Thursday, August 26, 2010

ဆေးစပ်မကောင်းတဲ့ ပန်းချီကား (သို့) ညီအစ်ကို မသိတသိ ရွေးကောက်ပွဲ

စိုးနေလင်း

စစ်အာဏာသိမ်းအစိုးရက သူတို့ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရက်အတိအကျ သတ်မှတ်မ ပေးသေးတဲ့အတွက် ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ တာစူနေကြတဲ့သူတွေ တဖျစ် တောက်တောက် ပြောဆိုသံတွေ ဟိုတပွက် ဒီတပွက် ထွက်လာနေတဲ့ အချိန်မှာပဲ စစ်အစိုးရက မဲဆန္ဒနယ် တွေကို သတ်မှတ်ပေးခဲ့သလို ဆက်တိုက်ဆိုသလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၇) ရက် နေ့မှာ ကျင်းပမယ်လို့ ကြေညာပေးလိုက်ပါပြီ။ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ ကိုယ်စားလှယ်တွေအတွက် ပြင်ဆင်ချိန် မဲဆွယ်စည်းရုံးချိန် ရက်ပေါင်း (၇၀) ကျော် အချိန်ရပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စား လှယ်လောင်းအမည်စာရင်း တင်သွင်းဖို့ကလည်း သြဂုတ်လကုန်ကို သတ်မှတ်ထားတဲ့အတွက် ပါဝင်ယှဉ်ပြိုင် ကြမယ့် ပါတီတွေ အမည်စာရင်း အချိန်မီ တင်သွင်းနိုင်ရေး ကိုယ်စားလှယ်တဦးစီအတွက် သတ်မှတ်ထားတဲ့ ငွေ (၅၀၀,၀၀၀) ပြည့်မီရေးအတွက် အတင်းတက်သုတ်ရိုက်နေကြရပြန်ပါပြီ။

ဒီလိုဖြစ်အောင် စစ်အစိုးရက တမင်လုပ်ထားတာပါ။ ရည်ရွယ်ချက်ရှိရှိကို လုပ်ထားတာပါ။ စစ်အစိုးရဟာ က လိန်ကကျစ်ကျရာမှာ ပြိုင်ဘက်ကင်းပါ။ အဲဒီအခုတက်သုတ်ရိုက်နေရတာတွေထက် အရေးကြီးတာက ရွေး ကောက်ပွဲဝင်မယ့် ပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ပြည်သူလူထုကို ဘယ်လိုများ မဲဆွယ်စည်းရုံးကြပါမ လဲ။ ပြည်သူလူထုကရော အဲဒီပါတီတွေဟာ ဘာရည်ရွယ်ချက်မူဝါဒကို ကိုင်စွဲထားတယ်၊ ပြည်သူလူထုအကျိုး စီးပွားကို ဘယ်လောက်ဆောင်ရွက်ပေးမယ်ဆိုတာသိနိုင်ကြပါ့မလား။ ကိုယ်စားလှယ်ဆိုသူတွေကိုရော ဘယ် သူဟာ ဘာဆိုတာ သိကြပါ့မလား။ အခွင့်အရေး ဘာမှ ပြည့်ပြည့်၀၀ မရှိတဲ့ မဲဆွယ်စည်းရုံးရေးကိုလည်း တက် သုတ်ရိုက် လုပ်ကြရပေလိမ့်ဦးမယ်။ ဒီလိုတရားဥပဒေရဲ့ အထက်မှာနေတဲ့ စစ်အစိုးရရဲ့ မျက်ခြေမပြတ် စောင့် ကြည့်နှိပ်ကွပ်နေမှုတွေကြားမှာ ပြည်သူလူထုကို ဘယ်လိုဘယ်လောက်များ စည်းရုံးနိုင်ကြမှာပါလဲ။ စဉ်းစား ကြည့်ရင် သိပ်မခက်လောက်ပါဘူး။

ကျနော်ထင်ပါတယ်၊ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ထိ ပြည်သူလူထုဟာ (အခြေခံ ပြည်သူလူထုကြီးတရပ် လုံးကို ဆိုလိုတာပါ) ၂၀၀၈ ခုနှစ် စစ်ဖွဲ့စည်းပုံကိုလည်း မသိ၊ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ၊ ကိုယ်စားလှယ် လောင်းတွေကိုလည်း ညီအစ်ကို မသိတသိ ဖြစ်နေကြပေလိမ့်ဦးမယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို မသိမီခဲ့ကြတဲ့သူတွေအဖို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ နာဂစ်မုန်တိုင်းအပြီးမှာ လုပ်သွားတဲ့ ပြည်သူ့ဆန္ဒခံယူပွဲမျိုးပဲ၊ ထောက်ခံလား ကန့်ကွက်လား ဒါမျိုးပဲလုပ်ရမှာပဲလို့ တွေးထင်ထား ကောင်း တွေးထင်ထားနိုင်ပါတယ်။ အတိုင်းအတာတခုထိ စစ်အစိုးရ လုပ်တတ်တဲ့ပုံစံကို သိမီခဲ့တဲ့သူတွေက တော့ ဒီတခါ စစ်အစိုးရဟာ ၁၉၉၀ ခုနှစ်လို အဖြစ်ခံမှာမဟုတ်တော့ဘဲ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင်အောင် လုပ်လိမ့်မယ်ဆိုတာ သိနေကြလို့ ရွေးကောက်ပွဲကို သိပ်စိတ်မ၀င်စားကြသလို ရွေးကောက်ပွဲမှာ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မပါတဲ့အတွက်) ဘယ်ပါတီကို ဘယ်သူ့ကို မဲပေးမယ်လို့လည်း မဆုံးဖြတ်ကြသေးဘူးလို့ ယူဆရပါတယ်။

ခု ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ့်အချိန်မှာ တွေ့ရမယ့်သူတွေကို ယေဘုယျအားဖြင့် ...
- ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို ရေရေရာရာ မသိကြသေးတဲ့ အခြေခံပြည်သူလူထုတွေ
- ကြံ့ဖွံ့ပါတီဝင် အလိုလျောက်ဖြစ်ပြီးကြတဲ့ အစိုးရ၀န်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေ
- ကြံ့ဖွံ့ပါတီဝင် အလိုလျောက်ဖြစ်ပြီးကြတဲ့ အစိုးရ၀န်ထမ်းတွေရဲ့သားသမီး ကျောင်းသားကျောင်းသူတွေ
- စီးပွားရေးကိစ္စ၊ ကိုယ်ကျိုးစီးပွားကိစ္စကလွဲပြီး တိုင်းပြည်ကိစ္စ၊ နိုင်ငံရေးကိစ္စတွေကို လုံးဝစိတ်မ၀င်စားသလို ရွေးကောက်ပွဲမှာ ဘယ်ပါတီ ဘယ်သူတွေကို မဲပေးရမယ်ဆိုတာ ရေရေရာရာ မဆုံးဖြတ်ရသေးသူတွေ
- စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လို့ အကျိုးစီးပွားဖြစ်ထွန်းလာခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေးသ မားတွေ
- နိုင်ငံရေးအသိပညာ၊ အသိတရား အားနည်းချို့ယွင်းမှုကြောင့် စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မရှိ တာထက်စာရင် ပိုကောင်းတယ်၊ နောက်ဆုံးရထားအဖြစ် စီးရမယ်လို့ ယုံကြည်ကြသူတွေနဲ့ နိုင်ငံရေးအသိပ ညာ၊ အသိတရားရှိပြီး စစ်အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် အကဲဖြတ်၊ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယုံကြည်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် မဲမ ပေးဖို့ ဆုံးဖြတ်ချက်ချပြီးသူ လူကြီးလူငယ် ဒီမိုကရေစီချစ်မြတ်နိုးကြသူတွေရယ်လို့ တွေ့ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာအနေအထားမှာတော့ သံခင်းတမန်ခင်းအရ လွတ်လပ်တရားမျှတပြီး အလုံးစုံပါဝင်ခွင့်ရှိတဲ့ ရွေး ကောက်ပွဲကျင်းပဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါ ၀င်ယှဉ်ပြိုင်ခွင့်ပေးဖို့ တိုက်တွန်းဖိအားပေးနေတဲ့ နိုင်ငံတွေ၊ ကိုယ့်နိုင်ငံအကျိုးစီးပွားရရှိရေးအတွက်ပဲကြည့်ပြီး စစ်အစိုးရရဲ့လုပ်ရပ်တွေကို ထောက်ခံအားပေး၊ ကျောထောက်နောက်ခံပြုပေးနေတဲ့ နိုင်ငံတွေ၊ စစ်အစိုးရက သူ့ရဲ့လမ်းညွှန်မြေပုံအရ ရွေးကောက်ပွဲ ကျင်းပပေးတာဟာပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေး အကြီးဆုံး ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပြီး ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေ ရှိနေတာတွေ့ရ ပြီး ဒီအခြေအနေအတိုင်းဆိုရင်တော့ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘဲ အသိအမှတ်ပြုဖို့ အခက်အခဲရှိမယ်လို့ ပြောဆိုသတိပေးနေတဲ့ နိုင်ငံတချို့ရှိကြပေမယ့် စစ်အစိုးရကို ဒေါ် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ၊ အလုံးစုံပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲ လုပ်မပေးဘူးဆိုရင် ရွေးကောက်ပွဲပြီးနောက် တက်လာမယ့်အစိုးရအဖွဲ့ကို အသိအမှတ်မပြုနိုင်ဘူး။ ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်ရလိမ့်မယ် စသည်ဖြင့် ပြင်းထန်ပြီး အ ရေးယူဆောင်ရွက်မှုပါတဲ့ တောင်းဆိုမှုတွေ ပြုလုပ်တဲ့ နိုင်ငံကတော့ ရှိမလာသေးပါဘူး။

အခု စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် အခြေခံမယ့် သူတို့စိတ်ကြိုက် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဟောင်ကောင်တက္ကသိုလ်က အငြိမ်းစားပါမောက္ခနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြံပေးအထောက်အကူပြုအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ပါမောက္ခ Yash Ghaii က သူရဲ့ “၂ဝဝ၈ ခုနှစ် မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်” ထဲမှာ ...

“ဤသို့ဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အခြေခံအကြောင်းချင်းရာများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူထု အတွက် အောင်မြင်နိုင်ချေမရှိဆုံး ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေ၏ မှားယွင်းဖောက်ပြန်သော အခြေခံ ဥပဒေများနှင့် ဖွဲ့စည်းတည်ဆောက်မှုအရ ပိုမိုဒီမိုကရေစီကျသော ညီတူညီမျှဖြစ်သော လူ့အဖွဲ့အစည်းတခုသို့ ကူးပြောင်းရေးအတွက် အခက်အခဲပေါင်းများစွာကို ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ရည်ရွယ်ချက်ရှိရှိ ထည့် သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်” လို့ ဝေဖန်ရေးသားထားတာ တွေ့ရပါတယ်။

ကဲ ... အဲဒီအခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲမျိုးကိုမှ ကျနော်တို့ မဆန့်ကျင်ရင် ...။ ။

စိုးနေလင်း

No comments: