုပ်လှုပ် လုပ်သည်ကိုရော အစ အဆုံး ကြားပုံရသည်။ စိတ်လက်စ ပုတီးကုံးကို လက်မလက်ညှိုးနှင့် ညှပ်လိုက်ပြီး ထလာ၏။
“ကိုညီရေ ... ရော့ နှို့မှုန့်တဝက်လောက်ရှိသေးတယ်၊ ဒါက သကြား၊ မုန့်ကြွပ်တွေလည်း ရှိသေးတယ်၊ ယူသာ သွားတော့”
“ဟာ ... အများကြီးပဲ၊ ကျနော် အဲလောက်မလိုပါဘူး၊ နည်းနည်းပဲ ခွဲယူသွားမယ်”
“ရတယ် ကိစ္စမရှိဘူး၊ ယူသာသွား၊ ဒီလ ထောင်ဝင်စာနီးပြီ၊ လိုရမယ်ရ ဆောင်ထားတာပဲဟာ”
ကျနော် ထုတ်ပေးလိုက်သည့် နို့မှုန့်၊ သကြားနှင့် မုန့်ထုတ်ကိုကြည့်ရင်း ကိုအောင်ခိုင်က “မှန်းစမ်း၊ ခင်ဗျားနို့မှုန့် …” ဟုဆိုကာ အထုတ်အောက်ခြေပိုင်းကို ကပ်ပြီး သေသေချာချာ ကြည့်လိုက်သည်။ ပြီးတော့မှ “အင်း သက် တမ်းတော့ မကုန်သေးဘူး၊ ဒါပေမယ့် ခင်ဗျားအထုပ်က ဖောက်ထားပြီးသားကြီး၊ ကောင်းတော့ကောင်းဦးမယ် ထင်တာပဲ၊ မသေချာဘူး၊ ကျနော့်မှာ အသစ်ရှိတယ် ကိုညီ၊ လတ်လည်းလတ်တယ် အမျိုးအစားလည်း ပို ကောင်းတယ်။ ကာနေရှင်းနှို့မှုန့်ပဲ၊ ရော့ ... ဒါသာ ယူသွား၊ အဲဒါ ပြန်ပေးလိုက်”
ကျနော် ကိုအောင်ခိုင့်အပြောကြောင့် စိတ်ထဲနည်းနည်းခုတုတုဖြစ်သွားသည်ကို ကိုညီရော သူပါ ရိပ်မိပုံရ သည်။ ကိုညီက အားတုံ့အားနာဖြင့် ...
“ရပါတယ် ကိုအောင်ခိုင် နေပါ့စေ၊ ကျေးဇူးပဲ ကျနော် ဒါပဲ ယူသွားမယ်”
“မဟုတ်တာ ကိုညီရယ် ကျနော်က စေတနာနဲ့ ပြောတာပါ၊ အဲဒီနို့မှုန့်က တရုတ်လုပ်ကြီးဗျာ၊ ဒါ့အပြင် ဖောက် လည်း ဖောက်ထားပြီးသားကြီး၊ သာမန်အချိန်မှာ သောက်ရင်တောင် အာဟာရမပြည့်ပါဘူး၊ အခုဟာက ဖျား လည်းဖျားနေတာ၊ အားရှိဖို့လိုတယ်လေ၊ မတော် ဝမ်းတွေဘာတွေ ပျက်ရင် ဖျားနေရတဲ့ကြားထဲ ပိုဆိုးမယ်၊ ရော့ပါ ယူသာသွားပါ၊ အားမနာနဲ့” ပြောလည်းပြော ပေးလည်းပေးလိုက်သည်။
ကိုညီလည်း ယူသာသွားရသည် ကျနော့်ကို အားနာနေသယောင်။ ကာနေးရှင်း ဘယ်လောက်ကောင်းမှန်း ကျ နော် အသေအချာ မပြောနိုင်သော်လည်း တရုပ်ထုတ် လိပ်ပြာနို့မှုန့်ကား ကျနော်တို့ငယ်ငယ်က သောက်ခဲ့ သည့် လူရည်ချွန်နို့မှုန့်လောက် မကောင်းကြောင်း သိပါသည်။ ယခု လူရည်ချွန်လည်းမရှိတော့။ ဈေးသက်သာ ပြီး အများသုံး လိပ်ပြာများ မြန်မာပြည် နေရာအတော်များများတွင် ပျံဝဲနေကြလေပြီ။
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဘုရားဖူးမှ ပြန်လာသည့် အမေ့နားတွင် အဆွေအမျိုးများ၊ မိတ်ဆွေများ၊ ရပ်ဆွေ ရပ်မျိုးများ ဝိုင်းဝိုင်းလည်။ တချို့က အမေ့ကို နိုင်ငံခြားဆိုတာ ဘာနဲ့တူသလဲဟု မေးကြသည်။ တချို့က ရာသီ ဥတုအကြောင်း၊ တချို့က အစားအသောက်အကြောင်း၊ တချို့က လေယာဉ်စီးတဲ့အကြောင်း၊ တချို့က မက္ကာ မဒီနာအကြောင်း စုံနေသည်။ ဘေးကနားထောင်နေသည့် ကျနော်ကသာ မောနေသော်လည်း အမေကတော့ မမောတမ်း ပြန်ဖြေ၏။ နည်းနည်းလေး အချိန်လင့်လာတော့မှ အမေက ဆော်ဒီမှ သူဝယ်လာသည့် လက် ဆောင်ပစ္စည်းထုပ်ကို ထုတ်ခိုင်းပြီး ဖြည်၏။ တော်တော်လေး စုံသည်။ ဒါတွေအားလုံးကို သူ ဆော်ဒီအာရေဗျ က ဝယ်လာမှန်း ကျနော် သိသည်။
ကိုရ်အန်ကျမ်းစာအပါအဝင် အခြားအစ္စလာမ်ကျမ်းစာများ ထွင်းထုရေးသားထားသည့် ဖန်တုံးဖန်ပြားလေးများ၊ မက္ကာမဒီနာနှင့် ဆော်ဒီမှ ဘာသာရေးအရ သမိုင်းဝင်နေရာများကို ရုပ်ကြွပုံ သွင်းထားသည့် ဖန်ထည်များ၊ ပ ရောဖက်မိုဟာမက် ဝတ်ပြုခဲ့ရာ ကျောင်းတော်ပုံစံငယ်၊ အစ္စလာမ်ဘုရားဖူး အမျိုးသမီးဝတ်စုံ၊ ခြုံထည်များ၊ ပုဝါ များ၊ အစ္စလာမ်ဘာသာဝင်တိုင်း အထွဋ်အမြတ် တန်ဖိုးထားကြသည့် အမှတ်တရအောက်မေ့ဖွယ်အရာများ စုံ နေသည်။ ဒါက ဘယ်သူ့အတွက် ဒါက ဘယ်ဝါ့အတွက် ပြောပြီး ခွဲတမ်းချနေသည့် အမေ့ဘေးတွင် ထိုင်ကာ ကျနော်က ထိုပစ္စည်းများကို တခုချင်း တခုချင်း သေသေချာချာ ကြည့်မိ၏။ လက်ရာလေးတွေက ဖန်စီဆန်ပြီး လှနေသည်။ သိပ်အခန့်ကြီးတွေ မဟုတ်ကြ။ ဈေးကလည်း အလွန်သက်သာသည်။ လိုချင်သိမ်းချင်စရာလေး တွေ။
“ဟယ် ... အားလုံး တရုပ်လုပ်တွေချည်းပဲ”
တအံ့တသြ အသံကြားတော့မှ ကျနော်လည်း ကြည့်မိတော့၏။ ဟုတ်နေသည်။ ဘုရားဖူးပြန် အထွဋ်မြတ်အ မှတ်တရ ပစ္စည်းတိုင်းတွင် နဂါးကြီးခံတွင်းမှ မှုတ်ထုတ်လိုက်သည့် မီးလျှံများ ဟပ်နေပြီကော။ ကျနော် ထိုင်း ရောက်တော့ ကွန်ပြူတာနှင့် စတွေ့ရသည်။ ဒီ့အရင်က ကွန်ပြူတာဆိုတာ လက်နှိပ်စက်နှင့် တယ်လီဗေးရှင်း စပ်ထားသည့်အရာလို့သာ ထင်ခဲ့ဖူးသူ။ နောက်တော့ အခန့်သင့်ပြီး ကွန်ပြူတာတလုံး ဝယ်ဖြစ်ရန် ဖန်လာ၏။ နားလည်သည့် သူငယ်ချင်းတဦးက အကြံပေးသည်။
“ဒီမှာတော့ အိပ်ခ်ျပီနဲ့ ဒဲလ် လူသုံးများတယ်။ ခင်ဗျား သုံးမယ့် အနေအထားနဲ့ဆို အိပ်ခ်ျပီဝယ်တာ ပိုကောင်း တယ်..” ဆိုသောကြောင့် ကျနော် သူပြောတာပဲ ဝယ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကွန်ပြူတာအရောင်းဆိုင် ထဲရောက်တော့ တွေ့သမျှ အကုန်လုံးသာ ဝယ်လိုက်ချင်တော့သည်။ ကိုယ်နှင့် အသုံးတည့်သလား မတည့်သ လားသာမသိ။ နောက်တော့ သူငယ်ချင်းကပဲ ရွေးချယ်ဆုံးဖြတ်ပြီး ဝယ်လိုက်သည်။ အိပ်ခ်ျပီကွန်ပြူတာ။ အိမ် ပြန်ရောက်တော့ သူကပဲ ဆင်ပေးသည်။ ကျနော် ဘေးထိုင်ကြည့်ငေးသူသက်သက်။
“ခင်ဗျား ဆော့ဖ်ဝဲအသစ်တချို့ ဝယ်ရမယ်။ ကျနော့်ရှိတာတော့ တခါတည်း အင်စတောလ် လုပ်ပေးသွားမယ်။ ကျန်တာတော့ ဟိုဆိုင်ကြီးမှာ ဝယ်တာလည်း ဝယ်မယ်။ အပြင်မှာ ဝယ်တာလည်း ဝယ်မယ်”
“အင်းလေ ... ခင်ဗျားပဲ ကြည့်ကျက်လုပ်ပေးပါ။ ကျနော် သိပ်နားလည်တာမဟုတ်တော့”
“ရပါတယ် မနက်ဖြန် လောက်ပေါ့ဗျာ”
“ဒါပေမယ့် တခုတော့ရှိတယ်နော် ကျနော် တရုတ်ပစ္စည်းတွေတော့ မလိုချင်ဘူး”
“ဘာဖြစ်လို့လဲဗျ”
“သူများတွေပြောတာပဲ တရုတ်လုပ် ကွန်ပြူတာပစ္စည်းတွေက ညံ့တယ်တဲ့”
“အင်းလေ ... အမေရိကန်လုပ်၊ ဂျပန်လုပ် အစစ်တွေလောက်တော့ မကောင်းဘူး အမှန်ပဲ၊ ဒါပေမယ့် အခုခင် ဗျားရှိတဲ့ ပိုက်ဆံနဲ့လည်း အဲဒါမျိုးတွေ မဝယ်နိုင်ဘူးဗျ။ အခု ခင်ဗျားကွန်ပြူတာကိုယ်တိုင်က တရုတ်လုပ်လေ ဗျာ။ အလုပ်ဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေဆိုလည်း အပြင်မှာ တရုတ်လုပ်တွေ ဝယ်တာ ဈေးပိုသက်သာတယ်။ သုံးတော့လည်း မထူးဘူး၊ အတူတူပါပဲ”
“အေးဗျာ၊ ကျနော်က မသိပါဘူး သူများတွေပြောလို့”
“ကျနော်လည်း ဖြစ်နိုင်ရင် တခြားဟာတွေ သုံးချင်တာပေါ့ဗျ၊ ဒါပေမယ့် ဒါနဲ့လည်း အလုပ်ဖြစ်နေတာပဲဟာ။ ငွေ ပိုကုန်လည်း ကိုယ်က သုံးမှာ ဒီလောက်ပဲဆိုတော့ ဒါနဲ့ပဲကိုက်တယ်ဗျ”
“အေးလေ ... ဒါဆိုလည်းပြီးတာပဲ၊ ကောင်းသလိုသာ ကြည့်လုပ်ပေးတော့ဗျာ”
သည်လိုနှင့် အနုထည် အကြမ်းထည် နည်းပညာနယ်ပယ်၏ အစိတ်အပိုင်းတချို့ကို ဂရိတ်ဝေါတံတိုင်းကြီး နောက်ခံတွင် မြင်လာနေရသည်။ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို တောင်အာဖရိကတွင် လုပ်သွားသည်။ ကျနော်က ဘောလုံးပွဲကို ဒီလောက်ဝါသနာမပါလှ။ နာမည်ကြီးအသင်းတွေ ကန်လျှင်တောင် တခါတလေ ပွဲစ ပွဲဆုံး ကြည့်ဖြစ်ချင်မှကြည့်ဖြစ်သည်။ ဒီနှစ် ကမ္ဘာ့ဖလားကတော့ နည်းနည်းထူးခြားသည် ထင်သည်။ မထင် မှတ်သော အသင်းများက မထင်မှတ်သော အသင်းများကို နိုင်သွားခြင်း၊ ရှုံးသွားခြင်း။ ဘောလုံးလောင်းကစား သူများလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရခြင်း စတာမျိုးတွေကို မဆိုလိုပါ။ ဘောလုံးကန်ကြခြင်းအကြောင်း၊ ဘောလုံးသမားများအကြောင်း၊ ဒိုင်များအကြောင်း၊ ဂိုးအရေအတွက်များအကြောင်း ဆိုသည်မှာ ဘောလုံးပွဲအ ကြောင်းပင်ဖြစ်ပါမည်။
သို့သော် ထိုဘောလုံးပွဲအကြောင်းများအပြင် ဘောလုံးပွဲနှင့် တိုက်ရိုက်ဆိုင်ပြီး လူပြောများသော အခြားအ ကြောင်းအရာ (၃) ခုလည်း ရှိပါသည်။ တခုက ဂျာမနီပြည်က ရေဘဝဲ၊ နောက်တခုက စင်္ကာပူနိုင်ငံက ကြက် တူရွေး၊ နောက်တခုက ဗူဗူဇီလာ။ ထိုရေဘဝဲက ပွဲမစမီ ဘယ်အသင်းနှင့် ဘယ်အသင်းကန်ရင် ဘယ်အသင်း ကနိုင်မည် ရှုံးမည်ကို ကြိုဟော၏။ သူဟောသလို အမှန်များသည်ဟုလည်း ပြောကြသည်။ တချို့နိုင်ငံတွေက ထိုရေဘဝဲကို “မှန်လိုက်တဲ့ ရေဘဝဲလေး” ဆိုပြီး ချစ်ကြသလို တချို့ကတော့ “ဒီရေဘဝဲစုတ်တော့ ပင်လယ် စာသုတ်ဖြစ်တော့မယ်” ဆိုပြီး ကြိမ်း၏။
စင်္ကာပူကြက်တူရွေးကတော့ ရေဘဝဲလောက် လူချစ်လူမုန်းမများသလို လူသိလည်း အတန်ငယ် နည်းသည်။ ပြောတော့ပြောကြ၏။ နောက်တခုက ဗူဗူဇီလာ။ အာဖရိကန်ရိုးရာ လေမှုတ်တူရိယာ။ ပရိသတ်တွေက အား ပေးသည့်အနေဖြင့် ပွဲကြည့်စင်တွေကနေ ဗူဗူဇီလာမှုတ်ကြတာ နားကွဲမတတ်။ ဒိုင်တွေလည်း စိတ်ညစ်၏။ ကွင်းထဲမှာ ဘောလုံးသမားအချင်းချင်းလည်း တယောက်ကိုတယောက် မကြားရတော့။ ဒိုင်ပြောတာလည်း မကြားရ။ နောက်ပိုင်းပွဲတွေမှာ ဗူဗူဇီလာ မှုတ်တာတွေကို တားပေးဖို့ ဘောလုံးအဖွဲ့ချုပ်ကို ဒိုင်တွေ၊ ဘောလုံး သမားတွေ၊ အသင်းနည်းပြတွေက တိုင်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သူတို့ရိုးရာ တူရိယာဖြစ်သည်။ တား ခွင့်မရှိ။ မတားစကောင်းဟု အကြောင်းပြန်သည်။ မကျေမနပ်နှင့် နောက်ဆုံး ပွဲသာပြီးသွားသည်၊ ဗူဗူဇီလာသံ တွေ ကွင်းထဲမှာ ညံတုန်း ...။
ဒီနှစ် ကမ္ဘာ့ဖလားမှာ ဗူဗူဇီလာတွေ သန်းချီရောင်းလိုက်ရ၏။ ထုတ်လုပ်သူ၊ တင်ပို့ရောင်းချသူတွေ တော်တော် လေးပွသွားကြသည်ဆို၏။ ဗူဗူဇီလာကား ရှေးတုန်းက စစ်ချီစစ်တက်ရာမှာ၊ ဘာသာရေးနဲ့ လူမှုရေးဓလေ့ထုံးစံ အခမ်းအနားတွေမှာ အာဖရိကတိုက်သားတွေ သုံးသည့် ရိုးရာတူရိယာ။ သူက အာဖရိကမှာ မွေးပြီး လူလား မြောက်သည့် အာဖရိကားသားစစ်စစ်။ အခု ထိုအာဖရိကသွေးအစစ် ဗူဗူဇီလာသည် ယန်စီမြစ်ထဲကနေ ရေကူး ပြီး သူ့ဇာတိမြေက ဘောလုံးပွဲအထိ ဘယ်လိုရောက်လာသည်မသိ။
ကျနော့်နားလည်ထားချက်အရ တိုင်းပြည်တခု၏ အလံနှင့် နိုင်ငံတော်အမှတ်တံဆိပ်ဆိုသည်မှာ ထိုတိုင်းပြည် ၏ သင်္ကေတ၊ အထွဋ်အမြတ်ပြုရာ။ အလံပေါ် တင်ထားသည့် သင်္ကေတရုပ်တို့ အမျိုးမျိုးဖြစ်နိုင်မည်။ အသေမ ဟုတ်။ ပြင်လို့ရသည်။ ပြင်လည်းပြင်ကြသည်။ လက်ရှိသင်္ကေတကို လက်ရှိလူတွေက ကြိုက်လို့ သုံးနေတာ ဖြစ်ဖြစ်၊ ကြောက်လို့ လက်ခံနေရတာဖြစ်ဖြစ် ကိစ္စမရှိ။ အကြိုက်နှင့် အကြောက်ပြောင်းလျှင် သင်္ကေတရုပ် လည်း ပြောင်းသည်။
တိုင်းပြည်တပြည်က အခြားတိုင်းပြည်တပြည်လုံးကို သိမ်းပိုက်ပြီးပြီးချင်း အရင်ဆုံး လုပ်သည်မှာ အလံကို လဲ လိုက်ခြင်းဖြစ်သည်။ အလံဟောင်းနှင့်အတူ အလံဟောင်း၏ အတိတ်ကို၊ မျိုးချစ်စိတ်ကို ချိုးပြခြင်းဖြစ်၏။ တ ချို့နိုင်ငံများ၏ အလံအပေါ်အလေးအမြတ်ပြုမှုက တချို့နိုင်ငံတွေထက်ပို၏။ ဘယ်လောက်ပိုပို ဘယ်လောက် လျော့လျော့ သူတို့အလံကို မီးရှို့လျှင် ဇောက်ထိုးလွှင့်လျှင် တိုင်းပြည်ကိုထိပါးခြင်းဟု ခံယူကြသည်။ အမေရိ ကန်အလံကို အတွင်းခံဘောင်းဘီ လုပ်ဝတ်လို့ရသော်လည်း မည်သူမျှမီးရှို့ခွင့်မရှိ။
တလောကပဲ အာဆီယံခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ တွေ့ဆုံပြီး စီးပွားရေးကိစ္စများ ဆွေးနွေးသည့် ပွဲတွင် ဖိလစ်ပိုင်အလံကို အမေရိကန်က ဇောက်ထိုးလွှင့်မိသဖြင့် ဖိလစ်ပိုင်ရှိ အမေရိကန်သံအမတ်ကြီးက ဖိ လစ်ပိုင်နိုင်ငံသားတွေကို တောင်းပန်လိုက်ရသည်။ ၉/၁၁ အမြွှာမျှော်စင်ကြီးများနှင့် ပင်တဂွန်ကို အစ္စလာမ်အ စွန်းရောက်အချို့ တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်မှာ အလံလွှင့်ထူတာတွေ ပိုများလာသည်ဟု ပြောသံ ကြားဖူးသည်။ တော်တော်လှမ်းလှမ်းမှပင် မြင်နိုင်လောက်အောင် လွှင့်တင်ထားသည့် ဧရာမအလံကြီးများ ကျနော်နေသည့် မြို့ကလေးတွင် အမြောက်အမြားရှိသည်။ တခြားမြို့များတွင်လည်း ထိုအတိုင်း ...။
“အရင်က အဲဒီအလံကြီးတွေမရှိ” ဟု မြို့ခံတွေက ပြောပြသည်။ ၉/၁၁ အပြီးမှာ အမေရိကန်တွေ သူတို့အလံ ကို ပိုပြီး ချစ်လာကြတာများလားဟု ကျနော် တွေးမိသည်။ အလံသည် တိုင်းပြည်၏ သင်္ကေတ။ အလံကို ချစ် ခြင်းသည် တိုင်းပြည်ကို ချစ်ခြင်း။ အလံကို ရေကူးဝတ်စုံ ချုပ်ဝတ်ထားသည့် အမေရိကန်မတဦးကို “ဘာလို့ အဲ သလို ဝတ်လာလဲ” ဟု မေးကြည့်တော့ “ငါတို့အလံကို မြတ်နိုးလို့ပေါ့” ဟု အဖြေပြန်ပေးသည်။ ချစ်ပုံချစ်နည်း များ ကွာသလောဟု တွေးစရာကောင်းသည်။
ကျနော် ပြီးခဲ့သည့်အပတ်က ကိစ္စတခုဖြင့် မြို့ပြင်ဘက်နားရောက်သည်။ အပြန်ကျတော့ လိုက်ပို့ပေးသူက အ လာတုန်းကနဲ့ မြင်ကွင်းမတူအောင် အခြားလမ်းက မောင်းပြီး ပြန်မည်ဆိုသည်။ အလာတုန်းက လမ်းမှာ စက်ရုံ အလုပ်ရုံတွေ မတွေ့ရသလောက် အပြန်လမ်းကြတော့ ပေါလိုက်သည့် စက်ရုံများ။ ကားအသွားအလာက လည်း ထူသည်။ ဟိုနားမီးပွိုင့်မိလိုက် ဒီနားမိလိုက်နှင့်ဆိုတော့ ခရီးသိပ်မတွင်လှ။ ကျနော်ကတော့ ကြိုက် သည်။ ဘေးဘီကို ကြာကြာလေး ကြည့်လို့ရသည်။ ဖတ်လို့မီသမျှ ကြော်ငြာဆိုင်းဘုတ်တွေကို ဖတ်ရင်း မရှင်း တာတွေ သူ့ကို မေးရသည်။
စက်ရုံကြီးတခုနားရောက်တော့ မီးပွိုင့်အကြာကြီးမိသည်။ စက်ရုံကြီးဘေးမှာ စက်ရုံငယ်လေးတွေလည်း မြင်ရ သည်။ သည်မှာ ကျနော် ဆိုင်းဘုတ်တခုဆီ မျက်စိရောက်သွားသည်။ Here !!! American Flags, Made in America, Buy one, Get one Free. သဘောကတော့ “ဟောဒီမှာ အမေရိကန်လုပ် အမေရိကန်အလံတွေ နော်၊ တခုဝယ်ရင် တခုအလကားပေးမယ်” ကျနော် ဖတ်ပြီး သူ့ကို လှည့်မေးမယ် အလုပ်မှာပဲ သူက ရယ်ပြီး “ဘာလဲ မျိုး၊ မင်း အံ့သြသွားလား” တဲ့။ ကျနော်က “အင်း” ဆိုတော့ “ဒို့ဆီမှာ အခုသုံးနေတဲ့ အမေရိကန်အလံ တွေအများစုက တရုတ်ပြည်ကနေ တင်တာလေ။ ဒီမှာလုပ်တာနဲ့ ဟိုကလာတာနဲ့ ဈေးက တော်တော်ကွာ တယ်ကွ။ အရည်အသွေးကတော့ သိပ်မထူးပါဘူး။ ငါတို့လည်း တရုတ်လုပ် အမေရိကန်အလံတွေပဲ အသုံးများ တယ်။ ကုန်တိုက်ကြီးတွေမှာ တင်ထားတဲ့ အရွယ်စုံဆိုက်စုံ အလံတိုင်းလိုလို တရုတ်လုပ်တွေပဲလေ” တဲ့။ ပြော ပြနေသည့် သူ့အမူအရာနှင့် လေသံတွင် ထူးထူးခြားခြားမရှိ။ ပြောရိုးပြောစဉ်ကိစ္စတခုလို။ ကျနော်ကသာ တွေး နေမိသည်။
“မင်းကလည်းကွာ၊ တခြားပစ္စည်းတွေကတော့ ထားပါတော့၊ ကိုယ့်နိုင်ငံအလံပဲဟာ ကိုယ့်တိုင်းပြည်က လုပ် တဲ့ဟာကို ဝယ်သုံးတာ ပိုမကောင်းဘူးလား”
“ဘာဖြစ်လို့လဲကွ၊ အလံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်လေ၊ ကုန်ပစ္စည်းပဲမဟုတ်လား၊ အရည်အသွေးတူပြီး ဈေးသက် သာရင် သက်သာတာကိုပဲ ဝယ်မှာပေါ့။ နောက်တခုကလည်း ငါတို့မှာ အရင်တုန်းကလောက် ဝင်ငွေအာမခံ ချက်လည်း သိပ်မသေချာဘူးလေကွာ။ တိုင်းပြည်အလုပ်လက်မဲ့ပြဿနာနဲ့ စီးပွားရေးအခြေအနေကလည်း မင်းသိတဲ့အတိုင်းပဲလေ၊ မင်းဆိုရင်ကော” တဲ့။ ကျနော် ဘာမှပြန်မပြောဖြစ်ခဲ့။
စက်မှုလုပ်ငန်းများ တဟုန်ထိုးတက်လာပြီး စက်မှုအရင်းရှင်ကြီးများ ကမ္ဘာပတ် အမြတ်ရှာနေချိန်။ အိမ်တွင်းမှု နှင့် အမျိုးသားပိုင် တနိုင်လုပ်ငန်းလေးများ နေညိုစကာလများ။ စက်ယက္ကန်းများက လက်ယက္ကန်းများကို တွန်း တိုက်ဖယ်ချစ။ လက်လှည့်ဗိုင်းငင်စက်ကလေးတလုံးနှင့် မဟတ္တမဂန္ဓီကြီး။ ပြည်တွင်းဖြစ်ကို အားပေးပါ ကြွေး ကြော်သံနှင့် ပွဲဝင်ခဲ့သည့် ဗမာပြည်ဝံသာနုခေတ် အမျိုးသားရေးလှုပ်ရှားမှု။ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဘုံဝါဒတည်ဆောက်ခြင်း၊ တံခါးဖွင့်ဝါဒ၊ ဈေးကွက်စီးပွားရေး၊ ဂလိုဘယ်လ်လိုက်ဇေးရှင်း၊ စီးပွားရေးအကျပ်အ တည်းများ၊ ငွေကြေးဈေးကွက်ပြိုလဲခြင်း၊ ငွေတန်ဖိုးအနိမ့်အမြင့်၊ ပါဝါအပျော့အမာ ... စသည့် ကျနော် နားမ လည်သည့် ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ရှေ့သို့ တရွေ့ရွေ့ ရွေ့နေသည့် ကမ္ဘာမြေကား ကျနော် တို့ကားလေးနှင့်အတူ၊ ကျနော့်အတွေးများနှင့်အတူ လိုက်ရွေ့နေပါပကော ...။ ။
မျိုးမြင့်ချို
Sunday, October 3, 2010
ကမ္ဘာမြေ ရွေ့နေပါသည်
Posted by ဒေါက်တာလွဏ်းဆွေ at 5:10 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment