မောင်ချင့်ချိန်
လေးစားရပါသော ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ...
နအဖစစ်အုပ်စုရဲ့ တဖက်သတ် လက်ခမောင်းခတ် စိန်ခေါ်မှုတွေနဲ့ အံခဲခံစားနေရတဲ့ ပြည်သူလူထုရဲ့ မချိတင် ကဲဖြစ်နေမှုတွေကြောင့် တိုက်တွန်းအားပေးနှိုးဆော်လွှာအဖြစ် ဒီစာကို ရေးလိုက်ရပါတယ်ခင်ဗျာ။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်အဖြစ် ပေါ်ထွက်လာခဲ့တဲ့ NLD ဟာ ၁၉၉၀ ထဲက လူထု ရဲ့ တပ်ဦးပါတီဖြစ်ခဲ့တာပါ။ လူထုကလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ဆန္ဒပြုခဲ့တဲ့ ပါတီအဖြစ်ရော၊ ခွပ် ဒေါင်းအလံကို တရားဝင်ကိုင်ဆွဲခွင့်ရခဲ့တဲ့ ပါတီအဖြစ်ရော၊ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ပါတီအဖြစ်နဲ့ပါ ခု ချိန်ထိမျှော်လင့်နေဆဲဆိုတာ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းရေး၊ လူ့အခွင့်အရေးများ အပြည့်အ၀ရရှိရေး၊ အာ ဏာရှင်ဆန်သော အစိုးရမျိုး နောင်ဘယ်သောအခါမှ မပေါ်ပေါက်ရလေအောင် ဒီမိုကရေစီအခြေခံအုတ်မြစ် များ ခိုင်မာစွာချမှတ်ရေး၊ တိုင်းရင်းသားညီအကိုများ နိုင်ငံရေးခွင့်တူညီမျှရရှိပြီး ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ရေး၊ ပြည်သူလူထု၏ဘ၀ ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်စေရေးဆိုတဲ့ မှန်ကန်တဲ့ ဦးတည်ချက်တွေကြောင့် ပြည်သူလူထုတရပ်လုံးနဲ့ ဒီမိုကရေစီရေးတိုက် ပွဲဝင် အင်အားစုအားလုံးရဲ့ ဦီးဆောင်ပါတီအဖြစ် တည်ရှိခဲ့သလို စစ်အာဏာရှင်တွေရဲ့ အဓိကထား ဖြိုခွင်း တိုက်ခိုက်မှုကို တလျှောက်လုံးခံခဲ့ရတာလည်း မြင်သိခံစားရပါတယ်။
ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ...
ကျနော်တို့အနေနဲ့ NLD ကို အကြိမ်ကြိမ် မျှော်လင့်အားထားခဲ့ဖူးပါတယ်။ ၁၉၉၀ ကစလို့ နှစ် (၂၀) ဆိုတဲ့အ ချိန်ကာလမှာ မချင့်မရဲ အားမလိုအားမရ ဖြစ်ခဲ့ရတာတွေချည်းသာဖြစ်ပြီး NLD ကိုယ်တိုင်ကလည်း အာဏာ ပိုင်တွေရဲ့ တဖက်သတ်ဖိနှိပ်မှုတွေကြောင့် အကျိုးမဖြစ် အရာမထင်ဖြစ်ခဲ့ရတဲ့အတွက် ပြည်သူအပေါင်းအား အနူးအညွတ် တောင်းပန်ခဲ့တာကို ၂၀၁၀ ခု၊ ဧပြီလ (၆) ရက်နေ့ ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားလွှာမှာ တွေ့ ခဲ့ရပါတယ်။ အဲဒီကြေညာချက်မှာပါသလို NLD အနေနဲ့ ပြည်သူလူထုနဲ့ ဒီမိုကရေစီအရေးတော်ပုံကို မည်သည့် အခါမှ ကျောခိုင်းစွန့်ခွာသွားမှာမဟုတ် ဆိုတာကြောင့်ရော၊ အဲဒီမတိုင်ခင် မတ်လ (၂၉) ရက်နေ့မှာ ဆုံးဖြတ်ခဲ့ တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကြောင့်ပါ NLD ကို ရှိရင်းစွဲ ယုံကြည်မှု ခိုင်ခိုင်မြဲမြဲ ဆက်လက်ဖြစ်တည်စေခဲ့ပါတယ်။
ဒါပေမယ့် လက်ခုတ်လက်ဝါးတီးပြီး အားပေးရလောက်တဲ့ လုပ်ဆောင်မှုမျိုး မတွေ့ရသေးတဲ့အတွက်လည်း သို့ လောသို့လော ဖြစ်နေမိဆဲပါပဲ။ ဒီမိုကရေစီအင်အားစုအားလုံးက ထောက်ခံတဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင်မယ်ဆိုတဲ့ ဟစ်ကြွေးမှုကနေ သွေဖီနေပြီလို့လည်း မြင်နေမိပါတယ်။ စစ်အုပ်စုကလည်း ၁၉၉၀ ရွေးကောက်ပွဲကို လုံးလုံးပြည်ဖုံးကားချလိုက်ပြီ ဆိုတဲ့အကြောင်း နိုဝင်ဘာ (၇) ရက်နေ့ကို ရွေးကောက် ပွဲရက် သတ်မှတ်ကြေညာလိုက်ခြင်းနဲ့ ပြလိုက်ပြီဖြစ်ပါတယ်။ ဒီအတွက် စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ပေမယ့် မပြည့်စုံသေးဘူးလို့ တော့ ထင်ပါတယ် ။
ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ...
ဘုန်းကြီးစာချလုပ်တယ်လို့ မထင်စေချင်ပါ။ NLD ဖြတ်သန်းခဲ့ပြီးတဲ့ နှစ် (၂၀) က ပျော့ပြောင်းမှုတွေကို မြင်ခဲ့ တဲ့ အတွေ့အကြုံကြောင့် ပညာရှိသတိဖြစ်ခဲဆိုသလို ဖြစ်မှာစိုးလို့ သတိပေး အကြံပြုရခြင်းသာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲပြီး ပြည်သူ့ဆန္ဒကို ကျောခိုင်း ဥပေက္ခာပြုတာလဲ နှစ် (၂၀) ရှိပါပြီ။ ဘယ်နိုင်ငံကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်သလိုလုပ် ရွှေ့ချင်သလိုရွှေ့ခဲ့တဲ့ အ မျိုးသားညီလာခံ (NC) ဆိုတာကိုလည်း (၁၅) နှစ်ကြာ အချိန်ဆွဲခဲ့ပြီးပါပြီ။ အနိုင်အထက်ပြု ခြိမ်းခြောက်မှု၊ မဲ လိမ်မဲခိုးမှုတွေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲကို သူတို့လိုချင်တဲ့ပုံအတိုင်းရအောင် လုပ်သွားခဲ့ပြီးပါ ပြီ။ ကြံ့ဖွတ်အဖွဲ့ကို ပါတီအဖြစ်ပြောင်း၊ စစ်ဗိုလ်ချုပ်တွေ အရေခွံချွတ် ပြောင်ပြောင်တင်းတင်း လုပ်နေပါပြီ။ ဒါ ကိုပဲ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်၊ မဲသွားမပေး သပိတ်မှောက်ကြဆိုနေကာမျှနဲ့ စစ်အုပ်စုလုပ်ရပ် များကို ဟန့်တားနိုင်ပြီ၊ ၁၉၉၀ ရွေးကောက်ပွဲကို ထိန်းသိမ်းထားနိုင်ပြီ၊ ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ထား နိုင်ပြီလို့ မယူဆစေချင်ပါ။
စစ်အုပ်စုက နည်းလမ်းစုံနဲ့ ထိန်းချုပ်ထားတဲ့ ၀န်ထမ်းများ၊ စစ်သားများ၊ ကြံ့ဖွတ်ဝင်များက မဖြစ်မနေ မဲသွား ပေးကြမှာပဲဖြစ်ပြီး စစ်အုပ်စုကလည်း ဘယ်သူမဲလာပေးပေး မပေးပေး (၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုခဲ့သလို) ကြံ့ဖွတ် (၇၅) % စစ်ဗိုလ် (၂၅) % လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေကို ကြေညာမှာပဲဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဥပေက္ခာပြုခဲ့ကတည်းက တရားသဖြင့်မဟုတ်တဲ့ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ခဲ့က တည်းက စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာ တရားမဲ့ လုပ်ကြံဇာတ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ လူထု ခေါင်းဆောင်ရဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဟုတ်မဟုတ် စောင့်ကြည့်နေဖို့ လိုမယ်ဆိုတဲ့ မှာတမ်းမှာကိုက ချို့ယွင်းချက်ရှိနေတယ်လို့ ထင်ပါတယ်။ စောင့်ကြည့်နေဖို့ မလိုတော့သလို သပိတ်မှောက် ကန့်ကွက်နေရုံနဲ့ လည်း မရပါဘူး။ ပျက်အောင်ကို ဖျက်ရမှာပါ။ NLD က ဦးဆောင်ပြီး ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ပြီး တောင်းဆိုတိုက်ပွဲဝင်တဲ့နည်းနဲ့ ရအောင်ကို တားဆီးရမှာလို့ ထင်ပါတယ်။
ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ...
နိုင်ငံရေးဆိုတာ ဆုံးခန်းတိုင်သည်မရှိပေမယ့် ခုအခြေအနေကတော့ ဗမာ့နိုင်ငံရေးသမိုင်းရဲ့ အချိုးအကွေ့ကြီး တခု၊ NLD ရဲ့အနာဂတ်ကို အဆုံးဖြတ်ပေးမယ့် အခြေအနေ၊ ပြည်သူတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရတော့ မယ့် အချိန်ပဲလို့ ထင်ပါတယ်။ ကျနော်တို့ရဲ့ အားနည်းချက်ကြောင့် ခုပဲ ရွေးကောက်ပွဲသက်တမ်းနှစ် (၂၀) ကို ပြည်သူတွေအားလုံး ခါးခါးသီးသီး ဖြတ်သန်းခဲ့ရပြီးပါပြီ။ စစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးအလာကို ထပ်ပြီးစောင့် သင့်ပါသေးရဲ့လား။ နိုင်ငံတကာက ၀င်ကူရှင်းပေးဖို့ မျှော်လင့်ချင်ပါသေးသလား။ ဒီအချိန်မှာမှ ကိုယ့်အား ကိုယ်ကိုး အနိုင်မတိုက်နိုင်ရင် အရပ်သားအစိုးရလို့ ခေါင်းစဉ်တပ်လာမယ့် စစ်အုပ်စုဒဏ်ကို ကျနော်တို့ပြည်သူ တွေ နောင်ဘယ်လောက်ထပ်ခံကြရဦးပါမလဲ။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မဖြေရှင်းဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေး ဘဲ လုံးဝရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးလို့ (ကိုယ့်အင်အားကိုကိုယ်ယုံယုံကြည်ကြည်နဲ့) စစ်အုပ်စုကို စိန်ခေါ် သင့်ပါပြီ။ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာအစိုးရတွေနဲ့ ချိတ်ဆက်ပြီး စစ်အုပ် စု သူ့သဘောသူဆောင်လုပ်မယ့် နိုဝင်ဘာရွေးကောက်ပွဲကိုဖျက်မယ့် လူထုတိုက်ပွဲကြီးကို ဦးဆောင် မှုပေးဖို့ အချိန်ရောက်ပါပြီဆိုတာ တိုက်တွန်းအားပေးနှိုးဆော်လိုက်ရပါတယ်။
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့် ...
မောင်ချင့်ချိန်
Thursday, August 26, 2010
ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များသို့ တိုက်တွန်းအား ပေးနှိုးဆော်လွှာ
Subscribe to:
Post Comments (Atom)
1 comment:
ဆရာမောင်မချင့်မချိန်ခင်ဗျား။ အိုနာကျိုးကန်းဘဘတွေကျွန်တော်တို့လူထုကိုဘယ်ကိုဦးဆောင်ခိုင်းနေတာတုံး။(ထောင်ထဲ့ကိုလား)
ချင့်ချင့်ချိန်ချိန် စဉ်းစားကြည့်ပါဦး။
လွတ်လပ်ရေးရပြီးကတဲကအမည်အမျိုးမျိုးပြီးလှုပ်ရှားခဲ့တဲ့လူထုတိုက်ပွဲဆိုတွေကြောင့်ဖြစ်လာတဲ့လူထု အတွက်နိုင်ငံရေးအောင်မြင်မှုတွေ၊ ခေတ်ပြောင်းစနစ် ပြောင်းအောင်မြင်ဆိုတာရှိခဲ့ဘူးလို့လား။
၈၈အရေးအခင်းလိုအခြေအနေတုံးကတောင်ကြားဖြတ် အစိုးရဖွဲ့နိုင်ခဲ့လို့လား။ မဆလအာဏာရှင်အစိုးရကို မကျေနပ်လို့ ပြည်သူလူထုတွေကဆန္ဒပြခဲ့ကြပေမယ့် အခုအချိန်အထိ စစ်အာဏာရှင်အောက် မှာဘဲ ရှိနေတုံးဘဲလေ။ အဲ့ဒီလိုအခြေအနေမှာ ခင်ဗျား ပြောတဲ့“ဘဘကြီး” တွေဆိုတာကလည်းအတော် လေးအိုနာကျိုးကန်းဖြစ်နေတော့ ဘယ်လိုလုပ် ဦးဆောင် နိုင်ဦး မှာဘဲဗျာ။
ကျွန်တော်တို့ပြည်သူတွေမျက်စီထဲမှာ ဘယ်လိုမှ ခေါင်းဆောင်မှု မပေးနိုင် လောက်တဲ့ အခြေအနေမရှိတော့ပါဘူး။ တနည်းပြောရရင် “လေဆရာကြီး” တွေပေါ့ဗျာ။
အနိုင်ရထားတဲ့ နိုင်ငံရေးပါတီအနေနဲ့တောင် အနှစ်နှစ်ဆယ်တိတိ တိုင်းပြည်တိုးတက်ဖို့ရာမှာ အထောက်အကူဖြစ်အောင်၊ နိုင်ငံရေးအရ ပိုပြီးတိုးတက်လာအောင်၊ ပြည်သူလူထုလိုလား တောင့်တဲ့ ဒီမိုကရေစီစနစ်ဖြစ်လာအောင် မလုပ်နိုင်သေးတာ ဆရာရယ်၊ နှစ်လအတွင်း လူထုလှုပ်ရှားမှုကြီးဖြစ်အောင်လုပ်ပါလို့တိုက်တွန်းနေတာကိုးက ခင်ဗျားမောင်မချင့် မချိန် ဖြစ်နေလို့ပေါ့ဗျာ။
ဒါဆိုခင်ဗျား NLD အကြောင်းမသိသေးလို့ဘဲဖြစ် မယ်။နောက်ဆုံးအန်တီကရွေးကောက်ပွဲဝင်တာ မကြိုက်ဘူးလဲဆိုရောပါတီလုံးကျွတ်မ၀င်ဖို့ဝိုင်း ထောက်ခံလိုက်ကြတယ်။ ပြီးလဲပြီးရော ခမောက် တံဆိပ်နဲ့ ပါတီထောင်ရွေးကောက်ပွဲဝင် သူဝင်နဲ့ ဘယ်မှာလဲ စည်းလုံး ညီညွတ် မှု။ နိုင်ငံရေးအရ အချင်းချင်းသစ္စာရှိမှု။ အဲ့ဒီလောက်အခြေအနေ ဖြစ် နေတဲ့သက်ကြားအိုဦးဆောင်ပါတီကဘယ်လို လုပ်ပြီး နှစ်လအတွင်း စစ်အာဏာရှင်တွေလုပ်တဲ့ ရွေးကောက်ပွဲ ကို ပျက်အောင်ဦးဆောင်နိုင်မလဲ။ ဖြစ်နိုင်တဲ့နည်းလမ်းလေးတွေရှိရင်လဲ ပြောပါဦးဗျာ။
ဗဟုသုတ ရအောင်လို့ပါ။ ဒါမှမဟုတ်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့ NLD ကို " ငါမအိုသေး" လို့မြင်လာအောင် ကြော်ငြာဝင်ပေး နေတာလား။
ဆရာကြုံတုံးပြောရဦးမယ်။ လက်ရှိရွေးကောက်ပွဲဥပဒေအရ NLD မရှိတော့တာ ရက်ပေါင်း 110 ကျော်သွားပြီဗျ။ အခုဖြစ်နေတာတွေက ကိုယ့်ဘာသာကို မရှိတော့ တဲ့ပါတီကို အတင်း အသက်သွင်းနေတာပါ။ အကောင်းဆုံးဥပမာပေးရရင်ဘာနဲ့တူနေလဲဆိုတော့ စေ့စပ်ပြီး တော့လင်မရလိုက်တဲ့အထည်ကြီးပျက်အပျိုကြီးတစ်ယောက်အနှစ်နှစ်ဆယ်ကျော်လင်ရနိုး စောင့်ရင်းနဲ့ သွေးဆုံးသွားတာကိုမသိချင်ယောင်ဆောင် ပြီး ငါမအိုသေး ကလေးရနိုင်သေး တယ် ဆိုပြီးအတင်းဇွတ်ငြင်းနေတဲ့အခြေအနေမှာ နှစ်လအတွင်းကိုယ်ဝန်ဆောင်ပြီး က လေးမွေးပေးဖို့ အားကြိုးမာန်တက်တိုက်တွန်းနေတဲ့ပုံပေါက်နေတယ်။
Post a Comment