Thursday, September 2, 2010

တနေ့တခြား ပွားပွားလာသည့် အကုသိုလ်ချိုချိုလေးများ

မျိုးမြင့်ချို

အခုတလော မေးလ်တွေမှာ ပျံ့နေတဲ့ အောင်မိုးဝင်းရဲ့ “သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာ တခုမဟုတ်ပါ” ဆိုတဲ့ စာကို ဖတ်ပြီး ဒေါက်တာသန်းထွန်းရယ်၊ Michael H. Hart ရယ်၊ ကိုအောင်လွင်ရယ်နဲ့ ကိုစံဇာဏီဘိုတို့ကို သတိရပါတယ်။

ဒေါက်တာသန်းထွန်း ဘယ်လိုလူလဲသိချင်ရင်တော့ သူ ရေးထားခဲ့တဲ့ စာတွေရယ်၊ သူကိုယ်တိုင်ရေးခဲ့တဲ့ “ငါ ပြောချင်တဲ့ ငါ့အကြောင်း” ရယ်၊ သူနဲ့ နီးစပ်သူတွေရေးတဲ့ သူ့အကြောင်းရယ်၊ သူ့ကို ချစ်သူမုန်းသူတွေရေးတဲ့ သူ့အကြောင်းတွေရယ် ... စတာတွေကို စနည်းနာကြည့်ပါမှ သိမှာပါ။

Michael H. Hart က The 100 : A Ranking of The Most Influential Persons In History ဆိုတဲ့ (စာ အုပ်ပဲဆိုပါတော့) စာတအုပ်ကို ပြုစုခဲ့သူပါ။ အဲဒါကို ဒေါက်တာသန်းထွန်းက ကျော်စွာ (၁၀၀) ဆိုပြီး မြန်မာလို ပြန်ခဲ့ပါတယ်။ ရောင်းကောင်းလို့ တကြိမ်မက ပြန်ရိုက်ရတဲ့ စာအုပ်ပါ။ မူလရေးသူရဲ့ အမှာစာကို ဖတ်ကြည့် တယ်ဆိုရင်ပဲ တွေးစရာတွေ အများကြီးရပါတယ်။ မြန်မာပြန်သူ ဒေါက်တာသန်းထွန်းရဲ့ အမှာစာကလည်း တွေးစရာတွေ ဒုနဲ့ဒေးပါ။ ကျော်စွာတွေကို ၁-၂-၃-၄ အစီအစဉ်ချတာမှာ ဘယ်အခြေခံနဲ့ ရွေးလဲဆိုတော့ ...

“အမိန့်ပေးလို့၊ အမိန့်နာခံရလို့၊ ခိုင်းလို့၊ မလွန်ဆန်နိုင်လို့၊ ကြောက်လို့ လုပ်ရတာပါ ဆိုတဲ့ အကြောင်းပြချက်ဟာ အမှန်တကယ် ခိုင်လုံတယ်၊ လက်လည်းလက်ခံနိုင်တယ်ဆိုရင် နုရင်ဘတ်တရားရုံးက ဟစ်တလာရဲ့နောက်လိုက်တွေကို ဘာလို့ တရားစီရင်နေရသေးလဲ။ ခိုင်းခဲ့သူက ရှိမှမရှိတော့တာ။ နန်းရင်းဝန် တိုဂျိုမရှိတော့ဘဲ ဘာလို့ တိုကျိုစစ်တရားရုံးကနေ သူ့နောက်လိုက်တွေကို ပြစ်ဒဏ်ပေးခဲ့ပါသလဲ”

(၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာ ကြီးမြင့်လာရပါသလဲ။
(၂) ဒီလူရဲ့အစွမ်းနဲ့ လူတွေဘယ်လောက်များများ အကျိုးခံစားရပါသလဲ။
(၃) ဒီလူ့ကျေးဇူးတွေကို လူတွေ ဘယ်လောက်ကြာကြာခံစားရပါသလဲ ... ဆိုတဲ့အပေါ်မှာ နေရာပေး ရွေးချယ် တာဖြစ်ပါတယ်။ မိမိသဘောတူခြင်း မတူခြင်းထက် ပြုစုသူရဲ့အာဘော်ကို အလေးအနက်ထားဖို့တော့ လိုမယ် ထင်ပါတယ်။

အဲဒီစာအုပ်မှာ ပြုစုသူက သူ ဘာကြောင့် ဝီလီယမ် ရှိတ်စပီယာကို အမှတ်စဉ် (၃၁) မှာ ထားရတာလဲဆိုတာ ကို “သူ့ပါရမီ သူ့အစွမ်းဟာ တကယ်ပဲ ချီးမွမ်းအံ့သြထိုက်ပါတယ်။ ဒီလိုဆိုရင် အခုရေးသားထားတဲ့ ကျော်စွာ (၁၀၀) စာရင်းမှာ ထိပ်ဆုံး ဘာကြောင့်မထားသလဲလို့ မေးစရာရှိပါတယ်။ စွမ်းပကားထက်သူတွေ ပူဇော်တဲ့ စင်မြင့်မှာ သူ့နေရာက နောက်နားရောက်နေရတာက သူ့အနုပညာစွမ်းကို လျှော့တွက်လို့ မဟုတ်ပါ။ လူ့သ မိုင်းမှာ စာပေအနုပညာရှင်တွေရဲ့ သြဇာဟာ (ကိုးကွယ်ယုံကြည်မှုခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေ လို) လူရှိသမျှအပေါ်မှာ ထိတွေ့ခံစားကျရောက်ပုံ မစူးရှလို့ ဖြစ်ပါတယ်” ဆိုပြီး ပြောပြထားပါတယ်။

ဆက်ပြီးတော့ “သာသနာရေးခေါင်းဆောင်၊ သိပံ္ပပညာရှင်၊ နိုင်ငံရေးသမား၊ ကမ္ဘာလှည့်ပြီး နယ်သစ်ပယ်သစ် ရှာသူ၊ ဒသနိကဗေဒပညာရှင်၊ ဒီပုဂ္ဂိုလ်တွေဟာ လူ့အစွမ်းကျက်စားရာ နယ်ပယ်အလိုက် တိုးတက်အောင် အ များကြီးလုပ်ပေးနိုင်ပါတယ်။ ဥပမာ - သိပံ္ပစွမ်းနဲ့ စီးပွားရေး၊ နိုင်ငံရေးတွေမှာ အကြီးအကျယ်ဂယက်ရိုက်စေနိုင် ပါတယ်။ ဒီလိုပဲ ဘာသာရေးအယူဝါဒ၊ အတွေးအခေါ်သဘောထားနဲ့ အနုပညာတိုးပွားပုံတွေကလည်း အကျိုး သက်ကြီးမားအောင် ပို့ဆောင်နိုင်ပါတယ်။ နာမည်ကျော်တဲ့ ပန်းချီဆရာဆိုရင် သူ့ဆွဲပုံဆွဲနည်းနဲ့ နောက်ပိုင်း ပန်းချီဆရာတွေကို ရှေ့ဆောင်လမ်းပြ ကောင်းကောင်းလုပ်နိုင်မယ်ဆိုပေမယ့် တေးဂီတ တိုးပွားအောင်၊ စာပေ ဖြစ်ထွန်းအောင် သူ့အနေနဲ့ လုပ်နိုင်တယ်လို့ မတွေ့ပါ။ သိပ္ပံပညာတိုးပွားရေး၊ နယ်သစ်ရှာဖွေတွေ့ရှိရေးနဲ့ လူ တွေ ကြိုးပမ်းဆောင်ရွက်တဲ့ကိစ္စတွေမှာ ဘာမျှအကျိုးသက်ရောက်မှုမရှိပါ။ ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ သီချင်းရေးဆရာတွေနဲ့ ပတ်သက်ရင်လည်း ဒီစကားပဲ ပြောရမှာဖြစ်ပါတယ်။ အကြမ်းပြောရရင် အနုပညာရှင် ဟာ အနုပညာမှာပဲထင်ရှားတယ်။ အဲဒီမှာလည်း သူနဲ့ဆိုင်တဲ့ ပညာနယ်ကိုပဲ သူလွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် စာပေ၊ တေးဂီတနဲ့ ကပြအသုံးတော်ခံတဲ့ လူတချို့ကိုပဲ ဒီကျော်စွာ (၁၀၀) စာရင်းမှာ ထည့်ပါတယ်။ ပါတယ် ဆိုပေမယ့် ထိပ်ပိုင်းနှစ်ဆယ်မှာ မထည့်နိုင်ပါ။ ဒီလိုဆိုရင် သူတို့ကို ဘာပြုလို့ ထည့်နေသေးသလဲ မေးပြန်ရင် လူ့ဓလေ့မှာ လူမှုရေးက အနုပညာနဲ့ကို အများကြီး အမှီပြုနေလို့ဖြစ်ပါတယ်။ အနုပညာဟာ လူ့အဖွဲ့အစည်းကို ခိုင်မြဲအောင် တွဲဖက်ပေးနိုင်တယ်။ လူ့ယဉ်ကျေးမှုမှာ အနုပညာဟာ မတော်တဆ ပါနေတာမဟုတ်ပါ။ သူပါမှ ယဉ်ကျေးမှုထွန်းကားနိုင်တယ်” ...။ ဒါက မူရင်းစာအုပ်ပြုစုသူရဲ့ အနုပညာသမားနဲ့ အနုပညာအပေါ်မှာ မြင်တဲ့ အမြင်ဖြစ်ပါတယ်။

အခု ကိုအောင်လွင်လို့ ကျနော်ပြောတဲ့သူက စံရွှေမောင် ဆိုတဲ့အမည်နဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်သူပါ။ တချိန်က တော့ လူထုကြားမှာ ရေပန်းစားခဲ့ဖူးတဲ့ ရုပ်ရှင်သရုပ်ဆောင်တယောက်ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ နိုင်ငံရေး လုပ်သူတွေကို အဖမ်းကြမ်းလွန်းလို့ ထောင်ဝါဒါတွေကတောင် “(၅/ည) တွေကလည်း ကျိုင်းကောင်အုပ် ကျ တာကျနေတာပဲ” လို့ ပြောကြတဲ့အချိန်ပါ။ အဲဒီကာလမှာ ကျနော်လည်း ကိုအောင်လွင်နဲ့ ရှေ့ဆင့်နောက်ဆင့် ထောင်ထဲရောက်ပါတယ်။

ကံကောင်းချင်တာလား ကံဆိုးချင်တာလားတော့မသိပါ။ ကျနော် သူနဲ့ (၁) တိုက်၊ (၁၀) ခန်းမှာ (၄) လ လောက် အတူနေခဲ့ရပါတယ်။ (၁၀) ခန်း ရှေ့တည့်တည့်မှာ ရေချိုးကန်လည်းရှိတော့ ရေချိုးချချိန်ဆို လူစည် တတ်ပါတယ်။ သူရယ်၊ ကိုတင်ဝင်း (စစ်ကိုင်းတင်ဝင်း - နောင်ရိုးတင်ဝင်းလို့လည်း လူသိများပါတယ်) တကသ က ကိုတင်ဆန်းရယ်၊ ကိုစည်သူရယ်(စည်သူမြသန်း မဟုတ်ပါ) ကျနော်ရယ် တခန်းတည်း အတူနေရပါတယ်။ တတိုက်တည်းနေသူအားလုံးလိုလိုက သူ့ကို မင်းသားကြီးလို့ ခေါ်ကြပါတယ်။ ရုပ်ရှင်သရုပ်ဆောင်သက်တမ်း ရင့်တဦးဖြစ်လို့ ခေါ်တာလား၊ ဒါမှမဟုတ် တိုက်ဝင်းထဲမှာ သူက မင်းသားဖြစ်နေလို့ ခေါ်တာလားဆိုတာတော့ မကွဲပြားပါ။

ဆိုလိုတာက နယ်ထောင်တွေကနေ မွမ်းမံသင်တန်းလာတက်ကြတဲ့ ဝါဒါတွေဖြစ်ဖြစ်၊ အင်းစိန်ထောင်ဝင်းထဲ က ဝါဒါသင်တန်းတက်နေကြတဲ့ သင်တန်းသားသစ်တွေကဖြစ်ဖြစ် တိုက်ဝင်းအတွင်း တာဝန်ကျပြီဆိုရင် ကျ နော်တို့နေတဲ့ (၁) တိုက်ကို ထောင်မှူးတေ၊ွ ထောက်လှမ်းရေးတွေအလစ်မှာ အကြောင်းမရှိ အကြောင်းရှာပြီး သူ့ကို လာလာကြည့်တတ်၊ မိတ်ဖွဲ့တတ်လေ့ရှိပါတယ်။ လာပြီဆိုရင်တော့ လက်ချည်းပဲ မလာတတ်ကြပါဘူး။ အနည်းဆုံး ဆေးလိပ်လေး၊ ကွမ်းယာလေး လက်ဆောင်သဘော ယူလာတတ်ကြပါတယ်။ ထောင်ထဲမှာ ဆေး လိပ်ဆိုတာ ရွှေမဟုတ်လား။ အထူးသဖြင့် စီးကရက်ဆိုတာ သောက်ရခဲတယ်လေ။ ကျနော်တို့အခန်းမှာ ဆေး လိပ်ပြတ်တယ်ဆိုတာ မရှိပါဘူး။ အခြားသူတွေကိုပါ အမြဲတမ်းပြန်ပြီး ဝေနေငှနေရတာပါ။ ကျနော်အပါအဝင် ဆေးလိပ်သမားတွေအတွက်တော့ သူဟာ မင်းသားကြီးလိုဖြစ်နေတာကိုး။

တနေကုန်လိုလို အခန်းအောင်းနေရတာဆိုတော့ တယောက်မျက်နှာတယောက်၊ တယောက်စကားသံတ ယောက် မမြင်ချင်လည်း မြင်၊ မကြားချင်လည်း ကြားနေရတာပါ။ စကားတွေလည်း အများကြီးပြောဖြစ်ကြပါ တယ်။ ကိုအောင်လွင်ဆီကနေ ရုပ်ရှင်လောကအကြောင်း၊ မင်းသားမင်းသမီးတွေအကြောင်း၊ ကိုဝင်းဦးအ ကြောင်း ...စတာတွေ သိခွင့်ကြားခွင့်လည်း ရခဲ့ပါတယ်။ ကိုအောင်လွင်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း စကားစပ်မိတယ်ဆိုရင် ဒေါ်အောင်းဆန်းစုကြည်ကို Lady Young လို့ နာမ်စားသုံးတတ်တာကို ကျနော်ရောက် ပြီး နောက်တရက်မှာပဲ သတိထားမိပါတယ်။ ကျနော်ထင်တာက ဒေါ်စုက သူ့ထက်အသက်ငယ်ပေမယ့် သူက လေးလေးစားစားနဲ့ သူ့ခေါင်းဆောင်ကို Lady Young လို့ ခေါ်တာနေမယ်ပေါ့လေ။ အဲသလိုပဲထင်နေတာ။

နောက်တော့ ဘယ်ဟုတ်မတုန်း။ ကိုတင်ဆန်း ပြောပြတော့မှ အမှန်ကို သိရတော့တာပါ။ “ကိုမျိုးမြင့် သူ ဒေါ်စု ကို အဲသလိုခေါ်လို့ လူငယ်တွေက မကြိုက်ကြဘူး။ တယောက်ကဆိုရင် သူ့ကို အဲသလိုမခေါ်ဖို့ ဗြောင်ကိုလာ ချဲဖူးတယ်။ အဲဒီကစပြီး အများရှေ့မှာ၊ အခန်းပြင်မှာ မခေါ်ရဲတော့ဘူး။ ဒါပေမယ့် အခန်းထဲမှာတော့ ခင်ဗျား ကြားတဲ့အတိုင်းပဲ” ဆိုတော့ ကျနော်က “ဘာလို့လဲ” လို့ မေးကြည့်တယ်။ သူပြောတဲ့ Young (ယန်း) က (ယန်း) မဟုတ်ဘူးဗျ။ (ရမ်း) ဗျ ရမ်း ... ရမ်း။ ရမ်းကားတာကို ပြောတာ။ သူက ပြောတယ် “ဒေါ်စုက တခုခုဆို ရင် စောက်ရမ်းစွတ်လုပ်တယ်။ ရမ်းရမ်းကားကား လုပ်တယ်ပေါ့ဗျာ” ဒီတော့မှ ကျနော်လည်း သဘောပေါက် သွားတယ်။

ညနေဘက် ထောင်ပိတ်ပြီးချိန်ကနေ ညဘက်အိပ်ချိန် မရောက်သေးခင်ကြားမှာ အခန်းအလိုက်အလှည့်ကျ သီချင်းဆိုတာ၊ ကိုယ့်အတွေ့အကြုံ သူ့အတွေ့အကြုံ ပြန်ပြောင်းပြောပြတာမျိုးလေးတွေ လုပ်ရင်းထောင်းတွင်း ဘဝအငြီးဖြေကြရပါတယ်။ အစီအစဉ် ကြေညာသူတယောက်တော့ ရှိရတတ်ပါတယ်။ အဲဒီတုန်းက များသော အားဖြင့် အစီအစဉ် ကြေညာသူလုပ်တာကတော့ ကိုစံဇာဏီဘိုပါ။ သူက အပြောကောင်းတယ်။ အထေ့အငေါ့ လေးတွေလည်း တတ်တယ်။ အာဝဇ္ဇန်းရွှင်တယ် ဆိုရမလားပဲ။ သူက အရင်တုန်းက စက်မှုတက္ကသိုလ်ကျောင်း သားဟောင်းတဦး ဖြစ်ခဲ့တယ်ဆိုပါတယ်။ မဆလခေတ်မှာ လုပ်လေ့ရှိတဲ့ အလံတော်သယ်ယူရေး အစီအစဉ် ကို လျှာထုတ်အရုပ်ထာင် လှောင်ခဲ့လို့ ကျောင်းထုတ်ခံခဲ့ရသူလို့လည်း သိရပါတယ်။ တော်တော်လည်း ပျော် ပျော်နေတတ်သူပါ။

တနေ့ဗျာ၊ သီတင်းကျွတ်လပြည့်လို့ ထင်တာပဲ။ သူရယ် ၄၈၂၈ အမှုတွဲက ကိုကျော်လွင်ရယ်၊ ကိုမြင့်ထွန်း (က ဗျာဆရာဖူးသစ်) ရယ်၊ ကိုအောင်စိုးရယ်၊ ကိုမြအေး (ဘွဲ့ရကျောင်းသားများဒီမိုကရက်တစ်ပါတီက အခုထောင် ထဲ ပြန်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်) ရယ်၊ နောက်တခြားသူတွေလည်းပါသေးတယ်။ ကောင်းကောင်းမမှတ်မိတော့ပါဘူး။ သူတို့တတွေ စီးကရက်ဘူးးထဲက ငွေရောင် ရွှေရောင်စက္ကူတွေနဲ့ ဒေါ်လာ ပြားကြီးလုပ်၊ ကိုကျော်လွင်က သူငယ်တော်လို ဝတ်စား၊ အဲဒီ အပြားကြီး လည်မှာဆွဲပြီး ကွေးနေအောင်က၊ ကျန်သူတွေက ပါးစပ်ဆိုင်းတီးပြီး အခန်းစေ့ လိုက်အလှူခံတယ်။ ဟာသတွေ လုပ်တယ်။ ခံလို့ရတာတွေကို အဲ ဒီတုန်းက ကျနော်တို့တိုက်မှာရှိတဲ့ ဘုန်းတော်ကြီး ဦးသုမင်္ဂလ (အုဋ်ကျင်းဘက်က) ကို လှူတယ်။ တိုက်ဝင်း ထဲက စေတီလေးမှာ ကပ်ကြတယ်။ ဒါကိုကြည့်ပြီး ဒေါက်တာမောင်မောင်ကျော်က “ခင်ဗျားတို့ဗျာ တော်တော် လည်း ပျော်နိုင်တဲ့သူတွေ” လို့တောင် မှတ်ချက်အပေးခံရသူတွေထဲ ပါပါတယ်။ တခါက အစားငမ်းလွန်းတဲ့ ထောင်ဝါဒါတယောက်ကို သူတို့အခန်းကနေ ပေါင်မုန့်နှစ်လွှာကြားမှာ ဂျင်မ်အစား လုပ်သားမောင်ဝမ်းနှုတ် ဆေးတွေ သုတ်ထဲ့ပြီး ကျွေးလိုက်လို့ နောက်တနေ့ ဝမ်းတွေသွားပြီး အလုပ်မဆင်းနိုင်လောက် အောင်ဖြစ်ခဲ့ရ တာကိုလည်း မှတ်မိနေပါသေးတယ်။

တနေ့၊ ရေချိုးချချိန်မှာ ကိုဇာဏီတို့အခန်းအလှည့်။ ရေချိုးရင်း သူကြားကိုယ်ကြား အုဋ်ရိုးသတင်းလေးတွေ ဖလှယ်နေရင်း ကိုအောင်လွင်က ကိုဇာဏီကို ဒီမိုကရေစီစနစ်အောက်မှာသာ အနုပညာလွတ်လပ်ခွင့်ရှိတဲ့အ ကြောင်း၊ ဒီမိုကရေစီကိုသာ သူယုံကြောင်းပြောပါတယ်။ ကိုဇာဏီက ဆပ်ပြာတွေ အမြှုပ်တဖွားဖွားထအောင် တိုက်နေရင်းကနေ ရယ်ရယ်မောမောနဲ့ “လာပြန်ပြီလား မင်းသားကြီး၊ ၇၄ တုန်းကလည်း မဲရုံကို ... မဲရုံကို လာ ကြလာကြ မဲသွားပေးမယ်ကွာ ... ဆိုတုန်းကလည်း ခင်ဗျားတို့ပဲ တအုပ်တမကြီး ပျော်ပျော်ပါးပါး။ အခုလည်း ကျရော ဒီမိုကရေစီကို ယုံပြန်ပြီ။ နောက်ကော ဘာတွေကို ယုံဦးမှာလဲ။ ခင်ဗျားမလဲ ယုံစရာတွေကလည်း အ များသားလားဗျာ” တဲ့။

ကျနော် တွေးမိတာက အနုပညာသည်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့လေ။ လူဆိုတာ မှားတတ်တာသဘာဝပဲ။ မှား တာ အပြစ်မဟုတ်ပါဘူး။ အမှားကို မပြင်တာကသာအပြစ်ပါ။ အမှားဟောင်းတွေကို တနင့်တပိုးခံစားပြီး နောင် တဖြင့်တဖန် တွေးတွေးပူပန်နေမယ်ဆိုရင်တော့ လူ့ဘဝမှာ ပျော်စရာတကွက်မှ မရှိတော့ပါဘူး။ လူမှာ မသေမ ချင်း နောက်ထပ်ကျူးလွန်မိစရာ အမှားအသစ်တွေလည်း ရှေ့မှာ တပုံကြီးကျန်ပါသေးတယ်။ အမှားဟောင်း တခုခုကို မပြင်ဘဲနဲ့ ထပ်ခါတလဲလဲ ကျူးလွန်မနေမိဖို့ကသာ အဓိကပါ။ နောက်တခုကလည်း မှားမိလိုက်တဲ့သူ ဘက်ကနေ ရှေ့နေလိုက်ပေးတယ်ဆိုတာ အဲဒီလူကိုယ်တိုင်က သူရှေ့နေလိုက်ပေးလိုက်တဲ့သူလို ထပ်တူအ မှားမျိုး ကျူးလွန်ခဲ့ဖူးရုံမက သူရှေ့နေလိုက်ပေးသူကိုလည်း ဒီအမှားမျိုး နောက်တကြိမ် အကျူးလွန်ခိုင်း၊ အ ခြားသူတွေကိုလည်း ငါတို့လို အမှားကျူးလွန်ကြလို့ အားပေးအားမြှောက်လုပ်လိုက်တာအပြင် သူလည်း အခွင့် သာရလို့ကတော့ “နောက်တကြိမ်လောက်တော့ ကျူးလွန်လိုက်ချင်သေး” လို့ ပြောလိုက်သလိုပါပဲ။

အထူးသဖြင့် နယ်ပယ်တခုခုမှာ သြဇာတစုံတရာရှိနေသူတွေက ပြောလိုက်မိရင် ပိုပြီးဆိုးပါတယ်။ အမိန့်ပေး လို့၊ အမိန့်နာခံရလို့၊ ခိုင်းလို့၊ မလွန်ဆန်နိုင်လို့၊ ကြောက်လို့ လုပ်ရတာပါ ဆိုတဲ့အကြောင်းပြချက်ဟာ အမှန်တ ကယ်ခိုင်လုံတယ်၊ လက်လည်းလက်ခံနိုင်တယ်ဆိုရင် နုရင်ဘတ်တရားရုံးက ဟစ်တလာရဲ့နောက်လိုက်တွေ ကို ဘာလို့ တရားစီရင်နေရသေးလဲ။ ခိုင်းခဲ့သူက ရှိမှမရှိတော့တာ။ နန်းရင်းဝန် တိုဂျိုမရှိတော့ဘဲ ဘာလို့ တို ကျိုစစ်တရားရုံးကနေ သူ့နောက်လိုက်တွေကို ပြစ်ဒဏ်ပေးခဲ့ပါသလဲ။

ချုပ်ရရင်တော့ လူထုဆန့်ကျင်ရေးလုပ်တဲ့ အနုပညာသည်ကို ဆန့်ကျင်တာဟာ အကုသိုလ်ဖြစ်တယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့အတွက် ကိုကျော်သူတို့ ကိုဇာဂနာတို့လို အနုပညာသည်တွေကို ဆန့်ကျင်ရမှာလားလို့ မေးစရာ ဖြစ်လာပါတယ်။

မျိုးမြင့်ချို

5 comments:

Thet said...

ကာလ၊ဒေသ၊ပရောဂ ဆိုတာရှိတယ်။

ဝေးလွင့်စင်ဉ် said...

ဟဲလို ဆောင်းပါးတော့ မဆိုးလှပါ။ ဒါပေမယ့် ဒေါ်စုကို လေဒီယန်းလို့ ခေါ်တာ ဆောင်းပါးရှင်က သဘောပေါက်သွားတယ်လို့ ဆိုပါတယ်။ ဘာကို သဘောပေါက်တာလဲမသိ။ လေဒီရမ်းလို့ ခေါ်တာကို ထောက်ခံတာလား။ သဘောပေါက်ကြောင်းကိုလဲ။ ထောက်ခံသလား။ ဘာမှ ရှေ့ဆက် ရှင်းပြထားတာမတွေ့ဘဲ အဲဒီအပိုဒ်ကို ဘာလို့ ထည့်ထားသလဲ နားမလည်ပါ။ ဒေါ်စုကို ဝေဖန် ခေါ်ဆိုနိုင်ပါတယ်။ သို့ သော် အကျိုးသင့်အကြောင်းသင့်လေးသိလိုပါတယ်။ ရမ်းတာနဲ့ အခြေအနေတခုကို ချက်ချင်းသုံးသပ်ပီး မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချနိုင်တဲ့အရည်အချင်းက ဆင်တူယိုးမှားဖြစ်တတ်လို့ ပါပဲ။ ကာကွယ်တာမဟုတ်ပါ။ ရှင်းလင်းချက်မပါလာလို့ ဖြစ်ပါတယ်။

Anonymous said...

အောင်လွင် လား၊ အခု မယားငယ်ငယ် လေးယူထား ပြီး နိုင်ငံရေး ကို မေ့ နေတယ်။ နှာဘူးကြီး၊ ရွှေဂုံတိုင် မှာ ထားတယ်။

Unknown said...
This comment has been removed by the author.
Unknown said...

ခိုင်းတာလုပ်၊ ကျွေးတာစား၊ ထားရာမှာနေ၊ စေရာသွားဆိုတာ နွားထက်မိုက်တဲ့ လူစားတွေဖြစ်တယ်။ သူတော်ကောင်းတို့ရဲ့ သဏ္ဍာန်မှာ မတရားမှု၊ မဖြစ်သင့်သည့်အရာ၊ အကုသိုလ်၊ စသည်စသည်ကို ဘယ်လို ကာလ၊ ဒေသ၊ ပယောဂပင်ဖြစ်ပါစေ မသူတော်တရားတွေ လုံးဝမလုပ်ကြပါဘူး။

ဥတုပြောင်းလို့၊ ဒေသကွဲလို့ အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလူစားတွေလို လူတော်လူတောင်းတွေက ခံယူချက် ပြောင်းလဲရိုးထုံးစံမရှိပါဘူး။

“အမိန့်ပေးလို့၊ အမိန့်နာခံရလို့၊ ခိုင်းလို့၊ မလွန်ဆန်နိုင်လို့၊ ကြောက်လို့ လုပ်ရတာပါ ဆိုတဲ့ အကြောင်းပြချက်ဟာ အမှန်တကယ် ခိုင်လုံတယ်၊ လက်လည်းလက်ခံနိုင်တယ်ဆိုရင် နုရင်ဘတ်တရားရုံးက ဟစ်တလာရဲ့နောက်လိုက်တွေကို ဘာလို့ တရားစီရင်နေရသေးလဲ။ ခိုင်းခဲ့သူက ရှိမှမရှိတော့တာ။ နန်းရင်းဝန် တိုဂျိုမရှိတော့ဘဲ ဘာလို့ တိုကျိုစစ်တရားရုံးကနေ သူ့နောက်လိုက်တွေကို ပြစ်ဒဏ်ပေးခဲ့ပါသလဲ”

ဆိုတဲ့ စာပိုဒ်ကို ချွင်းချက်မရှိ လက်ခံပါတယ်။ ဆွေ(၇) ဆက်၊ မျိုး(၇)ဆက် အပြစ်ပေးရမှာပဲ။ ဒါဟာ လောကီသားတွေအတွက် သင့်မြတ်ဆုံး တရားပဲဖြစ်ပါတယ်။